မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း (၆)

July 2, 2016

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း (၆)

(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၆
 

● ပုသိမ်သို့ခရီးသွားခြင်း
ဖခင်ဖြစ်သူမှာ ခရီးသွားဝါသနာပါသည်။ မိမိတို့ကျောင်းပိတ်ရက်များ အထူးသဖြင့် နွေရာသီ ကျောင်း ပိတ်ရက်ရှည်များတွင် ခရီးထွက်လေ့ရှိကြသည်။ ခရီးသွားမှာ ကောင်းသည့် အချက် ၂ ခုရှိသည်။ တခုမှာ ဒေသသစ်တခုရောက်ရှိပြီး ရေမြေအပြောင်းအလဲဖြစ်သဖြင့် စိတ်ပေါ့ပါးလန်းဆန်းသည်။ နောက်တခုကတော့ ဒေသန္တရ ဗဟုသုတရရှိသည်။ ထိုစဉ်က ယခုကဲ့သို့သွားလာရသည်မှာ မလွယ်ကူ ခက်ခဲလှသော်လည်း ဆင်လည်းဆင်အထွာနှင့် ကြွက်လည်းကြွက်အထွာနှင့်ဟုဆိုရမည်။

ပုံမှန်သွားလေ့ရှိသောနေရာကား အဘွားရှိသည့်ပုသိမ်အိမ်ဖြစ်သည်။

ပုသိမ်နှင့်ရန်ကုန်ကို ပုံမှန်အားဖြင့် ရေကြောင်း နှစ်ထပ်သင်္ဘောဖြင့်သွားကြသည်။ ထိုစဉ် ရန်ကုန် ပုသိမ်ကြားပြေးဆွဲနေသော နှစ်ထပ်သင်္ဘောများမှာ ဗန္ဓုလ၊ ဗန္နက၊ ဘုရင့်နောင်ဆိုသည့် သင်္ဘောကြီးများဖြစ်သည်။ ဂျပန်က စစ်လျော်ကြေးအဖြစ်ပေး အပ်ထားသော သင်္ဘောများ ဖြစ်သည်ဟုဆိုသည်။ ထိုစဉ်က ရန်ကုန်ပုသိမ်ကားလမ်းဆိုသည်က မပေါက်သေး၍ အဆိုပါသင်္ဘောလမ်းသည် သက်တောင့်သက်သာရှိသဖြင့် စီးနင်းသူအပြည့်ရှိသည်။

ရန်ကုန်မှ ညနေ ၄ နာရီခန့်ထွက်လျှင် မနက် ၉ နာရီခန့် ပုသိမ်သို့ရောက်ပြီး ပုသိမ်မှလည်း ညနေ ၄ နာရီခန့်ထွက်ကာ ရန်ကုန်သို့ မနက် ၉ နာရီခန့်ရောက်သည်။ ပုသိမ်ရန်ကုန်ကြား နေ့စဉ်ပြေးဆွဲပြီး ထွက်ချိန် ဝင်ချိန်နောက်ကျသည်မှာ ရှားပါးသည်။ အချိန်မှန်သည်ကများသည်။ ထိုစဉ်က မီးရထားများ လည်း အချိန်မှန်သေးသည်။ right time အချိန်မှန်ဆိုသည်မှာ မီးရထားလောကမှလာသည့် အသုံးအနှုန်းဟု လူကြီးများက ပြောပြကြသည်။

ရောက်ရမည့်အချိန်ထက် မီးနစ်အနည်းငယ်စော ရောက်နေသဖြင့် အလံတိုင်မချိုးသေး၍ ဘူတာရုံဝင်မရသေးဘဲစောင့်နေရ သည့် ရထားများ ငယ်စဉ်က မြင်ခဲ့ဖူးသည်။ အခုတော့ right time ဆိုသည်မှာ ရာဇဝင်ထဲမှာ မောင့်ကိုထားခဲဖြစ်သွားခဲ့ချေ ပြီ။

သင်္ဘောနှင့် ပုသိမ်သွားရသည်ကို မိမိကြိုက်သည်။ ရန်ကုန်ကသွားလျှင် တွံတေးတူးမြောင်းကျော်က မှောင်စပြုပြီး မြောင်းမြရောက်မှ မိုးလင်းသည်။ ပုသိမ်ကထွက်လျှင်လည်း မြောင်းမြမရောက်ခင် မှောင်စပြု၍ မအူပင်ရောက်လျှင် မိုးလင်းစပြုသည်။ သင်္ဘောခရီးသည် တညလုံးစီးရသော်လည်းသိပ်မပျင်းလှ။ မမှောင်ခင် ပြင်ပရှုခင်းများကို အေးဆေးစွာကြည့်၍ရသည်။

ပုသိမ် ရန်ကုန်အဝင်အထွက်တွင် သင်္ဘောနားရစ်သီရစ်သီ လုပ်နေသော ဇင်ယော်ငှက်များ ထိုဇင်ယော်များကို အစာကျွေးနေသူများ လေထဲတွင်မြှောက်တင်လိုက်သော ပေါင်မုန့်အဖဲ့လေး များအား တဟုန်ထိုးသုတ်၍ဖမ်းနိုင်သောဇင်ယော်ငှက်များတို့ဖြင့် ရှုမငြီးလှပေ။

ထို့ပြင် မြစ်အတွင်းသွားလာနေသော လှေများ သမ္မာန်များ တုန်ကင်းများ စက်လှေများ ငါးဖမ်းလှေများ မော်တော်များ နှစ်ထပ်သင်္ဘောများ ဘောက်တူများ စသဖြင့် မြစ်ဝကျွန်းပေါ်မြစ်ချောင်းများတွင် သွားလာနေသော ရေယာဉ်မျိုးစုံကိုတွေ့နိုင်သည်။ အချို့က လက်ဖြင့် အချို့ကစက်ဖြင့် အချို့က ရွက်ဖြင့်အမျိုးအစားစုံလှသည်။ အသုံးပြုပုံကိုလိုက်၍၎င်း ရေကြောင်းကိုလိုက်၍၎င်း၊ သုံးစွဲနိုင် စွမ်းကိုလိုက်၍၎င်း၊ အမျိုးအမည်များကွဲပြားသည်။ ညဘက်တွင် သင်္ဘောဦး၏ ဆလိုက်မီး အလင်းရောင်အောက်တွင်သာမြင်ရတော့သည်။

ဘေးဘက်တွင်တော့ အမှောင်ထုသာစိုးမိုးနေသည်။ ထိုအမှောင်ထုအောက်တွင် ကမ်းနားပေါ်ရှိ အိမ်များ တဲများပေါ်က အလင်းရောင်များတွေ့ရသည်။

မြစ်ပြင်ကျယ်ထဲတွင် ညဘက်သွားလာခုတ်မောင်းနေသော ရေယဉ်များမှ မီးရောင်များ တွေ့ကြရ သည်။ မြစ်ပြင်ကျယ်တွင် တံငါလှေငယ်များမှမီးရောင်မှိတ် တုတ်မှိတ်တုတ်ကိုတွေ့ရသည်။ သင်္ဘောချင်းဆုံလျင် အပြန်အလှန်ဆွဲကြသည့် သင်္ဘောဥသြသံများက ညအမှောင်ထုထဲ ပေါ်ထွက် လာတတ်သည်။ မြစ်လယ်ခေါင်တွင် မီးရောင်များထိန်ထိန်လင်းနေသည် ရန်ကုန်-ပုသိမ် နှစ်ထပ် သင်္ဘောကြီးကတော့ အထင်ရှားဆုံးဖြစ်သည်။

ထိုပုသိမ်သင်္ဘောများပေါ်တွင် ထမင်းဆိုင်ပါသည်။ မိခင်ရောပါလျှင်တော့ ထမင်းချိုင့်ပါသည်။ ဖခင်နှင့်သာဆိုလျှင် ထမင်းဆိုင်မှာစားကြသည်။

ညနေထမင်းစားချိန်နှင့် မနက်စာစားချိန်တို့တွင် သင်္ဘောအပေါ်ထပ်ရှိထမင်းဆိုင်တွင် လူပြည့် နေတတ်သည်။ ညပိုင်းရောက်လျှင်တော့ လက်ဖက်ရည်ကော်ဖီသောက်သူတချို့သာရှိပြီး လူကျဲ သွားတတ်သည်။ အစားအသောက်သိပ်မကောင်းလှသော်လည်း သင်္ဘောစီးနေစဉ် ထမင်းစား ရသည့်အရသာသည် တမျိုးထူးဆန်းနေပေရာတမျိုးဆန်းသစ်သည့်အရသာရသည်ဟုဆိုရမည်။

သင်္ဘောပေါ်ရောက်ကထဲက သင်္ဘောစက်သံကြားရသည်မှာ နောက်တနေ့ သင်္ဘောဆိုက်သည့် အချိန်ထိ ဖြစ်သည်။ တဒုန်းဒုန်းမြည်ဟီးနေသောစက်သံကြားက တလှုပ်လှုပ်သွားနေသော သင်္ဘော ပေါ်တွင် အိပ်ရသည်မှာလည်း အရသာတမျိုးဖြစ်သည်။ ဆူညံနေသောစက်သံသည် ကြာလာတော့ စည်းချက်ဝါးချက်မှန်သည့် ဂီတသံဖြစ်လာပြီး အိပ်ပျော်သွားလေ့ရှိသည်။ ထိုလမ်းခရီးတွင် ပြောစမှတ် ပြုသောမြို့တမြို့ ရှိသည်။ ညဖက် သင်္ဘောပေါ်တွင် ခြင်တွေတက်ကိုက်ပြီဆိုလျှင် မအူပင်ရောက်ပြီဟု ဆိုလေ့ရှိကြသည်။ ခြင်ပေါသည့် မြို့ဟုရည်ညွှန်းကြခြင်း ဖြစ်သည်။ မအူပင်မြို့ကခြင်တွေ သင်္ဘောပေါ်တကယ်တက်မတက်တော့ မသိနိုင်ခဲ့ပါ။

ပုသိမ်ရန်ကုန် သင်္ဘောခရီးသည် မြစ်ဝကျွန်းပေါ်ရှိ မြစ်ချောင်းများကို ဖြတ်သွားရသည်။ မြောင်းမြကထွက်၍ ပုသိမ်မြစ်ဖက်သို့အဝင်တွင်တော့ မြစ်ပြင်ကျယ်သည်။ ပင်လယ်သို့ထွက်ပုံရသည်။ မိမိမှတ်မိသည်က ပုသိမ်မြို့အဝင် ငဝန်မြစ်တခုသာ ဖြစ်သည်။ ကျန်မြစ်ချောင်းများကိုတော့ မမှတ်မိ နိုင်ခဲ့ပေ။ ပုသိမ်သို့ဖြစ်စေ ရန်ကုန်သို့ဖြစ်စေ သင်္ဘောဆိုက်လျှင် ဆိပ်ခံဘောတံတားပေါ်တွင် ကြိုဆို သူများ ပြည့်နေလေ့ရှိသည်။ သင်္ဘောမဆိုက်ခင် အဝေးကထဲက မိမိလာကြိုမည့်သူကိုရှာကြသည်။ ဘယ်သူထင်တယ်ဟဲ့ ဘယ်ဝါထင်တယ်ဟဲ့ မဟုတ်ဘူးဟဲ့ ဟုတ်တယ်ဟဲ့ သင်္ဘောမဆိုက်ခင် ကျွက်ကျွက်ညံနေလေ့ရှိသည်။ သင်္ဘောအနားကပ်လျှင် လက်ပြကြ နှုတ်ဆက်ကြနှင့်ပျော်ရွှင်စရာ မြင်ကွင်းဟုဆိုရမည်။

ထိုစဉ်က သင်္ဘောစီးရသည်မှာ ၁၇ နာရီခန့်ကြာသည်။ သွားရလာရသည်မှာ တကူးတက နိုင်သည်ဟုဆိုနိုင်သည်။ ယခုတော့ ကားနှင့်သွားလျှင် ၄ နာရီခန့်ပင် မကြာတော့ပေ။ အချိန်ကုန်များစွာသက်သာသွားချေပြီ။ သင်္ဘောခရီးသည် ကုန်စည်ပို့ဆောင်သည့် ခရီးသက်သက်ဖြစ်သွားပြီဟုဆိုကြသည်။

ထိုစဉ်က ပုသိမ်ကို ရထားနှင့်သွားရမည်ဆိုပါက မိမိအတန်ငယ်စိတ်ညစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုခရီးသည် တဆက်တည်းမဟုတ် အဆင့်ဆင့်စီးရ၍ ဖြစ်သည်။ တကယ်တော့ ထိုခရီးကို ကွမ်းခြံကုန်းရောက်ပြီးနောက်ပိုင်း သိပ်မသွားဖြစ်ပေ။ သဲကုန်းမြို့နယ် အင်ပင်လှ စံပြရွာနေစဉ်ကတော့ ထိုလမ်းက သင့်နေ၍ မကြာခဏသွားဖြစ်သည်။ ပြည်ရထားစီးလျှင်ရန်ကုန်ထိစီးစရာမလို လက်ပတန်းတွင်ဆင်း၍ လက်ပတန်း သရဝေါရထားအား ပြောင်းရသည်။ သရဝေါရောက်လျှင်ဆင်း၍ သင်္ဘောဖြင့် ဧရာဝတီကိုဖြတ်ကာ ဟင်္သာတသို့ သင်္ဘောဖြင့် ကူးရသည်။ ဟင်္သာတ မှ ပုသိမ်သို့ရထားဆက်စီးရသည်။

စိတ်ပျက်စရာကောင်းသည်မှာ သရဝေါနှင့် ဟင်္သာတကြားဖြစ်သည်။

နွေရာသီရေကျချိန်ဆိုလျှင် သင်္ဘောဆိပ်ရောက်ဖို့ သောင်ပြင်ဖြတ်၍ အတော်လျှောက်ရသည်။ မိုးကာလဆိုလျင်လည်း ရေကြီး၍ လက်ပတန်းကလာသည့်ရထားက သရဝေါနားမကပ်နိုင်။ ရထားပြောင်းရ လမ်းလျှောက်ရ သင်္ဘောပြောင်းရနှင့် အတော်စိတ်ပျက်စရာခရီးဖြစ်သည်။ သို့သော် ဟင်္သာတမှထွက်၍ ရေကြည် အသုတ် စသည့်ဘူတာများရောက်လျှင် ငှက်ပျောခြောက်စားရပြီးနောက်အတန်ငယ်စိတ်ကြည်သွားတတ်သည်။ ငှက်ပျောခြောက်ကို ပုသိမ်နှင့် နီးမှစားရလေ့ရှိသည် မဟုတ်ပါလော။ ယခုတော့ ထိုခရီးမည်သို့ရှိပြီးမသိတော့ပေ။ ထိုလမ်းဖက်ကိုမရောက်သည်မှာ အနှစ် ၄၀ ခန့်ရှိပေပြီ။

ပုသိမ်ခရီးသည် မိမိငယ်စဉ်ကနှစ်စဉ်သွားခဲ့သောခရီးဖြစ်သည်။ ကျောင်းပိတ်ရက်တွင် အဘွားအိမ်သို့ သွားနေလေ့ရှိသည်။ စည်းကမ်းကြီးသောအဘွားက မုန့်ဖိုးတော့ပေးလေ့မရှိ။ စားချင်တာတော့ ကျွေးလေ့ရှိသည်။ မိမိအားဘာစားမလဲဆိုလျှင် ပုဇွန်ဟုသာဆိုလေ့ရှိသဖြင့် မိမိပုသိမ်မှာ တလနေလျှင် တလလုံး ပုစွန်အကြီးအသေးမျိုးစုံချက်ကျွေးတတ်သည်။ သူတို့ကတော့နေ့စဉ်မစားနိုင်ကြ။ မိမိအတွက်သပ်သပ် ချက်ပေးထားတတ်သည်။ ထိုစဉ် ပုစွန်သည် သူဌေးစာမဟုတ်သေးပေ။ ဈေးပေါသေးသည်။ ပုစွန်တို့ နိုင်ငံခြားခရီးမထွက်ကြသေး။ ပုစွန်ဆီဟုသပ်သပ် ရောင်းသည်လည်း ရှိသည်။ ပုစွန်ဆီကို ထမင်းပူပူနှင့်နယ်၍ သီးမွှေးငှက်ပျောသီးနှင့်စားရလျှင် အတော်ဆိမ့်ပါသည်။

မနက်မိုးလင်းလျှင် အဘွားဖြစ်သူ ပုသိမ်ဈေးသို့ ဈေးထွက်သည်။ အိမ်နှင့် ဈေးကြားက မုန့်ဟင်းခါး ဆိုင်တွင် မုန့်ဝင်စားလေ့ရှိသည်။ မိမိကတော့ သူထက်အနည်းငယ်နောက်ကျပြီးမှ မုန့်ဟင်းခါးဆိုင်သို့ ရောက်ပြီး မုန့်ဟင်းငါး စားလေ့ရှိသည်။မုန့်ဟင်းငါးဖိုးပေးရန် မလို။ အဘွားဖြစ်သူက သူ့ဘာသာရှင်း သည်။ နေ့စဉ် ခါးခပ်ကိုင်းကိုင်းဖြင့် ဈေးထွက်လေ့ရှိသူဒေါ်ထွေးရင်၏ မြေးမှန်းဆိုင်ကလည်း သိသည်။ မုန့်ဟင်းခါးဆို၍ပြောရလျင် မုန့်ဟင်းခါးသည် ယခုချိန်ထိ မိမိနှစ်သက်သည့်အစားအစာ ဖြစ်သည်။ ထို့ပြင် အခြားနေရာများမှ မုန့်ဟင်းခါး မည်မျှကောင်းသည်ဆိုစေကာမူ ပုသိမ်မုန့်ဟင်းခါးလောက်တော့ မကောင်းဟုစိတ်ထဲမှာ ယခုတိုင်ခံစားရသည်။

ပုသိမ်တွင်မွေး၍ ပုသိမ်တွင်မကြီးခဲ့၍ ပုသိမ်အကြောင်းတော့သိပ်မသိပါ။ မိမိပုသိမ်သို့သွားသည်မှာ ကျောင်းပိတ်ရက်ခဏတာသာဖြစ်သည်။

ထို့ကြောင့်  ပုသိမ်တွင် ငယ်ပေါင်းလည်း မရှိခဲ့ပေ။ သို့ဖြစ်သော် ပုသိမ်သည် မိမိမွေးဇာတိနှင့် မိမိငယ်ပုံရိပ်များရှိသည်ဟုဆိုရပါမည်။ ထို့ပြင် ပုသိမ်မှပြန်လျှင်တော့ အဘွားသည်၎င်း၊ ဦးလေး အဒေါ်များသည်၎င်း၊ မုန့်ဖိုးပေးကြသည်ဖြစ်ရာ ငယ်စဉ်က ပုသိမ်သွားရသည်မှာ ပျော်စရာခရီးတခုဖြစ်ခဲ့သည်။

● ရွှေစက်တော်
မင်းဘူးနယ်အတွင်းရှိ၍မင်းဘူရွှေစက်တော်ဟုလည်းခေါ်ကြသည်။

ပြည်မှနေ၍ မကွေးသို့ မိသားစုလိုက်ကားနှင့်သွားကြသည်။ ရွှေစက်တော်ဘုရားဖူးဖြစ်သည်။ မကွေးရောက်တော့ နံမည်ကျော် မကွေးမြို့စွန် မြသလွန် ဘုရားသို့လည်း ဝင်ဖူးကြသည်။ မကွေးရောက်တော့ ဧရာဝတီမြစ်ကိုဖြတ်၍ မင်းဘူးသို့ကူးရသည်။ နွေအခါဆိုတော့ ဧရာဝတီ မြင်ပြင်ကျယ်သည် သဲသောင်များ ထွန်းနေသည်။ နေပူကျဲကျဲ၌ တချစ်ချစ်ပူနေသောသဲသောင်ပြင်ကို ဖြတ်၍မော်တော်ဆိပ်ဆီ လမ်းလျှောက်ရသည်။ အထုပ်အပိုးတွေတော့ လှည်းပေါ်တင်သည်။ သဲသောင်ပြင်ပေါ်တွင် တအိအိသွားနေသောနွားလှည်းနှင့် ချွေးတလုံးလုံးထွက်နေသော ဘုရားဖူး များအား ဧရာဝတီမြစ်ကမ်းပါးမှကြည့်လျှင် အရုပ်ကလေးများသဘွယ်ဖြစ်ချေမည်။ မြစ်ကြောင်းက မင်းဘူးဘက် ကပ်စီးနေသဖြင့် မင်းဘူးဘက်ခြမ်းရောက်တော့ သိပ်လမ်းမလျှောက်ရတော့ပေ။

ထိုညက မင်းဘူးစက္ကတဲဘုရားနားက ဇရပ်တွင် တည်းခိုကြသည်ထင်သည်။ ဇရပ်ဆိုသည်ကတော့ မြန်မာဘုရားဖူးခရီးသွားအတွက် အခမဲ့ဟိုတယ်အခမဲ့တည်းခိုဆောင်ဟု ဆိုရမည်။ နောင်မန္တလေးရောက်တော့ မန္တလေးနန်းတော် ကျုံးမြောက်ဖက်တွင် သုဓမ္မာဇရပ်များကိုတွေ့ရသည်။ ဘုရားပွဲ မင်းပွဲများအတွက် နယ်ကလူများတည်းနိုင်ရန် ဆောက်လုပ်စီစဉ်ပေးထားခြင်းဖြစ်သည်။ ဇရပ်သည် မြန်မာလူမှုဘဝတွင် အရေးပါသည်ဟုဆိုရမည်။ ဇရပ်တွင် အထုပ်အပိုးများချပြီး ဧရာဝတီမြစ်အတွင်းရေချိုးဆင်းကြသည်။ အေးမြသော ဧရာဝတီမြစ်ရေ အထိအတွေ့က တနေကုန် ပင်ပမ်းထားသမျှပျောက်ကွယ်ပြီး လန်းလန်းဆန်းဆန်းဖြစ်လာစေခဲ့သည်။ ညဘက် ဇရပ်ပေါ်မှလှမ်းကြည့်တော့ မီးတထိန်ထိန်နှင့် မကွေးမြို့ကိုတွေ့ရသည်။ မကွေးမြသလွန်ဘုရားက မီးရောင်များကတော့ အတောက်ပဆုံးဖြစ်သည်။ မကွေးမြသလွန်၏မီးရောင်သည် ဧရာဝတီမြစ်ပေါ်အရိပ်ထင်၍ မင်းဘူးဘက်ကမ်းနားဆီသို့ ဖျာကျနေသည်။ လှပသောဧရာဝတီညလေးဖြစ်သည်။

မနက်မိုးလင်းတော့ မင်းဘူးမှ ရွှေစက်တော်သို့ ခရီးဆက်သည်။ ကားကဒေါ့ဂျစ်ကားကြီးဟု ထင်မိ သည်။ ခုံတန်းတွေက ဘယ်ညာအတန်းလိုက်ချထားပြီး အလယ်တွင်လည်း ထိုင်ခုံတတန်း ချထား သေးသည်။ အလုအယက်ကားပေါ်တက်ကြရင်း ကားတစီးလုံးလူအပြည့် ဖြစ်သွားသည်။ အထဲတွင် ထိုင်နေကြသော လူများလည်း ဒူခေါင်းပင်မလွတ်ကြ။ ကြပ်ကြပ်တည်းတည်းဟု ဆိုရမည်။ တကယ်ကားထွက်တော့ ခေါင်မိုးပေါ်မှာ၎င်း အနောက်မှာတွယ်၍၎င်း လူအပြည့်ဖြစ်သည်။ ရွှေစက်တော်လမ်းကား မြေကြီးလမ်းဆိုတော့ ဖုန်တလုံးလုံးနှင့်။ တောင်တက်များတွင် ဒေါ့ဂျစ်ကားအို သည် ငယ်သံပါအောင်အော်၍ရုန်းရသည်။ ဂျမ်းတုံး ဂျမ်းတုံးဟုအော်သံ တောင်တက်တိုင်း ကြားရ သည်။ စပယ်ယာက တောင်တက်တိုင်း ဂျမ်းတုံးကိုင်၍ လမ်းလျှောက်လိုက်ရသည်။ ကားတုံ့ခနဲ ရပ်သည်နှင့် ကားနောက်ဘီးအောက် ဂျမ်းတုံးထိုးထည့်ရသည်။ ဤသို့နှင့် ဖုန်နှင်ဂျမ်းတုံးနှင့် စီးမြောပြီး ရွှေစက်တော်သို့ ရောက်သွားခဲ့သည်။

ရွှေစက်တော်သည်တောတောင်ကြား၌ဖြစ်သည်။ ဘုရားဖူးတည်းခိုဆောင်များကာ မန်းချောင်း၏ဝဲယာတွင်ရှိသည်။ ဘုရားဖူးရာသီရောက်မှဆောက်လုပ်သော ဝါးတဲများဖြစ်ပြီး တည်းခိုခပေးရသည်။ မန်းချောင်းကားတောင်ကျစမ်းရေပီပီကြည်လင်အေးမြသည်။ ရေအောက်ကျောက်ခဲလေးများကို ထွင်းဖောက်မြင်နေရသည်။ ဖုန်အလူးလူးဖြစ်နေသော မိမိတို့လည်း
စမ်းချောင်း၌ ရေချိုး၍ သန့်စင်ကြသည်။ မန်းချောင်း၏ကြည်လင်အေးမြသောအထိအတွေ့ အောက်တွင် မိန်းမောရင်း လန်းဆန်းတက်ကြွလာတော့သည်။

မန်းချောင်း၏တဖက်ကမ်းခြေတွင် အောက်စက်တော်ရာရှိသည်။ အခြားဖက်ကမ်းတောင်ပေါ်တွင် အထက်စက်တော်ရာရှိသည်။ထိုစဉ်ကထဲက တောင်ပေါ်တက်ရန် လှေခါးစောင်းတန်း ဆောက်လုပ ထားပြီးဖြစ်သည်။
တောင်ထိပ်တွင် မုဆိုးတယောက်ဒူးထောက်နေသည့်ပုံနှင့် ခွေးတကောင်ပုံ ထုလုပ်ထားသည် ကိုတွေ့ရသည်။ ထိုနေရာမှ ပတ်လည်တောင်တန်းများကိုမျှော်ကြည့်ရသည်။ တောင်ခိုးဝေဝေ မြူခြေဆိုင်းဆိုင်းဟုဆိုရမည်။

အထက်စက်တော်ရာရှိ ဘုရားခြေတော်ရာကိုတွေ့သောအခါ အလျား ၆ ပေ ခန့်ရှိသည်ကိုတွေ့ရသည်။ ထိုစဉ်မိမိ၏ကလေးအတွေးတွင်တော့ ဘုရားဆိုသည်မှာ ဧရာမပုဂ္ဂိုလ်ကြီးဟု မှတ်ယူမိသည်။ နောင်တွင်တော့ ကိုးကွယ်ယုံကြည်မှု၏ သဒ္ဒါထက်သန်မှုဟု သဘောပေါက်မိသည်။ သွားရေးလာရေး ခက်ခဲသည့် တောတောင်ထဲတွင်ရှိနေသော်လည်း မန်းစက်တော်ရာတွင် ဘုရားဖူးများ အပြည့်ဖြစ် သည်။ ဗုဒ္ဓဘာသာဝင်များကား ဘုရားဖူးသွားခြင်း၌ အထုံပါကြသည်ဟု ဆိုရသည်။

မန်းစက်တော်ရာ၌ နှစ်ရက်သုံးရက်ခန့်နေခဲ့၍ မန်းချောင်းဘေး၌တည်းသော်လည်း မိမိအောက်စက်တော်ရာသို့မရောက်ခဲ့ပေ။ မြေပြန့်တွင် ကြီးလာသောမိမိအဖို့ တောင်တို့သည်၎င်း၊ တောင်ပေါ်ရှုခင်းများသည်၎င်း၊ စိတ်ဝင်စားဖွယ် အတိဖြစ်နေပေရာ အချိန်ရသည်နှင့် မိမိတောင်ပေါ် ရောက်နေခဲ့၍ အောက်စက်တော်ရာနှင့်မိမိ နီးရက်နှင့်ဝေးခဲ့သည်ဟု ဆိုရပါမည်။

သို့သော် နောင်နှစ်အချို့ကြာသောအခါ တောင်တန်းများပေါ်တွင် တတောင်ဆင်းတတောင်တက် နေ့ရောညပါခရီးသွားရသည့် ခရီးသွားတယောက် ဖြစ်လာလိမ့်မည်ဟု ထိုစဉ်က မထင်ခဲ့မိပါချေ။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်မောင်စိုး

One Response to မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း (၆)

  1. Catwoman on July 3, 2016 at 3:26 pm

    Too much info and not really useful to readers. Sorry . But you should hear what the readers think

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်