မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း ၉

July 12, 2016

မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း ၉
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၆
အုတ်ဖိုအထက်တန်းကျောင်းသား

အုတ်ဖို အထက်တန်းကျောင်းကား အင်္ဂလိပ်အက္ခရာ အီးပုံသဏ္ဍာန်ဆောက်လုပ်ထားသည့် နှစ်ထပ်ကျောင်းဖြစ်သည်။ စာသင်ခန်းတခန်းတွင် ကျောင်းသား ၅၀ ခန့် ရှိကြသည်။ ဆရာများ စာကောင်းကောင်းသင်နိုင် ထိန်းကျောင်းနိုင်သည့် အရေအတွက်ဟုဆိုရမည်။ ကျောင်းဝင်းအတွင်း တင်းနစ် ကွင်းရှိသည်။ ဘတ်စက်ဘောကွင်းရှိသည်။ ကျောင်းအပေါ်ထပ်၌ ကြက်တောင်ကွင်းရှိသည်။ ကျောင်းဘေး၌ ဘောလုံးကွင်းရှိသည်။

မိမိတို့အထက်တန်းကျောင်းသားဘဝက ညနေကျောင်းဆင်းလျှင် လွယ်အိတ်ပစ် ၍ အဝတ်အစားလဲ ပြီး ကစားကွင်းသို့ ရောက်သွားတော့သည်။
မိမိကားငယ်စဉ်က ခပ်ပိန်ပိန် မျက်မှန်ထူထူနှင့်ဆိုတော့ ဘောလုံးတော့ မကစားဖြစ်ပေ။ ကြက်တောင်ရိုက်သည်။ တင်းနစ်ကစားသည်။ တခါတရံမူ သူငယ်ချင်းများကစားလေ့ရှိသော ဘတ်စကက်ဘောဝင်ကစားလေ့ရှိသည်။ သို့သော် ဘတ်စကက်ဘောကစားရာတွင် ကြုံရလေ့ရှိသော အတွန်းအတိုက် အလဲအကွဲဒဏ်ကို မခံနိုင်၍ တင်းနစ်ကစားသည်ကများသည်။ မည်သို့ပင်ဖြစ်
စေ မိမိတို့ကျောင်းနေဖက်သူငယ်ချင်းများသည် ညနေဆိုလျှင်တော့ တခုမဟုတ် တခုတော့ ကစားလေ့ရှိကြသည်။

ထိုစဉ်က မိမိတို့မြို့လေးတွင် ကျူ ရှင်ဆိုသည် မရှိပေ။ ကျောင်းကဆရာဆရာမများ၏သင်ကြားမှုများ ဖြင့်သာ ဆယ်တန်းကို ကျော်လွှားကြသည်။
ထိုဆရာ ဆရာမများ၏သင်ကြားမှုများဖြင့်သာ ဆေးတက္ကသိုလ် စက်မှုတက္ကသိုလ် သွားဆေး စသဖြင့် ရောက်ကြသည်။ မြန်မာစာပြသည့် ဒေါ်အေးသွယ်အင်္ဂလိပ်စာပြသည် ဒေါ်ကြင်အေး ရူပဗေဒပြသည့် ဦးမြင့်စိန် ဓာတုဗေဒပြသည့် ဒေါ်အေးသိန်း သင်္ချာပြသည့် ဒေါ်ရီရီ ဇီဝဗေဒပြသည့် ဦးတင်သိန်း စသည့်ဆရာ ဆရာမ များ၏သင်ကြားပြသမှုများ ထိုဆရာ ဆရာမ များနှင့် ကျောင်းသားများ၏ အပြန်အလှန်ချစ်ခင်မှုများဖြင့် စာသင်နှစ်များကို ကျော်လွှားခဲ့သည်။

ခြွင်းချက်အနေနှင့် ထိုစဉ်က ဦးအောင်သိန်းဟန်တို့ ဦးသန်းထွန်းတို့၏ ဆယ်တန်းအဝေးရောက် စာစဉ်များ စတင်ထွက်နေပြီဖြစ်ပြီး နယ်ကိုစာတိုက်ကပို့ပေးနေပြီဖြစ်သော်လည်း အုတ်ဖိုမှ ယူသူ နည်းပါးပါသည်။ တကယ်တော့ ယူစရာလည်းမလို ကျောင်းက ဆရာများက ရှင်းလင်းအောင် သင်နိုင်စွမ်းရှိသည်။ သို့နှင့် ကျောင်းတက် ညနေကျောင်းဆင်း ကစားကွင်းသွား ညစာကျက် ဖြင့် ကျောင်းသားဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့သည်။

ယနေ့ ကျောင်းသားများကတော့ ကျောင်းမှကျူရှင်၊ ကျူရှင်ပြီးတော့guide ခေါ် သည့် စာကြည့်လမ်းညွှန်ဆရာမနှင့် ကစားချိန်မရှိ နားချိန်မရှိဖြတ်သန်းနေရသည်။ အတော်ပင် လွဲချော်လာခဲ့သည့်ပညာရေးဟုဆိုရမည်။
တခုတော့ရှိသည်။ ထိုစဉ်က ဆရာ ဆရာမ၏လစာသည် ၎င်းတို့အတွက် သိက္ခာရှိ ရှိ ရပ်တည် နေထိုင်စားသောက်၍လောက်သည်။ ထိုစဉ်က တရက်လုပ်ခက ၃ ကျပ် ၁၅ ပြား အနိမ့်ဆုံးလစာက ၁၂၆ ကျပ် အရာရှိလစာကမှ ၄၅၀ ကျပ်ဖြစ်သည်။ အခြေခံဆန်က တတင်းကို ၂၅ ကျပ်ခန့်ဖြစ်မည်။ သူ့ဝင်ငွေ သူ့လစာ သည် ထိုခေတ် ကုန်ဈေးနှုန်းနှင့် ကာမိသေးသည်ဟုဆိုရမည်။

ထို့ပြင် ထိုခေတ်ထိုကာလ ယခုခေတ်လို လိုအပ်ချက်မများ၍ ဝယ်စရာ မလိုအပ်သည်လည်း ပါနိုင်သည်။ စမတ်ဖုန်း တီဗီ ရေခေတ်သေတ္တာ မဆိုထားနှင့် ကက်ဆက်ပင်မပေါ်သေးသည့်ခေတ် ဖြစ်ရာ ရေဒီယိုတလုံးရှိလျှင်ပင် အတော်ဟုတ်နေသည့်ကာလဖြစ်သည်။ သို့သော် ၁၉၇၀ ကာလက ကုန်ဈေးနှုန်းသည် ငြိမ်မနေ တဖြေးဖြေးတက်နေသည်။ ထိုစဉ် တကျပ်သား ၂၀၀ ရှိသော
ရွှေဈေး သည် ၁၉၇၄ လောက်ရောက်တော့ တကျပ်သား ၄၀၀ ကျပ်ခန့်ဖြစ်သွားသည်။ နိမ့်ပါးသောဝင်ငွေနှင့် တဖြေးဖြေးမြင့်တက်လာသော လူနေမှုစားရိတ်များက လူ့အဖွဲ့အစည်း တည်ငြိမ်မ့ကို တဖြေးဖြေး ကိုင်လှုပ်လာသည်ဟုဆိုရပါမည်။

ရီကော်ဒါ ကက်ဆက်နှင့်စတီရီယို
ငယ်စဉ်ဘဝက မြန်မာသံသီချင်းများနှင့် ကြီးပြင်းလာသည်။ တွံတေးသိန်းတန်၊ စန္ဒယားချစ်ဆွေ၊ စန္ဒယားလှထွတ်၊ ဓနုဖြူ စိုးသိန်း၊ မာမာအေး၊ တင်တင်မြတို့၏ သီချင်းများနှင့်ယဉ်ပါးလာရာမှ ၁၉၇၀ ခုနှစ်များ အနောက်တိုင်းသံစဉ်များဖြင့် မြန်မာသီချင်းများထွက်ပေါ်လာသည်။ တက္ကသိုလ်ထွန်းနောင်
ရည်စားလိုချင်တယ်တို့ မင်းမင်းလတ်၏အပေါ်ထပ်နှင့်အောက်ထပ်ဇာတ်လမ်းတို့ထွက်လာသည်။ ငြိမ့်ငြောင်းသော မြန်မာသံစဉ်များနေရာတွင် ပေါက်ကွဲသံစဉ်များဝင်လာသည်။ မိမိတို့လူငယ်တွေအတွက်တော့ အသစ်အဆန်းအဖြစ် လျှင်မြန်စွာလက်ခံလိုက်သော်လည်း လူကြီးများကတော့ မျက်မှောင်ကြုတ်၍ နားမခံသာသော လမ်းသရဲသီချင်းတွေဟုဆိုကြသည်။

တကယ်တော့ ထိုသူချင်းများပေါ်သည်ဆိုသော်လည်း အုတ်ဖိုတွင် နားထောင်၍မရသေး။ ထိုစဉ် အုတ်ဖိုတွင် အကိုင်း AKAI ဟုခေါ်သော ရီကော်ဒါရှိသည့်အိမ်မှာ မိမိတအိမ်ကျော်တွင်သာ ရှိသေးသည်။ ထိုအိမ်ကဖွင့်သည့်အချိန်တွင် ခပ်လှမ်းလှမ်းက သွားနားထောင်ရသည်။ နောက်တော့ မိမိမိဘများက တယ်လီဖန်ကင် အမျိုးစား ဂျာမဏီလုပ် ရီကော်ဒါ အဟောင်းတလုံးဝယ်လာပေး သည်။ အကိုင်းရီကော်ဒါ ထောင်ရက်မဟုတ် ပက်လက်ဖွင့်သည့် အမျိုးအစားဖြစ်သည်။ ရီကော်ဒါရတော့ ရန်ကုန်သွားသည့်အချိန် သီချင်းသွင်းရသည်။ ၈ လက္မခန့်ရှိသည်။ တိတ်ခွေ အဝိုင်းပြားထဲ မိမိစိတ်ကြို က်သီချင်းကိုတပုဒ် တစ်ကျပ်ပေးသွင်းရသည်။ ထိုခေတ်ထိုကာလက အတော်ဈေးကြီးသည်ဟုဆိုနိုင်သည်။

နောက်တနှစ် နှစ်နှစ်အကြာတွင်တော့ ရေဒီယိုကက်ဆက်လေးများပေါ်လာသည်။ ရေဒီယို လည်းနားထောင်ရ မိမိစိတ်ကြိုက်သီချင်းလည်း နားထောင်ရသည်။ သို့သော် ၁၉၇၃ / ၁၉၇၄ အထိတော့ နယ်များတွင် ပေါပေါများများ မရှိသေးပေ။ ယနေ့ခေတ်နှင့် လွန်စွာကွာခြားလှသည်။

မည်သို့ပင်ဖြစ်စေ အနောက်တိုင်းသံစဉ်တေးဂီတများကတော့ စတီရီယိုသီချင်းများ ဆိုသည့်အမြင်ဖြင့် မြို့ပြလူငယ်များကြားသို့ စတင်ထိုးဖောက်ဝင်ရောက်လာပြီဖြစ်သည်။ ရေစီးကြောင်းသစ်ဟုဆိုရမည်။ ထိုစတီရီယို သီချင်းများနှင့်အတူ ဘောင်းဘီဖင်ကျပ် ခေါင်းလောင်းဘောင်းဘီ ဆံပင်ရှည်ရှည်စသည့် ဝတ်စားဆင်ပုံစံများပေါ်လာသည်။ ရန်ကုန်တွင် လမ်းသရဲဂိုဏ်းတချို့ပေါ်လာသည်။ သို့သော် ခေါင်းလောင်းဘောင်းဘီဝတ်တိုင်း ဆံပင်ရှည်တိုင်း လမ်းသရဲတော့မဟုတ်ခဲ့ကြ။ ဆံပင်ရှည်နှင့် peace ခေါ် ငြိမ်းချမ်းတံဆိပ်လည်း ခေတ်စားလာသည်။ အမေရိကားရှိ ဗီယက်နမ်စစ်ဆန့်ကျင်ရေးနှင့်အတူ ပေါ်ပေါက်လာသော ဟစ်ပီယဉ်ကျေးမှုဝတ်စားဆင်ယဉ်ပုံများ ဝင်ရောက်လာသည်ဟုဆိုရမည်။ ယဉ်ကျေးမှုသစ် ရေစီးကြောင်းသစ်တခု အစပြုသည်ဟုဆိုရပေမည်။

သို့သော် စတီရီယိုတေးနှင့် ခေတ်ပေါ်ဝတ်စားဆင်ယဉ်မှုအသစ်များသည် ရန်ကုန်နှင့် မြို့ပြ လူငယ်အချို့၌သာ ထိုးဖောက်နိုင်သေးသည်။ ကျေးလက်မှာတော့ တွံတေးသိန်းတန် မင်းမူဆဲ ဖြစ်သည်။

ရုပ်ရှင်ရုံနှင့်ဇာတ်ပွဲ
အုတ်ဖိုတွင် ရုပ်ရှင်ရုံတရုံ ရှိသည်။ ဝါကျင့်ကျင့်ပိတ်ကားပေါ်တွင် တုန်ခြင်းမှုန်ခြင်းသီးခံ၍ ကြည့်ရ သည်။ ထိုင်ခုံတွေက မတ်မတ်ထိုင်ကြည့်ရသည့် သစ်သားထိုင်ခုံများဖြစ်သည်။ ပြနေရင်း ဖလင်ပြတ်သွားကို သည်းခံ၍ ကြည့်ရသည်။ သည်းမခံနိုင်သူများ မှောင်ထဲတွင် ကလော်ဆဲ၍ရသည်။
အင်္ဂလိပ်ကားကောင်း သိပ်ပြလေ့မရှိ ။ ပရိတ်သတ်ကလည်း မြန်မာကားပဲ ကြည့်ကြသည့် နယ်ပရိတ်သတ်မို့ထင်သည်။

မြန်မာကားများက ထုံးစံအတိုင်း ချစ်ကွဲညား များသည်။ ပြီးလျှင် မိဘမေတ္တာဖော်ကျူးသည့်ကားများ လာသည်။ အိန္ဒိယဇတ်ကားများကို ကူးချထားသည့်ဇာတ်ကားများလည်း လာလေ့ရှိသည်။ အိန္ဒိယဇတ်ကားများ သြဇာအတော်လွှမ်းပုံရသည်။ မြန်မာကားတကားတွင် သီချင်းဆယ်ပုဒ်ခန့် ပါတတ်သည်။ ပန်းခြံထဲတွင် မင်းသားနှင့်မင်းသမီး သီချင်းဆိုသည့်အခန်းက ဇာတ်ကားတိုင်း
လိုလိုမှာ ပါတတ်သည်။

ဘဝသရုပ်ဖော်ဇတ်ကားကတော့ရှားသည်။ မည်သို့ဖြစ်စေ စကားပြောကောင်းသော မင်းသားများ၏ ပြောဟန်ဆိုဟန်များကတော့ခေတ်စားသည်။
မြတ်လေး၏လေယူလေသိမ်းအပြည့်နှင့်ပြောဆိုသော ” ဒီမှာပပ စိန်ကိုရွှေနဲ့ ကွပ်တော့ စိန်လက်စွပ် ပတ္တမြားကွပ်တော့ ပတ္တမြားလက်စွပ် နောက်ဆုံးတော့ ရွှေရဲ့တန်ဖိုးဟာပျောက်သွားတယ် ပပ ” ဆိုသည့်စကားပြောများက ပျံ့နှံ့သည်။

သို့သော် ရုပ်ရှင်ရုံကောင်းကောင်းနှင့် နိုင်ငံခြားကားကောင်းကောင်းကြည့်လိုလျှင်တော့ တခါတရံ ရန်ကုန်ရောက်မှ ကြည့်ရတတ်သည်။ ထိုစဉ်က ရန်ကုန်မြို့လယ်ရုပ်ရှင်ရုံများတွင် ဇာတ်ကား ကောင်းလျှင် လူကကြိတ်ကြိတ်တိုးနေသည်။ ငါးမူးတန်း၊ သုံးမတ်တန်း၊ တစ်ကျပ်ခွဲတန်းတို့တွင် လက်မှတ်တခါထဲဝယ်ပြီး ဝင်ရသဖြင့် တန်းစီသူများဖြင့်ကြိတ်ကြိတ်တိုးနေသည်။ ရုပ်ရှင်တခါကြည့်ပြီး အပမ်းဖြေဖို့ ချွေးဒီးဒီးကျ သည်။ တခါတရံ အလှည့်ကျော်ဝင်သည်ဆိုကာ ရန်ဖြစ်ကြ၊ ရိုက်ကြ၊ နှက်ကြနှင့် ပွဲကောင်းသေးသည်။ Stall ဟုခေါ်သော နှစ်ကျပ်ခွဲတန်း နှင့် DC ဟုခေါ်သော သုံးကျပ်ခွဲတန်းကတော့ တန်းစီစရာမလို။ သုံးရက်ခန့်ကြိုတင်လက်မှတ်ဝယ်၍ရသည်။ မိမိတို့လို
နယ်မှသွား၍ အချိန်မရသူများက မှောင်ခိုလက်မှတ်ဝယ်ရသည်။ ရုပ်ရှင်ရုံအောက်ရောက်သည်နှင့် ” စတောရမယ် ဒီစီရမယ် ” ဟုအော်နေသော လက်မှတ်မှောင်ခိုများနှင့်တွေ့ရသည်။ ထိုခေတ်က စိတိအပမ်း ဖြေစရာကြည့်စရာကလည်း နည်းတော့ လူတွေလည်း ဒါပဲတိုးနေရသည်။ ဗိုလ်နေဝင်း၏ ဆိုရှယ်လစ်အသီးအပွင့်များကို ထိုသို့ ခံစားခဲ့ဖူးပါသည်။

အုတ်ဖိုမြို့ မြောက်ဖက်ခြမ်း ယခင်ဆေးရုံဟောင်းနောက်ဖက် ၂ လမ်းအဆုံး တာရိုးမရောက်မီ ကွင်းပြင်တွင် ဆောင်းရောက်သည်နှင့် ဇာတ်ရုံဆောက်သည်။ ဇာတ်များ၊ အငြိမ့်များ အလှည့်ကျ သွင်းသည်။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ မြို့တော်သိန်းအောင် ပန်တျာကြည်လင် စသဖြင့် ဇာတ်ပေါင်းစုံသည်။ ရွှေမန်းတို့ စိန်အောင်မင်းတို့ သဘာရင့်ဇာတ်များမို့ လူကြိုက်များသကဲ့သို့မြို့တော်
သိန်းအောင်ဇာတ်မှာ ဒါရိုက်တာမောင်ယဉ်အောင်၏ပြဇာတ်၊ ပန်တျာကြည်လင် ဇာတ်ဆိုလျှင် ပြဇာတ် မင်းသား လူငယ်ကြည်ခိုင်တို့ ပြဇာတ်များဖြင့် လူကြိုက်များသည်။ ဇာတ်တဇာတ်နှင့်အပြို င်ဖြစ်သည်။ မြို့တော်သိန်းအောင်ဇာတ်ပြဇာတ်များမှာလည်း တံတားချိုးပြ၊ ဘာပြနှင့် ပြဇာတ်တခေတ် အဆန်းထွင်သည်။ လူငယ်ကြည်ခိုင်ကလည်း ဋ္ဌာန်းကရိုင်းကျကျ ဟန်နှင့်မာန်နှင့်ပြောဆို၍ သူ့ပြဇာတ်
ကိုထိမ်းသည်။ ရွှေမန်းတို့ စိန်အောင်မင်းတို့ကလည်း လှပသော အော်ပရာနှစ်ပါးခွင် နောက်ပိုင်းဇာတ် တို့ဖြင့် ထိန်းသည်။

အုတ်ဖိုတွင်ဇာတ်ဝင်ပြီဆိုလျှင် မြို့ပေါ်ကသာမက ကျေးရွာများကလည်း လာကြည့်ပေရာ ညနေစောင်းသည်နှင့် ဇတ်ရုံတဝိုက်တွင်လူစည်ကားသည်။
ဇာတ်ပွဲနှင့်အတူပါသော ခြားရဟတ်များတွင်လည်း လူစည်ကားသည်။ ဇာတ်နှင့်အတူ ပါလာသော ၁၂ ပွဲဈေးသည်များ၏ ဆိုင်ခန်းများလည်းစည်ကားသည်။
ဇာတ်ပွဲရှိလျှင်အတူပါလာသော ကြက်ဥဘဲဥ မုန့်သိုင်းချုံလည်း ရောင်းကောင်းသည်။

ထိုခေတ်ကာလ အငြိမ့်များအကြောင်းပြောဖြစ်လျှင် မန္တလေးသားများကတော့ အိမ်ကြီးခင်ချိုတို့၊ ပန်တျာဌေးဌေးမြင့်တို့အကြောင်းပြောလေ့ရှိကြသည်။ သို့သော် အုတ်ဖိုလို အောက်ပြေအောက်ရွာသို့ မန္တလေးအငြိမ့်များ ရောက်လာသည်ကို မတွေ့ရပေ။ ရန်ကုန်အငြိမ့်များသာ လာကလေ့ရှိသည်။
ထိုအငြိမ့်များထဲက ထိုစဉ်က လူကြိုက်အများဆုံးအငြိမ့်ကတော့ ဆောင်းအငြိမ့်ဖြစ်သည်။ ဆောင်းအငြိမ့်ခေါင်းဆောင်မင်းသမီး ဝင်းဝင်းအေးကိုလူကြိုက်များကြသည်။ ခုခေတ်စကားနှင့်ဆိုလျှင် sexy လိင်ဆွဲဆောင်မှုရှိသော မင်းသမီးဟု ဆိုရမည်။ ဝင်းဝင်းအေး၏အငြိမ့်သီချင်းတပုဒ်တွင်
ခရာတာတာအသံဖြင့် ” မောင် ” ဟုဆိုသော အပိုဒ်လေးပါသည်။ သူမက မောင်ဟုဆိုသည်နှင့် ပွဲခင်းတခုလုံး ” ဗျို ” တို့ ” ဟေ ” တို့ဖြင့် ကာလသားတို့အသံ ဟိန်းဟိန်းညံသည်။

ဤသို့ဖြင့် အငြိမ့်များ ဇာတ်များ မြန်မာသံစဉ်တေးများနှင့် အစဉ်အလာကြီးပြင်းလာသော မြန်မာပြည်တွင် စတီရီယိုတေးများ ဆံပင်ရှည်များ ခေါင်းလောင်းဘောင်ဘီများ စတင် ထိုးဖောက် ဝင်ရောက်စပြုသော အချိန်ကာလ ဖြစ်သည်။ လောက်စပီကာခေါ် အသံချဲ့စက်နေရာတွင် တိပ်ရီကော်ဒါတို့ ကက်ဆက်တို့ ဝင်ရောက်လာသည်။

ခေတ်မီစက်မှုနည်းပညာတိုးတက်ပြောင်းလဲလာမှု ယဉ်ကျေးမှုစဉ်းစားတွေးခေါ်လုပ်ကိုင်မှုများပေါ် ဂယက်ရိုက်မှုများ အရွေ့များနှင့်အတူ ၁၉၇၀ စုနှစ်များကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုရပေမည်။

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )
photo credit Nae Myo Zaw


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments