မောင်အောင်မွန် ● ပုံပြင်ဖြစ်သွားသည့် အဖွား၏ချစ်ကိုယ်တွေ့

July 6, 2016

မောင်အောင်မွန် ● ပုံပြင်ဖြစ်သွားသည့် အဖွား၏ချစ်ကိုယ်တွေ့

(7th July အမှတ်တရ ဝတ္ထုတို)
(မိုးမခ မဂ္ဂဇင်း ဇူလိုင်-၂၀၁၆ ပါ ဝတ္ထုတို)
ဇူလိုင် ၆၊ ၂၀၁၆

(၁)
“ဟိုးရှေးရှေးတုန်းက တို့များနေခဲ့တဲ့ ကမာရွတ်မှာ ရန်ကုန်တက္ကသိုလ်ရယ်လို့ ရှိခဲ့ဖူးတယ်၊ အဲဒီနားက လှည်းတန်းထိပ်ဆိုတာ စားသောက်ဆိုင်တွေနဲ့ သိပ်စည်းကားပေါ့၊ ဦးချစ်ဆိုင်ဆိုရင် ကျောင်းသားတွေ ပြည့်လို့လျှံလို့၊ နေရာမရာတဲ့ သူတွေအတွက် ကပ်လျက်မှာ ပေါ်လာခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးက ကောင်တာထိုင် အမျိုးသမီးလေးနဲ့ မန္တလေးဆောင်က—-“ ။

တခြားပုံပြင်တွေလို နားထောင်မကောင်းလို့ သမီးသုံးယောက်က မွေးထားတဲ့ မြေး (၇) ယောက် ထသွားကြလို့ အဖွားခမျာ ဆုံးအောင်ပြောခွင့်မရရှာ။

အငယ်ဆုံး ကျနော်ကမူ မဆုံးသေးတဲ့ပုံပြင်ကနေ အဖွားအကြောင်း စိတ်ဝင်စားလာပြီ။

(၂)
အဖွားလက်ထပ်ဖို့ အစီအစဉ်ပျက်သွား၍ မိဘများကွယ်လွန်ခါနီး နေရာချထားမှ အဖိုးကိုယူတာလို့ ပြောပြတဲ့ အမေတို့လည်း ဒီ့ထက်ပိုသိပုံမရ။  အမေ ဘာတွေ တွေးနေတာလဲ လို့မေးရင်၊ ဘာမှမဟုတ်ပါဘူးအေ ဆိုကာ ထသွားပုံ ဒေါ်လေးကပြောစမြဲ။ မင်းတို့အဖွားက ထုံထုံအအမဟုတ်၊ အင်မတန်ထက် ဆိုတာက အဖိုးရဲ့ မှတ်ချက်။ သည်လိုနဲ့ အဖွားပြောချင်နေတဲ့ ပုံပြင်နားထောင်ရင်း ကျနော်လည်း စကားနှိုက်ရသပေါ့။

“အဖွားက တက္ကသိုလ်မရောက်ဖူးဘဲ၊ ဘာဖြစ်လို့ သိနေရတာလဲ”

“သူက ကောလိပ်ကျောင်းသားလေ၊ မန္တလေးဆောင်မှာ နေတာ”

“အဖွားတို့ခေတ်က မိန်းကလေးတွေ လက်ဖက်ရည်ဆိုင် ထိုင်တာမှမဟုတ်တာ”

“မထိုင်ဘူးဟေ့-မထိုင်ပါဘူးတော်၊ ဦးချစ်ဘေးကဆိုင် ကောင်တာမှာ အေးမိကထိုင်တာ စပ်စုလေးရဲ့”

စကားမဆက်တော့ပေမယ့် ကျနော်ဆံပင်ဖွပေးနေဆဲ။  သူဆိုတာ ကျနော့အဖိုးမဟုတ်၊ အေးမိကတော့ အဖွားနာမည်။ သဲလွန်စရပြီ။

(၃)
အဖွားက ကျနော့ကိုအချစ်ဆုံးလို့ သတ်မှတ်လာကြရာ ပိုကပ်ပိုချွဲကာ ပိုမေး ပိုစပ်စု၊ အဖွားကလည်း လိုလိုလားလားရှိပုံအရသား။  သို့သော်လည်း စိတ်ပါလို့ပြောတာလေးတွေ ဆက်စပ်ကြည့်လိုက်တဲ့အခါ၊ သူကလာနေကျ ဘယ်တော့မှမပျက်၊ ကောင်တာကိုမြင်ရတဲ့ ကုလားထိုင်ကိုမှရွေး၊ လက်ဖက်ရည်တစက် ပါးစပ်ထဲရောက်ရေး ဆယ်ကမ္ဘာ၊ ကြာမှာပေါ့ သူ့မျက်စိက ကောင်တာကို ရောက်နေတာကိုး၊ လက်ဖက်ရည်ဖိုး လာရှင်းရင်လည်း ယူပါလားမတ်စေ့၊ မဟုတ်ဘူး ၅ိ တန်၊ ၁၀ိ တန်နဲ့၊ တနေ့ကျတော့ တမင်အရွဲ့တိုက်ပြီး အကြွေတွေပြန်အမ်းလိုက်တော့  တစေ့ချင်းရည်နေ၊ မျက်စောင်းထိုးတော့လည်း အပြုံးမပျက်နဲ့၊ အဲဒီညက–။

ကောင်းခန်းရောက်ချိန် ရပ်သွားတဲ့ဇာတ်လမ်း အဖွားကတော်တော်နဲ့ ပြန်မဆက်၊ စိတ်လိုတဲ့အခါကျမှ ပြောသမို့ ဘယ်လိုမေးမေး ရချင်မှရတာ။ နားပူလွန်းရင်တော့ ဆက်တန်ကောင်းပါရဲ့။  တွေးနေငေးနေတုန်း ပြောပါဦး အဖွားရဲ့သူ့ကိုမေ့သွားပြီလား လို့ဆွပေးလိုက်တော့လည်း ငြိမ်ချက်သားကောင်းနေပြီး၊ အတန်ကြာမှ  ပူဆာလှချေလာ ကိုတင်ထွဋ်ရယ် လို့ပြောကာ ရပ်သွားသော်လည်း ကျနော့အဖို့ တွေးစရာရလိုက်ပြန်ပြီ။

(၄)
အဖွားစိတ်ကို ဆွပေးလိုက်ရင် ဇာတ်လမ်းစတတ်လို့၊ ပြီးတော့ ကျနော့်ကိုချစ်မှန်းလည်း ယုံထားသမို့

“အင်းလေ မိဘကနေရာချပေးလို့သာ အိမ်ထောင်ကျရသူဆိုတော့ အချစ်ဆိုတာသိချင်မှ– “ ကျနော့ဆံပင်ကိုဆွဲချကာ ခပ်ပြတ်ပြတ်ပြောပုံက

“ဟောဒီမျက်နှာကိုကြည့်စမ်း၊ သိသမှသိပ်သိ၊ အဲဒီညက အနားမှာလာမရပ်ခင် ဟိုအဝေးကနေ ကြည့်နေကတည်းကဟေ့။ ချစ်နေကြပြီဆို မျက်လုံးချင်ဆုံဖို့ စာတွေပေးဖို့ ရည်းစားစကားပြောဖို့အထိ စောင့်ဖို့မလိုပါဘူး၊ အဲဒါအချစ်တန်ဖိုး– အချစ်ကိုယုံမှ သိနားလည်နိုင်တာ”

အဖွားမျက်လုံးများ တောက်ပ အသံကလည်းချိုလွင်လှပါဘိ။ ကောက်ကာငင်ကာ မေးလိုက်ပုံက

“ငါ့မြေးလည်း ချစ်သူရှိနေပြီပေါ့၊ ချောချောလှလှတွေကလည်း များမှများနဲ့ ရွေးရခက်နေမလး”

“မရှိသေးပါဘူး၊ ပညာကိုသာကြိုးစားနေ—”

“ကောလိပ်ကျောင်းသား ရည်းစားမထား–၊အပြောကပိုင်လိုက်တာ ကိုတင်ထွဋ်လေးရယ်”

ရယ်နေရာကနေ အဖွားအသံတိမ်သွားကာ ကျနော့ဆံပင်သာ ဖွပေးနေတယ်။

အဖွားရဲ့သမက်သုံးယောက်၊ ကျနော့အဖိုး ဆွေမျိုးတွေထဲ မရှိတဲ့နာမည်၊ ပြီးတော့ အဖေ့နောက်ဆုံးကို ယူမှည့်ထားတဲ့ ကျနော်မောင်ချမ်းအေးလည်း ကိုတင်ထွဋ်လေးဖြစ်ရပြန်။

ငိုချင်လာပြီမို့ အဖွားဇာတ်လမ်း ဆုံးအောင် ကျနော်နားထောင်ရဲပါ့မလား။

(၅)
တနေ့တော့အဖွားက အရှည်ကြီးပြောလာလို့ တ၀ကြီးနားထောင်လိုက်ရတာ ဒီလိုပါ။

“လှည်းတန်းထိပ်ဆိုတာကလည်း ဘယ်လောက်လူစုံလဲ မမေးနဲ့၊ ကောလိပ်ကျောင်းသား၊ မြင်းလှည်းဂိတ်အစ လှည်းတန်းဘူတာကိုဖြတ်၊ ကြည့်မြင်တိုင် ကမ်းနားလမ်းကနေ ဗားကယာကိုကွေ့ဝင် မြေနီကုန်းမှာသွားဆုံးတာ။ ကမာရွတ်ဂတ်တဲနဲ့ကပ်လျက်မှာလည်း မိသားစုတွေနေတဲ့ တန်းလျားတွေ၊ ကုံရုံထဲက ဆိုင်ကြီးတွေ၊ လမ်းဘေးချရောင်းတဲ့ ဈေးသည်တွေ၊ အို ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ပိုက်ဆံကိုယ်သုံး ကိုယ့်ထမင်းကိုယ်စားနဲ့–အင်း”

“ကျုပ်တို့ဆိုင်မှာလည်း စခန်းမှူးဖြစ်ဖြစ် ရဲသားဖြစ်ဖြစ်၊ မြင်းလှည်းသမား၊ တက္ကသိုလ်ဆရာ လူစုံလာကြ သောက်ကြတာမို့ သိနေရတာပါ။ ဘာအဆင့်မှမရှိ လက်ဖက်ရည်တခွက် ၂၅ ပြား၊ အပြေးအလွှားနဲ့ မတ်တတ်ရပ် ပန်းကန်ပြားထဲငှဲ့ မှုတ်သောက်လည်း ၂၅ ပြားပဲ၊ စိမ်ပြေနေပြနဲ့ ဆိုင်ပိတ်ချိန်ထိ ထိုင်ချင်သပဆိုလည်းထိုင်၊ တပြားမှပိုမယူပါဘူးတော်”

“ကြိုက်တဲ့ခုံရွေးထိုင်တယ်လေ၊ အင်း–သူတကာထက်ကဲတဲ့သူကတော့ ကောင်တာကို မြင်ရတဲ့ နေရာလွတ်တဲ့အထိ ဇွဲဇွဲကောင်းကောင်းနဲ့ စောင့်နေကတည်းက အေးမိရိပ်မိနေတာ ငါ့မြေးရဲ့”

“တလ ၁၅၀ိ နဲ့ကောင်တာထိုင် ၀င်လုပ်နေပေမဲ့ ဇေယျာသီရိလမ်းမှာ ကိုယ့်ဝင်းကိုယ့်ခြံ ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေကြတာပါ၊ တဦးတည်းသောသမီးမို့ ဖူးဖူးမှုတ်ထားတဲ့ ဦးဘအေး၊ ဒေါ်မိမိခင်ဆို ကမာရွတ်မြို့မှာ မသိသူခပ်ရှားရှားပါ၊ မက်ထရစ်အောင်ရင် ကျုပ်လည်းကောလိပ်ကျောင်းသူပေါ့၊ စာမေးပွဲကျ ကျောင်းမတက်ချင်လို့ အဖေတို့မိတ်ဆွေဆိုင်မှာ–လာထိုင်တော့မှ ကောလိပ်ကျောင်းသားနဲ့–“

“အိမ်ကိုဝင်ထွက်ခွင့်ပေးထားတာက သူ့ကိုယုံလို့ ချစ်ကြတာမို့ အမေကဆို သားလို့တောင်ခေါ်တယ်၊ အဖေကတော့ လူလေးတဲ့၊ တို့များကမာရွတ်မှာ ကောလိပ်ကျောင်းသားဆိုတာ မရှားပေါင်တော်–“

မာနသံပါလာရာကနေ အဖွားကဆက်မပြောတော့၍ ဇာတ်လမ်းရပ်သွားတာ အကြာကြီးပါ။

(၆)
နောက်ထပ်သိရတဲ့ တပိုင်းတစက—၊

“နွေရာသီကျောင်းပိတ်လို့ သူပြန်သွားတော့ မနေတတ်မထိုင်တတ်၊ လွမ်းရဆွေးရနဲ့ ချစ်သူတို့ခွဲကြရရင်… …. သုံးလဆိုတာ သုံးကမ္ဘာထက်တောင် ပိုကြာပါကလား၊ လက်ဖက်ရည်ဆိုင် ကောင်တာကနေ သူထိုင်နေကျခုံကို လှမ်းကြည့် မရှိမှန်းသိသိနဲ့ ရှာကြည့်မိတယ်”

“အမြဲသတိရနေလို့ မငိုဘူး၊မျက်ရည်မကျဘူး၊ သူပြန်လာမည့် ရက်ကိုသာ တွက်နေစောင့်နေရတယ်”

“ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်တော့ သူထိုင်နေကျ ခုံဆီရောက်လာတယ်။  လက်ဖက်ရည် ဖိုးရှင်းရင်း ခပ်တိုးတိုးလေး တူတူနေချင်ပြီလို့ ပူဆာလာတော့ အေးမိတယောက် ဘယ်လောက်များ ၀မ်းသာသွားမလဲ မပြောတတ်လို့ တွေးသာကြည့်”

(၇)
“ပူဆာလှချည်လား ကိုတင်ထွဋ်ရယ်” ဆိုတဲ့အဖေ့ပြောသံ ကြားလိုက်ရတော့ အင်းကိုယ်တိုင်သွားပြောပြီ၊ ဒေါသမထွက်လို့ တော်ပါသေးရဲ့။  ခွဲခွာရခြင်းဝေဒနာကရှိဆဲ ဒဏ်ရာဒဏ်ချက်က မပျောက်သေးတာ ဟုတ်ပါရဲ့၊ ဒါပေမဲ့ သူ့ဇွတ်တရွတ်နိုင်ပုံက ကြောက်စရာ၊ အဖေ့ဖျောင်းဖျသံက ညင်သာသာ၊ “လူလေးရယ် နှစ်ယေက်ပေါင်း အသက် ၄၀ တောင်မပြည့်သေးဘူး၊ မစောလွန်းဘူးလားကွယ် “   တဲ့။ 

သူကတော့ “ကျနော်တို့ချစ်ခြင်း မခွဲချင်ပါနဲ့၊ ဘယ်သူဖျက်ဖျက် ဘယ်တေ့မှ မပျက်နိုင်ဘူးမှတ်ပါ”

“ဘယ်လောက်ချစ်နေကြတယ်ဆိုတာ သိနေမြင်နေလို့ မခွဲရက်ပါဘူး၊ ခွဲစကား မပြောရပါလားကွာ၊ စောင့်ဖို့ပါ၊ ဒီတခါစာမေးပွဲက နောက်ဆုံးမဟုတ်လား၊ ဘွဲ့ရတဲ့အထိ အလုပ်ရတဲ့အထိ မစောင့်ခိုင်ပါဘူး၊ ကဲ အဖေမေးပါရစေ၊ ယူကြပြီးဘယ်လိုနေကြမလဲ”

“ခုတိုင်းပဲ အေးမိက ဒီမှာနေ အလုပ်ဆင်း၊ ကျနော်ကလည်း မန္တလေးဆောင်မှာနေ ကျောင်းတက်၊ စာကျက် ဘာမှအခြေပျက်စရာမရှိပါဘူး”

“ကိုတင်ထွဋ်က အာဂကျောင်းသား၊ သံမဏိစိတ်ထား ကြိုက်ပြီ၊ စာမေးပွဲဖြေပြီးတဲ့ထိ—”

“ဟာ ခုမှဇွန်လရှိသေးတာ၊ မတ်လရောက်ဖို့က အဝေးကြီး အဝေးကြီးလိုသေးတာ”

အဖွားရဲ့အဖေနဲ့ အဲဒီလိုပြောပြီးနောက် အဖွားကိုတော့ ခိုးပြေးမည်လို့ဆိုတာနဲ့ မေ့ကိုအသိပေးလိုက်တယ်၊

“လင်နောက်လိုက်ပြေးတယ် ဆိုတာကြီးက လူကြားလို့မကောင်းပါဘူး သမီးလေးရယ်”

“ဒါဆိုလည်း လင်နောက်လိုက်မပြေးအောင် လုပ်ပေးပေါ့အမေရယ်”

ဖုတ်ပူမီးတိုက် လိုပြေးဖို့အခြေမျိုးမဟုတ်၊ သူစိတ်ပြောင်းသွားမှာ စိုးတာရယ်၊ အဲဒီအရွယ်ရဲ့သဘာဝ ချစ်သူနဲ့အတူနေချင်တဲ့ ဆန္ဒကြောင့်ပါ၊ အမေက မမေးရက်တဲ့ မေးခွန်းကိုဘာသာ အဖြေရှာလိုက်ပုံရတယ်။

အဖွားပြောပြတဲ့ထဲ ကျနော်နားလည်သလို၊ အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားရေးတာပါ။

(၈)
ထုံးစံတိုင်း ပြတ်သွားရာကနေ အဖွားရေ– ဒီနေ့ ၇ ရက်နေ့ လာဘ်ကောင်းတယ်၊ ထီထိုးရအောင် လို့   ပြောမိရာကနေ ထပ်သိရတာဒီလိုပါ။

“အင်း နံပါတ် ၇ က ကံကောင်းတယ်ကွဲ့၊ ဇွန်လကုန် ၇ လပိုင်းထဲဝင်တဲ့နေ့က ၄ ယောက်ထမင်းဝိုင်းမှာ အဖေကြေညာလိုက်တဲ့  သူ့အစီအစဉ်က ရုံတက်လက်မှတ်ထိုးဖို့ ဆိုတော့ဝမ်းသာလွန်းလို့ ထမင်းမစားနိုင်၊ မြပိုးထည်တိုက်ကို အဖွားတို့နှစ်ယောက် သွားကြ၊ လက်ဖက်ရည်ရောင် အင်းလေးထဘီ သူဝယ်ပေးပြီး ရွေးတဲ့ မလိုင်နှစ်ရောင် ဇာအင်္ကျီချုပ်၊ အမေ၀ယ်ပေးတဲ့ ဘန်ကောက်ပုဆိုးကိုသူကြိုက်၊ စိန်ဝင်းမှာ တက်ထရွန်အဖြူ ရှပ်လက်ရှည်ကို ကောင်တာထိုင်ခထဲက ပိုက်ဆံနဲ့၊ အယ်လ်ပတ်ကား တိုက်ပုံကတော့ အဖေကသူ့ကိုခေါ်သွားပြီး ရွေးကြအပ်ကြတာ၊ အမေကလည်း စုပေးထားတဲ့ငွေတွေ ယူချင်သလောက်ယူတဲ့၊ ဘယ်လောက်အဆင်ပြေလဲ၊ ဘာလိုသေးလဲ”

“ပိုပြီးလာဘ်ကောင်းအောင် ၇ ရက်နေ့ကို အေးမိရွေးလိုက်တော့ သုံးယောက်သား ပြုံးကာခေါင်းညိတ်၊ သူအိမ်ကိုလာ ထမင်းစားကြပြီး အ၀တ်အစားလဲ၊တရားရုံးသွးလက်ထပ်ပြီး၊ သတင်းစာတိုက်ဝင် ကြော်ညာထည့်မယ်ပေါ့”

(၉)
ရောက်ပါပြီ ၇ ရက်နေ့၊ အစောကြီးနိုးလို့ ရေမိုးချိုး ချက်ပြုတ်၊ ထမင်းဝိုင်းပြင်ကာ သူအလာကိုသာ အသင့်စောင့်နေကြရင်း ချိန်းထားချိန်ကျော်လာတော့ အဖေက လူလေးရေ လာပါတော့ ထမင်းဆာလှပေါ့  လို့ဆိုတော့ အမေက နားထောင် ညည်းအဖေရဲ့ သမက်မျှော်တေး  တဲ့၊ အဖေကခပ်မြန်မြန် သမက်မဟုတ်၊ သားပါကွာ လို့ပြောပြီး သုံးယောက်သား ရယ်ကြရင်း သူ့ကိုစောင့်နေကြတယ်။

အဖေက လက်ပတ်နာရီကိုကြည့်လိုက် အပြင်ဘက်ကိုမျှော်လိုက်နဲ့ စောင့်–စောင့်–စောင့်ရင်းကနေ မဟုတ်သေးပါဘူးကွာ၊ ကိုတင်ထွဋ်ဟာ အချိန်ကိုအင်မတန်လေးစားသူပါ၊ ပြီးတော့ဒီကိစ္စဟာ သူ့ရဲ့သေရေး ရှင်ရေး–၊ ငါသွားကြည့်လိုက်ဦးမယ် ဆိုပြီးထွက်သွားတယ်။

သားအမိနှစ်ယောက် စောင့်–စောင့်–စောင့် နှစ်ယောက်ရောက်လာကြမှာကို စောင့်–စောင့်။ အဖေ မျက်စိမျက်နှာပျက်နဲ့ ရောက်ရောက်ချင်း အခြေအနေမကောင်းဘူးဟေ့–၊စစ်သားတွေ အ၀ိုင်းလေးဘက်က ပိတ်ထားလို့ လူလေးထွက်လို့မရတာနေလိမ့်မယ် လို့ပြောတယ်။

ပို၍ပို၍ကြာလာပြီ သူမလာသေး၊ ဘာလုပ်ကြမလဲ၊ စောင့်–စောင့်–စောင်ပေါ့။

စောင့်–စောင့်–နေကြတုန်း နေ့ခင်းကြောင်တောင် မှောင်သွားပြီ၊ ရန်ကုန်တက္ကသိုလ်မှာ မှောင်သွားတော့ မန္တလေးဆောင်မှာ လည်းမှောင်၊ လှည်းတန်းမှောင်မှတော့ ဇေယျာသီရိလမ်းလည်းမှောင်၊ အိမ်မှောင်မှတော့ အိမ်သားလေးတွေလည်းမှောင်–၊ ဒါပေမယ့် သူ့အတွက် ဘန်ကောက်ပုဆိုး၊ တိုက်ပုံနဲ့တက်ထရွန်ရှပ်ဖြူတို့က အမှောင်ကြားကနေ စောင့်နေလေရဲ့။

ထမင်းစားပွဲပေါ်က ပန်းကန် ဟင်းခွက်တွေကလည်း ကူပြီးစောင့်–စောင့်–၊ သူမှမလာသေးတာကိုး။

ညသတင်းလာချိန်မှာ အဖေကရေဒီယို ဖွင့်လိုက်တော့ —  မှောင်ရုံမက မိုက်–မိုက်–မည်း–မည်း၊ မှောင်မိုက်မည်း ရက်စက်ကြ၊ ရေဒီယိုပိတ်လိုက်တော့ အသက်မဲ့သလို အိမ်ကြီးပြန်တိတ်သွား သန်းခေါင်ထိ။  အမေက သမီးလေးငယ်ငယ် တုန်းကလို အမေနဲ့ အဖေကြား လာအိပ်ပါလားလို့ ဖျောင်းဖျပေမဲ့ နားမ၀င်၊ စောင့်– စောင့်ရမယ်–ဟင့်အင်း အိပ်ပြီးမစောင့် ချင်ဘူး။

ဟင့်အင်း–အမေတို့လည်း ဘယ်အိပ်နိုင်ကြမလဲ–ကမ္ဘာမီးလောင်းချိန် လူဆိုဘယ်အိပ်လို့ရမလဲနော်၊ ငုတ်တုတ်ထိုင်ရင်း စောင့်–စောင့်–၊သူ့ခြေသံကြားရအောင် စေ့ထားတဲ့ တံခါးကြားက ရောင်နီမျှင်လေး– နောက်တော့တဖြည်းဖြည်း ပိုလင်း လာချိန်မှာ ရောက်လာတာကတော့–၊

ဧရာမမြည်ဟီးသံကြီး–အိမ်လည်းတုံခါသွားတယ်၊ ဘာပါလိမ့်။

အဖေအပြင်ဘက် ခပ်သွက်သွက်ထွက်သွားတာ ကြာလိုက်တာ၊ အပြန်မှာ သူပါလာမလား စောင့်–စောင့်–၊ ဆယ်ကမ္ဘာ လောက်ကြာတော့ အဖေတယောက်တည်း ပြန်လာပြီး တကသ ကိုဖြိုချလို့ ပြိုကျသွား– စကားမဆက်နိုင်ဘဲ ခေါင်းငိုက်စိုက် ကျနေတယ်။

အမေက ငိုချလိုက်–ငိုချလိုက်ပါ သမီးလေးရယ် ရင်ထဲမှာ မတန်တဆကြီး မြိုသိပ်မထားပါနဲ့ကွယ် လို့ဆိုပေမဲ့ မငိုသေးဘူး–စောင့်–စောင့် ဦးမယ်၊ သူရောက်လာမှ ဖက်ပြီးငိုတော့ သူချော့မှာလေ။

(၁၀)
အဖွားနဲ့နောက်ဆုံး တွေ့ဆုံရတဲ့နေ့၊ အဖွားရဲ့နောက်ဆုံးးအသံက ပြိုအောင်ဖြိုလို့ရမယ်၊ ပျက်အောင်ဖျက်လို့ရမယ်၊ ပျေက် အောင်ဖျောက်ဖို့ကျတော့ အင်း–မလွယ်လှဘူးကွယ့်၊ ဟုတ်တယ် မဟုတ်လား ကိုတင်ထွဋ်လေး၊ မငိုနဲ့–အေးမိ ဘယ်တော့မှ မငိုဘူး၊ အချစ်မရှိတော့မှ ဘယ်ကလာ ငိုဖို့မျက်ရည် ရှိမလဲ..။

အရဲစွန့်ပြီးမော့ကြည့်လိုက်တော့ အဖွားရဲ့မျက်လုံးကတောက် အသံကမာနဲ့ ပြတ်သားစွာ မှာသွားတာက ငါ့မြေး–ဘယ်သူတွေ ဘယ်လိုဖျောက်ကြပါစေ ဘယ်တော့မှ အပျက်မခံနဲ့..။

(၁၁)
သေးသိမ်မှေးမှိန်အောင် ၀ိုင်းလုပ်ကြသည့်တိုင် ၇-၇-၁၉၆၂ ကိုတော့ မဖျောက်နိုင်ကြသေး မပျောက်သေးပါဘူး ကျနော့် ရင်ထဲကနေ တိုင်တည်လိုက်ပါတယ်အဖွား။

မောင်အောင်မွန်
၂၀၁၆ ခု၊ ဇူလိုင်လ။

(မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၇)၊ ဇူလိုင်လ ၂၀၁၆ ခုနှစ်ထုတ်တွင် ပုံနှိပ်ခဲ့ပြီး ဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်