fbpx

ဂါမဏိ ● NCA ၏ မူလအစ

July 7, 2016

ဂါမဏိ ● NCA ၏ မူလအစ

( ၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် – ၁ ၆ )
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၆

၁၉၈၉ ခု ဧပြီ ၁၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်နက်ကိုင်အင်အားစုဖြစ်တဲ့ ‘ပြည်သူ့တပ်မတော်’ ထဲက ပင်မ မဏ္ဍိုင် ဝလူမျိုးစုတပ်သားတွေဟာ ပုန်ကန်ထကြွပြီး တရုတ်-ဗမာနယ်စပ်မှာရှိတဲ့ ဗကပဗဟိုဌာနချုပ် ပန်ဆန်းမှာ အာဏာသိမ်းပွဲတခုကို အောင်အောင်မြင်မြင်နဲ့ အလွယ်တကူဆင်နွှဲနိုင်ခဲ့ပါတယ်။ လအနည်းငယ်အတွင်း တိုက်ရည် ခိုက်ရည်ပြည့်ဝလှတဲ့ ဗကပတပ် အားလုံးနီးပါး ဗကပထဲက ခွဲထွက်ကုန်ကြပါတယ်။

ဗမာအစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့အမျိုးမျိုးအဖုံဖုံသော လက်နက်ကိုင်သူပုန်များထဲမှာ ကွန်မြူနစ်တွေဟာ စစ် အင်အားအရပဲကြည့်ကြည့်၊ နိုင်ငံရေးအရှိန်အဝါ ဂုဏ်သိက္ခာအရပဲပြောပြော အင်အားအကြီးဆုံး သြဇာအရှိဆုံးဖြစ်လို့ ဗမာပြည် ပြည်တွင်းစစ်ရဲ့ရုပ်ပုံလွှာဟာ ဘယ်လိုမှမလွှဲမရှောင်သာဘဲ ထူးခြားကြီးမားစွာ ပြောင်းလဲသွားပါတော့တယ်။ ဒီလိုနဲ့ ၁၉၈၉ ခု သင်္ကြန်ချိန်ခါ မြန်မာ့နှစ်ဆန်းဟာ ဗမာပြည်ရဲ့ရာစုနှစ်တဝက်ကြာ တစတစနဲ့ နိဂုံးချုပ်တဲ့ ခေတ်တခေတ်ကိုမွေးဖွားပေးလိုက်ပြီး နှစ်ဟောင်းကနေ နှစ်သစ်အကူးမှာ ဘဝခရီးသစ်ကို စခဲ့ပါတယ်။ ဒါပေမဲ့ ပြည် တွင်းစစ်ပြီးဆုံးခြင်းဆိုတဲ့ ရှည်လျားလှတဲ့ဒီဖြစ်စဉ်ဟာ ဗကပထဲက ဝ တွေ ခွဲထွက်ပုန်ကန်မှုတခုထဲကြောင့် ပေါ်ပေါက် လာရတာတော့ မဟုတ်ပါ။

ဝ အာဏာသိမ်းမှုမဖြစ်မီ ရှစ်လအလိုမှာ၊ ကျောင်းသားတွေက ရှေးဦးပထမဆင်နွှဲခေါင်းဆောင်ခဲ့ပြီး နောက်ပိုင်း လှည်း နေလှေအောင်း မြင်းစောင်းမကျန် တတိုင်းတပြည်လုံးပါဝင်ဆင်နွှဲကြတဲ့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြ အုံကြွမှုတွေ အကြီးအကျယ်ပေါက်ကွဲ ပေါ်ထွက်ခဲ့တဲ့အခါ လပိုင်းအတွင်း သမ္မတသုံးယောက် ပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီ ၈ လေး လုံး အုံကြွမှုကြီးဖြစ်ပြီးနောက်မှာတော့ ဗမာပြည်ဟာ အရင်နဲ့ဘယ်လိုမှမတူတော့ပါ။ ပြည်သူလူထုတရပ်လုံးဟာ ဒီမို ကရေစီတည်ထောင်ရေး၊ အများဆန္ဒနဲ့ ရွေးကောက်တဲ့အစိုးရပေါ်ထွန်းရေး လမ်းကြောင်းပေါ် နောက်ပြန်မလှည့်စတမ်း ခိုင်ခိုင်မာမာ တက်လှမ်းသွားကြပြီ ဖြစ်ပါတယ်။ ဒါကို ၁၉၉ဝ ရွေးကောက်ပွဲက ဥပဒေကြောင်းအရ တရားဝင်အောင်နဲ့ ဘယ်လိုမှငြင်းမရအောင် အတည်ပြုပေးလိုက်ပါတယ်။

၈ လေးလုံးအုံကြွမှုနဲ့ ၁၉၈၉ ခု ဗကပတွင်းပုန်ကန်ခွဲထွက်မှုဆိုတဲ့အရေးအခင်းနှစ်ခုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အတွင်းက လက်နက်ကိုင်တိုင်းရင်းသားလူမျိုးစုအဖွဲ့များရဲ့အခန်းကဏ္ဍကို လက်တွေ့အားဖြင့် အရေးမပါ ဘေးရောက် သွားစေခဲ့ပါတယ်။ ဒါကြောင့် စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှစ်ဘက်စလုံးအနေနဲ့ အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်တွေပြုလုပ်နိုင်ဖို့ အခြေအနေပေးလာ၊ ဒါမှမဟုတ် တွန်းပို့လာခဲ့ပါတယ်။ ဒါကို ထိုင်း-မြန်မာနယ်စပ်တလျှောက်က အတိုက်အခံတွေနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ခေတ်ထလာနေ တဲ့ သဘောတရားသစ်တခုကပါ ဝင်ပြီးထောက်ကူအားပေးခဲ့ပါတယ်။ ‘အကြမ်းမဖက်ရေး’ ဆိုတာဟာ လက်နက်ကိုင် သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ အတိုက်အခံတွေကြား ဖက်ရှင်ဝေါဟာရ ဖြစ်လာပါတော့တယ်။

၁၉၈၈ ကစပြီး တဟုန်ထိုးကြီးမားလာခဲ့တဲ့ ဗမာပြည် ပြည်သူလူထုရဲ့စစ်အာဏာရှင်စံနစ် ထာဝရနိဂုံးချုပ်ရေး စိတ် ဆန္ဒ အင်အားကို အာဏာရနအဖစစ်တပ်ဟာ ရင်ဆိုင်တွန်းလှန်ရတော့တယ်။ ဒီလုပ်ငန်းတာဝန်ကြီးဟာ အာဏာကို ဇွတ် အတင်းဆုပ်ကိုင်ထားတဲ့ဗိုလ်ချုပ်ကြီးများအတွက် တခြားခြိမ်းခြောက်မှုတွေထက် ပိုအန္တရာယ်ကြီး ပိုအလေးထားရတဲ့ လုပ်ငန်းကြီး ဖြစ်လာပါတယ်။ စစ်အာဏာရှင်တွေအတွက် အရင်တုန်းက ဒါနဲ့ယှဉ်လို့ရလောက်ခဲ့တဲ့ တခုတည်းသော ကြီးကြီးမားမားခြိမ်းခြောက်မှုကတော့ ၆ဝ ခုနှစ်များနှောင်းပိုင်းနဲ့ ၇ဝ ခုနှစ်များအတွင်း ဗမာပြည်အရှေ့မြောက်ပိုင်းကို လက်နက်အင်အားတောင့်တင်းလှတဲ့ ကွန်မြူနစ်သူပုန်တွေ အကြီးအကျယ်ထိုးဝင်သိမ်းပိုက်လိုက်တုန်းက ဖြစ်ပါတယ်။ အဲဒီတုန်းက ဗမာစစ်အုပ်စုဟာ ဗမာပြည်အလယ်ပိုင်းလွင်ပြင်တွေကိုသာ ကွန်မြူနစ်တွေဝင်စီးနင်းခဲ့သည် ရှိသော်လို့ တွက်ချက်စဉ်းစားပြီး ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှာ နောက်ဆုံးခံစစ်စည်း ပြင်ဆင်တည်ဆောက်ခဲ့တယ်။ စစ်တပ် ရဲ့အသက်သွေးကြော ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) အများစုကို ဧရာဝတီအနောက်ကမ်းသို့ ရွှေ့ပြောင်းရတဲ့ အထိ ဖြစ်ခဲ့တယ်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်းဖွံ့ဖြိုးရေးဆိုပြီး ကုလသမဂ္ဂဆီကတောင် ငွေထုတ်စားခဲ့သေးတယ်။ ဒါပေမဲ့ နေဝင်းအတွက် ကံကောင်းထောက်မစွာဘဲ ကွန်မြူနစ်ထိုးစစ်ဟာ သူ့အတွင်းပိုင်းပြဿနာတွေကြောင့် အရှိန် တန့် လျှောချသွားလို့ စစ်အစိုးရ သက်ဆိုးရှည်သွားခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ စစ်အစိုးရရဲ့ရပ်တည်ရေးကိုအဓိကခြိမ်းခြောက်မှုဟာ တောတွေတောင်တွေထဲက မလာတော့ ဘဲ မြို့ပြလမ်းမတွေပေါ်က ထွက်လာပါတယ်။ ပထမပိုင်းမှာ ကျောင်းသားများဟာ စစ်အစိုးရရဲ့အရေးကြီးဆုံး ရန်သူ အဖြစ် ကွန်မြူနစ်တွေနေရာကိုယူလိုက်တယ်။ နောက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကျောင်းသား တွေနေရာကို အစားထိုး၊ ဒါမှမဟုတ် ကျောင်းသားတွေနဲ့ ပူးတွဲပေါင်းစည်းပြီး စစ်တပ်ရဲ့တရားဝင် ‘ဦးတည်ရန်သူ’ ဖြစ် လာတယ်။ ၁၉၈၉ ဗကပပြိုကွဲမှုဟာ တောထဲကခြိမ်းခြောက်မှုကို ဖယ်ရှားပေးလိုက်ပြီး၊ စစ်အစိုးရအနေနဲ့ အင်အား ကြီးသထက်ကြီးလာနေတဲ့ အတိုက်အခံဒီမိုကရေစီအဖွဲ့ကြီးကိုသာ တည့်တည့်ရင်ဆိုင်ကိုင်တွယ်နိုင်ဖို့ လွတ်လပ်သွား စေခဲ့ပါတော့တယ်။

တဖက်မှာလည်း စစ်ပန်းနေတဲ့ ယခင်ကွန်မြူနစ်တပ်တွေဟာ ဗကပဘဝကတည်းက လိုက်စားစွဲလမ်းခဲ့တဲ့ မူးယစ်ဆေး ဝါးလုပ်ငန်းကို နိုင်ငံရေးတွေ၊ တော်လှန်ရေးတွေ ကင်းကင်းရှင်းရှင်းနဲ့ လွတ်လွတ်လပ်လပ် အားရပါးရလုပ်ချင် နေကြ တဲ့အတွက် နှစ်ဖက်စလုံးဟာ မိမိတို့ကိုယ်ကျိုးစီးပွားတွေပေါ်အခြေခံတဲ့ အဆီတဝင်းဝင်း သဘောတူညီချက်တခုလုပ် ဖို့ အခြေအနေရင့်မှည့်နေခဲ့ကြပါတယ်။ ဒီလိုနဲ့တနှစ်မပြည့်ခင် ယခင် ‘ပြည်သူ့တပ်မတော်’ရဲ့ အခြေခံအင်အားစု လေးခု စလုံး တဖွဲ့ပြီးတဖွဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေ ယူသွားခဲ့ကြတယ်။ သူတို့အပြင် အရေးပါတဲ့၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ (မူလလက်ဟောင်း) အက်စ်အက်စ်အေပါ ပါသွားလိုက်သေးတယ်။ စစ်အေး တိုက်ပွဲအားပျော့လာချိန်မှာ တရုတ်ပြည်က အမျိုးသားဈေးကွက်စီးပွားရေးကိုသာ ဇောင်းပေးလာတဲ့အတွက် နယ်စပ် က အဖွဲ့အစည်းတွေပေါ် ထောက်ပို့လမ်းကြောင်းတွေ လုံးဝဖြတ်တောက်ပစ်လိုက်ခြင်းကလည်း အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်ကို ချောဆီထည့်ပေးလိုက်တယ်။

ဒီ ပထမဆုံးအပစ်အခတ်ရပ်စဲရေးတွေကို လူသိရှင်ကြားမလုပ်ဘဲ တိုးတိုးတိတ်တိတ်သာလုပ်ခဲ့ပါတယ်။ အစိုးရ တရား ဝင်မီဒီယာမှာ သဘောတူညီချက်အကြောင်း ဘာသတင်းမှ မထည့်ခဲ့ပါ။ နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးတွေမှာလို ‘တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခြင်း’ အခမ်းအနား အများသိကျင်းပတာလည်း မရှိခဲ့ပါ။ စစ်အစိုးရဟာ သူ လှမ်းလိုက်တဲ့ခြေလှမ်းနဲ့ပတ်သက်ပြီး စိတ်မချသေးတဲ့ပုံပါပဲ။ ရန်သူဟောင်းတွေကို လုံးလုံးလျားလျားမယုံနိုင်သေးဘဲ ဘယ်အချိန် သေနတ်သံ ပြန်ပေါက်မလဲဆိုတာ စိတ်တထင့်ထင့်ဖြစ်နေသေးပုံလည်း ရှိတယ်။ (တပ်မ ၇၇၊ ၈၈၊ ၉၉ တို့ ကို နောက်ထပ် နှစ်နှစ်လောက် အဲဒီဘက်ဆက်ထားခဲ့သေးတယ်။) ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးကြောင့် ဗိုလ်ချုပ် ကြီးများအတွက် ဘယ်လောက်အထိ အကျိုးကျေးဇူးတွေ ရှိလာနိုင်တယ်ဆိုတာကိုလည်း ကောင်းကောင်းမမြင်ရသေး လို့ ဖြစ်နိုင်ပါတယ်။ တချို့စစ်အုပ်စုဝင်တွေက ဒီလိုလုပ်တာကိုသဘောမကျဘဲ အတိအလင်း စစ်တိုက်နှိမ်နင်းရေးကို သာ ပိုအားသန်နေတဲ့အတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအတောအတွင်းမှာတော့ အခုလိုအခြေအနေအရပ် ရပ်ကို ဘာမှမရိပ်မိရှာတဲ့ စေတနာရှင်တွေဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံတွေ၊ အဝေးရောက်တွေ ကြား ‘အကြမ်းမဲ့ နိုင်ငံရေးအံတုမှု’ အတွေးအခေါ်ကို ဆက်လက်ဖြန့်ဖြူးနေခဲ့ကြတယ်။ ဒီနယ်စပ်အခြေစိုက် အင်အားစု ထဲမှာ ဗမာပြည်ရဲ့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကလည်း အများစုဖြစ်ပါတယ်။

၁၉၉၁ ခု နှစ်ဦးပိုင်းမှာ ကေအိုင်အေ () တပ်မဟာ ၄ နဲ့ ပီအင်အို (ပအို့အဖြူ) အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ကြတဲ့အခါကျမှသာ စစ်အစိုးရဟာ အပစ်အခတ်ရပ်စဲရေးတွေရဲ့ ‘ကောင်းကျိုး’ တွေကို ကောင်းကောင်း သဘော ပေါက်သိမြင်လာပြီး အစိုးရဝါဒဖြန့်ချိရေးထဲ စထည့်သွင်း ကြော်ငြာလာပါတော့တယ်။ ဒီနှစ်ဖွဲ့ဟာ ရှေ့ပိုင်းက အပစ် အခတ်ရပ်စဲရေးအဖွဲ့တွေနဲ့မတူဘဲ ‘တောင်ပိုင်း’ (ဝါ) ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အဆက်အသွယ်တွေရှိတာဟာ ဗိုလ်ချုပ်ကြီးများကို ပိုစိတ်အားတက်စေပြီး ကျန်တဲ့ ‘တောင်ပိုင်း’ တိုင်းရင်းသားအဖွဲ့တွေကိုပါ အပစ်အခတ် ရပ်စဲရေး ကုန်စည် အစွံထုတ်ရောင်းချဖို့ အားပေးခဲ့တယ်။ ဒီသဘောတူညီချက်နှစ်ခုကစလို့ “လက်နက်ကိုင်လမ်းစဉ် စွန့်လွတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း” အခမ်းအနားတွေ ကျယ်ကျယ်လောင်လောင်နဲ့ ပွဲခင်းတာ မလုပ်မနေရ စလုပ် လာပြီး မီဒီယာဝါဒဖြန့်စစ်ဆင်ရေး တောက်လျှောက် လုပ်ပါတော့တယ်။ တချိန်က ကွန်မြူနစ်ခြေကုတ်ဒေသတွေမှာ ‘ငြိမ်းချမ်းရေးရောင်ခြည် စတွေ့ရ’ တဲ့နေ့လို့ အခုအခါ လေလုံးထွားနေတဲ့ရက်စွဲတွေဟာ အဲဒီရက်ပိုင်းတွေတုန်းက မီဒီယာထဲမှာရော၊ ဂဒီးဂဒီးလုပ်နေတဲ့သတင်းစာရှင်းလင်းပွဲတွေမှာပါ ဘာတခွန်းမှထည့်မပြောခဲ့တဲ့၊ ဘာမှထူးထူး ခြား ခြားမလုပ်ခဲ့တဲ့ ရက်စွဲတွေဖြစ်ပါတယ်။

အခုနောက်ပိုင်း ဝါဒဖြန့်လှုပ်ရှားမှုတွေမှာတော့ နဂိုကသုံးနေတဲ့ “လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်၍ ဥပဒေဘောင် အတွင်းဝင်ရောက်ခြင်း” ဆိုတဲ့စကားအသုံးအနှုန်းကို “လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်း” ဆိုတဲ့ စကားရပ်အသစ် နဲ့အစားထိုးလာပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေနဲ့ခြွင်းချက်မရှိလက်နက်ချမှုတွေကို လုံးထွေးပစ်လိုက် တယ်။ ဒီလိုနဲ့ ပီအင်အို (ပအို့ဖြူ)၊ ကေအင်ဂျီ (ကယန်းခွဲထွက်) ရခိုင်ဗကပ စတဲ့အဖွဲ့တွေအပြင်၊ သူ့ကိုယ်သူ ခွန်ဆာလို့ နာမယ်ပေးထားတဲ့ တရုတ်လူမျိုး ချန်ချီဖူး (ခေါ်) အိုက်ဆာခေါင်းဆောင်တဲ့ အမ်တီအေဘိန်းအဖွဲ့ကိုပါ နအဖက တရား ဝင်ထုတ်ပြန်တဲ့ ‘ငြိမ်းချမ်းရေးအဖွဲ့’ ၁၇ ဖွဲ့စာရင်းထဲ ခပ်တည်တည်ထည့်ထားလိုက်ပါတယ်။ ဒီ ၁၇ ဖွဲ့ထဲမှာ တချို့အဖွဲ့ တွေဟာ အနည်းဆုံးတော့ မူအားဖြင့် ကကကြည်းရဲ့အမိန့်ပေးညွှန်ကြားမှုကို လုံးလုံးလျားလျားခံယူထားကြပြီး ဒု ကာ ကွယ်ရေးဦးစီးချုပ် (ကြည်း) ရဲ့အမိန့်အတိုင်းလှုပ်ရှားရ၊ စစ်တိုက်ရပါတယ်။ အဲဒီအဖွဲ့တွေကတော့ ကိုးကန့်အဖွဲ့၊ ကေ အိုင်အေတပ်မဟာ ၄ (မထုနော်) ဒီကေဘီအေ (ကရင်ခွဲထွက်)၊ ပီအင်အို (ပအို့ဖြူ) နဲ့ ကေအင်ဂျီ (ကယန်း ခွဲ ထွက်) အစရှိတဲ့ အဖွဲ့တွေဖြစ်ကြတယ်။

အပစ်အခတ်ရပ်စဲရေးရခါစ ကာလတွေတုန်းက ကိုးကန့်အဖွဲ့ဟာ ကေအိုင်အေကိုတိုက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အခြားတိုင်းရင်းသားအဖွဲ့တွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကို ရှောင်ခဲ့ပါတယ်။ ပီအင်အိုကတော့ ရလလဖ (ပအို့ အနီ) အပစ်အခတ်ရပ်စဲရေးမလုပ်ခင်နဲ့ အမ်တီအေလက်နက်မချခင် ကာလတွေတုန်းက အဲဒီအဖွဲ့တွေကိုတိုက်ခဲ့ပြီး အခုထိလည်း ကကကြည်းညွှန်ကြားချက်အတိုင်းနေရင်း နယ်မြေနဲ့အဝေးကြီးကိုသွားပြီး နောက်တိုး အက်စ်အက်စ် အေ (တောင်ပိုင်း) ကို တိုက်နေရသေးတယ်။ ဒီကေဘီအေဟာ ကေအင်ယူနဲ့တိုက်နေဆဲဖြစ်သလို ကလလတက လည်း ကေအင်ပီပီကို စစ်ဆင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်ကပြောရရင်တော့ ပီအင်အိုနဲ့ရလလဖ၊ ကလလတနဲ့ ကေအင်ပီပီ၊ ကေအင်ဂျီနဲ့ကေအင်အယ်လ်ပီ (ကယန်းပြည်သစ်)၊ ဒီကေဘီအေနဲ့ ကေအင်ယူတို့ကြား ပဋိပက္ခတွေဟာ ဆယ်စုနှစ်နဲ့ချီတာမဟုတ်တောင် မနည်းမနောနှစ်တွေနဲ့ချီတဲ့ နောက်ခံအကြောင်းတရားတွေလည်းရှိနေကြပါတယ်။

အကြွင်းမဲ့လက်နက်ချနှစ်ဖွဲ့ကို စာရင်းထဲထည့်ထားပေမဲ့ အင်အားအတော်အတန်ရှိတဲ့ တခြား ‘ငြိမ်းချမ်းရေး’ အဖွဲ့နှစ်ဖွဲ့ ဖြစ်တဲ့ ဒီကေဘီအေနဲ့ အက်စ်အက်စ်အဲန်အေ (အမ်တီအေ ခွဲထွက်) တို့ကိုတော့ တရားဝင် ၁၇ ဖွဲ့စာရင်းထဲ မထည့် တာ၊ ဒါမှမဟုတ် ၁၉ ဖွဲ့အဖြစ်စာရင်းမပြတာ ထူးဆန်းနေသလိုပါပဲ။ ဒီအဖွဲ့တွေဟာ မိခင်အဖွဲ့ကြီးတွေက ခွဲထွက်တဲ့ ဂိုဏ်းခွဲတွေဖြစ်လို့မထည့်တာဖြစ်မယ်လို့ တချို့လေ့လာသူတွေ တွက်ဆကြတယ်။ ဒါပေမဲ့ ကယန်းပြည်သစ်က ခွဲထွက် တဲ့ ကေအင်ဂျီ၊ ကေအိုင်အေကခွဲထွက်တဲ့ ကေဒီအေတို့ကိုတော့ စာရင်းထဲထည့်ပြထားပြန်တယ်။ တရားဝင် စာရင်းထဲ ထည့်မပြပေမဲ့လည်း တခြားဝါဒဖြန့်လှုပ်ရှားမှုတွေမှာကျ ထည့်ပြနေပြန်တယ်။ အပစ်အခတ်ရပ်စဲရေးကို ခွဲထွက်ခါစ အခြေအနေရှုပ်ထွေးနေဆဲမှာ ကမန်းကတန်းလုပ်ရတာဖြစ်လို့ တရားဝင်အခမ်းအနားတွေ ဘာတွေ မလုပ်လိုက်ရတာ လည်း တကြောင်းဖြစ်မယ်ထင်ပါတယ်။ အခြေခံကတော့ တခြားလျှို့ဝှက်အကြောင်းတရားတခုခုကြောင့်ထက် ထုံးစံ အတိုင်း မြန်မာစစ်တပ်ရဲ့လဘော်ကျမှုသာ ဖြစ်ဖို့များပါတယ်။

နိုင်ငံရေးအရ ပိုတက်ကြွတဲ့ အပစ်အခတ်ရပ်စဲရေး ‘ညီနောင် ၇ ဖော်’(အဖွဲ့ ၈ ဖွဲ့)က ထုတ်ပြန်တဲ့ ၁၇ ဖွဲ့စာရင်းမှာတော့ အမ်တီအေနဲ့ ရခိုင်ဗကပကိုဖယ်ထားပြီး ဒီကေဘီအေနဲ့ အက်စ်အက်စ်အင်အေကို ထည့်ထားပါတယ်။ ဒါ့အပြင် ဒီ ၁၇ ဖွဲ့ကို အတန်းအစားနှစ်ခု ခွဲထားပါတယ်။ ပထမအမျိုးအစားကို ‘အပစ်အခတ်ရပ်စဲရေး’ အဖွဲ့များလို့သတ်မှတ်ပြီး ကေ အိုင်အေ၊ ပီအက်စ်အယ်လ်အေ (ပလောင်)၊ မူလလက်ဟောင်းအက်စ်အက်စ်အေ၊ အက်စ်အက်စ်အင်အေ၊ ရလလဖ၊ ကယန်းပြည်သစ်၊ ကလလတ နဲ့ မွန်ပြည်သစ် တို့ပါဝင်ကြတယ်။ (ရှမ်းနှစ်ဖွဲ့ဟာ ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ အက်စ် အက်စ်ပီစီအဖြစ် ပူးပေါင်းဖွဲ့စည်းထားလို့ ‘ညီနောင် ၇ ဖော်’ အဖွဲ့ ၈ ဖွဲ့ဖြစ်နေတာပါ။) သူတို့က ကျန်တဲ့အဖွဲ့အားလုံး ကိုတော့ ‘ငြိမ်းချမ်းရေး’ အဖွဲ့တွေလို့ သတ်မှတ်ထားပါတယ်။ ပထမအမျိုးအစား အဖွဲ့တွေဟာ အပစ်ရပ်သဘောတူ ချက်တွေကို ပြီးပြည့်စုံတဲ့နောက်ဆုံး အထွေထွေအဖြေရှာမှုကြီးဆီသွားဖို့ ရှေ့ပြေးအနေနဲ့သာ မြင်ကြတယ်။ ဒုတိယ အမျိုးအစားဝင် အဖွဲ့တွေကတော့ ပြီးပြည့်စုံတဲ့နိုင်ငံရေးအရဖြေရှင်းမှုကို စိတ်မဝင်စားကြဘဲ ကိုယ့်စီးပွားရေးကိုသာ လုံးဝအဓိကထားကြသူတွေဖြစ်တယ်။ ပထမ ၈ ဖွဲ့ထဲမှာလည်း တချို့ခေါင်းဆောင်များနဲ့ ကေဒါကြီးများဟာ ဒုတိယ အမျိုးစားအနေအထားဘက် အတော့်ကိုတိမ်းညွတ်နေတာတွေလည်း ရှိကြတယ်။ ဒုတိယအမျိုးအစား ‘ငြိမ်းချမ်းရေး’ အဖွဲ့တွေနဲ့ စစ်အစိုးရကြား သဘောတူညီချက်တွေကို နှစ်ဖက်စလုံးက နောက်ထပ်ဆွေးနွေးစရာ သိပ်မလိုတော့တဲ့ အပြီးအပြတ်သဘောမျိုး ယူဆကြတယ်။ ဒီနှစ်မျိုးထဲမဝင်တဲ့၊ ၁၇ ဖွဲ့စာရင်းပါ ခြွင်းချက်ကတော့ ၁၉၉၅ ခု အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီး သုံးလအကြာမှာ အစိုးရနဲ့ စစ်ပြန်ဖြစ်ခဲ့တဲ့ ကေအင်ပီပီ (ကရင်နီ) ဖြစ်ပြီး ၂ဝဝ၅ ခုနှစ်မှာတော့ အက်စ်အက်စ်အင်အေကလည်း အစိုးရနဲ့ စစ်ပြန်တိုက်ခဲ့ပါတယ်။ နောက်ခြွင်းချက်တမျိုးကတော့ ၂ဝဝ၅ ခုနှစ်မှာဘဲ အကြွင်းမဲ့လက်နက်ချ၊ မိမိအဖွဲ့အစည်းလည်း လုံးဝဖျက်သိမ်းပစ်လိုက်တဲ့ ပလောင်အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ ၁၇ ဖွဲ့စလုံးနဲ့ တကယ့်လက်တွေ့အားဖြင့် အပြီးသတ်ငြိမ်းချမ်းရေး သဘောတူညီချက် ရထား တဲ့ပုံဖမ်းနေပါတယ်။

ရှေ့ပိုင်းအပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို ‘အထူးရဲ ’လို့သတ်မှတ်ပေးခဲ့ပြီး ရာထူးလစာတွေ၊ ရာရှင်ရိက္ခာတွေ အကန့် အသတ်နဲ့ ထုတ်ပေးခဲ့ပါတယ်။ အဖွဲ့အစည်းခေါင်းဆောင်တွေကိုလည်း ‘အထူးရဲမှူးကြီး’ တွေအဖြစ် နဝတက သတ်မှတ် ခန့်အပ်ခဲ့တယ်။ သို့ပေမဲ့ ကေအိုင်အေကစပြီး နောက်ပိုင်း အပစ်ရပ်အဖွဲ့တွေကတော့ ဒီကမ်းလှမ်းချက်ကို လက်မခံကြ ဘဲ လွတ်လပ်တဲ့နိုင်ငံရေးအနေအထားကိုသာ ရပ်ခံကြပါတယ်။ ဒီလိုအနေအထားနဲ့ ရပ်တည်ရေးဟာလည်း အချိန် ကြာလာတာနဲ့အမျှ ထိန်းထားနိုင်ဖို့ ပို၍ပို၍ ခက်ခဲလာနေတယ်။ သူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို စစ်အစိုးရက ရှေးရိုး ဆုပေးဒဏ်ပေးစနစ်သုံးပြီး အကြိမ်ကြိမ်အထပ်ထပ် နှိမ်နင်းပစ်ခဲ့ပါတယ်။ ဆုဆိုတာကတော့ မြက်မြက်ကလေးစားရတဲ့ လိုင်စင်တွေ ပါမစ်တွေ ဒုစရိုက်စီးပွားရေးလုပ်ခွင့်တွေဖြစ်ပြီး ဒဏ်ကတော့ စစ်အင်အားနဲ့ ပြောင်ပြောင်တင်းတင်း ခြိမ်း ခြောက်တာဖြစ်ပါတယ်။

၁၉၉၈ ခုမှာ အပစ်ရပ်အဖွဲ့ ၄ ဖွဲ့ရဲ့စီအာပီပီ ထောက်ခံရေးလှုပ်ရှားမှုပေါ်လာတော့ စစ်ဗိုလ်ချုပ်ကြီးများဟာ ဒေါသ တကြီးနဲ့ စီးပွားရေးအခွင့်အရေးတွေရုပ်သိမ်းပစ်လိုက်ပြီး စစ်စတိုက်ဖို့ ပြင်ခဲ့တယ်။ ထိန်းချုပ်ရေး containment ၊ ကန့်သတ်ရေး restriction နဲ့ ချေမှုန်းရေး annihilation ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့စီမံကိန်းထဲက နောက်ဆုံးအဆင့် ကို အကောင်အထည်ဖော်ဖို့ ခြေလှမ်းစခဲ့တယ်။ ရလလဖနဲ့ကယန်းပြည်သစ်က အရာရှိတချို့ကို နအဖက ဓားစာခံ အဖြစ် အလစ်အငိုက်ယူဖမ်း၊ နယ်မြေအစိတ်အပိုင်းတချို့ထဲက အပစ်ရပ်တပ်တွေကို အတင်းအဓမ္မ မောင်းထုတ်ပစ် လိုက်ပြီး နောက် ဒီနိုင်ငံရေးအားသန်တဲ့အဖွဲ့တွေဟာ အညံ့ခံလိုက်ကြပြီး ‘ငြိမ်းချမ်းရေးကို ထိန်းသိမ်းလိုက်’ပါတယ်။ ‘နိုင်ငံရေး တက်ကြွတဲ့’ အဖွဲ့တွေဟာလည်း တကယ်တော့ ပြန်တိုက်နိုင်လောက်တဲ့ စိတ်ဓာတ်အင်အား၊ ရင်းမြစ် အင် အားတွေမရှိကြတော့ဘဲ ပျက်ပြားနေကြပြီဖြစ်ပြီး မိမိနယ်မြေလူထုနဲ့ သာသနာဘက်ဆိုင်ရာတွေကပါ သေနတ်သံပြန် မပေါက်ရေးကို အကြီးအကျယ်ဖိအားပေးတာလည်း အရေးပါတဲ့အကြောင်းတရပ် ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေရဲ့ အရည်အချင်းကိုသိထားလို့ ပြန်တိုက်လည်းမထူးတာကို အကြောင်းသိနေတဲ့လူထုက ပြည်တွင်းစစ်ဒုက္ခ ထပ်မခံချင် တော့တာ၊ အဖွဲ့အစည်းတွေ တော်လှန်ရေးတွေထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့လို ကျောင်းသားတွေကို သာ အားကိုးတော့တာ သဘာဝကျပါတယ်။

ဗမာစစ်တပ်ဟာ အပစ်ရပ်အဖွဲ့အားလုံး၊ သို့မဟုတ် အနိမ့်ဆုံးအားဖြင့် သူတို့နဲ့ပြေပြေလည်လည်နေတဲ့အဖွဲ့တွေကို ဗမာ့ ‘တပ်မတော်’ ထဲ ‘နယ်ခြားတပ်များ’ ဆိုတဲ့ တပ်အမျိုးအစားသစ်တခုအဖြစ် သွတ်သွင်းပြောင်းလဲပစ်ဖို့ ရေရှည် စီမံချက် ရှိပါတယ်။ ၁၉၈၈ ခုမတိုင်မီကရှိခဲ့တဲ့ ‘ပြည်သူ့စစ်နှင့် ပြည်သူ့ဆက်ဆံရေးညွှန်ကြားရေးမှူးရုံး’ ကို နဝတ-နအဖခေတ်မှာ ‘ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး’နဲ့ ‘ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ရုံး’ ဆိုပြီး နှစ်ခြမ်းခွဲပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်များဟာ အပစ်ရပ်အဖွဲ့တွေကို ပြည်သူ့စစ်နှင့် နယ်ခြားတပ် များ ညွှန်ကြားရေးမှူးရုံးရဲ့ချုပ်ကိုင်ကွပ်ကဲမှုအောက် လုံးလုံးလျားလျားသွတ်သွင်းပြီး ပြည်သူ့စစ်အဆင့်ထက် နည်း နည်းသာတဲ့၊ ဗမာ့တပ်မတော်ထက် အများကြီးနိမ့်ကျတဲ့အနေအထားမှာထားဖို့ ရည်ရွယ်ထားတယ်။ ဟိုးတုန်းက ယူ အမ်ပီ၊ လဲဗီးတပ်တွေ ဗမာ့တပ်မတော်ထဲ သွင်းခဲ့တဲ့ပုံစံလောက်တောင် အဆင့်အတန်းမပေးဖို့ စီမံထားတယ်။ ဒါပေမဲ့ လည်း အခုထိတော့ ဒီစီမံကိန်းကို အကောင်အထည်မဖော်နိုင်သေးတာကတော့ နောက်ထပ်ဆွဲဆောင်သိမ်းသွင်းစရာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကျန်နေသေးတာကတကြောင်း၊ ဒါ့အပြင် ညီနောင် ၇ ဖော်လို အပစ်ရပ်အဖွဲ့ တချို့က ညစ်ကပ်ကပ်လုပ်နေတာလည်းတကြောင်းကြောင့် ဖြစ်ပါတယ်။ ညီနောင် ၇ ဖော်ကို သူရဲကောင်း ၇ ယောက် မဖြစ်အောင် နှိပ်ကွပ်နေရပါသေးတယ်။

ကရင်နီနဲ့ အပစ်ရပ်သဘောတူညီချက်ဟာ လုံးဝပျက်ပြားနေပြီဖြစ်ပေမဲ့ စစ်အစိုးရဟာ သူ့ကို အခုထက်ထိ တရားဝင် စာရင်းထဲ ထည့်ပြနေတုန်းပါပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးများဟာ အပစ်ရပ်သဘောတူညီချက်တွေရဲ့ ဝါဒ ဖြန့်စွမ်းအားကို ဘယ်လောက်တောင်တန်ဖိုးထားတယ်ဆိုတာ သိနိုင်ပါတယ်။ ၁၉၉၄ ခုတုန်းက ကေအင်ဂျီအဖွဲ့ဟာ အချင်းချင်းအသေအကြေ တိုက်ကြခိုက်ကြရာက ခေါင်းဆောင်ပိုင်းတွေအားလုံးနီးနီး ပြုတ်ထွက်၊ အင်အားတွေ အဆ မတန်လျော့နည်းသွားလို့ ကျန်သမျှရဲဘော်လေးတွေက ကိုယ့်အဖွဲ့ကိုယ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ စစ်အစိုးရက ဖျက်သိမ်းခွင့်မပေးခဲ့ဘဲ အတင်းဆက်လုပ်ခိုင်းပြီး ၁၇ ဖွဲ့စာရင်းထဲ ဆက်ပြပါတယ်။ မူလလက်ဟောင်း အက်စ် အက်စ်အေနဲ့ အက်စ်အက်စ်အင်အေ ရှမ်းအပစ်ရပ်နှစ်ဖွဲ့က တဖွဲ့တည်းအဖြစ်ပေါင်းစည်းဖို့ စီစဉ်တာကိုလည်း ခွင့်မပြုခဲ့ ပါဘူး။

အများသိကြတဲ့အတိုင်း ဗမာပြည်ရဲ့အပစ်ရပ်သဘောတူညီချက်တွေဟာ ‘လူကြီးလူကောင်းသဘောတူညီချက်’ လို့ (နအဖက) ဆိုတဲ့ဟာမျိုးတွေ ဖြစ်ပါတယ်။ ဆိုလိုတာက ဘာစာချုပ်စာတမ်းမှ လက်မှတ်ထိုးတာမရှိပါဘူး၊ ဘယ်အဖွဲ့နဲ့ မှမရှိပါဘူး။ အစည်းအဝေးမှတ်တမ်း လက်မှတ်ထိုးတာနဲ့ အလွန်ဆုံးအားဖြင့် ‘ဥပဒေဘောင်အတွင်း ဝင်ရောက်သည့် အခမ်းအနား’ လောက်ပဲ လုပ်တာရှိပါတယ်။ ၁၉၈၉ ခုတုန်းက ပထမဆုံးအပစ်အခတ်ရပ်စဲရေးတွေဆို အဲသလို အခမ်း အနားမျိုးတောင် မလုပ်ခဲ့ရရှာပါ။ ဘယ်လိုပဲ အခမ်းအနားတွေလုပ်လုပ်၊ ဘယ်လိုပဲ အသုံးအနှုန်းတွေသုံးသုံး ၁၇ ဖွဲ့ စလုံးဟာ တင်းပြည့်ကျပ်ပြည့် ဥပဒေတွင်းမရောက်ဘဲ အူကြောင်ကျား ဥပဒေတပိုင်းအနေအထားကိုသာ ရထားကြ ပါတယ်။

ဂါမဏိ
(၂၀၀၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)