လောကပါလ – ဒေါ်နယ့်စိတ်ဓာတ် [၆]

June 25, 2016

လောကပါလ –  ဒေါ်နယ့်စိတ်ဓာတ် [၆]
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၆

[၁၂]

သူ့အတ္တနောမတိ

အမေရိကန်ပြည်ထောင်စု၏သမ္မတဆိုသည်မှာ အမှုဆောင်ချုပ်ထက် ပို၍လေးနက်၏။ သူ သို့မဟုတ် သူမသည် နိုင်ငံအတွက် ကမ္ဘာအတွက် အမေရိကန်လူမျိုးတဦး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အထိမ်းအမှတ်သင်္ကေတ တခုဖြစ်လေသည်။ သမ္မတ၏ကိုယ်စားပြုခွင့်အာဏာ တွေးခေါ် မြော်မြင်ခွင့် အာဏာအများစုတို့မှာ ပြောစကား (Narrative) မှ လာသည်။ သူပြောသည့် သို့မဟုတ် ပုံဖော်သည့် အကြောင်းအရာများနှင့် အများပြောကြသည့် သူ့အကြောင်းများမှတဆင့် သမ္မတတဦးသည် နိုင်ငံ၏ သရုပ်ပေါ်စေမည့် အုပ်ချုပ်ရေးလမ်းစဉ်တရပ်ကို ဖန်တီးဖော်ဆောင်နိုင်ရန် စိတ်ဓာတ်အင်အားသုံးစွဲ ခန့်ခွဲလေသည်။

ကျွနုပ်တို့အားလုံးကဲ့သို့ပင် သမ္မတတို့သည် စိတ်ပညာရှင်များက ဇာတ်ကြောင်း (Narrative Identies) ဟုခေါ်ကြသော ကိုယ်ရေးထုပ္ပတ ဘဝဇာတ်လမ်းများကို စိတ်တွင်း၌ ဖန်တီး၏။ ယင်းမှာ မည်ပုံ မည် နည်းအားဖြင့် သူတို့မည်သူမည်ဝါတွေဖြစ်လာကြသည်ကို ရှင်းပြရန်အတွက် ဖြစ်လေသည်။ ဤဖြစ်စဉ် ကို အမြဲလိုလို သတိမထားမိတတ်ကြ။ အတိတ်ကို ရွေးချယ်အဓိပ္ပာယ်ဖွင့်ဆိုပြီး အနာဂတ်ကို စိတ်ကူး ယဉ်သည်။ တိုးတက်လာသော ကိုယ်ရည်ကိုယ်သွေး၊ ဖွံ့ဖြိုးမှုနှင့် လူမှုရေးစိတ် ပညာသုတေသနက ဘဝဇာတ်လမ်းများသည် အရွယ်ရောက်ပြီး လူသားတို့အား ပေါင်းစည်းမှု၊ ကြံရွယ်မှုနှင့် အချိန်အလိုက် တည်တံ့မှုတည်းဟူသော အာရုံခံစားမှုကို ပေးစွမ်းကြောင်း ဖော်ပြသည်။ သူတို့အကြောင်း သူတို့ ပြော ကြားချက်များက သမ္မတ၏အမျိုးသားရေးသရုပ်သကန်နှင့် အမြင်တို့ကို ခြယ်မှုန်းသကဲ့သို့ ဦးစားပေး ကိစ္စရပ်များနှင့် တိုးတက်ဖြစ်ပေါ်မှုတို့အပေါ် လွှမ်းမိုးသည်။

လူလတ်ပိုင်းအရွယ်တွင် ဂျော့ဘွတ်သည် ယဇ်ထုတ်ကြီးဘဝမှသည် မိမိကိုယ်မိမိထိန်းချုပ်နိုင်သော ဘုရားသခင့်လူသားအဖြစ်သို့ပြောင်းလဲလာခဲ့ပုံကိုစီကာစဉ်ကာ ဖော်ထုတ်ပြခဲ့၏။ ဇာတ်လမ်း၏ အဓိက ပြကွက်များမှာ အသက် ၃၁ နှစ်အရွယ်တွင် တည်ငြိမ်သောစာကြည့်တိုက်မှူးဇနီးသည်ကို လက်ထပ် ခဲ့ခြင်း၊ အသက် ၃၅ နှစ်နောက်ပိုင်းတွင် ဧဝံဂလိ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းရောက်ရှိခြင်းနှင့် အသက် ၄၀ ပြည့်သည်နေ့မှစ၍ အရက်သေစာသောက်စားခြင်းကို ရာသက်ပန်စွန့်လွှတ်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ အပြစ်ကျေစေရန်အတွက် စွဲမြဲနေသည့် သူ့အကျင့်ဆိုးကိုဖြတ်တောက်ခဲ့ပြီးနောက် ဘွတ် သည် သူ့ကိုယ်သူထိန်းချုပ်လာနိုင်ပြီး ကလေးဘဝ တက္ကဆပ်ပြည်နယ် မစ်လန်းတွင်နေထိုင်ခဲ့စဉ်က လွပ်လပ်ပျော်ရွှင်မှုမျိုး ပြန်လည်ရရှိခဲ့လေသည်။ သူ၏ဇာတ်ကြောင်းကို တိုင်းပြည်သို့ ဖြန့်ကျက်လျက် ဘွတ်က အမေရိကန်လူ့အဖွဲ့အစည်းသည် စာနာထောက်ထားသော ကွန်ဆာဗေးတစ်ဝါဒဖြင့် အတိတ် ကာလမှမိသားစုတန်ဖိုးအလုံးစုံနှင့် ခန့်ညားသောကျေးလက်လူနေမှု စံနစ်များကို ပြန်လည်ထွေးပိုက် နိုင်မည်ဟု ယုံကြည်လေသည်။ နိုင်ငံတကာမျက်နှာစာတွင် ကမ္ဘာတဝှမ်းရှိ အဖိနှိပ်ခံပြည်သူတို့ကို လွတ်မြောက်အောင်သာပြုလုပ်ပေးနိုင်လျှင် သူတို့အားလုံး ဘုရားပေးသောအခွင့်အရေးများကို သာတူ ညီမျှခံစားနိုင်ကြမည်ဟု သူယုံကြည်သည်။ သူ၏အပြစ်မှကယ်တင်ရေးပုံပြင်သည် ကောင်းသည် ဆိုး သည်မဟူ စစ်ပွဲဖြင့် တိုင်းတပါးမှအာဏာရှင်တဦးကိုဖြုတ်ချရန် သူ၏ဆုံးဖြတ်ချက်ကို အမှန်ပြုရန် အတွက် အထောက်အကူ ဖြစ်စေခဲ့၏။

ဖေဖေ့ထံမှအိပ်မက်များ (Dreams From my Father) စာအုပ်တွင် အိုဘားမားက သူ့ကိုယ်ပိုင် ကယ် တင်ရေးပုံပြင်အဖြစ် ကျေးကျွန်ပြုခံရသောဘဝမှလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများကို ခြေရာခံ ကာပြောပြသည်။ အိုဘားမားမှာ ကျေးကျွန်ကာလအနိဋ္ဌာရုံများကိုသော်၎င်း ဂျင်ကရိုး (Jim Crow) ဥပဒေအရ ခွဲခြားမှု၏သိမ်ငယ်မှုများကို၎င်း တိုက်ရိုက်ခံစားဖူးသူမဟုတ်။ သို့သော် သူက ကျမ်းစာလာ ဂျိုရှူဝါ (Joshua) မှသည် သူ့ရှေ့မှ မာတင်လူသာကင်း (Matin Luther King. Jr) နှင့် အခြား လူ့ အခွင့်အရေးလှုပ်ရှားသူများသည် သူ့အတွက်လမ်းကိုဖွင့်ပေးခဲ့သည်ဟု စိတ်ကူးယဉ်သူဖြစ်လေသည်။ သူ၏ပုံပြင်သည် အတက်ဘက်သို့လုသော တိုးတက်သည့် ဇာတ်ကြောင်းတခုဖြစ်ပြီး လွတ်လပ် ရေးနှင့်ညီမျှရေးသို့ ချီတက်ခဲ့ကြသော နိုင်ငံ၏ကြေးမုံအဖြစ်လည်း ရပ်တည်၏။ ဤသည်ကို ကင်းက အမှန်တရားဘက်သို့ညွှတ်သော သမိုင်း၏မျဉ်းကွေးရှည်ကြီးအဖြစ် ဖော်ပြခဲ့သည်။ အိုဘားမားသည် မီရှဲရော်ဘင်ဆန် (Michelle Robinson) ကိုလက်ထပ်ခဲ့သည့် အသက် ၃၁ နှစ်အရွယ်မှာပင် သူ့ ကိုယ်သူ ခန့်ညားသောဤဇာတ်ကြောင်း၏ အဓိကသရုပ်ဆောင်အဖြစ် ပုံစံချခဲ့ပြီးဖြစ် ပေသည်။

ဒေါ်နယ်ထရန့်ရော မည်သို့နည်း။ သည်နေ့ဒေါ်နယ်ထရန့်ဖြစ်စေရန် သူ့ဇာတ်ကြောင်းကို သူ့စိတ်ခံနှင့် သူ မည်သို့ တည်ဆောက်ခဲ့ပါသနည်း။ အမေရိကန်တို့ကို စိတ်ကူးစိတ်သန်းထက်သန်စွာ ဆွဲဆောင် ခေါ်ငင်မည့် ပုံပြင် တပုဒ်အဖြစ် တွေ့မြင်နိုင်မည်လား။

[၁၃]

ကျွန်ုပ်တို့၏ ဇာတ်ကြောင်းသရုပ်ဖေါ်မှုများသည် အစောဆုံးကလေးဘဝ အမှတ်တရများမှ စတင်လေ့ ရှိသည်။ ဝေးကွာသောထိုအမှတ်တရများသည် အတိတ်ကာလတခုမှဖြစ်ရပ်မှန်များကို အရှိအတိုင်း ပြန်လည်၍သရုပ်ပြခြင်းထက် ကမ္ဘာကြီးအား ကျွန်ုပ်တို့ဖြစ်စေချင်ခဲ့သော စိတ်ကူးထဲကပုံစံအတိုင်း ဒဏ္ဍာရီဆန်ဆန် ရှာဖွေကြည့်မြင်ခြင်းမျိုးနှင့် ပို၍တူသည်။ ဘွတ်၏ဘဝတွင် အစောဆုံးပြန်ပြောင်း အောင်းမေ့ဘွယ်ရာများမှာ အပြစ်မဲ့ခြင်း၊ လွပ်လပ်ခြင်းနှင့် သူကြီးပြင်းရာ အနောက်ပိုင်းတက္ကဆပ် လွင်ပြင်များပေါ်မှ ပျော်ရွှင်ဖွယ်အချိန်များ ဖြစ်ကြသည်။ အိုဘားမားအတွက်မူ သူ၏နေရာဒေသနှင့် ပတ်သက်၍ အံ့သြချီးမွမ်းဘွယ်အသိအပြင် ရှုပ်ထွေးမှုများလည်း ရှိနေ၏။ ဒေါ်နယ်ထရန့်သည် အလုပ် ကြိုးစားသောဖခင်နှင့် သားသမီးများကိုတွယ်တာသောမိခင်တို့ပါဝင်သည့် ၁၉၅၀ ခုနှစ်များမှ လူကုန်ထံ မိသားစုအတွင်း၌ ကြီးပြင်းခဲ့သည်။ ကွင်း (Queens) ဒေသ ဂျမေကာအိမ်ယာ (Jamaica Estates) ရှိ သူတို့အိမ်ရှေ့တွင် သူ့အတွက်ကာဒီလက်တစီးနှင့် သူ့မိခင်အတွက်မာစီဒီးတစီးတို့ ရပ်ထားသည်။ ညီ အကိုမောင်နှစ်မငါးယောက်မှာ ဒေါ်နယ်ကနံပါတ်လေးဖြစ်ပြီး သူတို့ချင်းလည်းချစ် သားသမီးတွေကို လည်းချစ်ခင်ကြသော မိဘများ၏မိသားစုရိပ်မြုံတွင် ပျော်ရွှင်စွာနေထိုင်ခဲ့ရ၏။ သို့တိုင်အောင် ယနေ့ သူပြောပြသော သူ့ဇာတ်ကြောင်းအခန်းတမှာ ဘွတ်၏သိမ်မွေ့သောအလွမ်း သို့မဟုတ် အိုဘားမား၏ စူးစမ်းမှုမျိုး လုံးဝမပါဝင်။ ထိုအစား “ကမ္ဘာကြီးဟာ ယုံကြည်ဖို့မကောင်းဘူး” ဆိုသော အန္တရာယ် ရနံ့ နှင့် မာရည်ကြောရည်များသာ ပြည့်နှက်နေသည်။

ဖရဒ်ထရန့်သည် ကွင်းနှင့် ဘရွတ်ကလင်း (Brookliyn) ရပ်ကွက်များ၌ အိမ်ခန်းများ ဆောက်လုပ်ခြင်း နှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများလုပ်ကိုင်ရင်း စီးပွားဖြစ်ခဲ့၏။ ရက်သတ္တပတ်အားရက်များတွင် သူသည် သားသမီးတယောက်နှစ်ယောက်ကို အဖော်ခေါ်၍လုပ်ငန်းများလိုက်လံ စစ်ဆေးလေ့ရှိသည်။

“ဘရွတ်ကင်းဘက်မှာ အိမ်လခအနည်းအကျဉ်း လိုက်တောင်းတဲ့အခါ သူကကျွန်တော့်ကိုဒရွတ်ဆွဲပြီး ခေါ်သွားတတ်တယ်” ဟု ‘ချိနဲ့သွားသောအမေရိက’ စာအုပ်တွင် ဒေါ်နယ်က ပြန်ပြောပြသည်။

“အိမ်ရှင်တယောက်ဖြစ်ရတာ မလွယ်ဘူး၊ ခံနိုင်ရည်ရှိဖို့ အတော်လိုတယ်”။ တခုသောခရီးစဉ်တွင် ဒေါ်နယ်က သူ့ဖခင်အား အိမ်လခတောင်းဖို့ တံခါးခေါက်ပြီးတိုင်း ဘာကြောင့် တံခါးပေါက်ဘေးသို့ ရွှေ့ပြီး ရပ်စောင့်ရသည်ကို မေးမြန်း၏။

“တခါတခါ သူတို့တွေက တံခါးတည့်တည့် သေနပ်နဲ့ပစ်တတ်လို့ပေါ့” ဟု သူ့ဖခင်က ဖြေလေသည်။ ဖရဒ်က ပိုပြောခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့လောကအမြင်တွေကလည်း ထင်ဟပ်နေလေ ၏။ သူက သူ့သားများကို ကြံ့ခိုင်သောပြိုင်ပွဲဝင်တွေဖြစ်ဖို့ရာ လေ့ကျင့်ပေးခဲ့သည်။ အလုပ်လုပ်ရာတွင် သတိမကပ် မရက်စက်တတ်လျှင် ဘယ်တော့မှ သက်ဆိုးမရှည်ဟု အတွေ့အကြုံတွေက သူ့ကိုသင် ကြားပေးထားခဲ့သောကြောင့် ဖြစ်လေသည်။ ဖခင်၏ကြံခိုင်ရေးသင်ခန်းစာတွေနှင့် ဒေါ်နယ်၏မွေးရာပါ ရန်စဒေါသစရိုက်တို့ အံဝင်ခွင်ကျဖြစ်နေတော့သည်။ “ကွင်းမှာကြီးပြင်းလာတဲ့ ကျုပ်ဟာ ကလေးဘဝ တုန်းက အတော်ကြမ်းတမ်းခဲ့တာပေါ့” ဟု ထရန့်က ရေးသားထားသည်။ “ကိုယ့်ပတ်ဝန်းကျင်မှာ အမာဆုံးအကြောဆုံးကလေး ဖြစ်ချင်ခဲ့တာလေ”။

ဒေါ်နယ်၏မာကြောမှုကို ဖရဒ်ကချီးကျူးသည့်အပြင် သတ်ရဲဖြတ်ရဲသည့်အဆင့်သို့ရောက်အောင်ပင် အားပေး အားမြှောက်ပြုခဲ့သည်။ သို့သော် ကလေးသူငယ်ရာဇဝတ်သားဖြစ်လာမည်ကိုတော့ သူမလို လား။ ၁၃ နှစ်သား ထရန့်နှင့် သူငယ်ချင်းတယောက်တို့ မြေအောက်ရထားစီးကာ မန်ဟတ္တန်သို့ သွားကြပြီး ခလုပ်ဓားများဝယ်ခဲ့သည်၏နောက် စည်းနှင့်ကမ်းနှင့်ရန်လိုတတ်သူတဦးဖြစ်လာစေရန် အတွက် တပ်တွင်းကျောင်းသို့ပို့ရန် ဖရဒ်က ဆုံးဖြတ်ခဲ့လေသည်။ ဆယ်စုနှစ်များစွာကျော်ပြီးနောက် ထရန့်က “နယူးယောက်စစ်ကျောင်းဆိုတာ ရေရေလည်လည် ကြမ်းတဲ့နေရာ၊ စစ်ရေးပြဆရာတွေ ဆာ ဂျင်တွေကနေရာတကာပဲ”။ သူတို့က “ချေးထွက်အောင်ကို ရိုက်ကြတာ၊ တကယ် ကြမ်းတဲ့လူတွေ”။

စစ်ကျောင်းက ထရန့်အား သူ့ဖခင်ထံမှသင်ယူပြီးသား တင်းကျပ်သောလုပ်ခွင်ကျင့်ဝတ်နှင့် စည်းကမ်း များကို လိုက်နာဖို့ မောင်းနှင်ပေးခဲ့၏။ ကြောက်စရာကောင်းသည့် ဘေ့စဘော နည်းပြ သီယိုဒိုဒိုဘီယာ (Theodore Dobias) ကဲ့သို့သောလူကြမ်းတွေကို မည်သို့မည်ပုံကိုင်တွယ်ရမည်ကိုလည်း သင်ကြား ပေးခဲ့၏။

“ကျုပ်လုပ်ခဲ့တာက အခြေခံအားဖြင့် သူ့ရဲ့အမိန့်ကိုလေးစားပေမဲ့ ကျုပ်ကိုခြောက်လို့တော့ မကြောက် ဘူးလို့ သိစေလိုက်တာပါ။ သိမ်သိမ်မွေ့မွေ့နဲ့ ချိန်တော့ချိန်ဆရတယ်။ အင်အားကြီးသူတွေရဲ့ထုံးဆံ ဒိုဘီယာ့မှာ အားနည်းမှန်းသိရင် ဖိချင်တဲ့ဉာဉ် ရှိတယ်။ ဒါပေမဲ့လည်း သူ့ကိုမခန့်လေးစားမလုပ်ဘူး ဆို တာသိရင် လူလိုသူလို ဆက်ဆံပါတယ်”။

ထရန့်က သူ့ဖခင်နှင့်ကျောင်းမှဆရာများထံမှသင်ယူခဲ့သောသင်ခန်းစာကို မည်သည့်အခါမှမမေ့။ အန္တရာယ်ထူပြောသော ကမ္ဘာကြီးမှာ တိုက်ခိုက်ဖို့ အမြဲအသင့်ရှိနေရမည်။ ထိုသင်ခန်းစာသည် သူ့ဘဝ၏အကြီးမားဆုံး ကြေကွဲဖွယ်ဖြစ်ရပ်ဟုသိထားသော အသက် ၄၃ နှစ်အရွယ် သူ့အစ်ကို ကွယ် လွန်သည့်အချိန်တွင် ထပ်ဆင့် ခိုင်မာလာခဲ့သည်။ ဖရက်ဒီထရန့် (Freddy Trump) သည် သူ့ဖခင် ဖန်တီးခဲ့သော အပြိုင်အဆိုင်ဝန်းကျင်တွင် မည်သည့်အခါမှ မထွန်းကားခဲ့။ “သည်ထရန့်” တွင် ဘလဲ (Blair) ဖော်ပြခဲ့သလို “ချိုသာလွန်း အားနည်းလွန်းသော၊ ရွံစရာကောင်းသလောက် ချစ်စရာကောင်း သော အရှုံးသမား” သာ ဖြစ်ခဲ့၏။ မိသားစုလုပ်ငန်းများတွင် ဖခင်၏စိတ်ကြိုက်မဖြစ်နိုင်သည့်အဆုံး ဖရက်ဒီက လေကြောင်းလိုင်း ပိုင်းလော့အဖြစ်သို့ကူးပြောင်းခဲ့သည်။ အရက်ကို စွဲလမ်းစွာသောက် သုံးရင်း အသေစောခဲ့၏။ အရက်မသောက်တတ်သော ထရန့်သည် သူ့အစ်ကကို ချစ်သည့်အလျောက် ကွယ်လွန်သည့်အခါ ယူကျုံးမရဖြစ်ခဲ့လေသည်။ “တကယ်တော့ ဖရက်ဒီဟာ လူသတ်သမား မဟုတ်ပါ ဘူး” ဟု သူကနောက်ဆုံးစကားပြောခဲ့၏။

၁၉၈၁ ခုနှစ် လူထု (People) အင်တာဗျူးတွင်ပြောခဲ့သော ထရန့်၏စကားများအရ သူ့ဘဝဇာတ် ကြောင်း၏အရင်းခံမှာ ဤသို့ဖြစ်လေသည်။

“လူသည်အဆိပ်အပြင်းဆုံးသတ္တဝါဖြစ်ပြီး ဘဝဆိုသည်မှာ အရှုံးအနိုင်တို့ဖြင့် အဆုံးသတ်ရသော စစ်ပွဲ ပဒေသာကြီးဖြစ်လေ၏”။

ထိုအဆိုကိုလက်ခံသူအနေဖြင့် ၂၀ ရာစုစိတ်ပညာကျော် ကားဂျန်း (Carl Jung) ပုံပြင်ဆန်ဆန် သရုပ် ဖော်ခဲ့သော စံပြစစ်သည်တော်နှင့်နီးနီးကပ်ကပ် ဆက်စပ်နေသည်။ ဂျန်း၏အလိုအရ စစ်သည်တော် အတွက် အကြီးမားဆုံးလက်ဆောင်များမှာ သတ္တိ၊ စည်းကမ်းနှင့် ကျွမ်းကျင်မှုတို့ ဖြစ်ကြ၏။ သူ့ဘဝ၏ မူလဘူတတာဝန်သည် အရေးပါသည့်အရာရောက်သမျှကို တိုက်ခိုက်ရယူရန်ဖြစ်ပြီး ပြဿနာတရပ် အတွက် သူ့အဖြေမှာ နှိမ်နင်းပစ် သို့မဟုတ် အနိုင်တိုက်ပစ်ဖို့ဖြစ်၏။ သူအကြောက်ဆုံးမှာ အားနည်း ခြင်းနှင့် ဆုတ်ယုတ်ခြင်းတို့ဖြစ်လျက် သူ့အတွက် အစွန့်စားရဆုံးမှာသူတပါးတို့ကို အကြောင်းမဲ့ တိုက် ခိုက်စေပြီး ထိုအတွက် သူတာဝန်ယူလိုက်ရခြင်းဖြစ်လေသည်။

[ဆက်လက်ဖော်ပြပါမည်]

Dan P. MacAdams သည် စိတ်ပညာပါမောက္ခတဦးဖြစ်ပြီး The Foley Center for the Study of Lives at Northwestern University ၏ ညွှန်ကြားရေးမှူးဖြစ်ပါသည်။ Gorge W. Bush and the Redemptive Dream: A Psychological Portrait နှင့်The Art and Science of Presonality Development စာအုပ်များကို ရေးသား ခဲ့သူဖြစ်သည်။

ဝန်ခံချက်။ 2016 June လထုတ် The Atlantic Magazine မှ Dan P. McAdams ၏ The Mind of Donald Trump ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, သတင်းဆောင်းပါး, အခန်းဆက်များ, နိုင်ငံတကာရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်