လှကျော်ဇော – ဝ တောင်တန်းက လွမ်းပန်းချီ (၁) (ပြည်တွင်းစစ်အတွင်းက မမေ့နိုင်တဲ့ ပုံရိပ်လွှာ)

July 16, 2016

လှကျော်ဇော – ဝ တောင်တန်းက လွမ်းပန်းချီ (၁)
(ပြည်တွင်းစစ်အတွင်းက မမေ့နိုင်တဲ့ ပုံရိပ်လွှာ)
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၆

ဒေါ်မာရွယ်(ရဲဘော်နော်ဆိုင်းဇနီး-အရှေ့မြောက်စစ်ဒေသ-အမျိုးသမီးတပ်ခွဲ-တပ်ခွဲမှုး)
ဒေါ်မာဂရက်(မျက်မှန်နဲ့)-အရှေ့မြောက်စစ်ဒေသဆေးရုံဒုဆေးရုံအုပ်

အခုတလော ရခိုင်ဒေသတွင်းပြန်လည်ပေါ်ထွက်လာတဲ့ စစ်ပွဲများနဲ့အတူ ကျွဲကူးရေပါပြဿနာ ဖြစ်တဲ့ ပေါ်တာပြဿနာ … ဆိုတာလည်း ပြန်ကြားလာရပါတယ်။ ဗမာစစ်တပ်ကတော့ ပေါ်တာဆိုတဲ့စကား ကြားလိုက်ရင်ကို ဆတ်ဆတ်ခါ နာသွားပုံရပါတယ်။ ပြည်သူတွေက ပေါ်တာပြဿနာကြောင့် သူတို့ကို ကန့်ကွက်ဆန့်ကျင်လာကြလို့ နာကြတာပါ။

ပေါ်တာဆွဲတာနဲ့အတူ ပေါ်တာတွေကို သတ်ပစ်တာ၊ နှိပ်စက်တာ၊ ပေါ်တာဆွဲတာ အမျိုးသမီးတွေပါ ဆွဲပြီး ဝိုင်းဝန်း မုဒိမ်းကျင့်တာ၊ ပေါ်တာတွေကို ရှေ့ဆုံးကထားပြီး မိုင်းရှင်းကိရိယာလို အသုံးချနေတာ၊ လူသားခံကတုတ်လုပ်နေတာတွေကြောင့် ဒီပြဿနာတွေ ဖုံးမနိုင်ဖိမရဖြစ်ကာ ပြည်သူတွေ တဆင့်တိုး ကန့်ကွက်မှုတွေ လုပ်လာလို့သူတို့ မခံမရပ်နိုင် ဖြစ်နေကြတာပါ။

ကျွန်မတို့တတွေ တိုက်နေတဲ့ စစ်ပွဲများမှာ လက်နက်ကိုင်ထားတဲ့ (ဘက်-၂-ဘက်က) စစ်သားတွေ ချည်း တိုက်နေတာ မဟုတ်ပါဘူး။ အဲဒီစစ်ပွဲများအတွင်းမှာ စစ်သားချည်းပဲ သေဆုံးနေရတာ ထိခိုက် ဒဏ်ရာရနေတာ ဒုက္ခိတဖြစ်နေရတာလည်း မဟုတ်ပါဘူး။ (မယ်တော်ဆေးခန်းမှာ မပြတ်ရောက်နေတဲ့ မိုင်းထိ ရွာသားများကိုကြည့်ပါ။)

ပြည်တွင်းစစ်ကြီး ရှိနေသရွေ့ ပေါ်တာပြဿနာ ရှိနေမှာပါ။

ဗမာပြည်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးအကြောင်း သုတေသနပြုပြီး စာအုပ်ရေးဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံခြား သတင်းထောက်တဦးက ကျွန်မကို… “မင်းတို့တတွေ စစ်တိုက်နေတုန်းကရော ပေါ်တာဆွဲဖူးသလား” လို့ မေးဖူးပါတယ်။ ဒီ တော့ ကျွန်မက ဆတ်ခနဲဖြစ်သွားပြီး … “တို့တိုက်နေတာက ပြည်သူတွေအကျိုးအတွက် တိုက်နေတာ။ တို့တပ်ကို ပြည်သူ့တပ်မတော် (People’s Army) လို့တောင် နံမည်ပေးထားတာ။ အစစအရာရာ ပြည်သူလူထုကို မှီခိုရတာ။ တို့တပ်တွေအတွက် လက်နက် ခဲယမ်းမီးကျောက်၊ ရိက္ခာ ဘယ်သူ သယ်ပို့ပေးမှာလဲ။ ဒဏ်ရာရတဲ့ တို့ရဲဘော်တွေကို နောက်တန်းပြန်ပို့ဖို့ ဘယ်သူက ထမ်းပေးမှာ လဲ။ တို့အခြေခံဒေသအတွင်း တိုက်ပွဲစစ်မျက်နှာ အနီးအနားရွာတွေက ပြည်သူတွေကိုပဲ နိုင်ငံရေးအရ လှုံ့ဆော်ပြီး သူတို့ကိုပဲ တာဝန်ပေးရတာပေါ့။ သူတို့မှမကူညီရင် တို့ဘယ်လိုလုပ် စစ်တိုက်နိုင်မှာလဲ …” လို့ဖြေလိုက်ပါတယ်။

ဒါ့အပြင် “တို့က သူတို့ကို လူသားချင်းစာနာတဲ့စိတ်နဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်…” လို့ လည်း ထပ်ဖြည့် ပြော လိုက်ပါတယ်။

ဒါ့ထက် ပိုရှင်းအောင် ပြောရင် တော်လှန်ရေးဘက်က စစ်တိုက်တယ်ဆိုတာ ရန်သူကို ခုခံတိုက်ခိုက်ဖို့နဲ့ မိမိဒေသ မိမိ ပြည်သူကို ကာကွယ်ဖို့ ပြည်သူကို စည်းရုံးလှုံ့ဆော်ကာ ပြည်သူ့စစ်ပွဲ ဆင်နွှဲနေခြင်း ဖြစ်ပါတယ်။ ဒီစစ်ပွဲထဲမှာ ပြည်သူတွေရဲ့ ပါဝင် ထမ်းဆောင်မှုဟာ လက်နက်အားကိုး ပြည်သူကို အနိုင်ကျင့်နေတဲ့ အစိုးရစစ်တပ်ရဲ့ ပေါ်တာဆွဲမှုနဲ့ အနှစ်သာရအရ အကွာကြီး ကွာခြားပါတယ်။ လက်တွေ့အရ ကြည့်ရင်လည်း မိမိဒေသကို ရန်သူထိုးစစ်ဆင်လာတဲ့အခါမှာ ရန်သူ့ထိုးစစ်ကို ခုခံတုံ့ပြန်ဖို့၊ မိမိ ဒေသ မိမိပြည်သူကို ကာကွယ်ဖို့ ပြည်သူ့စစ်များနဲ့ ပြည်သူကို နိုင်ငံရေးအရ စည်းရုံးလှုံ့ဆော်တာတွေ ပညာပေးတာတွေ လုပ်ရ ပါတယ်။ ဒါကြောင့် လွတ်မြောက်ဒေသက ပြည်သူ့စစ်များနဲ့ ပြည်သူများဟာ မိမိတို့ကိုယ်ကို ခုခံကာကွယ်ဖို့ အသိစိတ်ဓာတ်များ နိုးကြားလာကာ တော်လှန်ရေးစစ်ပွဲအတွင်း ကိုယ်တိုင် ပါဝင်ထမ်းဆောင်တာ၊ ကူညီထောက်ပံ့မှုတွေလုပ်လာတာ ဖြစ်ပါတယ်။ အဲသလို ပြည်သူတွေကိုယ်တိုင်ရဲ့ ပါဝင်ထမ်းဆောင်မှုနဲ့ ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုအပေါ် မှီခိုအားကိုးပြီး တိုက်ရတာ ဖြစ်တဲ့ အတွက်ကြောင့်လည်း ပြည်သူ့စစ်ပွဲလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ အရှေ့မြောက်ဒေသမှာ အသိစိတ်ဓာတ်မြင့်မားစွာ စစ်ရေးတာဝန် တွေ တောင်းဆိုရင်း ပြည်သူအတွက် ဂုဏ်ပြောင်စွာ အသက်စွန့်သွားကြတဲ့ ပြည်သူ့စစ် သူရဲကောင်းတွေ ရှိသလို ပြည်သူ့စစ်ပွဲရဲ့ ရှေ့တန်းမှာ တာဝန်တွေ ထမ်းဆောင်ဖို့ တက်ကြွစွာ တောင်းဆိုပြီး တာဝန်ထမ်းဆောင်ခဲ့ပြီး စံနမူနာ စိုက်ထူခဲ့ကြတဲ့ အမျိုးသမီး သမဂ္ဂအဖွဲ့တွေ၊ ကျေးရွာအလိုက် ပြည်သူတွေ ရှိခဲ့ပါတယ်။ ဒါသာမက ရှေ့တန်းအထိ စွန့်စွန့်စားစား သွားရောက်ကာ ရှေ့တန်းမှာ စစ်တိုက်နေတဲ့ ပြည်သူ့တပ်မတော်များအတွက် အသားဟင်းလျာ၊ ဟင်းသီးဟင်းရွက်ကအစ ပို့ဆောင်ပေးကြတဲ့ ရှေ့တန်းကူညီ ရေးအဖွဲ့တွေလည်း အမြဲတမ်း ရှိခဲ့ကြပါတယ်။ ဒါကြောင့် နှိုင်းယှဉ်မယ်ဆိုရင် အစိုးရစစ်တပ်ရဲ့ ပေါ်တာဆွဲမှုနဲ့ အနှစ်သာရ မတူ ပါဘူး။

ဒါပေမဲ့ ဓမ္မတာအတိုင်း ပြည်သူ့စစ်ပွဲအတွင်း ပြည်သူတွေ ပါဝင်ပြီး တာဝန်ထမ်းဆောင်ရာမှာ ပြည်သူကို လှုံဆော် စည်းရုံး ပညာပေးရာမှာ မလုံလောက်တဲ့အခါများမှာတော့ ပြည်သူတွေ တာဝန် ထမ်းဆောင်တဲ့အခါမှာ အဆင်မပြေမှုလေးတွေနဲ့ ကြုံတတ်ပါတယ်။ စစ်ပွဲရဲ့ ပြင်းထန်မှုအလိုက် လုပ်ငန်းအရေးကြီးတဲ့အခါနဲ့ ပြည်သူတွေအပေါ် စာနာမှု မလုံလောက်တဲ့ တပ်မှူး တပ်သား တချို့တလေနဲ့ တွေ့ရတဲ့အခါ၊ ဒါမှမဟုတ် လုပ်ငန်းစီမံမှု ချွတ်ယွင်းတဲ့အခါများမှာတော့ ပြည်သူတွေနဲ့ ပြည်သူ့တပ်မတော် အတူတကွ တာဝန်ထမ်းဆောင်တဲ့အခါမှာ အဖုအထစ်လေးတွေ၊ ပြဿနာလေးတွေ အနည်းအပါး ပေါ်တတ်တာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါမျိုးတွေဟာ ပြည်သူတွေ  ပါဝင်ဆင်နွှဲနေတဲ့ ပြည်သူ့စစ်ပွဲအတွင်းမှာ ပြည်သူတွေနဲ့ ပြည်သူ့တပ်မတော်ကြား အဓိကပြဿနာ ဖြစ်လာတဲ့အထိ ဘယ်တုန်းကမှ မပေါ်ခဲ့ဘူးပါဘူး။

ဒါပေမဲ့ အဲဒီလို ကိစ္စတွေထဲကပဲ ကျွန်မ စိတ်ထဲ အမှတ်ထင်ဖြစ်နေတဲ့ ကိစ္စတရပ်တော့ ရှိခဲ့ပါတယ်။ ပြည်တွင်းစစ် ရဲ့ဒဏ်ကို တပြည်လုံးက ပြည်သူတွေ ပင်ပန်းကြီးစွာ ခံစားနေရတာရဲ့ ပြယုဂ်တခုလို့ပဲ ဆိုရမှာပါ။

ဒီအကြောင်း ပြန်လည်ဖော်ပြဖို့ ကြိုးစားရင်း စိတ်ထဲမှာပေါ်လာနေတဲ့ လူတယောက်ရဲ့ပုံကို တိတ်တိတ်ကြိတ်ပြီး တောင်း ပန်နေမိပါတယ်။

၁၉၈၀ခုနှစ် ဧပြီလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ-အရှေ့မြောက်စစ်ဒေသက ဆင်နွှဲခဲ့တဲ့ ကောင်းလင်းကောင်း လန်းတိုက်ပွဲကာလက အဖြစ်အပျက်တရပ်ပါ။ ကျွန်မအတွက် ဘယ်တော့မှ မမေ့နိုင်ဘဲ အကြောင်းတိုက်ဆိုင်လာတိုင်း ဖြစ်ရပ်တစုံ လုံး ပြန်ပြန် မြင်ယောင်နေမိတဲ့ အဖြစ်အပျက်ပါ။ ၁၉၇၉ခုနှစ်နှောင်းပိုင်းမှာ မဆလအစိုးရက ကျွန်မတို့ပါတီရှိရာအခြေခံဒေသများကို “မင်းရန်အောင်” ထိုးစစ်ဆင်လာပါတယ်။ ” နှစ်သစ်ကူး ထမင်းစားပွဲကို ပန်ဆန်းမှာ ကျင်းပမယ်” လို့ ကြွေးကြော်လာခဲ့တာပါ။ ကျွန်မတို့က နေရာအတော်များများကနေ တန်ပြန်တိုက်ခိုက်ပြီး ထိုးစစ်ကို ရပ်တန့်စေခဲ့ပါတယ်။ ထိုးစစ်ရဲ့ ဘယ်တောင်ပံ – ညာတောင်ပံ (ထင်းရှူးတောင်တိုက်ပွဲ- မန်ခါတိုက်ပွဲ- ၂ပွဲ) တို့ကို ကျွန်မတို့ ပြည်သူ့တပ်မတော်က ရိုက်ချိုးလိုက်နိုင်ပေမယ့် စစ်ရင်အုပ်အဖြစ် ပန်ဆန်း-ဗဟိုကို ဦးတည်ထိုးလာမယ့် ထိုးစစ်ကို ခုခံဖို့ ကျွန်မတို့တတွေ ပြင်ဆင်ရပါတော့တယ်။ ပန်ဆန်းကို ခြိမ်းခြောက်နေတဲ့ ရန်သူ တပ်မ-၇၇-ကို ထိထိမိမိ ချေမှုန်းဖို့နဲ့ အလယ်ပိုင်းကိုဆင်းမယ့် ပါတီဗဟိုဌာနခွဲရဲ့ အလယ်ပိုင်းဗျူရို တပ်များအတွက် လမ်းရှင်းပေးဖို့အတွက်ပါ ရည်ရွယ်ပြီး တိုက်ပွဲကြီး တပွဲ တိုက်ရန်ပါ။

အဲဒီကာလက- ဗဟိုရဲ့ တာဝန်ပေးချက်အရ ကျွန်မက ပန်ဆန်းအရှေ့မြောက်စစ်ဒေသ ဆေးရုံအတွင်း “ဗဟိုဆေး ကျောင်း” ဖွင့်ထားပါတယ်။ ပါတီတွင်းဒေသအသီးသီး တပ်အသီးသီးက သင့်တော်တဲ့သူများကိုရော ပါတီနဲ့တပ်ပေါင်းစုဖွဲ့ထားတဲ့ အဖွဲ့အစည်းအသီးသီးကရော သင်တန်းသားများရွေးချယ်ပြီး ၂နှစ် ဆေးသင်တန်းဖွင့်ပြီးသင်ကြားနေတာပါ။ ပါတီဟာ အဲသလိုဆေး သင်တန်းမျိုးကို တော်လှန်ရေးစချိန်ကစလို့ အဆက်မပြတ်ဖွင့်လှစ်ခဲ့တာပါ။ အခြေအနေပေးရင် ပေးသလို ရက်တိုသင်တန်း ရက် ရှည်သင်တန်း အဆင့်အမျိုးမျိုး (ရှေးဦးသူနာပြု-သူနာပြု-ဆရာဝန်) သင်တန်းတွေ ဖွင့်ခဲ့ပါတယ်။ အဲဒီသင်တန်းတွေရဲ့အဆက် အဖြစ် ဗဟိုဆေးကျောင်းကို ဖွင့်ခဲ့တာပါ။ ပထမပတ် ဆေးကျောင်းကာလမှာ ဒီထိုးစစ်ကြီးနဲ့ တိုးနေတာပါ။ ဆေးကျောင်းမှာ သဘော တရားဘာသာရပ် အတော်များများလည်း သင်ကြားပြီးပြီဖြစ်လို့ လက်တွေ့ဆင်းမယ့် အချိန်နဲ့လည်း ကိုက်သွားပြီး– ရှေ့တန်းဆေး အဖွဲ့- လုပ်ငန်း ကို ကျွန်မတို့ဆေးကျောင်းကပဲ တာဝန်ယူလိုက်ပါတယ်။

၁၉၇၉ ခုနှစ်မကုန်မီ တိုက်ခဲ့ရတဲ့ မန်ခါတိုက်ပွဲတုန်းကလည်း ရှေ့တန်းဆေးအဖွဲ့နဲ့အတူ ကျွန်မလိုက်ဖူးပါတယ်။ အဲဒီ တုန်းက ကျွန်မကလေ့လာသူအဖြစ် လိုက်သွားတာဖြစ်ပြီး အားလုံးကိုစစ်ဒေသဆေးရုံကြီးက ဒုဆေးရုံအုပ် ဒေါ်မာဂရက်က ဦးစီးခဲ့ တာပါ။ ဒေါ်မာဂရက်ဟာ ၁၉၅၀ ခုနှစ်များက တရုတ်ပြည်ရောက်လာတဲ့ ရဲဘော်နော်ဆိုင်းတပ်ကဖြစ်ပြီး ဒေါက်တာဆီးဂရေစ့် ရဲ့ တပည့်တဦးလည်း ဖြစ်ပါတယ်။ ကရင်အမျိုးသမီး တောင်ပေါ်သူကြီးဖြစ်ပါတယ်။ နမ်းခမ်းဆေးရုံက ဒေါက်တာဆီးဂရေစ့်ရဲ့ ဆေးသင်တန်းဆင်းသူ အတော်များများဟာ ကျွန်မတို့ပါတီ အရှေ့မြောက်စစ်ဒေသ ဖွင့်စကတည်းက အခြေခံဒေသ တည်ဆောက် ရေးလုပ်ငန်းတွေမှာ အထူးသဖြင့် ဆေးလုပ်ငန်းတွေမှာ အလွန်အဓိကကျတဲ့ အခန်းကဏ္ဍများက ပါဝင်ခဲ့ပါတယ်။ ယခုအခါ အတော် များများ (အများစုကြီး) ကွယ်လွန် ကုန်ပါပြီ။

ကျွန်မက ရှေ့တန်းဆေးအဖွဲ့လုပ်ငန်း အတွေ့အကြုံတွေကို ဒေါ်မာဂရက်ဆီက သင်ယူလေ့လာရပါတယ်။ သူက ကျွန်မ တို့ တပ်ထဲမှာလည်း နံမည်ကြီးလေ။ ၁၉၇၅ ခုနှစ် ပါတီတပ်များ လာရှိုးဆင်းစဉ်က မိုင်းထိထားတဲ့ ရဲဘော်တယောက်ကို ရွာထဲက သစ်ဖြတ်တဲ့လွှ ဌားပြီး ခြေထောက်ဖြတ်ပေးပြီး အသက်ကယ်ဖူးပါတယ်။ သူ့မှာ တခြားပုံပြင်တွေလည်း ရှိပါသေးတယ်။

ဥပမာ- သူ့ကို ဗမာပြည်ရဲ့ လွေ့ဖုန်း–လို့ ခေါ်တဲ့ ကိစ္စမျိုးပေါ့။ (မှတ်ချက်–တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးအတွင်းက တရုတ်တပ်ထဲမှာ ရဲဘော်လွေ့ဖုန်းလို့ခေါ်တဲ့ ရဲဘော်တယောက် ပေါ်ခဲ့ဖူးပါတယ်။ ၁၉၆ဝ ခုနှစ်များကပေါ့။ သူက ဘယ်သူ့ကိုမဆို အလွန် ကူညီ သူပါ။ အသက်ငယ်ငယ်မှာပဲ ဓာတ်တိုင်ပိပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဥက္ကဋ္ဌမော်က တပါတီလုံးကို “ရဲဘော်လွေ့ဖုန်းကို လေ့ လာကြ” ဆိုတဲ့စာလုံးကြီးပိုစတာရေးပြီး လှုံ့ဆော် ခံရဖူးတဲ့ စံပြ ရဲဘော်တယောက်ပါ။)

ဒေါ်မာဂရက်ရဲ့ပြောပြချက်များအရ ရှေ့တန်းမှာ ဒဏ်ရာရတဲ့ ရဲဘော်အများစုဟာ လက်နက်ကြီးများကြောင့် (အမြောက် ဆန်-ဗုံးဆန်) ဖြစ်ပြီး အဓိက အင်္ဂါကြီးများ(ခေါင်း၊ ရင်ခေါင်း) မထိရင် အသက်သေဆုံးမှုနှုန်းကို နည်းအောင်လုပ်နိုင်ကြောင်း၊ ကိုယ် ခန္ဓာက ဆုံးရှုံးသွားတဲ့အရည် (သွေး-ချွေး) များကို အချိန်မီ ပြန်ဖြည့်နိုင်ပြီး အနာယောင်ယမ်း ကူးစက်မှုကို ထိန်းနိုင်ရင် နာလန်ထနှုန်း အလွန်ကောင်းကြောင်း သိရပါတယ်။ ဖြစ်နိုင်ပါတယ်။ ရဲဘော်အများစုဟာ အသက်အရွယ်အရ ငယ်ရွယ်နုနယ်ကြပြီး အခြေခံ ကျန်း မာရေးအရလည်း ကောင်းကြတာကြောင့် ဒဏ်ရာရပြီး ယာယီပြဿနာတွေ (သွေးထွက်လွန်လို့- သွေးဖိအားကျတာ၊ အနာရင်း တာ) ကို လက်ဦးမှုရှိရှိ ဖြေရှင်းနိုင်ရင် အသက်ဆုံးရှုံးမှုကို အများကြီး လျှော့ချနိုင်ပါတယ်။ အဲဒီ ကျွန်မတို့ရဲ့ လူမျိုးစုရဲဘော်လေး တွေမှာ နောက်အားသာချက်တခု ရှိပါသေးတယ်။ သူတို့ အနေနဲ့ ပဋိဇီဝဆေးများ မသုံးဖူးကြလို့ ဆေးသိပ်တိုးပါတယ်။ ကုသရတာ အားတက်စရာကြီးပါ။ အနာကျက်တာ သိပ်မြန်ပါတယ်။

ဒါကိုအခြေခံပြီး ကျွန်မက ရှေ့တန်းဆေးအဖွဲ့ကို ၂ သုတ်ခွဲလိုက်ပါတယ်။ တသုတ်ကို ရှေ့တန်းနဲ့ အနီးဆုံးနေရာမှာ စခန်းထောက်ဖွင့်ဖို့ လွှတ်လိုက်ပါတယ်။ နောက်တသုတ်ကိုတော့- ကျွန်မနဲ့အတူ ထားပြီး နားမွန်းဆိုတဲ့ ရှမ်းရွာလေးနားက ၀ါးရုံ တောကြီးထဲမှာ ရှေ့တန်းဆေးရုံအဖြစ် ဖွင့်ထားလိုက်ပါတယ်။

ကျွန်မတို့တပ်တွေထဲမှာ တပ်ရင်းအလိုက် ရှေးဦးသူနာပြုများ ရှိပါတယ်။ သူတို့တာဝန်က ဒဏ်ရာရသူများကို စစ်မြေပြင် အထိ တက်ကောက်ပြီး ရှေးဦးသူနာပြုနည်းများအရ သွေးတိတ်အောင် ပတ်တီးစည်းတာ၊ သွေးတိတ်ဆေးထိုးပေးတာ၊ မေးခိုင်ကာ ကွယ်ဆေးထိုးတာ စတာတွေ လုပ်ပေးရပါတယ်။ ပြီးတော့ တိုက်ပွဲခွင်ထဲက လူနာကို ထမ်းထုတ်လာရပြီး ကျွန်မတို့ရဲ့ ရှေ့တန်း ဆေးအဖွဲ့ကို အပ်ရပါတယ်။ တိုက်ပွဲခွင်ထဲကနေ ရှေ့တန်းဆေးရုံအထိ တောက်လျှောက် သယ်ရတာပါ။ အဲဒီလမ်းမှာ ကျဆုံး တတ်တာ များပါတယ်။ ဒါကြောင့် ကျွန်မက တိုက်ပွဲခွင်နဲ့ ရှေ့တန်းဆေးရုံအကြားမှာ စခန်းထောက် ဖွင့်လိုက်တာပါ။ ဒဏ်ရာရ လူနာတွေကို ကြိုဖို့ ရှေ့တန်းလွှတ်လိုက်တဲ့ ဆေးကျောင်းသားတွေကို ဆေးဝါးအပြည့်အစုံနဲ့ သင်တန်း သေသေချာချာပေးပြီးမှ လွှတ်ထားတာပါ။ (ပြောလို့သာ ပြောရတယ်။ သင်တန်းသားအများစုဟာ ရှေ့တန်းအတွေ့အကြုံ ကျွန်မထက် ရင့်ပါတယ်။ အခြေခံသဘောတရားလေး ဖြည့်ပေးရတာ၊ လုပ်ငန်းတာဝန်တွေ စနစ်တကျ ခွဲဝေပေးလိုက်ရတာ၊ လိုအပ်တဲ့ပစ္စည်းတွေ ရအောင် ရှာဖွေပေးရတာ စတာတွေ ပြည့်စုံအောင် လုပ်ပေးရတာလောက်ပါပဲ။)

ဒါကြောင့် သူတို့က သူတို့ဆီရောက်လာတဲ့ လူနာတွေကို သူတို့ဆီမှာ တထောက်နားခိုင်းပြီး ဒဏ်ရာတွေကို ပြန်စစ် ဆေးတာ သွေးဖိအားကျနေသူများ (သွေးထွက်လွန်လို့) ကို သွေးရည်ကြည်များ သွင်းပေးထား ပင်နင်စလင်တည့်မတည့် စစ်ဆေးပြီး တည့်ရင် တခါတည်း ထိုးပေးလိုက်တာ နောက်တန်းကို သွေးဖိအားငြိမ်မှ ပြန်ပို့တာ၊ ပြင်းထန်တဲ့လူနာများကိုလည်း (ဆေးမပြတ် သွင်းဖို့အတွက်) လမ်းတလျှောက် လိုက်ပါစောင့်ရှောက်ဖို့ သူနာပြုထည့်ပေးတာစတဲ့ အဆင့်ဆင့်နည်းတွေကိုသုံးပြီး ကုသကယ် တင်ကြတဲ့အတွက် ကျွန်မတို့ ရှေ့တန်းဆေးရုံလေးဆီကို အသက်ရှင်လျက် ရောက်လာတဲ့ လူနာများအားလုံးကို ကယ်တင်နိုင်ခဲ့ ပါတယ်။ ကျွန်မတို့လက်ထဲမှာ သွေးထွက်လွန်ပြီး ရှော့ခ်ရလို့ဖြစ်ဖြစ် – ကူးစက်မှုပြင်းထန်ပြီး သွေးအဆိပ်တက်လို့ဖြစ်ဖြစ် ကျဆုံးရတာ မရှိခဲ့ပါဘူး။ စစ်မြေပြင်မှာနဲ့ စစ်ပွဲခွင်ထဲက သယ်ထုတ်လာတဲ့ အခါများမှာသာ ကျဆုံးတာတွေရှိခဲ့တာပါ။

ဒီနေရာမှာ ကျွန်မကြုံလို့ ကိစ္စတခုပြောချင်လာပါတယ်။ မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်၊ ခေတ်အဆက်ဆက်က ဗိုလ်ချုပ်ကြီးများ အငြိမ်းစားယူပြီးနောက်ရေးသားကြတဲ့ စာအုပ်များမှာပဲဖြစ်ဖြစ် သတင်းစာများမှာပါတဲ့ တိုက်ပွဲအကြောင်း ဆောင်း ပါးများမှာပဲဖြစ်ဖြစ် ပါတတ်တဲ့အကြောင်းအရာတခုကတော့ “တိုက်ပွဲတွေဖြစ်ပွားပြီးရင် ဗကပ အလောင်း ရာကျော် ကျန်ခဲ့တယ်” ဆိုတာပါပဲ။

ဒီဗိုလ်ချုပ်ကြီးများ အောက်ခြေနဲ့ အတော်ကင်းကွာပုံရပါတယ်။ အောက်ခြေက တင်ပေးသမျှကို ယုံလို့ပဲလား သူတို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာ ၀ါဒဖြန့်ချက်ကိုပဲ ယုံချင်ယောင်ဆောင်ရလို့ပဲလား-တခုခုတော့ တခုခုပါပဲ။ ကျွန်မ အရှေ့မြောက် ဒေသမှာ ရှိစဉ် (၁၉၇၈-၁၉၈၉) တိုက်ပွဲကြီးဟူသမျှ ကျွန်မရှေ့တန်းဆေးအဖွဲ့ဝင်အဖြစ် ပါဝင်ဖူးခဲ့တာချည်းပါပဲ။ ဒဏ်ရာ(အကြီး-အသေး) ရာကျော်တာသာ ရှိဖူးပါတယ်။ ကျဆုံးသူ (၅၀) ကျော်တောင် မရှိဘူးပါဖူး။ (အဲဒီ ကောင်းလင်း- ကောင်းလန်းတိုက်ပွဲမှာ ကျဆုံးသူ (၃၀) ကျော်ပဲ ရှိခဲ့ပါတယ်။)

အလျဉ်းသင့်လို့ ပြောပြချင်တာက ကျွန်မတို့တော်လှန်ရေးတိုက်ပွဲတွေဟာ ပြောက်ကျားစစ်ကိုသာ အဓိကထားတိုက် နေရတဲ့ တော်လှန်ရေးစစ်အဆင့်သာ ရှိပါသေးတယ်။ နေရာယူခံစစ်တွေ၊ လှုပ်ရှားစစ်တိုက်ပွဲကြီးတွေ တိုက်ပြီး အာဏာသိမ်းရေး အဆင့်မဟုတ်သေးပါဘူး။ ပြောက်ကျားစစ် အဓိကထား တိုက်နေတာမို့ နေရာတခုအတွက် အသက်ပေါင်းများစွာ စတေး တိုက်နေ တာမျိုးလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်လိုမှ အလောင်းရာချီကျန်မယ့်တိုက်ပွဲတွေ မဟုတ်ဘူးဆိုတာတော့ ဗိုလ်ချုပ်ကြီး များလည်း သိနိုင်လိမ့်မယ်ထင်ပါတယ်။

ကျွန်မတို့မှာ တိုက်ပွဲတပွဲပြီးတိုင်း နိဂုံးချုပ်အစည်းအဝေးများ ရှိပါတယ်။ တိုက်ပွဲတွင်းပါဝင်တဲ့ တပ်ဖွဲ့အားလုံးက မိမိတို့ အဖွဲ့ရဲ့ နိဂုံးချုပ်အစီရင်ခံစာ တင်ကြရပါတယ်။ ဗဟိုစစ်ကော်မရှင်က ခေါင်းဆောင်များ တက်ရောက်နားထောင်ကြပါတယ်။ အဲဒီ အစည်းအဝေးတွေမှာ ကိန်းဂဏန်းတွေကို စစ်ဆေးတာ (ဥပမာ- ကျွန်မတို့ တင်တဲ့ စာရင်းနဲ့ တပ်ရင်းအသီးသီးကတင်တဲ့ (ကျဆုံး- ဒဏ်ရာရ) စာရင်း ကိုက်ညီခြင်းရှိမရှိ စတာမျိုး)- တိုက်ပွဲတွင်း ပါဝင်ခဲ့တဲ့ တပ်ဖွဲ့အသီးသီးအကြား ရှိခဲ့တဲ့အဆင်မချောမှုများ-(ဥပမာ- ထောက်ပံ့ရေးဌာနက ကျွန်မတို့ ဆေးအဖွဲ့လိုအပ်တဲ့ ဆေးဝါးပစ္စည်းများ အလုံအလောက် အချိန်မီထုတ်မပေးမှု-) ကိုဖြေရှင်းပေးတာ နောင်တိုက်ပွဲများအတွက် သင်ခန်းစာ ထုတ်ယူတာ–တွေလုပ်ပါတယ်။ ပြီးမှ တိုက်ပွဲနိဂုံးချုပ် အစီရင်ခံစာကို အပြည့်အစုံရေးပြီး ဗဟို ကို တင်ရတာပါ။ ကျွန်မမှာအစီရင်ခံစာ မိတ္တူတွေ (ရှေ့တန်းဆေးအဖွဲ့ဆိုင်ရာတွေရော – ဆေးသင်တန်းဆိုင်ရာတွေရော) အပြည့်အစုံ ရှိပါတယ်။ ၁၉၈၉ခုနှစ် ဧပြီလ(၁၆) ရက်နေ့ ည လူမျိုးစုခွဲထွက်တပ်များ ဗဟိုသိမ်းဖို့ ဆင်းလာပြီ ဆိုတဲ့သတင်းကြောင့် အရေးကြီး စာရွက်စာတမ်းများ အားလုံး စုပုံမီးရှို့ရာမှာ ပါသွားကုန်ပါတယ်။ ဒါကြောင့် ကိန်းဂဏန်း အတိအကျ မပြောနိုင်တော့ဘဲ ယေဘုယျ ခေါင်းထဲပေါ်တာလောက်သာ ပြောရတာပါ။ အဲဒီအလောင်းရာကျော်ကျန်ခဲ့တယ်-ဆိုတာ မဖြစ်နိုင်တဲ့ နောက်တကြောင်းရှိပါသေး တယ်။

ကျွန်မတို့တပ်က အောက်ခြေရဲဘော်အများစု (အားလုံးလောက်နီးနီး)ဟာ အဲဒီဒေသက လူမျိုးစုလေးတွေပါ။ သူတို့မှာ ငယ်စဉ်ကတည်းက စွဲလမ်းနေတဲ့ အယူဓလေ့တွေ ရှိပါတယ်။ ပါတီက တချို့ကို ပညာပေးပြီး ဖျောက်ဖျက်ပေးနိုင်ပေမယ့် တချို့ ကျန်ကောင်းကျန်ရာတွေလည်း ရှိပါတယ်။ ဥပမာ- တိုက်ပွဲတွင်း ကျကျန်ခဲ့တဲ့ ကိုယ့်ရဲဘော်တွေကို (ဘယ်အခြေအနေမဆို) ဘယ် တော့မှ ပစ်မထားခဲ့တာ-မျိုးပေါ့။ သူတို့ငယ်စဉ်က လူမျိုးစုအုပ်စုချင်း တိုက်ပွဲများမှာ အနိုင်ရတဲ့သူများက တိုက်ပွဲမှာ ရရှိတဲ့ (ရှုံး သွားတဲ့အဖွဲ့ရဲ့) အလောင်းတွေရဲ့ ခေါင်းတွေကို ဖြတ်ပြီး သူတို့ရွာတွေမှာ ယဇ်တင်ပြီး ရွာစောင့်လုပ်ခိုင်းတာတွေ လုပ်ပါတယ်။ (ကျွန်မတို့အယူဆိုရင်တော့ မကျွတ်မလွတ်ဖြစ်သွားတဲ့ သဘောပေါ့။) ဒါကြောင့် သူတို့ဓလေ့က ကိုယ့်အုပ်စုရဲ့ အလောင်းကို ဘယ် တော့မှ ပစ်မထားခဲ့ဘူး။ တချို့ဆို ကိုယ့်အသက်နဲ့ရင်းပြီးတောင် အလောင်းကို တက်ဆွဲတာပါ။ တကိုယ်လုံး မသယ်နိုင်ရင် ခေါင်း ဖြတ်သယ်ပါတယ်။ ရန်သူလက်ထဲ ခေါင်းအပါမခံနိုင်တဲ့ သဘောပါ။ ဒါကြောင့် ကျွန်မတို့တပ်က ကျဆုံးတဲ့ ရဲဘော်များ အလောင်း ကျန်ခဲ့တာ တခါမှ မရှိပါဘူး။

တိုက်ပွဲတွေအပြီး တပ်ရင်းအလိုက် ပျောက်ဆုံးသူများစာရင်းလည်း ရှိတော့ရှိပါတယ်။ ဒါကလည်း တခါမှ ဆယ်ဂဏန်း မရောက်ပါဘူး။ ကျွန်မ ရှေ့တန်းဆေးအဖွဲ့အဖြစ် အကြိမ်ကြိမ်ထွက်ရာမှာ စာရင်းအရ ကျွန်မတို့ပြန်မရတဲ့ အလောင်း (၆) လောင်းပဲ ရှိဖူးပါတယ်။

၁၉၈၈ ခုနှစ်- မိုင်းယန်းတိုက်ပွဲတွင်း ကပါ။ တပ်မတော် လေတပ်က ဗုံးလာကြဲရာမှာ ကတုတ်ကျင်း ပေါ်တည့်တည့် ကျပြီး အဲဒီကတုတ်ကျင်းထဲက ရဲဘော်(၆)ယောက်စလုံး အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရပါတယ်။ ကျန်ရဲဘော်များက အတင်းတက် ဆွဲပါတယ်။ (၂)ယောက်ထပ်ကျပါတယ်။ အဲတော့မှ တပ်ကပြန်ဆုတ်ခိုင်းလို့ ရပါတယ်။ တက်ဆွဲလို့ ကျသွားတဲ့ ရဲဘော်(၂)ယောက် အလောင်းကို နောက်တန်းထိ ပြန်သယ်လာနိုင်ကြလို့ အဲဒီတုန်းက ကျွန်မတို့ ရှေ့တန်းဆေးရုံ ဖွင့်ထားရာ (အခု ရှမ်းပြည် အထူး ဒေသ-၄) စလဲ့မြို့အနီးက မန်ဝိုင်းဆိုတဲ့ ပလောင်ရွာလေးဘေးမှာ မြေမြှုပ် သင်္ဂြိုဟ်ပေးခဲ့ရပါတယ်။ အဲဒီ (၆) လောင်းပဲ ကျွန်မတို့ ပြန်မရဘူးတာပါ။ ကျွန်မတို့ဗကပများ ဘယ်တုန်းကမှ ရာနဲ့ချီပြီးတော့လည်း မကျဆုံးဖူးဘူး။ ကျဆုံးတဲ့ ရဲဘော်များကိုလည်း ဘယ် တုန်းကမှ ပစ်မထားခဲ့ဖူးပါဘူး။

ကောင်းလင်း-ကောင်းလန်းတိုက်ပွဲ ပြန်ဆက်ရရင်တော့-တိုက်ပွဲပြင်ဆင်ကတည်းက ဗဟိုက- လူထုလုပ်ငန်းများ လုပ်ဖို့ အလုပ်အဖွဲ့များကို ရွာတွေ-ဒိုင်နယ်တွေဆီ လွှတ်ပြီး ပြည်သူ့စစ်များနဲ့ စုစည်းပြင်ဆင်မှုတွေ-လှုံ့ဆော်မှုတွေ လုပ်ရပါတယ်။ ပြည်သူ့ စစ်များကရွာတွေရှိ အမျိုးသမီးများပါအပါ –ရှေ့တန်းကူညီရေးအဖွဲ့များဖွဲ့ပြီး ရှေ့တန်းတပ်ဖွဲ့များက လိုအပ်တာများကို စီစဉ်ပေးရ ပါတယ်။ တိုက်ပွဲပြင်ဆင်ကတည်းက-ရှေ့တန်းတပ်များအတွက် ကတုတ်တွေ ဆောက်ပေးရတာ လမ်းတွေပြင်ပေးရတာ နေရာထိုင် ခင်းတွေ(ဥပမာ- ကျွန်မတို့ဆေးရုံအတွက် တဲတွေဆောက်ပေးရတာ) ပြင်ဆင်ပေးရတာ၊ စတာတွေအပြင် နောက်တန်းဌာနအသီး သီးက ရှေ့တန်းအတွက်ပို့ဖို့ လိုအပ်တဲ့ပစ္စည်းများ (လက်နက်- ခဲယမ်းမီးကျောက်- ရိက္ခာ-ဆေးဝါး စသည်ဖြင့်ကို ပါတီထောက်ပံ့ရေး ဌာနမှ ကားများနဲ့ ပို့လို့ရတဲ့ နေရာအထိ ရှေ့တန်းစခန်းကို ပို့ပြီးစုပုံထားကာ အဲဒီကနေ မြင်း-လားတပ်၊ နွားဝန်တင်တပ်တို့နဲ့ ဆက် သယ်ကာ၊ နောက်ဆုံးအဆင့်များမှာ အထက်မှာ ပြောခဲ့သလို ပြည်သူ့စစ်များ၊ အရပ်သားများကို ဆင့်ခေါ် သယ်ယူပို့ဆောင်ခိုင်း ပါတယ်။) ကို သူတို့ကပဲ ထမ်းပိုး ပို့ရပါတယ်။ တိုက်ပွဲ ပြင်ဆင်ရေးကာလ မဟုတ်တော့ဘဲ တိုက်ပွဲပြင်းထန်နေတဲ့ အချိန်ဆိုရင် ရှေ့ တန်းက အပြန်မှာတော့ ဒဏ်ရာရ လူနာတွေကို ထမ်းရပြန်ပါတယ်။ ထောက်ပံ့ရေးလမ်းကြောင်း ရှည်ရင်ရှည်သလောက် ဒေသခံ ပြည်သူလူထု ဒုက္ခကြီးပါတယ်။

တခါတရံ လယ်ယာလုပ်ငန်းများ မလုပ်မဖြစ်ပေါ်ပေါက်လာရင် နေ့ခင်းပိုင်းအိမ်ကိစ္စ လယ်ကိစ္စများလုပ်ကြရပြီး ညပိုင်း ကျမှ ရှေ့တန်းကူညီရေး လုပ်ငန်းတွေ လုပ်ရရှာပါတယ်။

တိုက်ပွဲစဉ်က ၁၉၈၀ ခုနှစ်ဧပြီလ(၁၀)ရက်မှာ စပါတယ်။ (၃၀)ရက်နေ့မှာ ပြီးဆုံးပါတယ်။ တောက်လျှောက် တိုက်နေ တာတော့ မဟုတ်ပါဘူး။ တိုက်လိုက် နားလိုက်ပါ။ ကျွန်မတို့ ရှေ့တန်းဆေးရုံကတော့ မနက်အစော အမြောက်သံစကြားတာနဲ့ ရေနွေးအိုးစတည်သူတည်-ထမင်းဟင်း စချက်သူချက်နဲ့ နောက်-၁-နာရီ-၂-နာရီအတွင်း ရောက်လာတော့မယ့် လူနာများနဲ့ အထမ်း သမားများအတွက် ဆေးကုသရေး -ကျွေးမွေးရေးစတာတွေ အတွက် ပြင်ဆင်ရပါတော့တယ်။ ပြီးနောက် လမ်းလျှောက်ပြီး ရောက် လာတဲ့လူနာများ (ဒဏ်ရာအပေါ့စားများ-ခြေထောက်မထိသူများ) ကိုရော- အထမ်းနဲ့ ရောက်လာ သူများကိုရော ဒဏ်ရာပြင်းမပြင်း အရင်စစ်ဆေး ပြင်းရင်ချက်ချင်းဖြေရှင်း- ပြီး-မှတ်ပုံတင်။ အပျော့စားများကိုတော့ အေးအေးဆေးဆေး အနားပေး-ထမင်းကျွေး လုပ်ရပါတယ်။ ကျွန်မတို့စခန်းရောက်လာတဲ့ ဒဏ်ရာသမားများကို ဘယ်လောက်ပြင်းပြင်း ချက်ချင်းနောက်တန်း(စစ်ဒေသဆေးရုံ) ကို မပို့ပါဘူး။ အတော်တည်ငြိမ်စိတ်ချရမှ ဆေးသွင်းရက် (ဆေးပုလင်းတန်းလန်းနဲ့) သူနာပြုတဦးနဲ့အတူ လွှတ်ပါတယ်။ ကျွန်မ တို့က မိုးလင်းတာနဲ့ ဒီနေ့ဘယ်သူတွေကို စစ်ဒေသဆေးရုံကို လွှဲပေးမယ်-ဆိုတာကို ရွေးချယ်ထားပြီး အထမ်းသမားတွေရှိတာနဲ့ ပို့လွှတ်ရပါတယ်။

တိုက်ပွဲစခါစကတော့ နိုင်ငံရေးလုပ်ငန်းတွေကလည်း တရွာဝင်တရွာထွက် လုပ်ထားတာကြောင့်ဒေသခံလူထုရဲ့ တက် တက်ကြွကြွ ကူညီအားပေးမှုကို ခံရပါတယ်။ ရှေ့တန်းပစ္စည်းတွေထမ်းပိုး ပို့ပြီး ပြန်လာသူများဟာ ကျွန်မတို့ရှေ့တန်းဆေးရုံလေး ထဲ(တခုတ်တရ)၀င်လာကြပြီး နောက်တန်းပြန်ထမ်းပို့ဖို့ လူနာရှိမရှိ မေးမြန်းတတ်ကြပါတယ်။ မရှိဘူးဆိုမှ သူတို့ရွာ သူတို့ ပြန်ကြ ပါတယ်။ ကျွန်မတို့ နေရာလေးကလည်း စစ်ကြောင်းလမ်းမကြီးကနေ အတွင်းဘက်(ဝါးရုံတောထဲ) ကိုက်(၂၀၀) လောက် ဆင်းဝင် လာရတာပါ။ ရှေ့တန်းဆေးရုံတွေကို လေယာဉ်ကွယ်နေရာတွေကို ရွေးရပါတယ်။ လေယာဉ်တွေက လူနာသယ်တဲ့နေရာတွေကို ကောင်းကင်က ထောက်လှမ်းလိုက်လာပြီး ဗုံးကြဲတတ်ပါတယ်။

တိုက်ပွဲက ၁ ပတ်က ၂ ပတ်-၃ပတ်ဖြစ်လာတော့ လူထုက ပန်းလာပါတယ်။ အစပိုင်း တက်တက်ကြွကြွနဲ့ လူနာပို့ စရာရှိ-မရှိ ဝင်မေးတာအထိ လုပ်ကြပေမယ့် ရေရှည်ပင်ပန်းလာတဲ့အခါကျတော့ ရှေ့တန်းပို့ စရာပို့ပြီးရင် ကျွန်မတို့စခန်းကို ရှောင် လာပါတယ်။ သူတို့က တောလည်းကျွမ်းတော့ တောလမ်းများကနေ ရှောင်ကြပါတော့တယ်။ ဒီတော့ ကျွန်မတို့ကလည်း လူနာပို့ဖို့ အရေးတကြီးလိုနေတော့ မတတ်သာဘဲ သူတို့ပြန်တဲ့ တောလမ်းဘက်ကို သွားပြီး သူတို့ကို လိုက်လံရှာဖွေပြီး လူနာထမ်းဖို့ အတင်းခေါ်ကြရတော့တာပေါ့။ ဒီတော့ သင်တန်းသားများက သူတို့အပြန်လမ်းတွေကနေ စောင့်ဖမ်းသလို အခြေအနေမျိုး ဖြစ် သွားပါတယ်။ ငိုအားထက်ရယ် အားသန်ရတဲ့ အဖြစ်အပျက်တွေလည်းရှိခဲ့ပါတယ်။

တခါတော့ အဲသလိုတောထဲ သွားဖမ်းတဲံ့အဖွဲ့က လူတအုပ်ဖမ်းလာပါတယ်။ အဲဒီအထဲ-သင်္ကန်းနဲ့ ကိုရင်တပါး ပါလာပါ တယ်။ ကျွန်မက အထိတ်တလန့်ဖြစ်ပြီး ဦးစီးပြီးဖမ်းခေါ်လာတဲ့- ဘရန်ဒီး(ကေ-အိုင်-အေမှ လာတဲ့ ဆေးသင်တန်းသား) ကို … “အမယ် လေး-ဘရန်ဒီးရယ်၊ ဘယ်လို လုပ်လာတာတုန်း။ ဗကပကို ဓမ္မ န္တရာယ် … ဘုရားမရှိ-တရားမရှိလို့ အပြောခံနေရတဲ့အထဲ။ လွှတ်လိုက်-လွှတ်လိုက်” လို့ပြောတော့-ဘရန်ဒီးက- “သူက ငါးဖမ်းနေတာလေ” လို့ဆင်ခြေတက်လာပါသေးတယ်။ ကျွန်မရဲ့ ရှမ်းစကား-၀စကား ဘာသာပြန် အိုက်ရိုက် (ယခု-ပန်ခန်းဆေးရုံ) ကိုခေါ်ပြီး ကိုရင်လေးကို ကျေကျေလည်လည်ပြောပြ တောင်းပန်ပြီး ပြန်လွှတ်လိုက် ရပါတယ်။

တခါလည်း -မြစ်အနောက်ဘက် တပ်မဟာ (၂) က သင်တန်းလာတက်နေတဲ့ ရဲဘော်ထွယ်အောင် (အခုမုံဂူ) က လူတအုပ် ဖမ်းလာပြီး ရှမ်းလို တဖြစ်တောက်တောက် ပြောနေပါတယ်။ ဘာဖြစ်တာတုန်းလို့ မေးကြည့်တော့-ကြည့်လေ။ သူကခြုံပုတ်ထဲ ခေါင်းထိုးထားပြီး ပုန်းနေတာ။ ကျွန်တော်လည်း ဘယ်သိမလဲ။ အောက်တပိုင်းပဲ ပေါ်နေတာ။ ခါးကနေဆွဲပြီး ကြည့်လိုက်တော့ တခေါင်းလုံးဖြူနေတဲ့ အဘိုးကြီးဖြစ်နေတယ်လေ။ လူအားကလည်း မပြည့်တော့ ပြန်လည်းမလွှတ်နိုင်ဘူး-ဘာလို့ လွတ်အောင် မပြေးတာလဲလို့ သူ့ကို ပြောနေတာ–တဲ့။

တနေ့တော့-မိုးလင်းတာနဲ့ နောက်တန်းဆေးရုံပြန်ပို့ဖို့ လူနာ (၆) ယောက် ရှိနေပါတယ်။ ရှေ့ တန်းက ဘာသံမှလည်း မကြားရတော့-ဒီနေ့တိုက်ပွဲရှိမှာ မဟုတ်။ ဒါဆိုရင် လူနာသစ်လည်း ရောက်မှာ မဟုတ်လို့ အထမ်းသမားလည်း ရှိမှာမဟုတ်လို့-အထမ်းသမား(၄၀) လောက်ရှာဖို့ လိုလာပါတယ်။ လူနာတထမ်းကို အထမ်းသမား(၆)ယောက် လိုပါတယ်။ ဒါမှ အလှည့်ကျ ထမ်းနိုင်တာပါ။ ကျောင်းသားတွေကို အထမ်းသမားရှာဖို့-၂-သုတ်ခွဲ လွှတ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ-ရှေ့တန်းကို အမြောက် ဆန် ပို့ပြန်လာတဲ့ အရပ်သားအုပ်တအုပ်နဲ့ တွေ့ပြီး ပြန်ခေါ်လာကြပါတယ်။

ကျွန်မတို့ကလည်း ထမင်းချက်-ပဲစင်းငုံပြုတ်ပြီး ဆီပါလေဟန်နဲ့ ပဲသနပ်လေးချက်ထားပါတယ်။ မုံညင်းဟင်းရည်လေး လည်း တည်ထားပါတယ်။ ပို့ရမယ့်လူနာတွေကိုလည်း ထမင်းကျွေးပြီး စီထားတဲ့ထမ်းစင်တွေပေါ် အဆင်သင့် တင်ထားပါတယ်။ အထမ်းသမားတွေလည်း ရောက်လာရော သူတို့ကို ထမင်းအရင်ကျွေး၊ တယောက်ကို ဆန်မတ်ခွက်တခွက်စီပေးပြီး (သူတို့လမ်းမှာ ချက်စားဖို့) (၆)ယောက်တတွဲစီပြီး ထမ်းစင်တခုစီ ခွဲပေးရပါတယ်။ အဲသလိုလုပ်ကိုင်နေတုန်း ဆူဆူညံညံအသံတွေ ထွက်လာလို့ ဘာများဖြစ်နေကြတာတုန်း ဆိုပြီး ကျွန်မက တဲအပြင်ထွက်ကြည့်တော့ အထမ်းသမားတယောက်က လစ်ပြေးမယ်လုပ်လို့တဲ့၊ ကျောင်းသားတယောက်က သူ့လက်ဖမ်းဆွဲထားပြီး ကျွန်မဆီ ဆွဲခေါ်လာပါတယ်။ ကျွန်မက ဘာသာပြန်ကနေတဆင့် အခြေ အနေမေးဖို့ ပြင်နေတုန်းမှာပဲ အဲဒီအထမ်းသမားကြီးက ကျွန်မကို စိမ်းစိမ်းကြီးကြည့်ပြီး သူ့လက်ကို ဆောင့်ရုန်းလိုက်ပါတယ်။ ပြီးမှ သူ့အင်္ကျီစ ၂ ဖက်ကိုဆွဲပြီး ပခုံး ၂ ဖက်စလုံးကို လှစ်ပြလိုက်ပါတယ်။ ပြီးတော့အနီးက တောအုပ်ထဲ လှစ်ခနဲဝင်ပြေးသွားပါတယ်။

အလိုဘုရား-ဘုရား။ ဖြစ်မှဖြစ်ရလေ။

ကျွန်မ မျက်စိတွေပြာဝေသွားပြီး မျက်ရည်တွေလည်းကျလာပါတယ်။ ရင်ထဲလည်း ကျင်သွားပြီး ဆို့တက်လာလို့ ရင်ပတ်ကို လက်နဲ့ဖိထားလိုက်ရပါတယ်။ အထမ်းသမားကြီးရဲ့ပခုံးတဖက်ဟာ စုတ်ပြတ်ယောင်ကိုင်းနေပြီး သွေးပုပ်တွေ-ပြီတွေ မြင်မကောင်း အောင် စီးကျနေပါတယ်။ နောက်တဖက်ကလည်း အရေပြားတွေလန်ပြီး စယောင်နေတာသွေးစတွေနဲ့ နီရဲနေပါတော့တယ်။

ကျွန်မတို့တတွေ ဘယ်လောက် ကြက်သေသေသွားသလဲ မသိဘူး။ အနာကို ဆေးထည့် ပေးရမယ်-ဆိုတဲ့ အသိဝင် လာတော့ အဲဒီအထမ်းသမားကြီးကို အရိပ်အယောင်တောင် မတွေ့ရတော့ပါဘူး။ ဒီအထမ်းသမားကြီးရဲ့ မျက်လုံးစိမ်းစိမ်းကြီးတွေနဲ့ အဲဒီပခုံး(၂) ဘက်ဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ မမေ့နိုင်ဘဲ ခြောက်အိပ်မက်လို့ အကြောင်းအရာတခုခု တိုက်ဆိုင် လာတိုင်း ပြန်ပေါ် ပေါ်လာနေပါတယ်။ ဆေးလေးတောင် ထည့်မပေးလိုက်ရလေခြင်းဆိုပြီး ပြည်သူ့ဆရာဝန်တယောက်ရဲ့ တာဝန် ပျက်ကွက် မှု အတွက် စိတ်မကောင်းဖြစ်ရင်း အားနာပြီး စိတ်ထဲကနေတောင်းပန်နေမိပါတယ်။

ပေါ်တာအဖြစ်နဲ့ပဲဖြစ်ဖြစ် ရှေ့တန်းကူညီရေး အဖွဲ့ဝင်အဖြစ်နဲ့ပဲဖြစ်ဖြစ်၊ ရိုးရိုးပြည်သူ့စစ်အဖြစ် လုပ်ကိုင်ရတဲ့ လုပ်ငန်းတာဝန်တွေဟာ ဒေသခံပြည်သူတွေအနေနဲ့ ပြည်တွင်းစစ်အတွင်းတွေ့ရတဲ့ အသေးအမွှားလို့ ဆိုနိုင်တဲ့ ဒုက္ခလေးတခုပါ။ ဒါကြောင့် စစ် ဘေးဒဏ်ခံပြည်သူတွေ ငြိမ်းချမ်းရေး လိုချင်တာ မထူးဆန်းပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာ ဒီပြသာနာတွေ ဖြေရှင်း နိုင်မှာပါ။

ပြည်တွင်းစစ်အတွင်းမှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရေးစစ်ဆင်နွှဲရင်း ပါဝင်နေရတဲ့ ကျွန်မတို့ ဗမာပြည်ကွန်မြူနစ်ပါတီ ဟာ ခေတ်အဆက်ဆက်မှာ “ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အလံ”ကို လွှင့်ထူခဲ့၊ အကောင်အထည်ပေါ်လာဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ အနီးခေတ် ၁၉၈၀-၈၁ ခုမှာ “ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား စည်းလုံးညီ ညွတ်ရေး၊ ဒီမိုကရေစီရေး” အလံ (၃) လက်ကို ပိုမိုမြင့်မြင့်မားလွှင့်ထူပြီး ပြည်တွင်းစစ်ရပ်စဲရေး-ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီရေးအတွက် မဆလစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့ဖူးပါတယ်။ မဆလ စစ်အစိုးရက ဆွေးနွေးပွဲကို တဖက်သတ် ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ န၀တ ခေတ်မှာလည်း ဗိုလ်ခင်ညွန့်တို့ထံ တိုင်းပြည်ရဲ့ ပြဿနာတွေ ညှိနှိုင်းဆွေး နွေး အဖြေရှာဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဘာမှ အကြောင်းမပြန်ခဲ့ပါဘူး။ ဗမာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက် အခရာဟာ အုပ်စိုးသူအစိုးရတပ်ပေါ် မူတည်ပါတယ်။ တပ်မတော်အနေ နဲ့ လက်ရှိရရှိထားတဲ့ နိုင်ငံရေး-စီးပွားရေး အခွင့်ထူးများကို စွန့်လွှတ်ပြီး ဒီမိုကရေစီနိုင်ငံများရဲ့ အစဉ်အလာအတိုင်း တပ်မတော်ဟာ အစိုးရလက်အောက်ခံ အဖွဲ့အစည်းတရပ်အနေနဲ့ ရပ်တည်ကာ တပ်မတော်ကို ခေတ်မီတပ်မတော်တရပ် ဖြစ်ရေးအတွက် လုံးပန်း အားထုတ်ရင်း ကျန်အင်အားစုများ (နိုင်ငံရေးပါတီများ-လူမျိုးစုအဖွဲ့အစည်းများ) အပါအ၀င် ပြည်သူလူထုကြီး တရပ်လုံးနဲ့ သင့် တော်စွာ မျှဝေခံစားနိုင်မှသာလျှင် ဖြစ်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် ဗမာ့တပ်မတော်က ဗမာပြည် နိုင်ငံရေးမှာ ဦးဆောင်ကဏ္ဍက ပါဝင်နေသရွေ့ (တနည်း)၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီး ရှိနေသရွေ့ ပြည်တွင်း ငြိမ်းချမ်းရေးကြီးကတော့ ရွှေပြည် တော် မျှော်တိုင်းဝေး …ပဲ ဖြစ်မြဲ ဖြစ်နေပါလိမ့်မယ်။

ထို့အတူ ပေါ်တာပြဿနာအပါအ၀င် ပြည်တွင်းစစ်ရဲ့အနိဋ္ဌာရုံများကလည်း တနေရာမဟုတ်တနေရာမှာ ဆက်လက် ပေါ် ပေါက်နေဦးမှာပါ။ ပြည်သူလူထုကြီးတရပ်လုံး ပန်းလှပါပြီ။

လှကျော်ဇော
၂၀-၅-၂၀၁၆။
မှတ်ချက်။၇-၇-၂၀၁၆နေ့ထုတ်-အရေးတော်ပုံဂျာနယ်။အတွဲ(၂)အမှတ်(၅)မှ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လှကျော်ဇော

2 Responses to လှကျော်ဇော – ဝ တောင်တန်းက လွမ်းပန်းချီ (၁) (ပြည်တွင်းစစ်အတွင်းက မမေ့နိုင်တဲ့ ပုံရိပ်လွှာ)

  1. Ze Ya on July 16, 2016 at 11:47 am

    ကျေးဇူးပါ။ ကျနော်တို့ အသိတာတွေ သိရပါတယ်။

  2. Catwoman on July 18, 2016 at 9:11 am

    I really don’t think people really really wanted to help your army. I think they re afraid of your guns. Let s be realistic

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်