ခင်​​ဇော်​မိုး – ရတနာနှင့် မခြားသည့်

July 15, 2016

 

ခင်ဇော်မိုး – ရတနာနှင့် မခြားသည့်
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၆

အဆက်မပြတ်ကျနေသည့် မိုးဖွဲလေးအောက်မှာ ကျွန်မခန္ဓာကိုယ်က ရွှဲရွှဲစိုနစ်နေပြီ။ ချောင်းရေတွေလည်း တဖြည်းဖြည်းနောက်ကျိပြီး ရေတိုးလာသည်။ လေက ဝေ့ယမ်းတိုက်ခိုက်နေသည်မို့ မြင်မြင်ရသမျှ ပတ်ဝန်းကျင်ဟာ မှုန်ဝါးလျက်။ ရိုးရေ၊ မြောင်းရေ၊ လယ်ရေတွေပါ ချောင်းအတွင်းကို ပေါင်းဆုံစီးဆင်းမှုကြောင့် မိုးရာသီဆိုရင် ချောင်းရေကြီးစမြဲ။ အထက်မှတည်ထားသောဆည်ကလည်း မိုးရာသီဆိုလျှင် ရေမနိုင်၍ ဆည်ရေကို နေ့စဉ်ပုံမှန်လွှတ်ပေးသည်သာ။ တခါတလေ မိုးအားကြီးစွာရွာသည့်အခါ ဆည်ကျိုးနိုင်သဖြင့် ချောင်းကမ်းပြည့်တဲ့အထိ ရေလွှတ်တတ်သည်။

ရက်ရှည်မိုးစွေနေသောကြောင့် ချောင်းရေ တိုးသထက်တိုးလာသည်။ နေမင်းကြီးခမျာ မိုးသားထု ညိုအိအိကြီးအောက်မှာ ပျောက်ကွယ်လျက်။ ရာသီဥတုဟာ ဆိုးသထက် ဆိုးလာသည်။ ရေလှိုင်း ကြီးတွေက မြည်တွန်ပြီး ပြေးလာကြသည်။ လှိုင်းလုံးကြီးများက မာန်ဖီပြီး အချင်းချင်းပုတ်ခတ်နေသည်။ ဆူးလုံးကြီးတွေ ၊ ထင်းတွေ ၊ သစ်ပင်ကြီးတွေနှင့် ထန်းပင် စသည်တို့သည် ရေပြင်လှိုင်း လုံးများကြားတွင် ကစဥ့်ကလျား မျောပါနေကြသည်။ တဝေါဝေါမြည်တွန်နေသည့် ချောင်းရေတို့က သွေးဆာနေသော သားရဲတကောင်နှယ် ကြောက်မက်ဖွယ်အတိ။

တဖက်ကမ်းပါးယံဆီ လှမ်းမျှော်ကြည့်မိသောအခါ ကြီးမားသည့်သရက်ပင်ကြီးသည် ကမ်းပါးယံမှ တွဲလှောင်းကျလျက်။ တိုက်စားပုတ်ခတ်နေသည့် ရေလှိုင်းများကြောင့် အပွေးတို့ပွန်းပဲ့နေပြီ။ သစ်ရွက်များက ရေလှိုင်း ရိုက်ချက်တိုင်းမှာ လွင့်စင်မျောပါဆဲ။ မြင်ကွင်းဟာ သားသတ်နေသည့်အထာ မျိုး။ သရက်ပင်ကြီးသည် သူနေထိုင်ကျင်လည်ရာ နေရာလေးကို စွမ်းသမျှအားနဲ့ဖက်တွယ်နေရှာ သည်။ ကုပ်တွယ်ထားသော သရက်မြစ်လက်တက်များကို ရေလှိုင်းကြီးများက အားကုန်ရိုက်ချနေ သည်။ ဆူးလုံးနှင့်ထင်းတချို့သည် သရက်ပင်ကြီးကို တွဲချိတ်ကာ ချောင်းကြီးထဲသို့ ဆွဲနှစ်ချနေ သည်။ ရေစီးအားနှင့်အတူပူးပေါင်းကာဆွဲနှစ်သည့်အခါ သရက်ပင်ကြီးခမျာ နောက်ဆုံး “အားမသန် မာန်လျှော့” ရှာရသည်။ သူနေခဲ့ရာရပ်ဝန်းကို ရေလှိုင်းတွေကြားမှ ရီဝေစွာကြည့်ရင်း လိုက်ပါသွားတော့သည်။

တဖျောက်ဖျောက်ကျနေသည့် မိုးရေတွေနှင့်အတူ ကျွန်မမျက်ဝန်းမှ မျက်ရည်စများသည်လည်း ချောင်းကြီး အတွင်းသို့ လိမ့်ဆင်းနေကြသည်။ ခေါင်းကိုငုံကာ လက်နှစ်ဖက်ဖြင့် ကလးတယောက် မျက်ရည်တွေသုတ်သလို ပွတ်သပ်သုတ်လိုက်သည်။

ဟိုဘက်ကမ်းပါး၊ ဒီဘက်ကမ်းပါး ကူးဖြတ်သည့်လမ်းဆီကို ကျွန်မအကြည့်တွေ နေရာချပေးလိုက်မိသည်။ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကျွန်မရင်ဟာ စက်အင်ဂျင်တလုံး အားမနိုင်လို့ ကြွသွား သည့်နှယ်။ ထီးကိုယ်စီဖြင့် ကျွန်မတည်ရှိရာ ကမ်းပါးဘက်သို့ ငေးကြည့်နေကြသည်။ အဖြူအစိမ်း ယူနီဖောင်းလေးတွေက တ၀က်တပျက် မိုးစိုနေပြီ။ ဘာလို့များ မိုးတွေတဖွဲဖွဲကျနေပြီး နေမင်းကြီးအိပ်စက်နေတဲ့ရက်မှာ ဘာလို့များ သူတို့တတွေ အိမ်ကထွက်လာခဲ့ကြသလဲ။ ဟို(၂) မိုင်ခရီးလောက်က လာခဲ့ကြတဲ့သူတို့တတွေက အိမ်ကိုမပြန်လိုကြ။ စာသင်ကျောင်းကြီးတည်ရှိရာ ဒီဘက်ကမ်းပါးကို ငေးကြည့်နေကြသည်။

တဖွဲဖွဲကျနေသည့်မိုးသည် တဖြည်းဖြည်းတိတ်သွားသည်။ သို့သော် ချောင်းရေသည်ကား မလျော့။ မိုးတိတ်သည့် ကောင်းကင်ကြီးက ကလေးများတဖက်ကမ်းသို့ကူးရန် မြူဆွယ်လိုက်သလို။ ကျွန်မ မကျေနပ်စွာ မော့ကြည့်မိသည်။ ပကတိငြိမ်နေတာဆိုပေမယ့် ကျွန်မအမြင်မှာ ကောင်းကင်ကြီးက သရော်ပြုံး ပြုံးကာလှုပ်လှုပ်ရွရွဖြစ်နေသည်ထင့်။ သေချာကြည့်မိတော့ မဟုတ်။ ကောင်းကင်က တိမ်ထုကြီးထဲမှာ ချောင်းရေတွေ တဟားဟားရယ်နေကြသည့်အရိပ်တွေ။ ပြိုကျနေသည့် တိမ်သားစလေးတွေကို မာယာတွေလူးထားသည့်လက်ကြီးများနှင့် ဆွဲတန့်ထားသည်။
ကလေးတွေဆီကို အပြေးအလွှားကြည့်မိသည်။ ကျွန်မ နာနာကျင်ကျင် ခေါင်းကိုဖြည်းညင်းစွာ ရမ်း လိုက်မိသည်။

အအေးလွန်ပြီး ကုပ်ကပ်တွနေသည့် ကျွန်မလက်တွေကို ဟန့်တားဖို့အတွက် ကြိုးစားဆန့်ထုတ်သည်။ မရ အချည်းနှီးသာ။ “မကူးခဲ့ပါနဲ့”လို့ အားကုန်အော်လိုက်သည်။ သူတို့တတွေ မကြားကြ။ ကျွန်မကိုယ်က အညှာခိုင်သည့် သစ်ရွက်နုနုလေးတွေတောင် ကြွေကျသွာသည်။ ချောင်းရေတွေက ကျွန်မကိုကြည့်ပြီး ဟားတိုက်ရယ်နေကြသည်။

(၁၅)နှစ်အရွယ်ကလေးတစ်ယောက်က အဖြူရောင်စတစ်ကော်လံနှင့် အင်္ကျီလေးကိုဦးစွာချွတ်လိုက်သည်။ ပြီးတော့ ကျောင်းစိမ်းပုဆိုးကိုပါချွတ်ပြီး ကျွတ်ကျွတ်အိပ်ထဲမှာစုထည့်သည်။ အစက လှိုင်းထန်နေသည့်ချောင်းရေပြင်သည် ကြွက်ခုတ်တော့မည့် ကြောင်တကောင်လို ငြိမ်ချက်သားကောင်းလှသည်။ အားလုံးအမြင်မှာ ချောင်းရေဟာ နိမ့်လျော့သွားပြီဟု ထင်မှတ်ရသည်။ ကလေး ငယ်က ရူးမိုက်စွာ ချောင်းတွင်းသို့ ဦးစွာဆင်းသည်။ ကလေးငယ်သည် ရေကူးကျွမ်းကျင်စွာ ချောင်းကိုဖြတ်နေသည်။ ကလေးချောင်းလယ်အရောက်မှာ ကံဆိုးစွာ အထက်မှဆည်ရေတွေ ကျလာသည်။ ကြီးမားသည့်လှိုင်းလုံးကြီးများက အညှိုးတကြီးထိုးနှက်ဖို့ အားစိုက်ပြေးလာနေသလို။ ကလေးငယ်လည်း ကြိုးစားပြီးကမ်းဆီအပြေးကူးခတ်လျက်။ ကမ်းရောက်ဖို့ (၅)ပေအလိုလောက်မှာ လှိုင်းလုံးကြီးများက ရက်စက်စွာ ပစ်တိုက် ဖုံးအုပ်သွားသည်။

ကျန်ရစ်ခဲ့သည့် ကမ်းမှကလေးများက အံ့အားသင့်စွာ မယုံကြည်နိုင်စွာ သူတို့နှုတ်ခမ်းလေးတွေကို လက်ဝါးလေးဖြင့် ကာလိုက်မိလျက်။ အမည်တခုကို ကလေးငယ်တွေ အော်ခေါ်နေသည်။ မည်သူ မှ ပြန်လည်မထူး။ လှိုင်းများကြားတွင် ကလေးငယ်၏ အရိပ်အရောင်မျှမတွေ့။ လှိုင်းလုံးကြီးများက အောင်နိုင်သူများလက်ဝါးချင်းရိုက်လိုက်ကြသည့်နှယ် မြည်ဟီးနေသည်။ ခဏအကြာမှာ လူကြီး များ ရောက်လာပြီး ချောင်းရေထဲတွင် ပြေးလွှားကူးခတ်ကြသည်။ အဝေးကြီးထိ ရေလှိုင်းတွေနဲ့ အတူလိုက်ပါသွားကြသည်။ နောက်ဆုံးချောင်းစပ်မှာ ပြန်လည်ရောက်ရှိလာသည်။ လူတယောက်က ဒေါသတွေနှင့် ချောင်းကမ်းပါးယံကို လက်သီးဆုပ်များ ပစ်ကြဲနေသည်သာ။

အဲ့ဒီအဖြစ်အပျက်များစွာကို နာကျည်းမုန်းတီးလွန်းလို့ ကျွန်မကောင်းကင်ကြီးမှာပဲ အကြည့်တွေအခြေချနေခဲ့တော့သည်။ တိမ်မျှင်တန်းလေးတွေကို ခပ်ကျဲကျဲစုတ်ချက်ဆွဲထားသည့် နောက်ခံကောင်းကင်ကြီးနှင့် လှပသောပန်းချီကားသဖွယ်ဖြစ်နေသည်ကိုလည်း တစ်ခါတလေတွေ့မြင်ရသည်။ ပြီးတော့ မိုးသားတိမ်ထုကြီး ပြိုကျနေသည့်မြင်ကွင်းကိုလည်း မြင်ရသည်။ ပြီးတော့ ဆောင်းနှင်းများ ကြွေကျလာသည့်မြင်ကွင်းကိုလည်း မြင်ရသည်။

နာရီပေါင်းများစွာ ဘယ်လောက် သေကြေပျက်စီးသွားသည်မသိ။ ဆူဆူညံညံလူသံများ၊ အော်သံ ညာသံများ ချောင်းအတွင်းဆီမှတဆင့် ကျွန်မထံပြန့်လွင့်လာမှ ကျွန်မပတ်ဝန်းကျင်ကို သတိရမိ သည်။ အဲ့ဒီရပ်ဝန်းဆီကို ကျွန်မမျက်လုံးတွေ ခရီးမသွားဖြစ်တာ ရာသီပေါင်းများစွာလည်ပတ်ခဲ့ ပြီးပြီ။ အကြည့်တွေကိုတားဆီးကြည့်နေချိန်မှာ စိတ်ဟာ လွတ်ချော်ထွက်ခဲ့။ စိုးထိတ်စွာနှင့် အသံတွေကျက်စားရာဆီသို့ ကြည့်မိသည်။

“အို!!!!…..”
ကျွန်မအံ့သြစွာ ရေရွတ်မိသည်။ ရေအနည်းငယ်သာ ကွေ့ပတ်စီးဆင်းနေသည့် ချောင်းအတွင်းမှာ လူပေါင်းများစွာ အလုပ်လုပ်နေကြသည်။ တ၀က်ထိပြီးစီးနေပြီဖြစ်တဲ့ ခိုင်ခန့်သော တံတားကြီး တစင်းဟာ ဟိုဘက်ကမ်းပါးယံမှ ချီတက်လာနေပြီ။ မျှော်လင့်မထားမိသည့် မြင်ကွင်းကြောင့် လေ မတိုးပေမယ့် ကျွန်မကိုယ်ကသစ်ရွက်လေးတွေက ကြက်သီးများထကာ တဖျန်းဖျန်းလှုပ်တွန့် သွားသည်။ မိုးမကျပေမယ့် သိုလှောင်ထားသည့်မိုးရေတွေက အပျော်တွေကြောင့် လွင့်စင်ကျနေသည်။

နွေပူပူမှာ ငတ်မွတ်နေသည့် အေးမြတဲ့မိုးစက်လေးတွေရလို့ ကျွန်မကိုယ်ထည်အောက်က မြက်ပင်လေးတွေက ကျွန်မမော့ကြည့်ပြီး ပြုံးလို့။ လိုအပ်တပ်မက်စွာ မျှော်လင့်ဖူးသည့်တံတားကြီးတစင်း က ကျွန်မရှိရာကမ်းပါးဆီ ဦးတည်ရှေ့ရှူနေတာမြင်ပြီး ကျွန်မက ပြုံးလို့။ လုပ်အားပေးနေသည့် ကျေးရွာများစွာက လူတွေအားလုံးကလည်း ပီတိတွေနှင့်ပြုံးပျော်လို့။ အားလုံးရဲ့အပြုံးတွေဟာ နွေဦးက သစ်ရွက်နုပုရစ်ဖူးတွေလို ရွှန်းရွှန်းနုဝေလို့။ ဒီအပြုံးတွေ မိုနာလီဇာများမြင်ခဲ့ရင် ငိုမယ်ထင်ပါရဲ့။

မကြည့်ဖြစ်တာကြာပြီဖြစ်သည့် ဒီနေ့နေ၀င်ဆည်းဆာက ရွှေပိုးမျဉ်တွေနှင့် ထိုးထားသည့် အလှဆုံး ဇာပုဝါသားလို။ တဖြည်းဖြည်းအရောင်တွေရင့် ရင့်လာသည့်အမှောင်စတွေကြားမှ လမင်းကြီးက တိုးထွက်နေသည်။ တံတားဆောက်သည့် ဟိုဘက်ကမ်းပါးယံမှ လွင့်ပျံလာသည့်အသံတွေကြောင့် တံတားဖြစ်တည်လာသောအကြောင်းရင်းများစွာကို ကျွန်မသိခဲ့ရသည်။

ဆရာတော် အရှင်ဝေပုလ္လမှ တံတားဖြစ်တည်ဖို့ စီမံဦးဆောင်ခဲ့သည်။ ထူးမြတ်သည့်အလှူ ဒါနတခုကို ဖွင့်လှစ်ကာ ဆံပင်များကိုအလှူခံခဲ့သည်။ မြန်မာနိုင်ငံအနယ်နယ်အရပ်မှ အမျိုးသမီးများ သည် သူတို့၏ဆံပင်များကို စိတ်အားထက်သန်စွာလှူဒါန်းခြင်းကြောင့်တမျိုး၊ ဆရာတော်ဘုရား၏ ဘုန်းတန်ခိုးကြောင့်တသွယ် တံတားကြီးတည်ဆောက်နိုင်ခဲ့သည်။ ရည်သန်ဦးတည်မှုကောင်းမွန်လှသော ဆရာဘုရား၏ လားရာစိတ်ပန္နက်ကောင်းမွန်လှသောကြောင့် ဒေသခံအားလုံးသည် ဆရာတော်ဘုရားခြေဆုံတွင် ဖူးမျှော်ခိုလှုံကြသည်။

အပြုံးတွေ ဝေေ၀ဆာလို့ ပီတိတွေက လူတိုင်းရင်မှာ ပန်းများသဖွယ် ပွင့်လန်းနေသည်။ လှပခန့် ညားသည့် တံတားကြီးက ကျစ်လစ်တောင့်တင်းသည့် အပျိုစင်တဦးလို။ ဒီနှစ်မိုးရာသီ တချို့ရက်များတွင် နေမသာနိုင်ပေမယ့် အပြုံးတွေ သာယာလှပကြသည်။

တံတားကြီးကို အမှီသဟဲပြုကာ ဒေသခံတွေသည် မြို့ပြဆီသို့ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အမြန်ခရီးနှင်နိုင်ပြ်ီ။ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်တွေ တံတားပေါ်မှသက်တောင့်သက်သာ ဖြတ်လျှောက်ပြီး ကျောင်းပျက်ရက်မရှိ တက်နိုင်ပြီ။ ရေကြီးနေချိန် အရေးပေါ်ကျန်းမာရေးချို့တဲ့နေသူများ မသေဆုံးသင့်ဘဲဆုံးရှုံးခဲ့ရခြင်းများမှ ဒေသခံရွာသူ ရွာသားတွေလွတ်မြောက်ခဲ့ပြီ။

အလောင်းတော်ကဿပ ဖူးမျှော်ရန်သွားလာကြသည့် ဘုရားဖူးများတွက် လမ်းပန်းဆက်သွယ်မှုက ကောင်းမွန်ခဲ့ပြီ။ ဆရာတော်ဘုရားသည် ယမားချောင်းတံတားကြီးအပြင် ယင်းမာပင်မြို့မှ လယ်ငေါက်ရွာ အလောင်းတော်ကဿပလမ်းခွဲသို့ ဦးတည်ရာလမ်းမကြီးကိုလည်း ကတ္တရာခင်းတမျိုး၊ ကွန်ကရစ်ခင်းတမျိုးဖြင့် ကောင်းမွန်သည့်လမ်းအသွင်သို့ပြုပြင်ကာ တံတားတိုများကိုလည်း ပြုလုပ်ခဲ့သည်။

အခုဆို ဆရာတော်ဘုရား၏မေတ္တာကြောင့် ဒေသခံများ၏စိတ်သည် အေးချမ်းမှုများစွာရခဲ့ပြီ။ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရသည့် ရင်နင့်ဖွယ်အဖြစ်များမှလွတ်မြောက်ခဲ့ကြပြီ။ ရွှေဆံပင်တံတားကြီး သည် ဒေသခံပြည်သူများတွက် ရတနာနှင့်မခြားသည့် စစ်မှန်သော ရွှေဆံပင်တံတားကြီးဖြစ်သည်သာ။

တံတားပေါ်မှ လေညင်းခံနေသောလူများကိုကြည့်ရင်း ကျွန်မရင်မှာ အေးချမ်းရသည်။ ဆရာတော်ဘုရားသတင်းသုံးနေထိုင်ရာသို့ ရည်သန်ရင်း ကျွန်မကိုယ်ထည်က သစ်ရွက်များဖြင့် လက်အုပ်ချီကာ ကန်တော့လိုက်ပါတော့သည်။

photo credit – https://defectivepundit.files.wordpress.com/2015/01/after-turners-tree-in-a-storm.jpg

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်