fbpx

တက္ကသိုလ်ရွှေရီဝင်း – ဈေး

July 11, 2016

 

တက္ကသိုလ်ရွှေရီဝင်း –  ဈေး 

(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၆
(အတွေးအမြင် – အမှတ် ၂၈၈ -၂၀၁၆ ဇွန်လ)
‘ဈေး’ ဆိုတဲ့ဝေါဟာရကို ငယ်စဉ်ကလေးဘဝကစပြီး ကြားခဲ့သိခဲ့တာပါ။ မနက်တိုင်း ‘ဖေဖေနဲ့မေမေ ဈေးသွားတယ်’ ဆိုတဲ့စကားကို ကြားဖူးခဲ့တယ်။ တကယ်လည်း ဖေဖေက ကားမောင်းပြီး မေမေက ဖေ့ဖေ့ေ ဘးမှာထိုင်ပြီး ဈေးဝယ်ထွက်တယ်ပေါ့။

ကိုယ်ကိုယ်တိုင်အရွယ်ရောက်တော့လည်း ကိုယ့်ရဲ့အထက်အစ်ကိုနဲ့ဈေးသွားရတာ မှတ်မိပါတယ်။ ဖေဖေက နောက်ပိုင်းဈေးလိုက်ပို့တာ အမှတ်မရတော့ပါ။ မောင်နှမနှစ်ယောက် ကြုံရင်ကြုံသလို သံဈေး၊ မော်တင်ဈေး ၊ သိမ်ကြီးဈေး သွားကြပါတယ်။ အများဆုံးသွားတာက သံဈေးဖြစ်ပါတယ်။

ကိုယ်နေတဲ့အိမ်က ပြည်လမ်းမီးရထားခုံး(ကုန်း) နဲ့နီးတယ်။ ရန်ကုန်ထောင်ကြီးနဲ့ နီးတယ်။ ဒီတော့ အနီးဆုံး သံဈေးသွားတာမှတ်မိတယ်။ အစ်ကိုလတ်က ကားမောင်းပြီး စာရေးသူက ဈေးခြင်းတောင်းကိုင်ပြီး ဘေးကထိုင်ပေါ့။

ဈေးသွားရင် မေမေက မှာတက်တယ်။ ငါးအရှင်တွေမဝယ်နဲ့၊ ကြက်လည်း အရှင်တွေမဝယ်နဲ့။ လုပ်ပြီး သားရောင်းတာပဲဝယ်တဲ့။ သံဈေးရောက်ရင် ငါးတွေက အားလုံးလိုလိုရှင်နေပြီး ကြက်တွေကလည်း ခြင်းတောင်းတွေထဲမှာ အော်ဟစ်နေတာချည်းပါပဲ။ မောင်နှမနှစ်ယောက် မျက်စိပျက်၊ မျက်နှာပျက်နဲ့ မေမေ မှာတဲ့ငါးတွေ ကြက်တွေရှာရတာ တော်တော်ခက်ပါတယ်။ ဈေးသည်တွေကလည်း ထူးဆန်းတဲ့ ဈေးဝယ်သူ မောင်နှမကို ငေးကြည့်လျက်ပေါ့။

ငယ်ငယ်က ဈေးဝယ်တဲ့ဈေးတွေထဲမှာ သံဈေးကို မှတ်မိနေတယ်။ အခုတော့ သံဈေးကိုမရောက် တာကြာလို့ မှတ်မိဖို့မလွယ်တော့ပါဘူး။

နောက် ဖေဖေပင်စင်ယူပြီး တောင်ဥက္ကလာပပြောင်းနေကြတယ်။ တောင်ဥက္ကလာပမှာတော့ နန္ဒဝန် ဈေးနဲ့ ကန်ဘဲ့ဈေးကို မှတ်မိတယ်။ နန္ဒဝန်ဈေးက သံဈေးနဲ့ဆင်တူတယ်လို့ ထင်မိတယ်။ ကန်ဘဲ့ဈေးက တော့ လမ်းဘေးတဖက်တချက်မှာရောင်းတာဖြစ်လို့ ဈေးဝယ်ရတာ အရသာတမျိုး ခံစားရတယ်။ တောင် ဥက္ကလာပရောက်တော့ စာရေးသူဆယ်တန်းအောင်ပါပြီ။ ၁၉၆၆ ပါ။ ညီမတွေလည်း ဈေးတွေဘာတွေ ဝယ် တတ်နေပါပြီ။

အခုလိုဈေးတွေရှိသလို အိမ်ဆိုင်ဈေးဆိုင်တွေ ဟိုးကတည်းက ရှိခဲ့တယ်။ ၁၉၅၀ ပတ်ဝန်းကျင် နယူးလင်းလမ်း ( စကားဝါပင်လမ်း ) မှာ နေစဉ်ကတည်းက ခြံထောင့်မှာ ဈေးဆိုင်လေးရှိတယ်။ အခုခေတ် စကားနဲ့ဆို ကုန်စုံဆိုင်ပေါ့။ ဆီ၊ ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကြက်ဥ အားလုံးရောင်းတယ်။ အခုခေတ် ကုန်စုံဆိုင်က စားသောက်ကုန်မရောင်းဘဲ တခြား သံ၊ တူ၊ မီးချောင်း၊ မီးလုံး၊ မီးဖို အစုံရောင်းတယ်။ အဲဒီခြံထောင့်က ဈေးဆိုင်ကလည်း ဈေးပြီးရင် အလွန်အသုံးဝင်ပါတယ်။ ငယ်ငယ်တုန်းက ကြက်ဥတလုံး ဆယ်ပြား ၊ တကျပ်ဖိုးဆယ်လုံးနဲ့ ဝယ်ခဲ့ရတာ အဲဒီဆိုင်လေးပဲဆိုတာ မှတ်မိတယ်။

အခု တောင်ဥက္ကလာပရောက်တော့လည်း အဲဒီလိုဆိုင်မျိုးတွေ လမ်းတွေထဲမှာ ရှိတယ်။ ဒီတော့ ဈေးမှာ မေ့ခဲ့တာ၊ အိမ်မှာ ထမင်းဟင်းချက်ဖို့ပစ္စည်းပြတ်ရင် အဲဒီဈေးဆိုင်လေးတွေက အသုံးတည့်ပါတယ်။

တောင်ဥက္ကလာပမပြောင်းခင် ဝယ်ဖြစ်တဲ့ဈေးက စကော့ဈေးလို့ခေါ်တဲ့ ဗိုလ်ချုပ်ဈေးလည်း ပါပါ တယ်။ အဲဒီမှာ အင်္ကျီချုပ်၊ အတွင်းခံအင်္ကျီဝယ်တဲ့အခါဝယ်၊ အော်ဒါမှာချုပ်တဲ့အခါ ချုပ်ပါတယ်။ မေမေအပ် နေကျ အပ်ချုပ်ဆိုင်က ‘ရွှေကြည်ဝင်း’ အပ်ချုပ်ဆိုင်ပါ။ ဘယ်တော့မှာ ရက်ချိန်းအတိအကျ မပြီးပါဘူး။ အဲဒီ အပ်ချုပ်ဆိုင်မှာ နှစ်ပေါင်းများစွာအပ်ခဲ့တာ ပြည်ရိပ်သာကိုရောက်ပြီးသည်အထိ အပ်ဆဲပါပဲ။ မိဘနဲ့နေစဉ် ကတည်းက ရက်ချိန်းမမှန်တာ အိမ်ထောင်ကျပြီး ကလေးတွေရတဲ့အထိ ရက်ချိန်းမမှန်ခဲ့ပါဘူး။ ဒီလိုဖြစ်ပေ မယ့်လည်း စကော့ဈေးက အဲဒီ ရွှေကြည်ဝင်းအပ်ချုပ်ဆိုင်ကို စွဲစွဲမြဲမြဲအပ်ပြီး ချုပ်ခဲ့ပါတယ်။ ရက်ချိန်းပေးလို့ သူ့ဆိုင်ရှိရာ အပေါ်ထပ်ကိုရောက်ရင် ကိုယ်အပ်ခဲ့တဲ့ပိတ်စကို သူ့ရဲ့မှန်ဗီရိုထဲမှာ နေရာမယွင်းဘဲ တွေ့ခဲ့တာ ချည်းပါပဲ။ သူက နောက်ထပ်ရက်ချိန်းပေးပါတယ်။ ဒါပေမဲ့ အဲဒီရက်မှာလည်း အင်္ကျီမရပါဘူး။ နှစ်ခါသုံးခါ အနည်းဆုံးသွားရွေးရတာ မှတ်မိပါတယ်။ အိမ်ထောင်ကျပြီးတော့ ယောက္ခမဖြစ်သူက ချွေးမကို အင်္ကျီရွေး ဖို့လိုက်ပို့တာ မျက်နှာပူရပါတယ်။ သမီးမိန်းကလေးမရှိတဲ့ သားတယောက်ပဲမွေးထားတဲ့ မိဘကတော့ မိန်း ကလေးတွေက အင်္ကျီအပ်ရင် ဒီလိုပဲလို့ ထင်မလားမသိပါ။

တောင်ဥက္ကလာပဈေးအကြောင်း ပြောပါ့မယ်။ ၁၉၆၅-၆၆ မှာ တောင်ဥက္ကလာပကို ပြောင်းပါတယ်။ ဖေဖေလည်း အသက် ၄၆ နှစ်မှာ ပင်စင်ပေးခြင်း ခံရပါတယ်။ တောင်ဥက္ကလာပမှာတော့ ကန်ဘဲ့ဈေးနဲ့ နန္ဒဝန်ဈေးသွားဖြစ်ပါတယ်။ မြို့စွန်ကဈေးတွေဖြစ်လို့ ဝယ်လို့ကောင်းပါတယ်။ လူလည်း အဲဒီတုန်းက ဒီလောက်မများသေးပါဘူး။ တောင်ဥက္ကလာပနဲ့နီးတဲ့ ရန်ကင်းက ဂွတ်တလစ်ဈေး ရှိပါတယ်။ အဲဒီဈေးတော့ မမှတ်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တောင်ဥက္ကလာပရောက်ပြီး စီးပွာရေးတက္ကသိုလ်တက်ပြီး အိမ်ထောင် ကျလို့ပါပဲ။ အိမ်ထောင်ကျတော့ သချာင်္ဆရားကြီးနေတဲ့ ပြည်ရိပ်သာလမ်းကို သျှောင်နောက်ဆံထုံး ပါရပါ တယ်။

ပြည်ရိပ်သာရောက်တော့ လှည်းတန်းဈေးနဲ့ရင်းနှီးရပါတယ်။ တခါတရံ သုခလမ်းမှာရှိတဲ့ ကမာရွတ် ဈေး၊ သံတံတားလမ်းနားက ဂွဈေးကို သွားပါတယ်။ ကြုံသလိုဝယ်တာဖြစ်ပါတယ်။ သံဈေးကိုရောက်တော့ မရောက်တော့ပါ။ သိမ်ကြီးဈေးကိုတော့ အခြောက်အခြမ်းဝယ်ဖို့သွားဖြစ်ပါတယ်။ မီးရထားရုံး (ရန်ကုန် ဘူတာကြီး) နားမှာ ကုန်တိုက် (၁) ပေါ်လာပါတယ်။ သိမ်ကြီးဈေးမှာ ကုန်တိုက် (၂) ဖွင့်ပါတယ်။ ဒါက လည်း အသစ်အဆန်းဈေးပါပဲ။

ကုန်တိုက် (၁) ဖွင့်တော့ စာရေးသူ လပ်ထပ်ကာစဖြစ်လို့ ယောက္ခမဖြစ်သူနဲ့ မီးဖိုချောင်သုံးပစ္စည်း တွေဝယ်တာမှတ်မိပါတယ်။ ကိုရီးယားက ဖွင့်တဲ့ဆိုင်မှာ ပိုက်ဆံအိတ်၊ ဆပ်ပြာ၊ အသုံးအဆာင်တွေဝယ်တာ လည်း မှတ်မိပါတယ်။ စကော့ဈေးကိုတော့ အရင်ကလောက် မရောက်တော့ပါ။ ဒါပေမဲ့ စကော့ဈေးက သားငါး ရောင်းတဲ့နေရာ၊ စကော့ဈေးနောက်ဘက်က တံတားပေါ်ရောင်းတဲ့ ဈေးတွေကိုတော့ လွမ်းမိတာ အမှန်ပါပဲ။

အိမ်ရှင်မတွေနဲ့ ဈေးကတော့ ခွဲလို့မရတာ အမှန်ဖြစ်ပါတယ်။ ဘယ်နေရာရောက်ရောက် ဟင်းချက် စရာတွေ့ရင် မဝယ်ဘဲမနေနိုင်ပါဘူး။ ယောက်ျားဖြစ်သူက ဘယ်လောက်ပြောပြော တခုခုတော့ ရအောင် ဝယ်တတ်ပါတယ်။ တခါတလေ ‘မင်းဈေးဝယ်ချင်ရင် နောက်ခေါက်လိုက်ပို့ပါမယ်’ ဆိုတာတောင် နောက် တခေါက်က နောက်တခေါက်ဖြစ်ပြီး ကြုံတုန်းလည်း ရအောင်ဝယ်တက်ပါတယ်။ ငယ်ငယ်တုန်းက အဖြစ် အပျက်တွေပါ။ ခုများတော့ ဈေးကို ဒီလောက်သံယောဇဉ်မထားနိုင်တော့ပါဘူး။

ဈေးအစား ကုန်တိုက်တွေ၊ စတိုးဆိုင်ကြီးတွေ အစားဝင်နေပြီးဖြစ်လို့လည်း ပါပါတယ်။ ဒါပေမဲ့ အဲဒီ ဆိုင်တွေကလည်း အိမ်ရှင်မတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ တဆိုင်တည်းမရပါဘူး။ ဒီဆိုင်မှာရှိတာ ဟို ဆိုင်မှာမရှိဘူး။ အနည်းဆုံး နှစ်နေရာလောက်သွားမှ ကိုယ်လိုချင်တဲ့ပစ္စည်းရပါတယ်။ ပိုဆိုးတာက အဲဒီဆိုင် တွေဟာ တနေရာနဲ့တနေရာ မနီးကြပါဘူး။ ဒီတော့ ဈေးကိုပစ်ပယ်လို့မရပြန်ပါဘူး။ ဈေးက အသုံးဝင်ဆဲပါ ပဲ။

လမ်းဘေးဈေးသည်တွေဆီကလည်း ဝယ်ရဆဲပါပဲ။ ကုန်တိုက်တွေ၊ ပလာဇာတွေ၊ ပေါ်လာပါတယ်။ ဈေးလို့ခေါ်လို့ရသလို အဘက်ဘက်ကတိုးတက်နေတဲ့ခေတ်ကြီးမှာ ဈေးမဟုတ်တာတော့ အမှန်ပါပဲ။ ရောင်းသူတွေက ဈေးသည်လို့ ခေါ်လို့မရတော့ပါဘူး။ သူတို့က ဝန်ထမ်းတွေဖြစ်လို့ ဝန်ထမ်းလို့ခေါ်ရမှာပါ။ မီးဖိုချောင်သုံး ပစ္စည်းစုံ၊ စားသောက်ကုန်တွေ၊ သားငါးက အစ ရပါတယ်။ ဝန်ထမ်းလို့ခေါ်ရမယ့် ဈေး ရောင်းတဲ့သူတွေနဲ့လည်း သိပ်တော့ သဟဇာတမဖြစ်သေးတာအမှန်ပဲ။ သူတို့က ပစ္စည်းဘယ်လောက် ရောင်းရရောင်းရ လခစားဆိုတော့ တခါတလေ စိတ်မပါတာတွေ တွေ့ရတယ်။ တချို့ကျတော့လည်း ပင် ကိုယ်စိတ်ကောင်းရှိတဲ့ ဝန်ထမ်းတွေဖြစ်လို့ ပြောလို့ဆိုလို့ ကောင်းပါတယ်။

အဲဒီကုန်တိုက်လို့ခေါ်တဲ့နေရာတွေက အဝတ်အထည်အသုံးအဆောင် အကုန်ရောင်းပါတယ်။ ဆိုင် ခန်းကြီးတွေဟိန်းနေသလို ဈေးတွေကလည်း ခေါင်ခိုက်နေပါတယ်။ အဲဒီနေရာက ဝန်ထမ်းတွေကတော့ သူ တို့ရောင်းတဲ့ပစ္စည်းတွေ ဈေးခေါင်ခိုက်နေသလို သူတို့အမူအရာကလည်း ခေါင်ကိုခိုက်နေပါတယ်။ ဝယ်သူ ကိုလည်း အထင်အမြင်သေးတဲ့အမူအရာနဲ့ ကြည့်တတ်ပါတယ်။ ဈေးသည်နဲ့ဝယ်သူ ကြည်ဖြူဖို့ဆိုတာတော့ အဲဒီဆိုင်က ဝန်ထမ်းတွေနဲ့ မဖြစ်နိုင်ပါဘူး။

အဲဒီ ဈေးကြီးတဲ့ဆိုင်ကပဲ ဈေးချပါတယ်ဆိုလို့တော့ ဝယ်နိုင်မယ်မထင်လိုက်ပါနဲ့။ သောင်းဂဏန်း သိန်းဂဏန်းပါပဲ။ ဒီလိုအချိန်မှာဆို သင်္ချာဆရာကြီးရဲ့အတွေ့အကြုံကို နားထောင်ကြည့်စေချင်ပါတယ်။ ‘ ဟိုမှဈေးချတယ်ဆိုတာ တကယ်ဈေးချတာ။ သူတို့အနေနဲ့ ဆိုင်ရှင်းတယ်လို့ဆိုရမယ်။ အဲဒီအချိန်မှာ ကိုယ် လိုချင်တွေ ဈေးပေါပေါနဲ့ ဝယ်လို့ရတယ်။ နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဆိုရင်လည်း စာအုပ်တွေ အလကား နီးပါးရောင်းတယ်။ အထူးသဖြင့် ကလေးဖတ်တဲ့ နှစ်စဉ်တနှစ်တခါထုတ်နေတဲ့စာအုပ်တွေကို ဈေးပေါပေါနဲ့ ရောင်းတယ်။ ၂၀၁၅ နှစ်ကုန်မှာ ၂၀၁၅ ကထုတ်တဲ့စာအုပ်ကို ဈေးပေါပေါနဲ့ ဝယ်ဖတ်ရတယ်ဆိုတော့ မဆိုး ဘူးပေါ့’။

သူပြောတာကိုအားကျပြီး ဂျူနီယာနဲ့သားအမိနှစ်ယောက် ဈေးချတဲ့ကုန်ပစ္စည်းတွေဝယ်ဖို့ ဟန်ပြင် ကြတာမအောင်မြင်ခဲ့ပါဘူး။ မေမေရှိစဉ်တုန်းက ၃၈ လမ်းဈေးက လမ်းဘေးကအထည်လေးတွေ လျှောက် ဝယ်တာကိုသတိရမိတယ်။ သင်္ချာဆရာကြီးက ပြင်သစ်မှာပညာတော်သင်သွားနေတာဆိုတော့ ဘဘ မျက်စိနောက်အောင် ချွေးမနဲ့ယောက်က္ခမ ဈေးဝယ်ထွက်တာ သတိရပါတယ်။

ဘယ်လောက်ပဲတိုးတက်ပြီး လကမ္ဘာကိုခြေချပြီး၊ အင်္ဂါဂြိုဟ်မှာ ခိုလှုံဖို့ကြီးစားနေတဲ့ ခေတ်ကြီးမှာ ဈေးဆိုတာ မပျောက်ကွယ်နိုင်ပါဘူး။ ဈေးဟာ အမြဲစည်ကားနေပါတယ်။ ရောင်းသူရောဝယ်သူမှာ ခင်ခင် မင်မင်နဲ့ရောင်းကြဝယ်ကြဆဲပါပဲ။ အခါကြီးရက်ကြီး ဈေးပိတ်ရက်တွေမှာတောင် ဈေးရုံကြီးပိတ်ပေမယ့် ပျံကျဈေး သည်တွေ ရှိနေတာမို့ စားသုံးသူအတွက် အဆင်ပြေပါတယ်။

အိမ်ရှင်မတွေ မီးဖိုချောင်နဲ့ဆက်နွယ်နေသလို ဈေးဆိုတာ ကွယ်ပျောက်ဖို့ ခဲယဉ်းပါတယ်။ အိမ်ရှင်မ တွေကို ဈေးသွားရတာပျော်သလားလို့မေးရင် မပျော်ပါဘူးလို့ဖြေကြမယ်ထင်ပါတယ်။ ဒါပေမဲ့…သူတို့က မပျော်ပေမယ့် မလုပ်မဖြစ်လုပ်ရမယ့်ကိစ္စပဲလေ။ ဒီတော့ ပျော်ပါတယ်လို့အသံတိုးတိုးနဲ့ ပြောရမလိုဖြစ်နေ တယ်။ မိသားစုစကားဝိုင်းလို့တင်စားတဲ့ ထမင်းဝိုင်းလေးအတွက်ဈေးက မရှိမဖြစ်လိုအပ်ချက်ဖြစ်နေတာ ကိုး။

တက္ကသိုလ်ရွှေရီဝင်း ။ အတွေးအမြင် – အမှတ် ၂၈၈ -၂၀၁၆ ဇွန်လ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တက္ကသိုလ်ရွှေရီဝင်း, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)