မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း ၎

July 1, 2016

မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း ၎

(မိုးမခ) ဇွန် ၃၁၊ ၂၀၁၆

တရုတ်ဗမာအရေးအခင်း

ထိုစဉ်က ကွမ်းခြံကုန်းနှင့် ရန်ကုန်က တိုက်ရိုက်ကားလမ်းမပေါက်သေး။ ကွမ်းခြံကုန်းမှ တွံတေးသို့ သွားရသည်။ တွံတေးမှ ရန်ကုန်သို့ နှစ်ထပ် သင်္ဘောစီး တွံတေးတူးမြောင်းဖြတ်ကာ တအိအိ သွားရသည်။ တွံတေးသို့ သွား၍ တွံတေးသိန်းတန်သီချင်းနားထောင်ကာ တွံတေးတူးမြောင်းကို ဖြတ်ရ
သည်ဟု ဆိုရပါမည်။ ထိုစဉ်က တွံတေးသိန်းတန်သီချင်းများနှင့်အတူ ထွေးညိုဇတ်လမ်းတို့ ကိုယ်ရယ်တိုးရယ်စိုးစိုးရယ်တို့က နံမည်ကြီးခါစအချိန်ဖြစ်သည်။

ထိုသို့ခရီးထောက်နေပေမဲ့လည်း ကွမ်းခြံကုန်းနှင့်ရန်ကုန်က နေ့စဉ်အသွားအလာရှိသည်။ နေ့စဉ်အသွားအလာရှိတော့ ရန်ကုန်က သတင်းတွေ နေ့စဉ်ကြားရသည်။ မှန်တာလည်း မှားတာလည်း ကောလာဟာလလည်းပါ ဟုဆိုရမည်။ ထိုကာလတွင် ထူးခြားသည့်သတင်းများ စကြားရသည်။ တရုတ်ကျောင်းသားများ မော်စီတုန်းတံဆိပ်ရင်ထိုး၍ ကျောင်းတက်သည်ကို တားမြစ်ရာမှ တရုတ်ကျောင်းသားများ ဆန္ဒပြကြသည်ဆိုသော သတင်းများ စကြားရသည်။ နောက်ပိုင်း တရုတ်နဲ့ဗမာ ရိုက်ကြ ပုတ်ကြ သတ်ကြဖြတ်ကြသည်ဆိုသည့်သတင်းများ ကြားရသည်။

ထုံးစံအတိုင်း မြန်မာကျောင်းဆရာမလေးတယောက်ကို တရုတ်ကျောင်းသားတွေက မုဒိမ်းကျင့်လို့တဲ့ ဆိုသည့်သတင်းများထွက်လာသည်။
ဟုတ်လားကွ ဒါမျိုးစော်ကားလို့ ဘယ်ရမလဲ တရုတ်တွေအကုန်ချပစ် ဆိုသည့် တုံ့ပြန်သံများ ကြားရသည်။ ဘယ်မြို့ ဘယ်ကျောင်းက ဘယ်ဆရာမမှန်း ဘယ်သူမှ ရေရေရာရာမသိကြ။ သိုပေတည့် လူတွေကားသွေးဆူနေကြပေပြီ။ လူမျိုးရေး အဓိကရုဏ်းတွင် ဤအောက်လုံး တိုက်ခိုက်မှုကား ယနေ့တိုင် အလုပ်ဖြစ်နေဆဲဟုထင်သည်။ မည်သို့ဆိုစေ ကောလာဟာလကား တောမီးသဖွယ် ပြန့်သည်။ စနစ်တကျ လိုက်ဖြန့်နေသူများ လိုက်လုပ်နေသူများလည်း ရှိသည်။

ထိုရက်ပိုင်းတနေ့တွင် ကျောင်းတက်နေစဉ်အတွင်း မိမိတက်နေသည့် ကွမ်းခြံကုန်း အစိုးရ အထက်တန်းကျောင်းတွင် ကျောင်းသားအားလုံးအား အလံတိုင်ရှေ့တွင် စုဝေးစေသည့် ကျောင်း assembly ဟုခေါ်သည့် ကျောင်းသားထု အစည်းအဝေးခေါ်သည်။ ပုံမှန်တော့ ကျောင်းအုပ် ဆရာကြီး သို့မဟုတ် ကျောင်းမှဝါရင့်ဆရာ ဆရာမကြီးက စကားပြောဆိုလေ့ရှိသည်။ ထိုနေ့က အလံတိုင်အောက်တွင် ကျောင်းသားထုကို မိန့်ခွန်းခြွေသူက ကျောင်းကဆရာများထဲကမဟုတ်။ မျက်နှာစိမ်းတယောက်ဖြစ်သည်။ jungle hat ဟုခေါ်သည့် တောစီးစစ်ဦးထုပ်ဆောင်းထားပြီး လွယ်အိတ်တလုံးလွယ်ထားသည့် လူစိမ်းတယောက်ဖြစ်သည်။ ဘာတွေပြောမှန်းတော့မမှတ်မိ။ အဓိကကတော့ တရုတ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ မကောင်းကြောင်းဖြစ်သည်။

ထို့နောက်မြို့လုံးပတ်၍ တန်းစီလှည့်ကြရသည်။ ရှေ့ဆုံးတွင် ဖျာလိပ်ပတ်၍ အလောင်းပုံစံပြု လုပ်ထားသည့် အလောင်း ၂ ခုအား ထမ်းထားကြသည်။ ဖျာလိပ်တခုပေါ်တွင် မော်စီတုန်းဟုရေး၍ တခုပေါ်တွင် သခင်သန်းထွန်းဟု ရေးထားသည်။ ထိုစဉ် မော်စီတုန်းကား တရုတ်ကွန်မြူနစ်ပါတီနှင့်
တရုတ်ပြည်၏ ခေါင်းဆောင်ဖြစ်ပြီး သခင်သန်းထွန်းကတော့ မြန်မာအစိုးရကို ပုန်ကန်တိုက်ခိုက် နေသည့် ဗမာပြည်ကွန်မြူ နစ်ပါတီခေါင်းဆောင်ဖြစ်သည်။ မြို့ကသိပ်မကြီး၍ သိပ်တော့ မလျှောက် လိုက်ရ။ လမ်းလျောက်ပွဲကို သင်္ချိုင်းကုန်းတွင် အဆုံးသတ်သည်။ ကြွေးကြော်သံတွေတိုင်ကြ မိန့်ခွန်းတွေ ပြောကြပြီး အဆိုပါ ဖျာလိပ် ၂ ခုကို မီးရှို့သင်္ဂြိုလ်၍ လှည့်လည်ဆန္ဒပြပွဲကို အဆုံးသတ်လိုက်သည်။ မိမိတို့ကတော့ ငယ်သေး၍ ဘာမှန်းတော့သေချာ မသိ။ နေ့ဝက်ကျောင်းဆက်တက်စရာမလိုသည်ကပင် မင်္ဂလာတပါးဟု ယူဆခဲ့သည်။

ထိုစဉ်က ကျောင်း၌ လာရောက်စည်းရုံးဟောပြောသူမှာ စစ်ထောက်လှမ်းကဟု ကျောင်းသားကြီးများ က ဆိုသည်။ ဟုတ်လေလော မဟုတ်လေလော သေချာမသိနိုင်ခဲ့ပါ။ သို့သော် အထက်တန်း တကျောင်းလုံးက ကျောင်းသားအားလုံးကို ဆွဲထုတ်ခေါ်ယူခွင့်ကို ကျောင်းအုပ်ဆရာကြီးက ခွင်ပြုခဲ့ရသည်ဖြစ်ရာ အစိုးရသြဇာအာဏာသက်ရောက်မှုမရှိဘဲ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောရလျှင် မိမိပထမဆုံးပါဝင်ခဲ့သောဆန္ဒပြပွဲမှာ ကျောင်သားထု၏ဆန္ဒနှင့်ပြုသော ဆန္ဒပြပွဲမဟုတ်ခဲ့။ အစိုးရသြဇာဖြင့် အမျိုးအမည်သိသူများ လာရောက်ဦးဆောင်သည့်ဆန္ဒပြပွဲတွင် မလိုက်မနေရ ခေါ်သွားသဖြင့် ဘူမသိ ကိုးမသိနှင့် မအူမလည်ပါသွားသော ဆန္ဒပြပွဲဟုဆိုရပါမည်။

တရုတ်ဗမာအရေးအခင်းကား တော်တော်နှင့်မပြီး တရုတ်ဆိုင်များတရုတ်အိမ်များအား မီးရှို့ဖျက်ဆီးကြသည့်ပုံများ သတင်းစာများတွင်တွေ့နေရသကဲ့သို့ သတင်းများလည်းကြားနေရသည်။ ဒေါသထွက်နေသော လူအုပ်ကြီးအား စတင်တွေ့ရသည်။ မိမိနေသော ကွမ်းခြံကုန်းမြို့တွင် ဒီအဆင့်ထိ မရောက်ခဲ့ပေ။ သို့သော် ရန်ကုန်တွင်တော့ ပို၍ အခြေအနေဆိုးလာသည်။
မျိုးချစ်ဆိုသူတဦးက တရုတ်သံရုံးအတွင်းခိုးဝင်၍ တရုတ်သံအမှုထမ်းတဦးကို ဓားနှင့်ထိုးသတ်လိုက်၍ နှစ်နိုင်ငံ ဆက်ဆံရေးပါ ဆိုးဝါးလာသည်။ မူလက ပြည်တွင်းရှိ တရုတ်ဗမာအရေးအခင်းမှသည် တရုတ်ပြည်နှင့်ပါ တင်းမာသည့် အခြေအနေသို့ဆိုက်ရောက်သွားတော့သည်။ အုတ်နံရံအမြင့်ကြီးကာ
ထားသော တရုတ်သံရုံးအတွင်း တကိုယ်တည်း ခိုးဝင်သည်ဆိုသည်ကလည်း အံ့ဖွယ်သူရဲ ဖြစ်တော့ သည်။

ထိုနောက် မော်စီတုန်းရင်ထိုးတံဆိပ် တပ်ဆင်ထားကြသော ရဲရဲတောက်ပင်လယ်ရပ်ခြား တရုတ် ကျောင်းသားများ အား တရုတ်ပြည်မှ လေယာဉ်လွှတ်ခေါ်သည်ကိုတွေ့ရသည်။ မင်္ဂလာဒုံလေဆိပ်တွင် ကြွေးကြော်သံတိုင်၍ မော်စီတုန်းသြဝါဒရွတ်ဆိုနေသည်ကို နောက်ဆုံးတွေ့လိုက်ရသည်။
မြန်မာပြည်တွင် စက်ရုံတံတားများတည်ဆောက်ရေးတွင် လာရောက်လုပ်ကိုင်နေသော တရုတ် အလုပ်သမားလည်း ပြည်တော်ပြန်ကြသည်။ ပြည်တော်ပြန်ကြမည့်သူများ မော်စီတုန်း ရင်ထိုးတံဆိပ် ထိုးထားသည့် အင်္ကျီပြာဆင်တူ ဝတ်ထားကြသော တရုတ်များ မော်စီတုန်းသြဝါဒ စာအုပ်နီလေးများကိုင်၍ကြွေးကြော် ရွတ်ဖတ်နေသည့်ပုံရိပ်များကို လေဆိပ်၊ ရထား ဘူတာရုံတွင် တွေ့ကြရသည်။ တရုတ်သံရုံးအတွင် ခိုးဝင်အသတ်ခံလိုက်ရသော တရုတ်သံအမှုထမ်း၏ အရိုးပြာအိုး အား ပြန်သယ်သည်ကိုလည်း တွေ့လိုက်ရသည်။ ဘေကျင်း ( ပီကင်း ) လေသံအတော်စွာသော တရုတ်မလေးကလည်း “နေဝင်း စန်းယု စစ်အစိုးရ ” ဟူ၍ ပြောဆို အသံလွှင့်နေသည်ကိုလည်း သတိထားမိခဲ့သည်။

အဆိုပါလူမျိုးရေးအရေးအခင်းဆိုသည်တွေ့လိုက်ရခြင်းသည် လူအများ သွေးဆူလွယ်သည့် လူမျိုးရေးစိတ်ဆိုသည်ကို ရေးတေးတေးသဘောသလိုရှိမိသည်။ ရှေ့မီ နောက်မီ လူကြီးများ ပြောသည့် အင်္ဂလိပ်ခေတ်က ကုလား ဗမာအရေးအခင်းဆိုသည်လည်း အနည်းငယ် နားလည်မိသလို ရှိသည်။
လူမျိုးရေးဆိုသည်မှာ လူအများကြား အတော်လှုံ့ဆော်ရလွယ်သည့် အတော်သွေးဆူလွယ်သည့် မှန်မှန်ကန်ကန် ဖြောင့်ဖြပြောဆိုဖြေရှင်းရန် ခက်ခဲသည့် ပြဿနာဟုဆိုရမည်။

ဖခင်ဖြစ်သူကတော့ ဆန်ပြဿနာနှင့်သွေးဆူနေသည့် လူထုကိုအာရုံ လွှဲဖို့ တရုတ်ဆန့်ကျင်ရေးနှင့် ကွန်မြူနစ်ဆန့်ကျင်ရေးတွဲလုပ်တာဟု ဆိုခဲ့ပါသည်။ ဟုတ်ပုံရသည် ဆန်ပြဿနာကြောင့် အစိုးရဆီဦးတည်နေသော လူထုသည် တရုတ်များဘက်သို့လှည့်သွားပြီး ဆန်ကိစ္စနှင့်ပတ်သက်၍ ဘာပြဿနာမှ ထွက်မလာတော့ပေ။

ပြဿနာအစမှာ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးအရှိန်ဖြင့် မြန်မာပြည်သို့စေလွှတ်ထားသည့် တရုတ်ကွန်မြူနစ်များ၏ စည်းရုံးမှုအောက်တွင်ရှိသည့် တရုတ်ကျောင်းသားများ၏လှုပ်ရှားမှု ဖြစ်သည်။ ယင်းအခြေခံပေါ်ကနေ ပြဿနာ ကားချဲ့သွားခြင်း ဖြစ်သည်။ ဗိုလ်နေဝင်းအစိုးရက တရုတ်
ဆန့်ကျင်ရေး ကွန်မြူနစ်ဆန့်ကျင်ရေးတုံ့ပြန်သည်။ ပြည်တွင်း အသာစီးရသွားသည်။ အစိုးရအားဆန့်ကျင်နေသည့် ကွန်မြူနစ်ပါတီအားလည်း တရုတ်ကြိုးဆွဲရာကနေသည့် ရုပ်သေး အဖြစ်၎င်း၊ အမျိုးသားသစ္စာဖောက်အဖြစ်၎င်း၊ ပုံဖော်ခဲ့လိုက်သည်။ နိုင်ငံရေးဆိုသည်မှာ ရှုပ်ထွေးလှ သည်။ ထို့ကြောင့်လည်း ” ပြည်ထဲအရေး ပေါက်နှင့်ကျေး တိမ်တောင်သဖွယ် မင်းရေးကျယ်၏ ” ဟု ဆိုကြခြင်းဖြစ်ပေသည်။

အဆိုပါ တရုတ် ဗမာအရေးခင်းကာလတွင် အစိုးရထုတ်သတင်းစာများတွင် တရုတ်ဆန့်ကျင်ရေး ဆောင်းပါးများ ပြည့်နေသည်။ အများဆုံးတွေ့ရသည် ဆောင်းပါးရှင်တယောက်ကား ချစ်ကြည်ရေး ကြည်ညွန့်ဆိုသူဖြစ်သည်။ လတချို့အကြာတွင်တော့ တရုတ်ဗမာအရေးအခင်း ပြန်လည်ငြိမ်သက် သွားသည်။ အခြေအနေ အေးဆေးသွားသည်။ ပြည်တွင်းအခြေအနေကို ဗိုလ်နေဝင်းပြန်လည် ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် သိပ်မကြာမီ တရုတ်မြန်မာနယ်စပ်တလျှောက်တွင် ကြီးမားသော ပြဿနာများကို ဗိုလ်နေဝင်းသာမက သူ့ကို ဆက်ခံသူများလည်း ယနေ့တိုင်မဖြေရှင်းနိုင်ဘဲ ကြုံ တွေ့ကြရသည်ကို အရွယ်ရောက်မှပင် မိမိသိနိုင်ခဲ့တော့သည်။

ဤနေရာတွင် တခုပြောလိုသည်မှာ မိမိအရေးအသားအခေါ်အဝေါ် ဖြစ်သည်။ မိမိနှင့် ပေါင်းသင်းခဲ့သော သူငယ်ချင်းများတွင် တရုတ်လည်း ရှိသည်။ ကုလားလည်း ရှိသည်။ တရုတ်ဟူသောဝေါဟာရသည်၎င်း ကုလားဟူသော ဝေါဟာရသည်၎င်း ဘယ်ကာလက ခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်တော့မသိခဲ့သော်လည်း မိမိလူမှန်းသိတတ်စကထဲက သုံးနှုန်း နေကြခြင်း ဖြစ်သည်။ ထိုသို့ တရုတ်ဟူ၍၎င်း၊ ကုလားဟူ၍၎င်းသုံးစွဲခြင်း လူမျိုးအမည်သတ်မှတ်ခေါ်ဝေါ်ခြင်းသာ ဖြစ်ပြီး နှိမ့်ချသည့်အဓိပ္ပာယ်မပါပါ။

မိမိတို့ငယ်စဉ်က အိန္ဒိယနွယ်ဖွား တမီလ် ဘင်္ဂလီ ဆစ် ပန်ချာပီ မဒရပ်စသည်အားလုံးကို မခွဲခြားတတ် သကဲ့သို့ မည်သည်ဘာသာကိုးကွယ်သည်ပင် မခွဲခြားတတ်ပင်။ မိမိနှင့် ငယ်စဉ်က ပေါင်းခဲ့သော ကုလားလေးများ ဘာဘာသာကိုးကွယ်သည် မသိခဲ့ပါ။ သူငယ်အဖြစ် ခင်ရင်ခင်သလို ပေါင်းခဲ့ကြ သည်။ အရွယ်ရောက်မှ ခင်မင်ရင်းနှီးသူ ကုလားတဦးရှိသည်။ စသိခါစကတော့ သူနံမည် တင်အောင် ကို ခေါ်သော်လည်း ရင်းနှီးသွားတော့ ကုလားကြီးဟု ခေါ်သည်။ ထိုသို့ ခေါ်ဝေါ်ခြင်းသည် မိမိတို့ ကြားမှာ ရင်းနှီးမှုကိုဖော်ပြခြင်းသာ ဖြစ်သည်။ ပိုခင်လာကြတော့ မိမိကသူ့အား သရေကြိုးနှစ်ပြား ( အေရိုးကုလား) လူကြားထဲတွင်အော်ဟစ်နှုတ်ဆက်တတ်သကဲ့သို့ သူကလည်းမိမိအား သရေကြိုး နှစ်ထွာ ( အေရိုးဗမာ) ဟုပြန်လည်နှုတ်ဆက်တတ်သည်။

ဆိုလိုသည်မှာ ကုလားဟူသော အခေါ်သည်ဖြစ်စေ တရုတ်ဟူသော အခေါ်ဖြစ်စေ နှိမ့်ချ ခေါ်ဝေါ်ခြင်းမဟုတ် အစဉ်အလာ ဘိုးစဉ်ဘောင်ဆက်ခေါ်ဝေါ်ခြင်းသာဖြစ်သည်။ သို့သော် ယခုအချိန်တွင် တရုတ်ကို တရုတ်လို့ ခေါ်ခြင်းသည် ပြဿနာမရှိသော်လည်း ကုလားဟုခေါ်သည်ကို မကြိုက်ဟုဆိုလာကြသည်။ တကယ်တော့ တရုတ်များသည် သူတို့လူမျိုးအား ဟန်လူမျိုးဟုခေါ်ပြီး တိုင်းပြည်ကို ကျုံးကော့ဟုခေါ်ပါသည်။ သို့သော် သူတို့အားမြန်မာများက တရုတ်လူမျိုး တရုတ်ပြည်ဟုခေါ်သည်ကို လက်ခံကြသည်။
ကန့်ကွက်ခြင်းမရှိကြ။ မြန်မာတို့အခေါ်အဝေါ်ကို လက်ခံသည်။ ထို့ပြင် တရုတ်ပြည်မှ ဟွေလူမျိုးများ အားလည်း မြန်မာတို့ ပန်သေးတရုတ်ဟု ခေါ်သည်။ ဤသည်မှာလည်း ပြဿနာမရှိခဲ့ပေ။

အခေါ်အဝေါ်များနှင့်ပတ်သက်၍ အကဲဆတ်လာကြသည်မှာ အံ့သြစရာပင်ဖြစ်သည်။ ယခင် အင်္ဂလိပ်လို Burma အား Myanmar ဟုပြင်သည်။
Burmese အားလည်း Myanmar ဟုပြင်သည်လက်ညိုး ထိုးနိုင်ပါသည်။ သို့သော် တရုတ်တွေက မြန်မာပြည်အား မြင်တင့်ဟု ခေါ်ဆိုခြင်းအား၎င်း မြန်မာလူမျိုးအား မြင့်ဆူ ဝါ လောက်မြင်ဟု ခေါ်ခြင်း အား၎င်း မပြောင်းနိုင်ပါ။ အလားတူပင် ဗမာက ရှမ်းဟုခေါ်သော်လည်း ရှမ်းများက တိုင်းဟု သူတို့
ကိုယ်သူတို့ခေါ်သည်။ မြန်မာကို ရှမ်းက မန်ဟုခေါ်သည်။ ကချင်က သူတို့ကိုယ်သူတို့ ဝင်ပေါင်ဟုခေါ်သည်။ မြန်မာကိုတော့ မြင်ဟုခေါ်သည်။ လူမျိုးအလိုက် အစဉ်အလာ ခေါ်ဝေါ်မှု များသာဖြစ်သည်ဟု ဆိုရပါမည်။ အလားတူ ဟင်ဒူစတန်နီဘာသာဖြင့် မြန်မာကို ဘာရ်မာ ဟုခေါ်၍ ဘင်္ဂါလီဘာသာဖြင့် ဘောရ်မာ ဟုခေါ်ပါသည်။

သို့ဖြစ်ရာ မိမိအနေနှင့် တရုတ်ဟူ၍ ကုလားဟူ၍၎င်း ခေါ်ဝေါ်ခြင်းသည် အစဉ်အလာ သတ်မှတ် ခေါ်ဝေါ်လာသည့်အတိုင်းသာ ဖြစ်ပါသည်။ ဤနေရာတွင် ကုလားဟုဆိုခြင်းမှာလည်း မွတ်စလင်ဘာသာဝင် အဓိပ္ပာယ်သက်ရောက်ခြင်းမရှိပါ။ ပြောရလျှင် မွတ်စလင်အသိုင်းအဝိုင်း ဆိုသည်ကမှ ဘာသာရေးနွယ်ပါသည်။ တကယ်တော့ တိတိကျကျသိကြပြောကြလျှင်တော့
ပိုရှင်းပါသည်။ ဥပမာ တမီလ် ဖြစ်စေ ဘင်္ဂါလီဖြစ်စေ လူမျိုးခွဲခြားခေါ်နိုင်က ပိုကောင်းပါသည်။ ထိုသို့ဆိုလျှင် တမီလ်သည် ဟိန္ဒူ အများစုရှိသကဲ့ မွတ်စလင်ခရစ်ယာန်အနည်းစု ရှိသည်။ အလားတူ ဘင်္ဂါလီဆိုလျှင်လည်း မွတ်စလင်အများစုရှိသလို ဟိန္ဒူနှင့် ခရစ်ယာန်လည်းရှိသည်။ ပန်ချာဆိုလျှင်လည်း ဟင်ဒူပန်ချာရှိသည် ။ မွတ်စလင်ပန်ချာရှိသည်။ ဆစ်ပန်ချာရှိသည်။ ဟင်ဒူ
နစ်စတန်သည်လည်း ဟိန္ဒူ ရှိသကဲ့သို့ မွတ်စလင်ရှိသည်။ သို့သော် မိမိအပါ အဝင်မြန်မာအများစုမှာ ဤသို့ခွဲခြားမသိသဖြင့် အားလုံးကို သိမ်းကျုံး၍ ကုလားဟုခေါ်နေကြခြင်း ဖြစ်ပါသည်။

မိမိဆိုလျှင် အထက်တွင်ပြောခဲ့သည့် ရင်းနှီးသောမိတ်ဆွေ ကိုတင်အောင်အား ကုလားကြီးဟု ခေါ်ဝေါ်ပေါင်းသင်းနေသော်လည်း တမီလ်လားဘင်္ဂါလီလား အခြားတမျိုးမျိုးလား သတိမထားမိပါ။ မွတ်စလင်ဘာသာဝင်ဟုမျှသာ သိပါသည်။ တကယ်တမ်းပြောလျှင် သူဘာလူမျိုး ဘယ်ဘာသာကိုး
ကွယ်သည်ဆိုသည်မှာ မိတ်ဆွေများကြား အရေးကြီးသည်ဟု မထင်မိပါ။
မိမိ တရုတ် ကုလားဆိုသည့် အရေးအသားများနှင့်ပတ်သက်၍ မိမိအမြင်ကိုကြားညှပ်ဖော်ပြခြင်း ဖြစ်ပါသည်။

တကယ်တော့ ဟင်ဒူစတန်နီ၊ တမီလ်၊ ဘင်္ဂါလီ၊ ပန်ချာပီ၊ မဒရပ်စီ၊ ဂေါ်ရခါး ..စသဖြင့်လူမျိုးအမည်ကို ခွဲခြားခေါ်နိုင်က အကောင်းဆုံးဖြစ်သည်။ သို့သော် မသိ၍သိမ်းကျုံး၍ခေါ်ခဲ့ခြင်းသည်လည်း နှိမ့်ချခေါ်ဝေါ်ခြင်း မဟုတ်ဟု ပြောပြချင်ပါသည်။ မိမိတို့ငယ်စဉ်ကတော့ ကုလားဟုမိမိတို့ခေါ်ကြသည့် အိန္ဒိယနွယ်ဖွားများနှင့်ပတ်သက်၍ လူမျိုးကွဲပြားမှုရော ဘာသာကွဲပြားမှုရောမသိခဲ့သည်က အမှန်ပင်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

Mg Mg Soe ( မောင်မောင်စိုး )

photo credit သတင်းဓာတ်ပုံများ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်