ဂါမဏိ ● အမျိုးသားပြန်လည်သင့်မြတ်ရေး (လမ်းကြောင်းနဲ့ မှတ်တိုင်များ)

June 25, 2016

ဂါမဏိ ● အမျိုးသားပြန်လည်သင့်မြတ်ရေး (လမ်းကြောင်းနဲ့ မှတ်တိုင်များ)
(၂ ၁) ရာ စု ပ င် လုံ စာ စ ဉ် ( ၈ )
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၆

 

၂၀၁၁ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာတော့ ကြံ့ဖွတ်အစိုးရကိုယ်စားလှယ်တွေဟာ မိုင်းလားနဲ့ ဝ ငြိမ်းချမ်းရေးအဖ တွေနဲ့ ငြိမ်းချမ်းရေးစာချုပ်တွေ လက်မှတ်ထိုးခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့မှာလည်း ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးခဲ့ပါတယ်။ ဒါတွေဟာ တိုင်းရင်းသားအရေးတော်ပုံလမ်းကြောင်းပေါ်က အရေးပါတဲ့မှတ်တိုင်တွေ ဖြစ်သွားပါ တယ်။ ဘာကြောင့်လဲဆိုတော့ …

၁၉၈၉ ခုကစတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေမှာ နှစ်ဖက်လက်မှတ်ထိုးခဲ့ တာ (ကေအိုင်အို ကလွဲလို့) တခါမှ အစဉ်အလာမရှိခဲ့ပါဘူး။ လူကြီးလူကောင်းသဘောတူညီချက် ဆိုပြီး လေနဲ့သဘောတူခဲ့ကြတာတွေ ဖြစ်ပါတယ်။ နှစ်ဖက်လက်မှတ်ထိုးထားတာမဟုတ်ပေမဲ့ “တဖက်အဖွဲ့အစည်းများ လိုက်နာရန်” ဆိုပြီး စည်းကမ်းချက် ၁၀ ချက်တို့ ၁၃ ချက်တို့ကို မလိမ့် တပတ်နဲ့ အကြပ်ကိုင် လိုက်နာခိုင်းပါသေးတယ်။ ဒီစည်းကမ်းချက်တွေထဲမှာ သတ်မှတ်နယ်မြေထဲ မှာပဲ နေရမယ်၊ တပ်အင်အားမတိုးချဲ့ရ၊ စစ်သင်တန်းမပေးရ၊ အခွန်မကောက်ရ၊ အုပ်ချုပ်ရေးမချရ ဆိုတာတွေအပြင် မြို့ပေါ် နိုင်ငံရေးပါတီတွေ၊ အစိုးရဆန့်ကျင်ရေးအဖွဲ့တွေနဲ့ မဆက်သွယ်ရ လို့လဲ ကွပ်ညှပ် ကန့်သတ်ထားပါတယ်။

အခု ငြိမ်းချမ်းရေးသဘောတူချက်တွေမှာတော့ ဒီစည်းကမ်းချက်တွေ ကန့်သတ်ချက်တွေ မထည့်နိုင်တော့ပါ။ (နောင်မှာ ကလိမ်ကကျစ်နဲ့ထည့်လာမှာကို သတိရှိရှိတားဆီးရပါလိမ့်မယ်။) ဝ၊ မိုင်းလားတို့နဲ့ သဘောတူညီချက် ၄ ချက်ထဲမှာ နှစ်ဖက် မတိုက်ခိုက်ရေး၊ နှစ်ဖက်အကျိုးတူ ကိစ္စရပ် တွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ မိမိနယ်မြေကျော်လှုပ်ရှားရာမှာ ကြိုတင်ညှိနှိုင်း အကြောင်းကြား ရေးနဲ့ ယခင်အတိုင်း စီးပွားရေးလုပ်ငန်းများလုပ်ခွင့် တို့ကိုပဲပြောထားပါတယ်။ ဝ နဲ့ သဘောတူ ချက်မှာဆိုရင် တချက်ထပ်တိုးပြီး နိုင်ငံတော်အစိုးရမှတဆင့် နိုင်ငံခြားတိုင်းပြည်များနဲ့ ဆက်ဆံခွင့် ကိုပါ ပေးထားရပါတယ်။ တကယ်တော့ ဝ နဲ့ မိုင်းလားတို့ဟာ “လက်နက်စွဲကိုင် တိုက်ခိုက်ရခြင်း မရှိဘဲ ရန်သူကိုအောင်မြင်ခြင်းမျိုးသည်သာ စစ်အတတ်ပညာကျွမ်းကျင်မှု၏အမြင့်ဆုံး” လို့ ရှေးဟောင်း တရုတ်စစ်ပါရဂူ စွန်ဇူးပြောခဲ့သလို အောင်မြင်သွားတာ ဖြစ်ပါတယ်။ (နဝတ-နအဖ စစ် အစိုးရကလည်း ပလောင်၊ ပအိုဝ်း ငြိမ်းအဖွဲ့တွေအပေါ် ဒီ စွန်ဇူးနည်းနဲ့ သေနတ်တချက် မဖောက်ရဘဲ အောင်မြင်စွာချေမှုန်းနိုင်ခဲ့ဖူးပါတယ်။)

ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့နဲ့သဘောတူစာချုပ်ထဲမှာလည်း နှစ်ဖက်မတိုက်ခိုက်ရေး၊ ဒီကေ ဘီအေဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ဝန်းကျင်က ကြံ့ဖွတ်တပ်တွေ ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေး ရုံးတွေ ပြန်ဖွင့်ရေးနဲ့ မိမိနယ်မြေကျော်လှုပ်ရှားရာမှာ ကြိုတင်ညှိနှိုင်းအကြောင်းကြားရေးတို့ပဲ ပါဝင် ပါတယ်။

နှစ် ၂၀ အပစ်ရပ်အတွေ့အကြုံတွေအရ ၁၉၈၉-၁၉၉၅ တုံးကလို တနပ်စားငြိမ်းချမ်းရေးမျိုး ဘယ် လိုမှပြန် မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဒီမှတ်တိုင်တွေဟာ ဂိတ်ဆုံးမရောက်ခင် အရေးကြီး ကြား စခန်းတွေ ဖြစ်သွားပါပြီ။ ကေအိုင်အေရဲ့ဂိတ်ဆုံးဖြစ်တဲ့ ပင်လုံအလံတော်ဟာ တကယ်တော့ လက် နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းအားလုံးရဲ့ ဂိတ်ဆုံးလည်း ဖြစ်နေပါတယ်။

နှစ် ၂၀ ဥပမာတခု ပြရရင် ၁၉၉၆-၉၇ လောက်မှာ စဝ်ဆေထင်ခေါင်းဆောင်တဲ့ မူလလက်ဟောင်း အက်စ်အက်စ်အေ ငြိမ်းအဖွဲ့ (ယခု အက်စ်အက်စ်အေ-မြောက်ပိုင်း)၊ စဝ်ကန်းရွက်ခေါင်းဆောင်တဲ့ ခွန်ဆာခွဲထွက် အက်စ်အက်စ်အဲန် အေငြိမ်း အဖွဲ့နဲ့ စဝ်ရွက်ဆစ်ခေါင်းဆောင်တဲ့ အက်စ်ယူအာရ်အေ ဆိုတဲ့ ရှမ်း ၃ ဖွဲ့ဟာ ခွန်ထွန်းဦးကိုနာယကတင်ပြီး အက်စ်အက်စ်အေ တဖွဲ့တည်းအဖြစ် ပေါင်း စည်းဖို့ ညှိနှိုင်းစီစဉ်ခဲ့ပါတယ်။ ဒါကို နဝတသန်းရွှေနဲ့ထောက်လှမ်းရေးခင်ညွန့်တို့က အမျိုးမျိုး သွေး ထိုးဖျက်ဆီးခဲ့ပါတယ်။ တလောက နအဖထောက်လှမ်းရေးဟောင်း ဗိုလ်အောင်လင်းထွဋ် ပြော သလို တဖွဲ့တည်းပေါင်း စည်းအောင် အားပေးခဲ့တယ်ဆိုတာ လုံးဝမဟုတ်ပါ။ ‘ဟိုလူတွေက ဘိန်း အဖွဲ့တွေ။ ဗိုလ်ချုပ်တို့အဖွဲ့လို နိုင်ငံရေးရှိတဲ့အဖွဲ့ မဟုတ်ဘူး။ ပေါင်းရင်မှားလိမ့်မယ်၊ နာမယ်ပျက်လိမ့်မယ်’လို့ ဗိုလ်ချုပ်ဆေထင်ကို လာတွန်းလိုက်၊ ‘ဟိုအဖွဲ့က ဝါရင့်အဖွဲ့ကြီး နော်၊ ဗိုလ်မှူးတို့ကို မျိုသွားလိမ့်မယ်၊ နောက်ဆုံး တပ်မဲ့လက်မဲ့ကျန်ရစ်ခဲ့မယ်’ လို့ ဗိုလ်မှူးကန်းရွက်တို့ကိုလာချွန်လိုက် လုပ်ခဲ့ တာ နအဖထောက်လှမ်းရေးတွေဖြစ်ပါတယ်။ ဒီလိုဂတုံးဂတိုက် လုပ်ရုံတင်မက စစ်ရေး စီးပွားရေးခြိမ်းခြောက်မှုတွေလည်း လုပ်ခဲ့ပါတယ်။ ဒါကြောင့် တဖွဲ့တည်းပေါင်းရေးကို လက်လျှော့ ခဲ့ရ ပြီး SSPC ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီကိုဘဲ ရှမ်းငြိမ်း ၂ ဖွဲ့က တပ်ပေါင်းစုသဘောမျိုး ဖွဲ့ခဲ့ရပါတယ်။ (ဒါကိုလည်း နအဖက အသိအမှတ်မပြုခဲ့ပါ။) အက်စ်ယူအာရ်အေလည်း ငြိမ်းချမ်းရေး မလုပ်နိုင်တော့ဘဲ ပေါင်းစည်းရေးသဘောတူညီချက် အစိတ်အပိုင်းအဖြစ် အက်စ်အက်စ်အေ နာမည်ပြောင်း၊ ဘက်တံဆိပ်ပြောင်းတာလောက်ပဲ လုပ်နိုင်ခဲ့ပါတော့တယ်။

ကမ္ဘာပေါ်က တခြားအာဏာရှင်နိုင်ငံ ဒီမိုကရေစီတော်လှန်ရေးနိုင်ငံများနဲ့ဗမာပြည် အဓိက ကွာခြား ချက်က တိုင်းရင်းသား ပြဿနာဖြစ်ပါတယ်။ နောက်ဆုံးဖြစ်သွားတဲ့ လစ်ဗျား၊ ဆီးရီးယား၊ အိဂျစ်၊ ကျူနီးရှားဖြစ်ဖြစ် အစောပိုင်းက ဆားဘီးယား၊ ယူကရိန်း၊ ဂျော်ဂျီယာဖြစ်ဖြစ်၊ ဒီထက်စောတဲ့ ဖိလိပိုင်၊ ထိုင်း၊ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ အင်ဒိုနီးရှားဖြစ်ဖြစ် တိုင်းရင်းသား ပြဿနာတွေဟာ ဗမာပြည်မှာလောက် မပြင်းထန်မနက်ရှိုင်း မကျယ်ပြန့်ကြပါဘူး။ ဒါကြောင့် ဗမာပြည်ရဲ့ ဒီမိုကရေစီ အရေး တော်ပုံဟာ အဲဒီနိုင်ငံတွေလို ပုံမှန်လမ်းကြောင်းအတိုင်း ဘယ်လိုမှပြီးမသွားနိုင်ပါဘူး။ တိုင်းရင်းသားအားလုံးနဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးမပါလို့မရသလို တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်ရေး- ပူးတွဲလွတ်လပ်ရေးတို့မပါဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့တိုင်းရင်းသားအရေးကြိုးပမ်းချက်လမ်းကြောင်းမှာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်ဟာ ပထမဆုံးမှတ်တိုင် ဖြစ်ခဲ့ပါ တယ်။ ဒီနေ့မှာ ရှမ်း၊ ကချင်နဲ့ ချင်း တိုင်းရင်းသားတွေဟာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်တဲ့ ဗမာပြည်မအစိုးရနဲ့ တန်းတူရေး-အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ရေး-ပူးတွဲ လွတ်လပ်ရေးတို့ကို သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီပင်လုံစာချုပ်ဟာ ဗိုလ် ချုပ်ကျဆုံးပြီးနောက်မှာ တခြားတိုင်းရင်းသားတွေအတွက် အကျုံးမဝင်သလိုလိုဖြစ်ခဲ့လို့ လက်မှတ် ထိုးရာမှာ သီးသန့်မပါဝင်ခဲ့တဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ၊ ပအိုဝ်းတိုင်းရင်းသားတွေဟာ ဒီအခွင့် အရေးသုံးခုကို လက်နက်ကိုင်တိုက်ပွဲနည်းနဲ့ရယူဖို့ ကြိုးစားခဲ့ရပါတယ်။ ဒါကြောင့် ရခိုင်က ၁၉၄၇ ခု ဇွန်လမှာ၊ ကရင်နီက ၁၉၄၈ ခု သြဂုတ်လ ၉ ရက်မှာ၊ မွန်က ၁၉၄၈ ခု သြဂုတ်လ ၁၉ ရက် ဝါခေါင်လပြည့်မှာ၊ ပအိုဝ်းက ၁၉၄၉ ခု ဒီဇင်ဘာ ၁၁ ရက်မှာ လက်နက်ကိုင်တော်လှန်ရေးတွေ အသီးသီးစတင်ခဲ့ပါတယ်။ တနည်းပြောရရင် ဒီနေ့ရက်တွေဟာ တိုင်းရင်းသားတန်းတူရေး လမ်း ကြောင်းပေါ်က မှတ်တိုင် တွေ ဖြစ်ခဲ့ပါတယ်။

ဒီအထဲမှာ ၁၉၄၉ ခု ဇန်နဝါရီ ၃၁ ရက်နေ့ဟာ အဓိကမှတ်တိုင်ကြီးတခု ဖြစ်ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ အဲဒီနေ့မှာ ဗမာပြည်ရဲ့အဓိကတိုင်းရင်းသား လူမျိုးကြီးတစုဖြစ်တဲ့ ကရင်တိုင်းရင်းသားတွေက လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ လို့ ဖြစ်ပါတယ်။

ပင်လုံစာချုပ်ပါအခွင့်အရေးတွေကို အတိုင်းအတာတခုအထိ ခံစားနေရတဲ့ ရှမ်း၊ ၊ ချင်း၊ တိုင်း ရင်းသားတွေကတော့ လက်နက်ကိုင်တိုက်စရာမလိုဘဲ အေးဆေးနေခဲ့ပေမဲ့ တစတစနဲ့ တန်းတူ ရေး- ကိုယ်ပိုင်အုပ်ချုပ်ရေး-လွတ်လပ်ရေးတွေ ဆုံးရှုံးလာတာကြောင့် ၁၉၅၈ ခု မေလ ၂၁ ရက်နေ့ မှာ ဗမာပြည်ရဲ့အဓိကတိုင်းရင်းသားလူမျိုးစုကြီးဖြစ်တဲ့ရှမ်းအမျိုးသားတွေဟာ လက်နက်ကိုင်တော် လှန်ရေးလုပ်လာသလို အရေးပါလှတဲ့ကချင်တိုင်းရင်းသားတွေကလည်း ၁၉၆၁ ခု ဖေဖော်ဝါ ရီ ၅ ရက်နေ့မှာ ပုန်ကန်ခဲ့ကြပါတယ်။ ဒီနှစ်ခုဟာလည်း အဓိကမှတ်တိုင်ကြီးတွေ ဖြစ်သွားခဲ့ပါတယ်။

ဒီနောက်မှာတော့ ၁၉၆၁ ခုမှာ မြေပြန့်ချင်းနဲ့ ၁၉၆၄ ခုမှာ တောင်ပေါ်ချင်း၊ ၁၉၆၃ ခုမှာ ပလောင်၊ ၁၉၆၄ ခုမှာ ကယန်း၊ ၁၉၆၆ ခုမှာ တကျော့ပြန်ပအိုဝ်း၊ ၁၉၆၇ ခုမှာ တကျော့ပြန်ရခိုင်၊ ၁၉၇၂ ခုမှာ အခါ၊ ၁၉၇၃ ခုမှာ လားဟူ စသဖြင့် တိုင်းရင်းသားပေါင်းစုံက တန်းတူရေး-အပြည့်အဝကိုယ်ပိုင် အုပ်ချုပ်ရေး-လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲမှတ် တိုင်တွေ စိုက်ထူလာခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ဗမာလူမျိုးတွေပါ လွတ်လပ်ရေးဆုံးရှုံးနေပြီး စစ်တပ် ကိုလိုနီဘဝ ကျ ရောက်တဲ့ အခြေဆိုက်နေပါပြီ။

ဥပဒေဘောင်အတွင်းမှာတော့ ၁၉၆၁ ဇွန်လ တောင်ကြီးညီလာခံနဲ့ ၂၀၀၄ ဇွန်လ ညောင်နှစ်ပင်ညီလာခံ ၁၃ ဖွဲ့စာတမ်းတွေဟာ တိုင်းရင်းသားအရေးမှာ အဓိကမှတ်တိုင်တွေအဖြစ် မော်ကွန်းတင် ခဲ့ပါတယ်။

၁၉၈၉ ခုမှာစခဲ့တဲ့ ဝ၊ ရှမ်း၊ ကချင်၊ မွန်၊ ကရင်ခွဲထွက်တို့ရဲ့အပစ်ရပ်သဘောတူချက်တွေဟာလည်း အရေးပါတဲ့မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။ ဒီနှုတ်ကတိသဘောတူချက်တွေအောက်မှာ တိုင်းရင်းသားတွေဟာ တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်ရေး-လွတ် လပ်ရေးတို့ကို တွေ့ဆုံဆွေးနွေး-အကြမ်းမဖက် တဲ့နည်းနဲ့လုံးပမ်းခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ နဂိုရပြီးသားအခွင့်အရေးတွေပါ ဆုံးရှုံးလာခဲ့ပါတယ်။ ဒီလို နဲ့ ၂၀၀၅ ခုနှစ်မှာ PSLA ပလောင်ငြိမ်းချမ်းရေးအဖွဲ့နဲ့ အက်စ်အက်စ်အဲန်အေ၊ ရှမ်းငြိမ်းချမ်းရေးအဖွဲ့၊ ၂၀၀၇ ခုမှာ ရလလဖ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့၊ ၂၀၀၉ ခုမှာ အဲန်ဒီအေ-ကေ ကချင်ငြိမ်းချမ်းရေး အဖွဲ့တွေ “ငြိမ်းချမ်းစွာ”ပျက်သုဉ်းသွားခဲ့သလို ၂၀၀၀ ခုနှစ်မှာ မုန်းကိုးအဖွဲ့၊ ၂၀၀၉ ခုမှာ MNDAA ကိုးကန့်ငြိမ်းအဖွဲ့ အကြမ်းဖက်ချေမှုန်းခံခဲ့ရပါတယ်။

ဂါမဏိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်