မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း (၁)

June 27, 2016

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ
အပိုင်း (၁)
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၆

● နိဒါန်း
မိမိအနေနှင့် ဤစာစုကိုရေးမည်ကြံသည်အခါ မည်သို့ခေါင်းစီးပေးမည်ကို အတန်ကြာ စဉ်းစားခဲ့ သည်ကတော့ အမှန်ပင်။ တခါတရံ စာတပုဒ် ရေးရသည်ထက် ထိုစာကို ခေါင်းစည်းနံမည် ပေးရသည်က ပိုခက်ခဲနေတတ်ပါသည်။

မွေးဖွားခြင်း သေခြင်းဆီသို့ ခရီးသွားနေသူ လူသားတဦးအနေနှင့် မိမိဖြတ်သန်းခဲ့ရာ ဘဝ တလျှောက် ကြုံဆုံခဲ့ရသည့် ခေတ်ကာလများ လူများအောင်မြင်မှုဆုံးရှုံးမှုများ စိတ်အား တက်ကြွ ဖွယ်ရာများ စိတ်ဓာတ်ကျစရာများ ပျော်ရွှင်ကြည်နူးဖွယ်ရာများ ဝမ်းနည်ဖွယ်များသည် လူတိုင်းကြုံ တွေ့ကြရသည့် လူသားတို့၏ ဘဝများစွာပင်ဖြစ်သည်။
မိမိအနေနှင့် မိမိကြုံတွေ့ခဲ့ရသည့် ခေတ်ကာလများနှင့် ဘဝများစွာကိုလွမ်းဆွတ် ခြင်းများစွာ သတိရခြင်းများစွာဖြင့် ပြန်လည်ပြောပြလိုပါသည်။

အချိန်ရရင်နားထောင်ပေးပါ ဖတ်ရှုပေးပါ ဟုသာ ဆိုချင်ပါသည်။ မိမိသည် ကိုယ့်ကိုကိုယ်လိမ်၍ ရနိုင်ပါသည်။ တပါးသူအားလည်း လိမ်လို့ရနိုင်ပါသည်။ သို့သော် သမိုင်းကိုတော့ လိမ်၍ ရနိုင်မည် မဟုတ်ပါချေ ။
သို့သော် ဤမှတ်စုသည် မိမိ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ တော့မဟုတ်ပါ။

မိမိဖြတ်သန်းခဲ့ရသော ခေတ်ကာလများနှင့် ထိတွေ့ခဲ့ရသော လူများအကြောင်းအား အဓိက ပြောပြချင်၍ဖြစ်ပါသည်။ ပြန်၍ မပြောချင်သော်လည်း ပြန်ပြောဖြစ်ခဲ့သော အကြောင်းများဟု ဆိုပါရစေ။

● ပုသိမ်
ရန်ကုန်ပုသိမ် နှစ်ထပ်သင်္ဘောကား ပုသိမ်သီတာဦး သင်္ဘောဆိပ်နှင့်နီးကပ်လာပေပြီ။ သင်္ဘောဥသြသံသည် ငဝန်မြစ်အတွင်း ပျံ့လွင့်နေသည်။ ဆိပ်ခံဗော့တံတားပေါ်မှ မိမိတို့ မိသားစုအား လာကြိုနေသော မိမိ၏ ညီ ညီမများကို ခပ်ဝါးဝါးမြင်တွေ့နေရသည်။ သင်္ဘောဦးအားထိုးခွဲ၍ ထွက်ပေါ်လာသော လှိုင်းခေါင်းဖြူ များ ဥသြသံများ အစာတောင်းနေသော ဇင်ယော်ငှက်များ ဆိပ်ခံဗော့တံတားပေါ်မှပုံရိပ်များကြားမှ အတိတ်သည် အပြေးအလွှားဝင်
ရောက်လာတော့သည်။

● ၁၉၅၆
လွန်ခဲ့သော နှစ် ၆၀ က ပုသိမ်မြို့လယ်ရှိ သူနာပြု ဆရာမကြီးဒေါ်တင့်ဆေးတိုက်ဟုခေါ်သော ဒေါက်တာနယားဆေးတိုက်တွင် မိမိမွေးဖွားခဲ့သည်ဟု မိမိ မိဘများပြောကြားချက်အရ သိခဲ့ရ သည်။ ထိုစဉ်က ပုသိမ်မြို့တွင် မိမိ အဘိုးအဘွားများ အိမ်ရှိသည်။ နှစ်ပေါင်း ၆၀ ကြာ ယနေ့ အထိလည်း မိမိ မိသားစုလက်ထဲတွင် ရှိနေသေးသည်။ ထိုအဘိုးအဘွားများအိမ်သို့ မိမိမိဘများ ပြန်သွား၍ မိမိအားမွေးဖွားခဲ့သည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏မိဘများ မှာ အိမိထောင်ကျစဉ်က ပုသိမ်တွင်ရှိမနေဘဲ ရေကြည်ရာ မြက်နုရာတွင် လှုပ်ရှား ရုန်းကန် ရှင်သန်နေကြရသည်။ အဆင်ပြေကြပုံမရ။ ထို့ကြောင့်လည်း သူတို့၏ မိဘများရှိရာကို လာ၍ မိမိအားမွေးဖွားပုံရပေသည်။

ပုသိမ်ရှိ အဘိုးအဘွားအိမ်မှာ မိမိ အဖေဘက်က ဖြစ်သည်။ မိမိမွေးတော့ အဘိုးမရှိ တော့ပေ။ အသက် ၄၀ ကျော်တန်းမှာပင် ကွယ်လွန်ပုံရသည်။ အဖေ့ဘက်က အဘိုးကား ကုန်သည်ဟု ဆိုသည်မွန်ဟု ဆိုနိုင်ပါသည်။ ဆိုနိုင်သည်ဟု ဆိုခြင်းကား သက်သေအထောက်အထား တိတိ ကျကျ ပြစရာမရှိ၍ ဖြစ်ပါသည်။ မိမိတို့၏ဘိုးဘွားဘီဘင်များနှင့်ပတ်သက်၍ စနစ်တကျ မှတ်တမ်းတင်လေ့မရှိသော မိမိတို့၏လူမျိုး၏ လစ်ဟင်းမှုကြောင့်လည်းဖြစ်ပုံရပါသည်။ သို့သော်ငြားလည်း ပုသိမ် ၃၂ မြို့သည် မွန်တို့၏ မူလဘူတဖြစ်ပေရာမိမိအဘိုးသည် မွန်ဖြစ်သည် ဆိုပါက ထူးဆန်းသည်တော့မဟုတ်ပေ။ မိမိတို့ မွေးဖွားသည့်ကာလမှာတော့ သွေးနှောများ လာသည့်ပြင် အင်္ဂလိပ်ကိုလိုနီ ခေတ်ကာလတလျှောက် အထက်အညာမှ ဗမာတို့ ထိုးဖောက် ဝင်ရောက် အခြေစိုက်လွှမ်းမိုးလာပြီဖြစ်ရာ မိမိလည်း ဗမာတယောက်အဖြစ် ကြီးပြင်း လာပေတော့သည်။
အလားတူ မိမိအမေဘက်က အဘိုးလည်း မိမိမွေးဖွားစဉ်မရှိတော့ချေ။

မိမိအဘိုးကား ဓနုဖြူမြို့ကရှေ့နေကြီးတဦးဟုမိခင်က ဆိုလေ့ရှိသည်။ ရှေ့နေဦးဘတင်ဆိုလျှင် ဓနုဖြူ တမြို့လုံးသိသည်ဟု မိခင်ကဆိုတတ်သည်။ ငါးပြေမချက်ကြိုက်တတ်ပြီး ငါးပြေမ အကောင်လိုက် ပါးစပ်ထဲ ထည့်ပြီးနောက် အရိုးချည်းပဲ ဆွဲထုတ်သည်ဟု မိခင်က ပြောတတ်ပါသည်။

မိမိအနေနှင့် မွေးဖွားစဉ်ကာလက မိခင်ဘက်ကရော ဖခင်ဘက်ကပါ အဘိုးများ မရှိတော့ပေ။ သို့သော် မိခင်ဖြစ်သူက ပြောတတ်လွန်း၍ မိခင်ဖက်က အဘိုးပုံရိပ်ကို အတန်ငယ်သိသော်လည်း ဖခင်ဖက်က အဘိုးပုံရိပ်တော့ ကောင်းစွာမသိပေ။ အလွန်စည်းကမ်းကြီးပြီး စိတ်တိုတတ်ပုံတော့ ရသည်။

အဘိုးအိမ်ဦးခန်းထိုင်နေလျှင် အဖေတို့ ညီအကိုတတွေ ခြေရင်းဖက်ဆီမှ ခြေသံတချက် မထွက်ရဲ ဘဲ ခါးလေးကုန်းကာရိုကျိုးစွာ သွားလာရသည်ဟု ဆိုဘူး သည်။ အမေ့ဖက် အဘိုးကတော့ ညနေဆိုလျင် အရက်သောက်တတ်သည်ဟု ဆိုသည်။ အမေ့ဖက် အဘိုးနှင့် ငါးကြိုက်တာ မတူပေမဲ့ သောက်တတ်တာတော့ မိမိနှင့်သွားတူသည်ထင်သည်။ မိမိအကြိုက်ကြီးမဟုတ်သော်လည်း ငါးပြေမသည် မိမိတို့မြစ်ဝကျွန်းပေါ်ဒေသထွက် ငါးများအနက် လေးလေးပင်ပင်နှင့် ချိုသော အရသာရှိသောငါးဖြစ်သည်ကိုတော့ ငြင်းပယ်၍ မရနိုင်ပါ။

အဘိုးအဘွားတို့၏ ဗီဇအကျင့်စရိုက်က သားစဉ်မြေးဆက်လိုက်တတ်သည်ဟုဆိုကြသော်လည်း မိမိအနေနှင့်ကတော့ ပုသိမ်က အဘိုး၏ဗီဇသွေးပါလေပါစဟု စဉ်းစားမိသည်။ ပုသိမ်မြို့ပေါ်ရှိ မိမိအဘိုးတို့ဆောက်ခဲ့သော ပျဉ်ထောင်နှစ်ထပ်အိမ်ကြီးသည် နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီ။ မိမိတို့အိမ်ရှေ့တွင် စိန့်ပီတာကက်သဒရယ် ဟုခေါ်သည့် ရိုမန်ကက်သလစ်ဘာသာဝင်တို့၏ ဘုရားကျောင်းရှိသည်။ ဘုရားကျောင်းထိပ်မှာ နာရီစင်ကြီးရှိသည်။ ဘုရားကျောင်း၏ အဝင်ဝရှိ ကမ္ဗည်းကျောက်စာချပ်အရ အဆိုပါဘုရားရှိခိုးကျောင်းတော်ကြီးအား မြန်မာဘာသာဖြင့် ” သံပေတရူး ဘုရားရှိခိုးကျောင်းတော်ကြီး” ဟုခေါ်ဆိုပြီး ၁၈၇၂ ခုနှစ်တွင် စတင်ဆောက်လုပ်ပြီး ၁၉၂၁ ခုနှစ်တွင် ခေါင်းလောင်စင်ဆောက်လုပ်ပြီးစီးသည်ဟုဆိုပါသည်။ ဘုရားကျောင်းထိပ်နာရီကြီးမှ ၁၅ မီးနစ်တခါ ခေါင်းလောင်းမြည်သံသည် မိမိငယ်ဘဝတွင် စိုးမိုးနေသည့်အသံများ ဖြစ်ကြ တော့သည်။

မိမိ၏အဒေါ်ဖြစ်သူပြောပြချက်အရ မိမိအဘိုး၏ပုသိမ်ဆောက်လုပ်သောမြေကွက် ( ပေ ၆၀ ပတ် လည်ခန့်)အား ထိုခေတ်အခါက ငွေဒင်္ဂါး ၁၀၀ နှင့်ဝယ်ယူခဲ့သည်ဖြစ်ပြီး မိမိအဘိုးတို့ အိမ်စဆောက် လုပ်ချိန်တွင် အိမ်ရှေ့ရှိသံပေတရူးဘုရားရှိခိုးကျောင်းမှာ မဆောက်လုပ်ရသေးဘဲ စတင်ရှင်းလင်းခါစဟု ဆိုသည်။ သို့ဖြစ်ရာ မိမိအဘိုး၏အိမ်သည် နှစ် ၁၀၀ အတော်ကျော်ပြီ ဟု ဆိုရပေမည်။ အဘိုးဖြစ်သူက လုံးပတ် သုံးပေကျော်ခန့်ရှိသည့် ကျွန်းတိုင်လုံးပေါင်း ၁၆ လုံးဖြင့် လေးပင်သုံးခန်း ပတ်လည်ဆောက်လုပ်ထားသည့် နှစ်ပတ်ပျဉ်ထောင်အိမ်ဖြစ်သည်။ ထူထဲသော ထုပ်တန်းများ ယက်မများကို သုံးစွံ၍ ရေနံဂျီး ဝအောင်သုတ်ထားသည့် နှစ်ထပ်ပျ ဉ်ထောင်အိမ်မဲကြီးဟုဆိုရမည်။

ကျွန်းတိုင်လုံးများ ယက်မနှင့်ထုပ်တန်းများတောင့်တင်း၍ ယနေ့တိုင် ယခင်အတိုင်း ပုံမပျက် ရှိနေ သော်လည်း အမိုးသွပ်များအကာ မျက်နှာကျက် အခင်းလျှာထိုးများကတော့ နှစ်ကာလ ကြာမြင့် ဆွေးမြေ့၍ လဲရသည်မှာတော့ အကြိမ်ကြိမ်ရှိချေပြီ။ သို့နှင့် အဆိုပါ နှစ်ထပ်ပျဉ်ထောင် အိမ်မဲကြီး၌ မိမိတို့မျိုးဆက်များနေထိုင်ခဲ့ကြသည်မှ လေးဆက်မြောက်ပြီဟု ဆိုရပါမည်။

မိမိနှင့် မိမိကပေါက်ဖွါးလာခဲ့သော မိသားစုများကတော့ ရေကြည်ရာမျက်နုရာ ရွေ့လျားနေထိုင်ခဲ့ ကြသည် ဖြစ်ရာ အဆိုပါဘိုးဘွားတို့၏ အိမ်မဲကြီးတွင် အခြေချနေထိုင်ခွင့် မကြုံခဲ့ပါ။ သို့သော်လည်း ခဏတာနားခိုရာ အရေးကြုံလျှင် ခိုမှီရာဖြစ်ခဲ့သည်တော့ အမှန်ပင်ဖြစ်သည်။ အသက် ၈၆ နှစ်ခန့် ရှိသော မိမိ၏မိခင် အသက် ၈၈ နှစ်ခန့်ရှိပြီဖြစ်သော မိမိမိခင်၏အမကြီး အသက် ၈၄ နှစ်ခန့်ရှိပြီဖြစ်သော မိမိဖခင်၏ ညီမအပါ ကျန်မျိုးဆက်မိသားစုဝင်များကတော့ အဆိုပါ အိမ်မဲကြီးတွင် ရပ်တည်နေထိုင်ကြဆဲဖြစ်သည်။

မျိုးဆက် ၄ ဆက်တိုင်အခြေချနေထိုင်နေခဲ့သည့် အိမ်ကြီးတလုံးကိုအဘိုးအဘွားတို့ ဆောက်လုပ် ထားနိုင်ခဲ့ပေမဲ့ မိမိကတော့ ထိုကဲ့သို့သော အိမ်ကြီးရခိုင်တလုံးမဆိုထားနှင့် သေးငယ်သော အိမ် တလုံးပင် မဆောက်နိုင်ခဲ့ပေ။ ဤဖက်တွင် မိမိကား အဘိုး၏ခြေဖျားပင် မမီဟုဆိုရပေမည်။ ဤသို့ အိမ်တလုံးပင်မဆောက်နိုင်ခဲ့သည်မှာ အကြောင်းရင်းတခုတော့ရှိချေ သည်။

ထိုအကြောင်းမှာ မိမိတို့တိုင်းပြည်၏မျိုးဆက်များစွာတို့ အခြေချနေနိုင်သည့် ခိုင်ခန့်သည့် နိုင်ငံသစ် တခုတည်ဆောက်မည်ဟူ၍ စိတ်ကြီးဝင်ခဲ့ စိတ်ကူးယဉ်ခဲ့၍ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

အဆိုပါပုသိမ်မြို့၌ မွေးဖွားခဲ့သော်လည်း ကြီးပြင်းရှင်သန်ခဲ့သည်ကတော့ အခြားဒေသများ၌ သာဖြစ်ခဲ့သည်။ ပုသိမ်သည် မိမိအတွက် မိဘဆွေမျိုးများရှိရာသို့ အလည်အပတ်သွားရာ အရေးကြုံလျှင် ခိုလှုံရာတော့ ဖြစ်ခဲ့ပေသည်။
၁၉၆၂သတင်းစာထဲတွင် ရန်ကုန်မြို့လယ်အချက်အခြာနေရာများ၌ စစ်သားများ တပ်စွဲနေရာ ယူထား သည့်ပုံများကိုတွေ့ရသည်။ လူကြီးတွေက စစ်တပ်က အာဏာသိမ်းလိုက်ပြီဟုဆိုသည်။ မိမိကား ငယ်ရွယ်သေးသဖြင့် စစ်တပ်ကအာဏာသိမ်းသည်ဆိုခြင်းကို နားမလည်သေးပေ။ ထိုစစ်တပ်ကအာဏာသိမ်းသည်ဆိုသည့်ကာလ၌ပင် မိမိ၏အမှတ်သညာများ စခဲ့သည်ဟုဆိုပါသည်။

ထိုစစ်တပ်က အာဏာသိမ်းသည့်ကာလအစ၌ မိမိသည် ရန်ကုန် သာကေတမြို့သစ်တွင်ရှိသည်။ အလုပ်အကိုင်မတည်ငြိမ်နိုင်သေးသည့် မိမိမိဘများက မိမိအား သာကေတမြို့သစ်တွင်ရှိသော မိခင်ဖက်မှ အဘွားအိမ်သို့ပို့၍ စတင်ကျောင်းတက်စေခဲ့သည်။ သာကေတမြို့သစ်သည် ၁၉၅၈ အိမ်စောင့်အစိုးရတက်စဉ် ရန်ကုန်မြို့တော်ဝန်အဖြစ်တာဝန်ယူသူ ဗိုလ်ထွန်းစိန်လက်ထက်တွင် ပေါ်လာခြင်းဖြစ်သည်။

လယ်ကွင်းထဲကမြို့ ဖြစ်သည်။ သစ်ပင်ဝါးပင်မရှိ ။ ရွံ့တွေဗွက်တွေကြားကမြို့ ဖြစ်သည်။ ရန်ကုန်မြို့ထဲသွားရန် စစ်ကျန် ချက်ပလက်ခေါင်းတိုဘတ်စကား လိုင်းပြေးဆွဲသည်။ အဆိုပါသာကေတနှင့် မြို့တွင်းပြေးဆွဲသည့်အမှတ် ၃ ကားလိုင်းသည် ရုံးဆင်းရုံးတက်ချိန်ဆိုလျှင် အမြဲကြပ်တောက်နေသည်။ ကားပေါ်တက်ရန်မလွယ်သကဲ့သို့ ကားပေါ်မှဆင်းရန်လည်း မလွယ်လှပေ။

ပျ ဉ်ထောင်သွပ်မိုးအိမ်လေးများသည် ပေ ၄၀ ပေ ၆၀ မြေကွက်များပေါ်တွင် ပေ ၂၀ ပေ ၆၀ မြေကွက်ပေါ်တွင်၎င်း တည်ရှိသည်။ ပေ ၄၀/၆၀ မြေ ကွက်နှင့်နေနိုင်သူကား သာကေတတွင် အတော်ဟုတ်လှပြီဟု ဆိုရမည်။

ပေ ၂၀/၆၀ အကျယ်မြေကွက်နှင့်နေနိုင်သူ မိမိအဘွားကဲ့သို့ မိသားစုများကား အတော်လေး ရုန်းကန်နေရသည့် မိသားစုများဖြစ်ချေတော့သည်။

ထိုစဉ် လူဦးရေ မထူထပ်သေး၍လားတော့မသိ သာကေတတွင် လျှပ်စစ်မီးရသည်။ လျပ်စစ်မီးပြဿနာမရှိပေ။ လမ်းမီးလည်းရသည်။ ပြဿနာက ရေဖြစ်သည်။ တလမ်းလုံးစောင့်သုံးရသည်က အစိုးရရေပေရေးက ရေဘုံဘိုင်ဖြစ်သည်။ လာသည့်အချိန်မမှန်။ လာချင်သည့်အချိန်လာ၍ ညဘက်ပါတန်းစီစောင့်ရသည်။ လာလျှင်လည်း ရေအားက ကောင်းချင်မှ ကောင်းသည်။ တစက်စက်နှင့်လာနေသည်ကို စိတ်ပျက်လက်ပျက်တန်းစီကြရသည်။ လမ်းဘေးရေဘုံဘိုင်တွင် ဘာလီပုံးဟုခေါ်သည့် လေးဒေါင့်သံဖြူ ပုံး ၂ ပုံးတွဲလေးများ ရှည်လျားစွာ နေ့နေ့ညည တန်းစီကြရသည်။ ရေတန်းစီကြရင်း နေရာလုကြရင်း အလှည့်ကျော်ကြရင်း ဖြင့် ဆဲသံဆိုသံ ကလော်တုတ်သံ ရန်ဖြစ်သံများဖြင့် စည်ကားလှသည့် သာကေတမြို့က လမ်းဘေးရေဘုံဘိုင်ဟု ဆိုရမည်။ ထိုစဉ် ရေစက်ဟုခေါ်သည် အဝိစိတွင်းရှိရာမှ တွန်းလှည်းဖြင့် ရေတွန်းရောင်းသည့်ရေလှည်းများရှိသော် ထိုစဉ် ထိုရပ်ကွက်ရှိ လူများ၏ ဝင်ငွေအရ ဝယ်သုံးနိုင်သူရှားသည်။ ရေမလာတချက် လာတချက် ရေဘုံဘိုင်တွင်သာ တန်းစီကြရင်း အတင်းပြောကြ သတင်းပြောကြ ရန်ဖြစ်ကြ ပြန်ချစ်ကြနှင့် သာကေတမြို့တော်သူ မြို့တော်သားများ ဘဝကိုကျော်ဖြတ်ကြရပေတော့သည်။

သာကေတတွင် မိမိတက်ရသည့်ကျောင်းက ထိုစဉ်က အင်္ဂလိပ်ကျောင်းဟုဆိုသည့် စိန်မေရီ သာသနာပြု ကျောင်းမှဖွင့်သည့် မူလတန်းအဆင့်ကျောင်းလေး ဖြစ်သည်။ သာကေတ ၂ ရပ် အတွင်းလာရောက်ဖွင့်ထားသည့်ကျောင်းငယ်လေးဖြစ်သည်။ ကျောင်းသားတော့မများလှပေ။ စည်းကမ်းတင်း ကျပ်သည့် ခရစ်ယန်သီလရှင်ကြီးများကြပ်မတ် အုပ်ချုပ်သည်။ ဘောင်းဘီ နက်ပြာအတို ရှပ်အင်္ကျီအဖြူ ရှူးဖိနပ်အနက်နှင့် ခြေအိတ်အဖြူတို့ဖြင့် ဝတ်ရ သည်။ ထိုစမတ်ကျလှသည့် ဝတ်စုံအပြင် ခေါင်းကဘိုကေက ဆီအရွှဲသားဖြင့် သပ်သပ်ရပ်ရပ် ဖီးရသည်။ ကျောင်း၌ အင်္ဂလိပ်လိုသာပြောရသည်။ ပြောလျှင် ဒဏ်ငွေတပ်သည်။ ဒဏ်ငွေက ဆယ်ပြားခန့် ဖြစ်သည်။ မိမိရသည့်မုန့်ဖိုး၏ ၂ ဆဖြစ်နေ၍ အတော်လေးကြောက်လန့် စိုးရိမ်ခဲ့ရသည်။

မိမိတက်သည့် အင်္ဂလိပ်ကျောင်းလေး၏ရှေ့၌ အစိုးရအလယ်တန်းကျောင်းရှိသည်။ ထိုကျောင်းကတော့ မိမိကျောင်းလေးထက် ကျောင်းသားပို၍ များသည် မုန့်စားလွှတ်ချိန်တွင် တရုန်းရုန်းနှင့် စည်ကားလှသည်။ သို့သော် မိမိတို့၏ ကျောင်း၏စည်းကမ်းအရ မုန့်စားလွှတ်ချိန် ထိုကျောင်းမုန့်ဈေးတန်းသို့သွားခွင့်မရှိ။ ထိုတချက်တော့ မိမိစိတ်တွင် ကသိကအောက်ဖြစ်ခဲ့သည်။

သို့သော် စမတ်ကျလှသည့် ဘိုကျောင်းသား ဘဝကိုတော့ သဘောကျ ခဲ့သည်ကတော့အမှန်ဖြစ် သည်။ ထိုစဉ် ခက်ခက်ခဲခဲ ဘဝကိုရုန်းကန်နေရသည့်မိဘများက မိမိအား အစိုးရကျောင်းမပို့ဘဲ သာသနာပြုကျောင်းပို့ခဲ့သည်ကတော့ မိဘတို့၏စေတနာ ဖြစ်ပေလိမ့်မည်။

သို့သော် မိမိ၏ အင်္ဂလိပ်ကျောင်းသားဘဝသည် တနှစ်ပင်မကြာလိုက်ပေ။ မိခင်တာဝန်ကျရာ တောရွာသို့ပြောင်းရွှေ့လိုက်ပါရပြီး တောကျောင်းသားဘဝကို မြန်ဆန်စွာကူးပြောင်းခဲ့ရပြန်သည်။ ထိုသာကေတတွင် ခဏတာနေခဲ့ရသည့်ကာလတွင် လမ်းဘေးရေဘုံဘိုင်အပြင် အမှတ်တရ ဖြစ်စေသည့်အခြားအကြောင်းအရာလေး နှစ်ခု သုံးခုတော့ ရှိသေးသည်။ တခုကတော့မနက်တိုင်း စားရသည့် ပဲပြုတ်နှင့်ထမင်းကြမ်းဖြစ်သည်။ မနက်တိုင်းပဲပြု တ် ဆယ်ပြားဖိုး ၁၅ ပြားဖိုးဖြင့် နေ့စဉ်တအိမ်လုံးနှစ်ပါးသွားခဲ့ရသည့်အချိန်ကာလ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ပဲပြု တ် ထမင်းကို ယနေ့တိုင် မိမိကြိုက်နေဆဲဖြစ်ပါသည်။ နောက်တခုကတော့ မနက်အဘွားက ဆွမ်းတော်တင် ဘုရားရှိခိုးချိန် ဖြစ်သည်။ အဘွားက ဆွမ်းတော်တင်လျင် ဆွမ်းတပွဲအပြင် မုန့်လေးတခုအမြဲပါသည်။ အဖွါးဆွမ်းတော်တင်၍ ဘုရားရှိခိုးပြီးသည်နှင့် ထိုမုန့်ကိုအပြေး လုစားရသည်။ ဘာပဲဖြစ်ဖြစ် တနေ့မုန့်ဖိုး ၅ ပြားသာရသော မိမိအဖို့ ဆွမ်းတော်စွန့်သည့် မုန့်ကလည်း အတော်လေး ခုသာခံသာရှိပါသည်။
နောက်တခုကတော့ ည ၈ နာရီ ၉ နာရီ ခန့်တွင် သာကေတလမ်းမများပေါ်၌ မုန့်ဖက်ထုပ်ဟု အော်ကာ တောင်တလုံးပုခုံးပေါ်ထမ်း၍ လှည့်လည်ရောင်းချသည့် မိမိနှင့်အသက် မတိမ်းမယိမ်း ကောင်လေးတယောက်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်