မင်းနဒီခ ● မိသားစုကဗျာ
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆
တနင်္ဂနွေ က
ကားပေါ်က အဆင်း
တနင်္လာ က
လေယာဉ်ပျံကြီးစီးထွက်သွားလည်း
ငေးကြည့်နေရတာပါပဲ။
မိသားစုလေ
တံခါးရွက်များလို
မနက်မိုးလင်းတာနဲ့ တယောက်တနေရာစီ
နေဝင်မိုးချုပ်မှ ပြန်ဆုံကြရတယ်
လွမ်းရေးထက် ဝမ်းရေးခက်နေတဲ့ ဘဝကြီး
နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာကို စွန့်ခွာပြီး
ငါတို့ ဘာတွေ လိုက်ရှာနေရဦးမှာလဲ။
ရှင်သန်မှုက ခက်တယ်
နေထိုင်မှုက ပိုခက်ခဲတယ်
ဒီလိုတွေ ပြောပြီး ငါတို့ ငိုခဲ့
ဒီလိုတွေ ပြောပြီး ငါတို့ ရယ်ခဲ့
ဖယောင်းတိုင်မီးများလို
တစ်ယောက်အပူနဲ့ တယောက်တောက်လောင်ပြီး
ငါတို့ ပျော်ကြတယ်။
မိသားစုလေ
ခေတ်ကြီးကို လှလှပပ ခံစားဖို့
လုံလောက်တဲ့ အနုပညာ မရှိလည်း ဖြစ်တယ်
နွေ မိုး ဆောင်း ဘယ်ဥတုဖြစ်ဖြစ်
အကာအကွယ် မရှိလည်း ဖြစ်တယ်
နေ့နဲ့ ညတွေကို အတူတူဖြတ်သန်းဖို့
ဇိမ်ခံပစ္စည်းတွေ မရှိလည်း ဖြစ်တယ်။
မိသားစုလေ
စက်ဝိုင်းလေး တဝိုင်းလို
ဘယ်အနားမှ ပဲ့လို့ မဖြစ်ဘူး
ရေပိုက်လေးတချောင်းလို
ဘယ်နေရာကမှ ပေါက်လို့ မရဘူး။
ရေလိုလည်း
အတူတူ စီးဆင်း
မီးလိုလည်း
အတူတူ တောက်လောင်
တယောက်ရင်ထဲ တယောက်ထည့်ပွေ့လို့
နွေးရတယ်
တယောက်ပင်လယ်ထဲ တယောက်လက်ပစ်လို့
ကူးရတယ်
မိသားစုလေ
ရေအဆုံး မမောတမ်း
မြေအဆုံး မမောတမ်း။
မင်းနဒီခ
No tags for this post.
Recent Comments