မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း (၇)

July 5, 2016

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း (၇)
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၆

● ရှမ်းပြည်ရောက်ဧည့်သည်
ထိုစဉ်က ရှမ်းပြည်ရောက်ဧည့်သည်ရယ်ပြန်ပါနဲ့ကွယ်ဟူသော သီချင်းခေတ်စားနေသည်။ ရုပ်ရှင်လည်း ရှိပုံရသည်။ ကောင်းစွာမမှတ်တော့ပေ။

ရှမ်းပြည်၏ပုံရိပ်များကတော့ ဓာတ်ပုံများမကြာခဏတွေ့ဖူး၍ရင်းနှီးနေပေပြီ။ အဆိုပါရှမ်းပြည်သို့ ပထမဆုံးရောက်ဖြစ်သည်မှာ ၁၉၆၆ သို့မဟုတ် ၁၉၆၇ လောက်က ဖြစ်မည်ထင်သည်။ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာတွင် ကျန်းမာရေးမှူးအဖြစ်တာဝန်ကျနေသော ဖခင်၏ မိတ်ဆွေဖြစ်သူ ဦးအောင်မောင်းထံသို့ သားအဖနှစ်ဦးထဲအလည်သွားကြခြင်း ဖြစ်သည်။
ထိုစဉ်က မြန်မာ့မီးရထားသည်အားထားရာဖြစ်သည်။ ရန်ကုန်မှထွက်လာပြီး သာစည်တွင် ရထားပြောင်းရသည်။ သာစည် ရွှေညောင် ရထားပြောင်းစီးရသည်။ ယင်းမာပင်ကျော်သည်နှင့် တောင်တက်စသည်။ ရထာလမ်းတွင် ပထမဆုံးသတိပြု မိသည်မှာ လွန်းထိုးများဖြစ်သည်။ ရထားကို ရှေ့တိုးနောက်ဆုတ် ဇစ်ဇက်ထိုး၍ တောင်တက်သည်။ လွန်ထိုး ၄ ခုရှိသည်ဟု မှတ်မိခဲ့သည်။ ခွေးရုပ် ဝက်ဖြူ ရေ စသည့်ဘူတာလေးများ ဖြတ်ရသည်။ ကလောရောက်တော့ ကုန်းမြင့်မြေပြန့် ဖြစ်သွားချေပြီ။ ကလော အောင်ပန်း ရွှေညောင်ကြားတွင် အတက်အဆင်းမကြမ်းတော့။ အောင်ပန်းအလွန်တွင် နံမည်ကျော် ဘဝသံသရာ တံတားရှိသည်။

မြေပြန့်တွင်ကြီးပြင်းလာသော မိမိအဖို့ ရှမ်းပြည်မြင်ကွင်းများသည် ဆန်းသစ်၍နေသည်။ တောင်တန်းများ လျှိုမြောင်များ၊ မြူခိုးများ၊ စမ်းချောင်းများ၊ တောင်ယာခင်းများ၊ ထင်းရူးပင်များ၊ စိန်ပန်းများနှင့်အတူ အေးမြမှုကိုလည်းခံစားရသည်။ မြင်ကွင်းအားလုံးသည် မိမိအတွက် အစိမ်း သက်သက်ဖြစ်နေသည်။ ထိုစဉ်က ရှမ်းပြည်သည် ပြည်မနှင့်အကူးအလူးဆက်ဆံမှု မများလှ သေးပေ။

ရွှေညောင်ရောက်တော့ ရပ်စောက်မြို့သို့ခရီးဆက်ရသည်။ ရပ်စောက်က အရပ်သားမြို့ဖြစ်ပြီး ကပ်ရက်က ဗထူးစစ်တပ်မြို့ဖြစ်သည်။ ရပ်စောက်ရှိသူ၏မိတ်ဆွေသတင်းထောက်တဦးအိမ်၌ တည်းရန် ဦးအောင်မောင်းက စီစဉ်ပေးထားသည်။ နောက်တနေ့တွင် ရပ်စောက်မှ ကျောက်ဂူသို့ ကားနှင့်ခရီးဆက်ရသည်။ ကုန်အပြည်တင်ထားသော ကုန်ကားပေါ်၌ ထိုင်လိုက်ရသဖြင့် လူတွေက ကားခေါင်းအပေါ် တွင်ရောက်နေသည်။ ခရီးမိုင်က ၄၀ ခန့်သာ ရှိသော်လည်း လမ်းမကောင်းသဖြင့် တနေကုန်နီးပါးသွားရသည်။

နေ့စဉ်ကားမရှိ ။ ငါးရက်တပတ်ဈေးနေ့နှင့်တိုက်၍သာ ကားရှိသည်ဟုဆိုသည်။ ရပ်စောက်နှင့် ကျောက်ဂူရွာကြားလမ်းခရီးတွင် ကြီးမားသော အင်တောကြီး ရှိသည်။ နေပြောက်ပင်မထိုးသော အင်တောကြီးဖြစ်သည်။ ယခုတော့ ထိုအင်တောလည်း နိုင်ငံရပ်ခြားသို့ ခရီးသွားလောက်ပေပြီ။ ညနေစောင်း ကျောက်ဂူရောက်တော့ တလမ်းလုံး လေတဟူးဟူးတိုက်သည့် ဒဏ်ကြောင့် နှုတ်ခမ်းများ ကွဲအက်၍နေချေပြီ။

ကျောက်ဂူတွင် ကျေးလက်ဆေးပေးခန်းရှိသည်။ ရဲစခန်းရှိသည်။

ငါးရက်တဈေးရှိသည်။ ရွာပတ်လည်တွင် တောတောင်များဝိုင်းရံထားသည်။

ရွာကိုလည်း ဝါးတပ်စည်းရိုးကာထားသည်။ မိမိတို့ ထိုရွာတွင် ၅ ရက်ကြာနေရမည်။ မနေ၍လည်း မရ။ နောက်ဈေးပတ်မှ ကားရှိတော့မည်။ ကြားရက်များတွင် ကားမရှိတော့ပေ။ မိမိက ရှမ်းပြည်က ရှမ်းရွာဟုထင်မိသော်လည်း တကယ်တော့ ကျောက်ဂူသည် ဓနုရွာဖြစ်သည်။ ထိုအနားတဝိုက်တွင် ကျောက်ဂူ နောင်ဝိုး နောင်လုံတို့သည် ဓနုရွာကြီးများဖြစ်ကြသည်။ ဓနုတို့နှင့် ဗမာလိုပြောလျှင် နားလည်ကြသည်။ သို့သော် သူတို့အချင်းချင်း ပြောလျှင်တော့ မိမိတို့နားမလည်နိုင်ပါ။ စကားပြောမြန်ကြသည်။

ထိုစဉ်က ထိုဒေသသည် ဗမာပြည်ကွန်မြူနစ်ပါတီ ရှမ်းပြည်အလယ်ပိုင်းမှ လှုပ်ရှားနေကြသည့် ဒေသ ဖြစ်သည်။ သခင်တင်ထွန်း၊ ဗိုလ်စိုးမောင်၊ ဗိုလ်ပု၊ ဗိုလ်ကျင်မောင်တို့ လှုပ်ရှားအခြေခံသည့် ဒေသဖြစ်သည်။ ထို့ကြောင့်လည်း ရွာရှိရဲစခန်းမှာလည်း အခိုင်မာ ကတုတ်တွေ ဘန်ကာတွေနှင့် ဖြစ်သကဲ့သို့ ရွာအားလည်း တပ်စည်းရိုးကာထားခြင်း ဖြစ်သည်။

ထိုရွာရောက်ပြီးနောက် ၁၅ နှစ်ခန့်အကြာတွင် မိမိတို့ ကျောက်ဂူရောက်ရှိနေချိန်တွင် ထိုအနီး အနားတဝိုက်တွင် လှုပ်ရှားနေခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်ဟောင်းတဦးနှင့် ဆုံမိ သည်။ သူ့အမည်မှာ ဦးစိုးဝင်း ဖြစ်သည်။ အသားညိုညိုတုတ်တုတ်ခိုင်ခိုင် ခပ်ဝဝ ဖြစ်သည်။ ပေါင်ချိန် ၁၇၀ -၁၈၀ ခန့်ရှိနိုင်သည်။ ကျောက်ဂူရွာက လူတရပ်ကျော်ခန့်ရှိ ဝါးတပ်စည်းရိုးများအကြောင်းပြောဖြစ်တော့ သူတို့တခါက ကျောက်ဂူရွာထဲရောက်နေစဉ် အစိုးရစစ်တပ်၏ အဝိုင်းခံရ ကြောင်း ပစ်ကြခတ်ကြဖြစ်ပြီး ဖောက်ထွက်ပြေးကြရာ သူခန္ဓာကိုယ်နှင့် ထိုဝါးတပ် စည်းရိုးအား ခုန်ပျံပြီး ကျော်ထွက်လာနိုင်ခဲ့ကြောင်း နောက် အေးအေးဆေးဆေးဖြစ်တော့မှ ကျောက်ဂူသို့ ပြန်ဝင်သောအခါ မည်သို့မည်ပုံခုန်နိုင်ခဲ့သည်ကို စဉ်းစားမရနိုင်ခဲ့ကြောင်းဆိုဖူးသည်။

သေရေးရှင်ရေးဆိုတော့ ဇောကပ်သွားပုံရသည်။ CPB ပြိုကွဲချိန်တွင် UWSA ဝ အဖွဲ့တွင် ကျန်ခဲ့ပြီး ၁၉၉၄ /၁၉၉၅ လောက်က UWSA တပ်ဖွဲ့ဝင်အနေနှင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ ဆေးလာကုသွား သည် ဟုဆိုသည်။ ဦးစိုးဝင်းဆိုသည့် နံမည်နှင့်ပဲ လာတက်သည်လော အိုက်ကပ်၊ ညီခွပ် စသည့် ဝ နံမည်ပေးပြီး လာတက်သည်လော မပြောတတ်တော့ပေ။ ယခုတော့ သတင်းမကြားရသည်မှာ ကြာသွားပေပြီ။ သူ့အသက်အရွယ်အရဆိုလျှင် ကွယ်လွန်လောက်ပြီထင်သည်။ သို့သော် မိမိတို့ ကျောက်ဂူရောက်စဉ်ကတော့ ဘာသံမှမကြားသိရခဲ့ပေ။

မိမိကငယ်သေး၍ မကြားသိနိုင်တာလည်းဖြစ်နိုင်သည်။ မိမိဖခင်တို့က တစုံတရာ ကြားသိနိုင်ပေ လိမ့်မည်။ ကျောက်ဂူမှအပြန်တွင် ဦးအောင်မောင်းက မိမိတို့သားအဖအား တောင်ကြီးနှင့် အင်းလေးသို့ လိုက်ပို့ပေးသည်။ တောင်ကြီးတွင် မိမိမှတ်မိသည်မှာ တို့ဟူးနှစ်ပြန်ကျော်ဖြစ်သည်။ အတော်စား၍ ကောင်းသည်။ မိမိအကြိုက်တွေ့သည်။ ရေနွေးကြမ်းနှင့်လိုက်ဖက်သည်။

အင်းလေးရေပြင်တွင် စက်လှေဖြင့်သွားရသည်မှာလည်း ပျော်စရာကောင်း သည်။ ခြေဖြင့် လှေလှော်နေကြသော အင်းသားများသည်၎င်း အင်းလေးကန် အတွင်းရှိ ကျွန်းမျောများပေါ်မှ စိုက်ခင်းများသည်၎င်း မိမိအတွက်အထူး အဆန်းများသဘွယ်ဖြစ်သည်။ ထိုစဉ်က သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုမရှိသေး၍ အင်းလေးသည် ကျန်းမာသန်စွမ်းဆဲဖြစ်သည်။

အင်းထဲမှ ဦးအောင်မောင်းမိတ်ဆွေအိမ်တအိမ်မှ ထမင်းဖိတ်ကျွေးသည်။ အသားဟင်းရော ဟင်းရည်ပါ ခါးသက်သက်အရသာရှိသည်။ အခါးဓတ်တမျိုးထည့်၍ ချက်ကြပုံရသည်။ ထမင်းစားပြီး ရေနွေးကြမ်းတိုက်တော့ လည်း လက်ဖက်ရည်ကြမ်းခွက်တွင်းသို့ ဆားအနည်းငယ်ငယ်စီထည့်ပေးသည်။

လက်ဖက်ခြောက်၏ အခါးဓာတ်ကြောင့် ဓာတ်မချုပ်စေရန်ဟုဆိုသည်။ သူ့အရပ်နှင့်သူ ထူးခြားသည့် ဓလေ့စရိုက်များရှိသည်ကို ဂရုပြုမိသည်။

အပြန်ခရီးတွင် ရွှေညောင်က ရထားပေါ်စတက်ကတည်းက ဖျားနေသဖြင့် မည်သို့ အိမ်ပြန်ရောက်လာသည်ပင် သတိမထားမိတော့ပေ။

ထို့ပြင် နောက်ဆယ်နှစ်ခန့်ကစ၍ မြေပြန့်ကိုစွန့်ခွာ၍ နှစ် ၂၀ ခန့် ရှမ်းပြည် တောင်တန်းများပေါ်တွင် မိမိကျင်လည်ရလိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့ပေ။

● ပွဲကြိုက်မောင်
ငယ်စဉ်က မိမိအတော်ပင်ပွဲကြိုက်သည်။ ဆောင်းရာသီ စပါးရိတ်သိမ်းပြီးပြီဆိုလျှင် ကွမ်းခြံကုန်းမြို့အထွက် လယ်ကွင်းထဲတွင် ဇာတ်ရုံကြီးများ ဆောက်လုပ်ကြပြီး အငြိမ့်တွေ ဇတ်တွေ သွင်းကြတော့သည်။ ဇာတ်တဖွဲ့လာလျှင် လေးငါးဆယ်ရက်အထိ ဆက်တိုက် ကပြလေ့ရှိသည်။ လယ်ကွင်းထဲမှဖျာကြမ်းတွေ ကာရံထားသည့် ဇာတ်ရုံကြီးသည် မိမိတို့အား မြူ ဆွယ်နေတော့သည်။ ကွမ်းခြံကုန်းမြို့ပေါ်မှသာမက ရွာနီးချုပ်စပ်များမှလည်း လှည်းနှင့်လှေနှင့် လာရောက်ကြည့်ကြသည်။

ထိုစဉ်က နံမည်ကြီးဇာတ်အဖွဲ့၂ ခုကတော့ ရွှေမန်းနှင့်စိန်အောင်မင်းဖြစ်သည်။ နောက်ပိုင်းတွင် မြို့တော်သိန်းအောင်တို့ ပန်တျာကြည်လင်တို့လည်း လူကြိုက်များကြသည်။ ရှေ့ပိုင်းအော်ပရာ ပြဇတ် နှစ်ပါးသွားနောက်ပိုင်းဇာတ်ထုပ်စသည်ဖြင့် သန်ရာသန်ရာ နံမည်ကြီးကြသည်။ ရွှေမန်းတင်မောင်၏ဇာတ်ထုပ်များက ပို၍ နံမည်ကြီးသည်။ ရှေးဟောင်းဇတ်ထုပ်များကို လူစိတ်ဝင်စားအောင်ကပြနိုင်သည်။ ရွာကအသံချဲ့စက်ဆရာကလည်း ညနက်ပိုင်းရောက်လျှင် ရွှေမန်း ဇာတ်ထုပ်များ ဖွင့်လေ့ရှိသည်။ ” မပေး ပေးပေး ငါ့ရွှေခွက်ပေး ” ဆိုသည့်ရွှေမန်း၏ အဆိုအပြောသည် ပရိတ်သတ်ကိုဆွဲဆောင်နိုင်သည်။
ပွဲကြည်လျှင်ရုံဝင်ခလည်း ပေးရ ဖျာလည်း ဝယ်ရသည်။ ဖျာ မဝယ်နိုင်ပါ က နောက်ဆုံးတန်းမှ ရပ်ကြည့်ရသည်။ ပွဲကြိုက်သူများကတော့ လဘက်ရည် ကော်ဖီလက်ဖက်သုတ် စားစရာ အစုံအလင် ကို ခြင်းကြီးခြင်းငယ်နှင့်သယ်ဆောင်လာပြီး ဖျာနေရာကောင်းကောင်းမှ ညဆက် ကြည့်တတ်ကြသည်။အချို့ဆိုလျှင် မင်းသားများကို ဆုချတတ်သေးသည်။

ရုပ်မြင်သံကြားမရှိ ဗီဒီယိုမရှိ အင်တာနက်မရှိ ရုပ်ရှင်ရုံကောင်းကောင်းမရှိသော တောနယ်လေးများ အဖို့ အငြိမ့်တို့ ဇာတ်တို့သည် ရှားရှားပါးပါး စိတ်အပမ်းဖြေရာဖြစ်ခဲ့သည်။ မိမိကွမ်းခြံကုန်းတွင် နောက်ဆုံးနေခဲ့သည်နှစ်က စိန်အောင်မင်းဇတ်ဝင်သည့် အချိန်က ရှစ်တန်းစာမေးပွဲဖြေနေသည့် အချိန်ဖြစ်၍ ကြည့်မရ။ ဆိုင်းသံကြားလျှင် မနေနိုင်သော မိမိက ဇတ်ပွဲမကြည့်ရမနေနိုင်ခဲ့။ စာမေးပွဲနောက်ဆုံးရက် မနက် ၄ နာရီခန် စိန်အောင်မင်း၏ နောက်ပိုင်းဇာတ်ထုပ်သွားကြည့်သည်။ ထိုအချိန်ဆို ရုံဖွင့်ပြီမို့ ရုံဝင်ခပေးရန် မလိုပေ။ စိန်အောင်မင်း အဆိုအငိုတို့နားထောင်ကြည့်ရှုပြီး စာမေးပွဲသွားဖြေခဲ့သည်။ တော်သေး၍ ထိုနှစ်က ရှစ်တန်းကို သိပ္ပံဘာသာတွဲအောင်ခဲ့သည်။ အကယ်၍များ ကျခဲ့ပါက ပွဲကြိုက်မောင် ဖခင်၏ဗျောစာ မိနိုင်သည်။

● ရွာကအသံချဲ့စက်ဆရာ
အင်ပင်လှစံပြ တော်ကူးစသည့်ကျေးရွာများတွင်နေခဲ့ရစဉ်က လောက်စပီကာဟုခေါ်လေ့ရှိသည့် အသံချဲ့စက်သည် ရွာ၏မရှိမဖြစ်တခု ဖြစ်သည်။ အလှူ ပွဲလမ်းသဘင်ဆိုလျှင် မပါမပြီးက အသံချဲ့စက်ဖြစ်သည်။ အလှူအိမ်များကလည်း အသံချဲ့စက်ဆရာကို အထူးဧည့်သည်အဖြစ် သဘောထားပြီး ဧည့်ခံကြရသည်။ အသံချဲ့စက်ဆရာလည်း အငြိမ်နေ၍ မရ။ ဓာတ်ပြား တဖက်ပြီး လျှင် နောက်တဖက်လှန်ပေးရသည်။ သီချင်းတပုဒ်နားထောင်လျှင်ပင် အစအဆုံး တဆက်ထဲ နားထောင်လို့ မရသေးသည့်ခေတ်ဖြစ်သည်။ ဓာတ်ပြား ဟိုဖက်ဒီဖက်လှည့်သည်ကို ခဏစောင့်ရ သေးသည်။ ဓာတ်စက်ဖွင့်သောဆရာအဖို့ ဓာတ်ပြားရွေးရလှန်ရသည့်အပြင် အပ်သွားတုံးလျှင် လည်း လဲရသေးသည်။

အသံချဲ့စက်တို့ထုံးစံအတိုင်း နေ့ပိုင်း ညဦးပိုင်းတို့တွင် သီချင်းဖွင့်သည်။ ညနက်လာလျှင် ဇာတ်ထုပ်ဖွင့်သည်။ အစောပိုင်း ရွှေမန်းတင်မောင်ဇာတ်ထုပ်တွေ ခေတ်စားသည်။ နောက်ပိုင်းတော့ တွံတေးသိန်းတန်၏ ထွေးညိုတို့ ကိုယ်ရယ် တိုးရယ် စိုးစိုးရယ်တို့ ခေတ်စားသည်။ အသံချဲ့စက်အော်လံကို သစ်ပင်အမြင့်ဆုံးတွင်တက်တင်ပြီး ရွာ၏တောင်ဖက်ရော မြောက်ဖက်ပါအသံချဲ့စက်အော်လံလှည့်ထားသည်မို့ တရွာလုံးကြားရသည်။ ရွာသူရွာသားများလည်း အိမ်ခါးပမ်းခေါင်းတင်ရင်း နားအရသာခံကြရသည်။ ဤအချိန်မှလွဲ၍ကျန်သည့်အချိန်နားထောင်၍ မရနိုင်ပြီ။ ကက်ဆက်တို့ mp 3 တို့မရှိသေးသည့် ခေတ်ဖြစ်ပေသည်။

ရွာတွေမှာက မြို့ကအငြိမ့်ဇတ်ငှားဖို့မလွယ်လှ။ ဘုန်းကြီးပျံလို ပွဲလမ်းကြီးမှ ငှားဖြစ်ကြသည်။ သို့ဖြစ်ရာ သာမန်ပွဲများတွင် တော်ကူးရွာသားများက အရပ်ပြဇာတ် ကလေ့ရှိသည်။ မင်းသမီးတယောက်သာ မြို့တက်ငှားသည်။ မင်းသားအပါ ကျန်သူများကတော့ ရွာသူရွာသားများ ဖြစ်ကြသည်။ မြို့ကငှားမည့်မင်းသမီးနှင့်တွဲ၍ မင်းသားလုပ်လိုသူ ရွာကလသားများက များလှ သည်။ သို့သော် မင်းသားလုပ်ခွင့်ရသူကတော့ ရွာပွဲအတွက် အလှူ ငွေအများဆုံးထည့်သူ၏ အဆုံးအဖြတ်အတည်ဖြစ်သည်။ ဤသို့နှင့်အောက်လင်း ဓာတ်မီးတထိန်ထိန်အောက်တွင် မိမိရွာသူရွာသားများ၏ အစွမ်းအစ အလွဲအချော်များကိုတအုံးအုံး ပွဲကျကြရင်း တော်ကူးရွာသားတို့ မိမိရွာ ပြဇာတ်အား တခဲနက်အားပေးကြသည်။ မြို့ကမင်းသမီးနှင့်တွဲရသောမင်းသားလုပ်ရသူကတော့ တခြားသူများထက် ပို၍ တက်ကြွစွာ သရုပ်ဆောင်နေသည်ကတော့ အထူးပြောရန် လိုမည်မဟုတ်ပါ။

ရွာမှာအသံချဲ့စက်သံမကြားရသည့်ညများတွင် ရွာရှိကာလသားများ၏ သီချင်းသံကိုကြား ရတတ်သည်။ ရွာကအသံချဲ့စက်ဆရာများဖြစ်ကြသည်။ သို့သော် ညတိုင်းတော့မဟုတ်။ အချို့ ညများတွင် တိတ်ဆိတ်နေတတ်သည်။ ထိုကဲ့သို့သောညမျိုးသည် သူပုန်သတင်း၊ ဓားပြသတင်း ကြားရသည့် ညမျိုး ဖြစ်တတ်သည်။ တော်ကူးရွာထိပ်ရှိ ရဲစခန်းသည် ကင်းပုတ်တွေ ဘန်ကာတွေ ကတုတ်တွေနှင့် ညဘက်ဆို နိုးနိုးကြားကြားရှိနေတတ်သည့်ကာလ ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်