ခင်စန္ဒာမြင့် ● တက္ကသိုလ်ကျောင်းသား စာမဖတ်ရတော့ဘူးလား

July 13, 2016

ခင်စန္ဒာမြင့် ● တက္ကသိုလ်ကျောင်းသား စာမဖတ်ရတော့ဘူးလား
(Education Digest / မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၆

“ပန်းချီသင်တန်းတက်ချင်ရင် ပန်းချီသင်တဲ့ကျောင်းကိုသွားတက်၊ တက္ကသိုလ်လာမတက်နဲ့။
အပြင်ကဖတ်ထားတဲ့ စာတွေကိုထည့်ဖြေရင် ဂုဏ်ထူးတန်းတက်ခွင့်ရဖို့ မလွယ်ဘူး”။


ဒီစကားတွေကတော့ ရန်ကုန်မြို့ဖန်တီးရာခန်းမမှာ မိုးမခမီဒီယာက ဦးဆောင်ကျင်းပခဲ့တဲ့ “အိုင်တီနည်းပညာခေတ်နှင့် မြန်မာစာရေးဆရာများ၊ Myanmar Writers and IT Age” ဆိုတဲ့ စာပေစကားဝိုင်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦးက မြန်မာစာပေ အနုပညာနဲ့ပတ်သက်ပြီး တက္ကသိုလ်ရဲ့ စာသင်ခန်းတွင်းက သူ့ အတွေအကြုံတွေကို ၀င်ရောက်ဆွေး နွေးသွားတဲ့ စကားတွေထဲက တချို့ပါ။

ဒီကျောင်းသားလေးရဲ့စကားတွေဟာ ယနေ့ကျွန်မတို့နိုင်ငံရဲ့ တက္ကသိုလ်ပညာရေးမှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အခြေအနေတွေပါပဲ။  ကြက်တူရွေးနှုတ်တိုက်ကျက်တဲ့ ပညာရေးစနစ်ပုံစံကို အခြေခံပညာကျောင်းတွေကနေစပြီး တက္က သိုလ်အဆင့်မြင့်ပညာရေးစနစ်အထိ ကျင့်သုံးနေတယ်ဆိုတာဟာ ဒီကျောင်းသားလေးရဲ့ဆွေးနွေးချက်က သက်သေပြနေပါ တော့တယ်။

တကယ်တော့ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ပညာရေးစနစ်ဆိုတာနဲ့ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်ကွာခြားမှုတွေကို နှိုင်း ယှဉ်ပြီး ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် အဝေးကြီးတွေကို လိုက်ကြည့်နေဖို့တောင်မလိုပါဘူး။  ကျွန်မတို့နိုင်ငံထဲမှာ နိုင်ငံတ ကာက လာဖွင့်နေတဲ့ International Schools ဆိုတာတွေနဲ့ အစိုးရအခြေခံပညာကျောင်းတွေကို နှိုင်းယှဉ်လေ့ လာကြည့် မယ်ဆိုရင်တောင် ကွာခြားချက်တွေ၊ ပြုပြင်ပြောင်းလဲရမှာတွေ အများကြီးဆိုတာ အထင်အရှား တွေ့နိုင်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ လာဖွင့်ကြတဲ့ International Schools တွေမှာ သူတို့ကိုယ်ပိုင် စာကြည့်တိုက်တွေ ရှိကြပါတယ်။  သီးသန့်အဆောင်တွေ အခန်းတွေနဲ့ တခမ်းတနားကြီးဖွင့်ထားကြတာမျိုးမဟုတ်ပါဘူး။  သက်ဆိုင်ရာအတန်းအလိုက် စာသင်ခန်းတစ်ခုချင်းစီမှာ ကိုယ်ပိုင်စာကြည့်တိုက်ငယ်ပုံစံမျိုး စာအုပ်စင်လေးတွေ ထားပေးထားကြတာပါ။  အဲ့ဒီစာသင် ခန်းထဲက စာကြည့်တိုက်ငယ်လို ဖန်တီးထားတဲ့ စာအုပ်စင်တွေကို အတန်းပိုင်ဆရာကိုယ်တိုင်က ကြီးကြပ်ပါ တယ်။  ဆရာက သူ့အခန်းထဲကကျောင်းသားတွေရဲ့ စာဖတ်နိုင်မှု စွမ်းရည်ကိုလိုက်ပြီး စာအုပ်စင်နံပါတ်ဘယ်လောက်၊ ဘယ်စာ အုပ်တန်းက စာအုပ်တွေကို ဖတ်သင့်တယ်။ ဘယ်လိုစာပေမျိုးတွေကို ဖတ်သင့်တယ်ဆိုတာကို လမ်းညွှန်ပေးပါ တယ်။ ကျောင်းသားတစ်ယောက် တစ်နေ့ကို စာအုပ်ဘယ်လောက် ဖတ်ရမယ်ဆိုတာကိုလည်း တစ်ပါတည်းပြောလိုက်ပါသေးတယ်။ ကျောင်းသားက သူငှားလာတဲ့ စာအုပ်ကို လွယ်အိတ်ထဲမှာ ဒီတိုင်းထိုးထည့်ထားလို့မရပါဘူး။ သူငှားဖတ်တဲ့ စာအုပ်တွေထဲက အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပြန်လည်ဆွေးနွေးချက် Feedback ကို ရေးရပါတယ်။ နောက်တစ်နေ့ကျောင်းတက်တဲ့ အခါမှာ ငှားသွားတဲ့စာအုပ်နဲ့အတူ ကျောင်းသားကိုယ်တိုင်ရေးထားတဲ့ ဆွေးနွေးချက်တွေကို ဆရာ့ဆီမှာ သွားပြီး အပ်နှံ ရပါတယ်။  ဆရာက ကျောင်းသားတွေရေးလာတဲ့ စာတမ်းတွေကိုဖတ်ပြီး ကလေးရဲ့စာဖတ်စွမ်းရည်ကို အကဲဖြတ် အမှတ် ပေးပါတယ်။ လိုအပ်ရင် မိဘနဲ့ဆွေးနွေးပါတယ်။

ကလေးတွေကို ဖတ်ခိုင်းတဲ့စာအုပ်တွေဟာ ကျောင်းသင်ခန်းစာနဲ့ သက်ဆိုင်နေတဲ့ စာအုပ်တွေပါသလို ရသစာပေ၊ သုတ၊ ကဗျာ၊ အထ္ထုပ္ပတ္တိတွေလည်းပါဝင်ပါတယ်။ သူတို့ဖတ်ထားတဲ့ စာတွေကို အခြေခံပြီး စာမေးပွဲတွေမှာဖြေဆိုရပါတယ်။ သင်ခန်းစာတွေကိုလည်း အမေးအဖြေတွေပေးပြီး ကျက်ခိုင်းတာမျိုးမဟုတ်ပါဘူး။  ဥပမာ- သမိုင်းသင်ခန်းစာတစ်ခု သင်လိုက်တယ်ဆိုရင် အဲ့ဒီသမိုင်းထဲကအကြောင်းအရာတွေကို ကလေးတွေကိုယ်တိုင် Internet (သို့မဟုတ်) စာကြည့် တိုက်ကို အသုံးချ ရှာဖွေဖတ်ရှု Research လုပ်ပြီး စာစဉ်တွေရေးခိုင်းတာပါ။ အဲ့ဒီလို အတန်းတွင်း လုပ်ဆောင်မှုတွေကိုလည်း အတန်းတင်ပေးဖို့အတွက် အမှတ်ပေးတာပါ။ ဒီတော့ ကလေးတစ်ယောက်နဲ့တစ်ယောက် ရှာဖွေဖတ်ရှုလာတာ မတူညီ တာတွေကို စာသင်ခန်းထဲမှာ ဆရာနဲ့အတူ အပြန်အလှန်ဆွေးနွေးကြတာပါ။ ဒါဟာ ကျွန်မတို့နိုင်ငံအတွင်းမှာ ရှိနေတဲ့ နိုင်ငံတကာကလာဖွင့်တဲ့ အခြေခံပညာကျောင်းတွေမှာ မူလတန်း၊ အလယ်တန်းကလေးတွေရဲ့ စာဖတ်စွမ်းရည်ကို စာသင် ခန်းတွေကနေစပြီး မြှင့်တင်ပေးတဲ့ ပုံစံပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကျောင်းသားရဲ့ ပြန်လည်ဆွေးနွေးမှုဆိုတာနဲ့အတူ တပါတည်း တွဲပါလာတာကတော့ လွတ်လပ်စွာ တွေးခေါ်စဉ်းစားမှုကို အားပေးခြင်းပါ။  ဆရာနဲ့ တခြား ကျောင်းသားများနဲ့ မတူကွဲပြားတဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ တင်ပြခွင့်၊ ဆွေးနွေးခွင့်တွေ ပေးခြင်း၊ တစ်နည်းအားဖြင့် ဆရာဗဟိုပြုကနေ ကျောင်းသား ဗဟိုပြုကို ပြောင်းလဲခြင်း၊ ဗဟိုချုပ်ကိုင်မှု စာသင်ခန်း အာဏာရှင်စနစ်ကို ပယ်ဖျက်ခြင်း၊ ကျောင်းသားရဲ့ မိမိယုံကြည်ရာ၊ ထင်မြင်ရာကို မကြောက်မရွံ ထုတ်ဖော်လိုစိတ်ကို မြေတောင်မြှောက်ပေးခြင်းတွေပါ။

၁၉၉၀ ခုနှစ်များက ဆရာမောင်သစ်ဆင်းရဲ့ နာမည်ကျော် သင့်ဘဝ မဂ္ဂဇင်းဆောင်းပါး “ကြောက်စိတ်” ပါ ဇာတ်လမ်းဟာ မျက်မှောက်စာသင်ခန်းတွေမှာ ဘယ်အတိုင်းအတာအထိ ပပျောက်နေပါပြီလဲ။  စံကျောင်းဆရာတော်နဲ့ မင်းတုန်းမင်း ဖြစ်လာမယ့် မောင်လွင်တို့ရဲ့ အင်းသားကြီးငကြူး ငါးခြောက်ပြား ရာဇဝင်အပေါ် ကျောင်းသားဘက်က တင်ပြတဲ့ ဆရာနဲ့ မတူညီတဲ့ အမြင်ဟာ နောက်ဆုံးမှာ ကြိမ်လုံးနဲ့ မိတ်ဆက်ခံရခြင်း၊ ကျောင်းသား ကျောင်းထွက်ရခြင်းနဲ့ ဝမ်းနည်းဖွယ် အဆုံးသတ်ခဲ့ပါတယ်။  ဒီ “အမိန့်နာခံခြင်း”၊ “ကြောက်စိတ်” သွတ်သွင်းခြင်း ကြိမ်လုံး အခြေခံ ဆရာဗဟိုပြု အာဏာရှင် စာသင်ခန်းစနစ်ဟာ ယခုအချိန်မှာ ကြိမ်လုံး အလွန်အကျွံ မသုံးတော့ဘူး ဆိုရင်တောင်မှာ အနှစ်သဘောဖြစ်တဲ့ ကျောင်းသားများ လွတ်လပ်စွာ အမြင် ဖော်ထုတ်ခွင့်၊ ဖလှယ်ခွင့်ဟာ အစိုးရကျောင်းပညာရေးစနစ်နဲ့ စာသင်ခန်းတွေမှာ မတွင်ကျယ်သေးပါဘူး။

နောက်တစ်ချက်ကတော့ ပြင်ပ ရသနဲ့ ဗဟုသုတ စာဖတ်ခြင်းဓလေ့ ပြုစုပျိုးထောင်းခြင်းရဲ့ လူ့အဖွဲ့အစည်းပေါ် အကျိုးကျေး ဇူးသက်ရောက်မှုပါ။  ပညာတတ်တာနဲ့ ပညာရှိတာမတူညီသလို၊ စာသင်ယူတာနဲ့ စာဖတ်တာဟာလည်း ကွာခြားပါတယ်။  သင်ယူတယ်ဆိုတာဟာ အဆင်သင့်ပြဋ္ဌန်းပြီးသား အကြောင်းအရာတစ်ခုကို သင်ယူလိုက်တာပါ။  စာဖတ်ခြင်းဆိုတာကတော့ ကိုယ်ရွေးချယ်ဖတ်ရှုလိုက်တဲ့ စာပေ၊ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကို မှတ်သားခြင်း၊ ဆင့်ပွားတွေးခေါ်ခြင်း၊ နှိုင်းယှဉ်စဉ်းစားခြင်းဆိုတာတွေပါ အားလုံးပါဝင်ပါတယ်။

ဥပမာ- ကျောင်းသားတစ်ယောက် သူဖတ်ရှုလိုက်တဲ့ ရသစာပေတစ်အုပ်ကနေ ကိုယ်ချင်းစာတတ်ခြင်း၊ ရိုင်းပင်းကူညီတတ် ခြင်း၊ လူနှင့်လူချင်းထားရမယ့် ချစ်ခြင်းမေတ္တာစတာတွေအပြင်၊ မာန်မာနထောင်လွှားခြင်း၊ ဒေါသကြီးခြင်း၊ လောဘကြီးခြင်းစတာတွေကြောင့်ရလာမယ့် ဆိုးကျိုးတွေ၊ ဒါတွေကို ဆရာ ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေအကြား အပြန်အလှန်ဆွေး နွေးပေးခြင်းက ပြည်သူ့နီတိတွေ၊ ဘ၀အတွက်တာဆိုတာတွေကို အလွတ်ကျက်ဖို့ သင်ပေးတာထက် ကလေးတွေရဲ့ဦးနှောက် ထဲမှာ ပိုပြီး စွဲလမ်းမှတ်မိစေပါတယ်။ လက်တွေ့ဘ၀မှာလည်း ပိုပြီးအသုံးချတတ်လာမှာဖြစ်ပါတယ်။

ဒါကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ဆင့်မှာ ကျောင်းသားလူငယ်တွေနဲ့ သင့်တော်တဲ့၊ ဖတ်ရှုသင့်တဲ့ ရသစာပေတွေ၊ ပုံပြင်တွေ၊ ရုပ်ပြစာအုပ်တွေကို ကျောင်းတွေမှာဖတ်ရှုနိုင်အောင် ဆရာဆရာမတွေကဦးဆောင်ပြီး မိဘတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။  အထူးသဖြင့်တော့ ရသစာပေတွေဖြစ်ပါတယ်။ ရသစာပေတွေကသာ ဘာသာအယူအဆ၊ အသားအရောင်၊ လူမျိုးရေး စတာတွေကြောင့် ယနေ့လူသားတွေကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ငြိမ်းအေးစေမှာပါ။ ဒါကြောင့် မူလတန်းအရွယ်ကစပြီး ကျောင်းသားလူငယ်တွေနဲ့ ရသစာပေတွေကို ရင်းနှီးကျွမ်းဝင်စေ သင့်ပါတယ်။

အခုတလော သတင်းမီဒီယာတွေကို ဖတ်ကြည့်ကြသူတိုင်း မုဒိမ်းမှု၊ လူသတ်မှု၊ ဓားထိုးမှု စတာတွေ တစ်နေ့တစ်ခြား ပိုမိုများပြားလာတယ်ဆိုတာကို သတိထားမိကြမှာပါ။  ဒါဟာ ဘာကိုဖော်ပြသလဲဆိုရင် ရသစာပေဖတ်မှုနှုန်း မရှိသလောက်ကျဆင်းလာတယ်ဆိုတာပါပဲ။  မိုးမခစာပေစကားဝိုင်းမှာ စာရေးဆရာမ မသီတာ (စမ်းချောင်း) ဆွေးနွေးခဲ့တဲ့ စကားနဲ့ ဆိုရရင် “ကျွန်မတို့နိုင်ငံက လူတွေအများစုဟာ စားဝတ်နေရေးဆိုတဲ့ အခက်အခဲကိုဖြေရှင်းနေရတာတွေများလွန်းတော့ ဦးနှောက်တွေက Lock ကျသွားပြီး နှလုံးသားတွေက ကြမ်းတမ်းသွားကြလို့”  ဆိုရမလိုပါပဲ။  ရသစာပေကပေးတဲ့ အသိအမြင်တွေနည်းပါးလာမှုဟာ လူတစ်ယောက်ရဲ့ စိတ်နှလုံးကို ကြမ်းတမ်းလာစေသလို၊ မကောင်းမှုတွေကို ကျူးလွန်ဖို့ဆိုတာလည်း လက်မရွံ့ကြတော့ဘူးလို့ ယူဆနိုင်ပါတယ်။

မြန်မာစာပေ၊ ပညာရေး စနစ်နှင့် စာကြည့်တိုက်စနစ်တို့ အကြောင်းဆွေးနွေးခဲ့ကြည်သည့် မိုးမခ စာပေစကားဝိုင်း (ဇူလိုင် ၄၊ ၂၀၁၆ (ဖန်တီးရာ ခန်းမ) /ဓာတ်ပုံ – မိုးမခ)


တဖက်မှာလည်း အမှတ်စနစ်ကိုအခြေထားတဲ့ စာမေးပွဲပုံစံတွေကြောင့် သင်ရိုးထဲကစာတွေကိုမှ အလွတ်မကျက်ရင်၊ အဲ့ဒီစာတွေအတိုင်း မဖြေရင် အမှတ်ပြည့်မရနိုင်ဘူးဆိုတဲ့ အသိကို အခြေခံပညာရေးမှသည် အဆင့်မြင့်ပညာရေးအထိ ရိုက်သွင်းထားခဲ့လေတော့ သင်ရိုးဖတ်စာအုပ်ထဲက စာကလွဲ၍ ကျန်တဲ့စာတွေကို စာလို့ကိုမထင်တော့တာတွေဖြစ်လာရတာပါပဲ။  ကျောင်းသားတစ်ယောက် ကျောင်းစာမဟုတ်တဲ့ အပြင်စာတစ်ခုခုဖတ်ပြီဆိုလျှင်ပဲ လူကြီးတွေ၊ ဆရာ ဆရာမတွေရဲ့ စိတ်ထဲမှာ ဒီကျောင်းသားကို စာမကြိုးစားသူ၊ စာထဲစိတ်ဝင်စားမှုမရှိသူ တစ်ယောက်အဖြစ် ပုံဖော်လိုက်ကြတာပါပဲ။

နိုင်ငံတကာရဲ့ အခြေခံ၊ အဆင့်မြင့်ပညာရေးစနစ်တွေမှာ စာကြည့်တိုက်တွေကအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေသလို၊ ဂီတ၊ ပန်းချီအနုပညာ၊ အားကစားဆိုတာတွေရဲ့ အရေးပါမှုဟာလည်း နောက်ကျကျန်မနေခဲ့ပါဘူး။  အခြေခံပညာကျောင်း သားတွေ၊ တက္ကသိုလ်ကျောင်းသားတွေထဲကပဲ စာပေ၊ ဂီတ၊ အနုပညာနဲ့ အားကစားကျွမ်းကျင်သူတွေပေါ်ထွက်လာကြတာပါ။  ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာတော့ အပြင်ဗဟုသုတနဲ့ စာပေလေ့လာလိုက်စားလိုစိတ်ရှိတဲ့ ကျောင်းသားလူငယ်တွေကို အားပေးမြေတောင်မြှောက် ပေးဖို့ဝေးစွ ကျောင်းပြင်ပရောက်အောင်တွန်းပို့နေကြတာကိုသာ တွေ့နေရတာကတော့ ၀မ်းနည်းစရာကောင်းလှပါတယ်။

သင်ရိုးတွေပြောင်းလိုက်ရုံနဲ့ ပညာရေးစနစ်ကြီး မပြောင်းလဲနိုင်ပါဘူး။ ပြဋ္ဌာန်းစာအုပ်တွေမှာပါတာတွေကို အလွတ်ကျက်မှတ်ဖြေခိုင်း တာဟာ ပညာတတ်တွေကို မွေးထုတ်ပေးတာမဟုတ်ပါဘူး။  အာဂုံဆောင်ထားတဲ့ အဖြေတွေကို စာရွက်ပေါ်ချရေးနိုင်ရုံနဲ့ ဂုဏ်ထူးတန်းကျောင်းသားမဖြစ်သင့်ပါဘူး။  တကယ်တတ်သိတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ တွေးခေါ်မြော်မြင်တတ်သူတွေ နိုင်ငံမှာပေါ်ထွန်းလာဖို့ဆိုတာမှာ ပြဋ္ဌာန်းစာအုပ်ပြင်ပက စာတွေ၊ လှုပ်ရှားမှုတွေ၊ ထိတွေ့မှုတွေ၊ ဖန်တီးမှုတွေ လိုပါတယ်။

နိဂုံးချုပ်ရရင် ကလေးသူငယ်၊ ကျောင်းသားလူငယ်တွေရဲ့ စာဖတ်စွမ်းရည်နဲ့ နဂိုရှိပြီးသား စာဖတ်လိုစိတ်တွေ ပိုမိုတိုးတက်လာအောင် အားပေးဖို့လိုနေပါတယ်။  ဒီလိုအားပေးဖို့ဆိုတာဟာလည်း အခြေခံ၊ အဆင့်မြင့် ဆရာ ဆရာမတွေရော၊ မိဘတွေရဲ့ ခံယူချက်ပိုင်းတွေမှာပြောင်းလဲဖို့လိုအပ်သလို၊ သက်ဆိုင်ရာ အုပ်ချုပ်သူအဖွဲ့အစည်းအဆင့်ဆင့်ကလည်း စနစ်တကျ ၀ိုင်းဝန်းပြုစုပျိုးထောင်ပေးမှုတွေကို ပြုလုပ်သင့်ကြောင်း ရေးသားလိုက်ရပါတယ်။

ခင်စန္ဒာမြင့်
ဇူလိုင် ၀၇၊ ၂၀၁၆

(Education Digest (ပညာပဒေသာ) အပတ်စဉ်ထုတ် ဂျာနယ် အတွဲ (၅)၊ အမှတ် (၂၇) တွင် မူလ ပုံနှိပ်ခဲ့ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်