ဇာဂနာ – ရုပ်ရှင်မစည်းမရုံး (ပြီးပါပြီ)

July 16, 2016

– ရုပ်ရှင်မစည်းမရုံး (ပြီးပါပြီ)
(တူမောရိုး ဂျာနယ်) မိုးမခ၊ ဇူလိုင် ၁၆၊ ၂၀၁၆

ဆင်ဆာနဲ့ ရုပ်ရှင်ဆိုတာ ရှေးပဝေသဏီ ကတည်းက ဖြစ်ခဲ့တဲ့ ပြဿနာပါ။ Twilight over Burma လက်ထက်ကျမှ ကောက်ခါငင်ကာ ထဖြစ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်ကို အခြေတည်ပြီးတော့ ရုပ်ရှင်ဆင်ဆာကိုရော၊ ပြန်ကြားရေးဝန်ကြီး ဆရာဖေမြင့်ကိုပါ အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ တပ်မတော်ရဲ့ အငြိုငြင်ကို မခံရဲတဲ့ အစိုးရ၊ ဆင်ဆာရဲ့ နောက်ကွယ်ကနေ တပ်မတော်က ၀က်အူကျပ်တာ ခံထားရတဲ့ အစိုးရအဖြစ် ဝေဖန်ကြ၊ ရေးသားကြတဲ့အပြင် ကာတွန်းတွေပါဆွဲပြီး သရော်ခဲ့ကြပါတယ်။

ဒီတော့ ပြဿနာရဲ့ အဖြစ်မှန်ကို ဘယ်ဘက်မှ မလိုက်ဘဲ အမှန်တရားပေါ်က မတ်တတ်ထိုင်ပြီး ကျွန်တော်ပြောပါ့မယ်။ ကိုမင်းထင်ကိုကိုကြီးဆိုတာ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုလို နေသူတစ်ယောက်ပါ။ သီပေါစော်ဘွားကတော်ရဲ့ ဇာတ်ကားကို ဆင်ဆာပြသခွင့် မပြုဘူးဆိုတာ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ဖွင့်တဲ့နေ့ကမှ သိတာမဟုတ်ပါဘူး။ တစ်ပတ်လောက် ကြိုသိပြီးသားပါ။ ဒါပေမဲ့ ပွဲတော်တာဝန်ရှိသူတွေက အဲဒီဇာတ်ကားကို ပွဲတော်ဖွင့်ပွဲ ကျင်းပတဲ့နေ့မှာ ပြသခွင့် မရဘူးလို့ ပရိသတ်ကို ကြိုပြီး မကြေညာခဲ့ကြပါဘူး။ ပိုဆိုးတာက သူရဦးတင်ဦးနဲ့ ဂျင်မီတို့ စင်ပေါ်တက်ပြီး အဲဒီဇာတ်ကားအကြောင်းကို ပြောပြီးဆိုပြီးမှ ကိုမင်းထင်က သူ ကြိုမပြောမိလို့ တောင်းပန်ပါတယ် ဆိုပြီး သီပေါစော်ဘွားကတော် ဇာတ်ကား မပြနိုင်တော့ကြောင်း တက်ပြောပါတယ်။

ဦးတင်ဦးဟာ သီပေါစော်ဘွားကို ဖမ်းတယ်ဆိုတဲ့ အချိန်က ဗိုလ်မှူးပါ။ သူ တိုင်းမှူးက ကွယ်လွန်ပြီးဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း မောင်ကြည်ပါ။ သူတို့နှစ်ယောက်လုံး တပ်မတော် အရာရှိကြီးတွေဖြစ်လို့ တစ်ခါ အဲဒီပြဿနာ ဖြစ်နေချိန်တုန်းက သူတို့ကိုယ်တိုင် ရှမ်းပြည်မြောက်ပိုင်းမှာ တာဝန်ကျနေသူတွေဖြစ်လို့ စိတ်ဝင်စားခဲ့တာပါ။ ဒါပေမဲ့ ပွဲတော်မှာ ကြည့်ခွင့်မရတော့ မချိတင်ကဲ ဖြစ်သွားရရှာတာပေါ့။ ပွဲတော်ကျင်းပသူတွေက ကြိုသိလျက်နဲ့ ဦးတင်ဦးကို ကြိုမပြောခဲ့တာတော့ ဘာကြောင့်လဲဆိုတာ ပွဲစီစဉ်သူတွေမှပဲ သိပါတော့မယ်။

တစ်ခါ ဒီဇာတ်ကားကြောင့် တပ်မတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေမယ်ဆိုပြီး ဆင်ဆာအဖွဲ့က ပြသခွင့် မပြုခဲ့တာလို့ ဆိုတာကလည်း အတ္တနောမတိပါ။ ကိုယ်ထင်ရာ ကိုယ်လျှောက်ပြောနေတာပါ။ NLD အစိုးရကို တပ်မတော် သြဇာခံဖြစ်အောင် အပုပ်ချချင်သူတွေက ဖန်တီးတာပါ။ တကယ်တော့ ဆင်ဆာအဖွဲ့ရဲ့ မှတ်ချက်ဆိုတာ လျှို့ဝှက်ချက်ပါ။ ဘယ်သူမှ သိစရာမလိုပါဘူး။ နောက်ပြီး ဆင်ဆာအဖွဲ့ရဲ့ မူအရ ထောက်ညွှန်ချက်ပဲပြုတာပါ။ ဒါပေမဲ့ သီပေါစော်ဘွားရဲ့ ဇာတ်ကားမှာ ရှမ်းတိုင်းရင်းသား အချင်းချင်း သွေးကွဲစေနိုင်တဲ့ အပြုအမှု အပြောအဆိုတွေ အများကြီးပါပါတယ်။ အဆိုးဆုံးက ရှမ်းတောင်ပိုင်းကို ထိခိုက်စေတဲ့ အပြောအဆိုတွေ ပါပါတယ်။ မူရင်းစာအုပ်မှာ မပါပေမယ့် ရုပ်ရှင်မှာ ပါခဲ့ပါတယ်။

နိုင်ငံခြားသားတွေဟာ မြန်မာကို ပုံဖော်တဲ့အခါမှာ နှိမ့်ချပုံ ဖော်လေ့ရှိပါတယ်။ အထူးသဖြင့်ကတော့ ဥရောပတိုက်သားတွေပါပဲ။ The Lady ဇာတ်ကားကို ကြည့်ပါ။ ဗိုလ်ချုပ်အောင်ဆန်းကို နဖူးသေနတ်နဲ့တေ့ပြီး လာလုပ်ကြံသွားတယ်လို့ ပြသခဲ့ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်တို့ကို စက်သေနတ်နဲ့ လာပစ်သွားတာ လူတိုင်းသိပါတယ်။ ဒါကို ကျွန်တော်တို့ ဗိုလ်ချုပ်က မျက်လုံးလေး မှေးစင်းပြီး သေနတ်နဲ့ အပစ်ခံခဲ့တယ် ဆိုတာတော့ ပြင်သစ်ဒါရိုက်တာ လုဘာဇွန်ရဲ့ အတင်းကာရော လုပ်ချက်ပါ။ သမိုင်းကို ပုံမဖျက်သင့်ပေမယ့် သူတို့ကတော့ ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ သမိုင်းကို လုပ်ချင်ရာ လုပ်ပစ်ခဲ့ပါတယ်။

အထက်က စကားကို ဆက်ရရင် မူရင်းဝတ္ထုထဲ မပါတဲ့ ရှမ်းမြောက်ပိုင်းသားတွေကို ထိခိုက်စေတဲ့ စကားပြောခဲ့တာတွေကို ဘာကြောင့် ရုပ်ရှင်ထဲထည့်ပြခဲ့တာလဲ ဒီဇာတ်ကားဟာ ကမ္ဘာမှာ အောင်မြင်တဲ့ကား မဟုတ်ပါဘူး။ မြန်မာပြည်က အဖြစ်အပျက်ကြောင့်သာ မြန်မာပရိသတ်တွေ စိတ်ဝင်စားမှာပဲဆိုပြီး ပြဖို့ဖြစ်လာ ပုံရပါတယ်။ ဆင်ဆာအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး ၂၁ရာစု ပင်လုံညီလာခံလုပ်ဖို့ ပြင်ဆင်နေတယ်။ ရှမ်းမြောက်မှာလည်း လောလောလတ်လတ် တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒီဇာတ်ကားကြောင့် ညီလာခံကိုရော ငြိမ်းချမ်းရေးကိုပါ ထိခိုက်သွားမလားရယ်လို့ဆိုပြီး နောင်မှပြဖို့၊ ခုမပြဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကိုလည်း ပွဲတော်ကျင်းပသူတွေကို တင်ကြိုအသိပေးပြီးသားပါ။ ပွဲတော်ကျင်းပပေးသူတွေကလည်း ပြသခွင့်ပြုဖို့ ၀န်ကြီး ဆရာဖေမြင့်ဆီ စာတင် မေတ္တာရပ်ခံခဲ့ပါသေးတယ်။ ၀န်ကြီးကလည်း ဆင်ဆာအဖွဲ့ကို ထပ်မံ စိစစ်ပေးဖို့ ပြောပေမယ့် ဆင်ဆာအဖွဲ့ကလည်း နောင်မှပြတော့လည်း ဒီဇာတ်ကား ပုပ်သွားသိုးသွားတာမှ မဟုတ်တာဆိုပြီး မူလဆုံးဖြတ်ချက်ကိုပဲ မပြင်ခဲ့ပါဘူး။

ဖြစ်စဉ်က ဒါပါပဲ။ မသိတဲ့အခါ လိုရာ ဆွဲတွေး၊ ဆွဲပြော၊ ဆွဲရေးကြလေတော့ ဖုစရာ၊ ထစ်စရာတွေ ဖြစ်ခဲ့ကြတာပါ။ တစ်ဆက်တည်း ကိုကျော်သူ့ အကြောင်းကို ရိုက်ထားတဲ့ မှတ်တမ်းကားနဲ့ ဆင်ဆာလည်း ပြဿနာ ဆက်တက်ခဲ့ပြန်တော့ လူတွေက ဆင်ဆာကို တော်တော်တိုက်ခိုက်ကြသလို ဆရာဖေမြင့်ခမျာလည်း ၀န်ကြီးဖြစ်လို့ နှစ်လအကြာမှာ ပြဿနာကြီး နှစ်ခုနဲ့ ပယ်ပယ်နယ်နယ် အတွယ်ခံနေရရှာပါတော့တယ်။

တကယ်တော့ ကိုကျော်သူ ပါဝင်တဲ့မှတ်တမ်း ဇာတ်ကားဟာ NED ခေါ်တဲ့ အမေရိကန် ၀ါရှင်တန် အခြေစိုက် အဖွဲ့ကြီးရဲ့ ပိုက်ဆံနဲ့ ရိုက်တဲ့ကားပါ။ ဘာကားဖြစ်ဖြစ် ဥပဒေအတိုင်း ဆင်ဆာကို တင်ပြရပါမယ်။ ဆင်ဆာကို မပြချင်လည်း ရပါတယ်။ အများပြည်သူကို မပြရုံပေါ့။ ၂၀၁၂ ခုနှစ်က လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့တဲ့ ဒါရိုက်တာ စိုင်းကျော်ခိုင်ရဲ့ မှတ်တမ်းရုပ်ရှင် Click in Fair ထက်တော့ ပိုမဆိုးနိုင်ပါဘူး။ ရွှေဝါရောင် တော်လှန်းရေးမှာ သံဃာတော်တွေ ရိုက်ခတ်ပစ်ရတဲ့ အကြောင်း (တကယ့်) ဖြစ်ရပ်မှန် စစ်စစ်ရုပ်ရှင်ကားပါ။ ဆင်ဆာကို တင်ခဲ့ပါတယ်။ ဖြတ်လည်း မဖြတ်ပါဘူး။ ပြခွင့်လည်းရပါတယ်။ တစ်ခါ ဆင်ဆာကို နှစ်ပြားမှမတန်အောင် ဝေဖန် ရိုက်ကူးထားတဲ့ ဒါရိုက်တာဝိုင်းရဲ့ (ဒီအခန်းဖြတ်) ရုပ်ရှင်ကိုလည်း ဆင်ဆာကို မဖြတ်ခဲ့သလို ပြသခွင့် ပေးခဲ့ပါတယ်။

ဒီတော့ ဆင်ဆာရဲ့ လျော့ပေါ့ပေးတဲ့မူကိုတော့ လေးစားသင့်သလို ရုပ်ရှင်ပြချင် ဆင်ဆာတင် ရမယ်ဆိုတဲ့ (ဥပဒေ) ကိုတော့ ဒီမိုကရေစီ လိုချင်သူတိုင်း လိုက်နာကြဖို့ ကောင်းပါတယ်။ နောက်နောင် ဆင်ဆာ ဥပဒေကောင်းတွေ ပေါ်ထွက်လာဖို့ ကြိုးစားကြရမယ့်အစား ဆင်ဆာကို နားရွက် သွားသွား တွံထွေးဆွတ်သင့်မသင့် စဉ်းစားကြစေချင်ပါတယ်။

ကျွန်တော်တို့ဟာ ညှိနိုင်တဲ့မူအစား၊ ခုတ်လိုက်မယ်၊ ထစ်လိုက်မယ်မူကို ကျင့်သုံးနေကြမယ် ဆိုရင် ဘယ်နေရာမှရှေ့ကို ရောက်တော့မယ် မထင်ပါဘူး။ အပြစ်တင်ခြင်းထက် ပိုကောင်းတဲ့ ဆွေးနွေးခြင်းကို အစပျိုးကြရအောင်ပါ။

ဒီဆောင်းပါးကိုရေးလို့ ကျွန်တော့်ကို မုန်းတဲ့နောက်ကွယ်မှာ အတင်းပြောတဲ့၊ ဆဲတဲ့သူတွေ အားလုံးကို မေတ္တာမပျက်ပါဘူး။ အမုန်းမထားပါဘူး။ ခင်ဗျားတို့ထက် ကျွန်တော့်ကို နှိပ်စက်၊ ကျွန်တော့် မိသားစုကို တကွဲတပြားဖြစ်အောင် လုပ်ခဲ့တဲ့ စစ်အစိုးရကိုတောင် အမုန်းမထားခဲ့တဲ့သူပါ။ ကျွန်တော့် စေတနာက တစ်ခုတည်းပါ။ အားလုံးပြေပြေလည်လည်နဲ့ လောကကောင်းကျိုး သည်ပိုးကြဖို့ပါ။

ဒီတော့ ကျွန်တော့် အဆိုပြုချက်ကလေးတွေကို စဉ်းစားပြီး ၀ိုင်းဝန်းအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ့်ကို ထမင်းကျွေးခဲ့တဲ့ ထမင်းကျွေးတဲ့ လောကရဲ့ ကောင်းကျိုးကို သည်ပိုးခြင်းဟာ အမြင့်မြတ်ဆုံး လုပ်ငန်းတစ်ခုလို့ ခံယူပြီး စဉ်းစားပေးကြစေချင်ပါတယ်။

(၁) ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်အများပိုင်ဟာ ပန်းနဲ့ခေါင်းပါ။ စီးပွားရှာလို့ မရတဲ့ အစည်းအရုံးနဲ့ အများပိုင် ညီညီညွတ်ညွတ် လက်တွဲလုပ်ကြရအောင်ပါ။ အများပိုင်က ဒါရိုက်တာ အဖွဲ့တွေဟာ ရုပ်ရှင်လောကသားတွေ ဖြစ်သလို အစည်းအရုံး အမှုဆောင်တွေချည်းပါပဲ။ ဘာကြောင့် ဘာဖြစ်လို့ မပြေမလည် ဖြစ်နေရမှာလဲ။ မသင့်မြတ်ဘူးဆိုတာ ဘုရားလည်းမကြိုက်၊ လူလည်းမကြိုက်ပါဘူး။ သူ့ဖက်က နည်းနည်းလျှော့၊ ကိုယ့်ဖက်က နည်းနည်းလျှော့ပြီး မျက်နှာချင်းဆိုင် ထိုင်ဆွေးနွေးကြဖို့ အချိန်သင့်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး နှစ်ပေါင်း ၆၈နှစ်ကြာ တိုက်ခိုက်ခဲ့တဲ့ အဆုံးသတ်လို့ ငြိမ်းချမ်းရေးစကား ပြောနေကြပါပြီ။ ဒါကို နမူနာယူကြည့်ပါ။ အစည်းအရုံးများနဲ့ အများပိုင်ဆိုတာ ရန်သူမဟုတ်သလို လက်နက်ကိုင် တိုက်နေကြတဲ့သူတွေလည်း မဟုတ်ပါဘူး။ တကယ်တမ်း နိုင်ငံတော် အစိုးရက အလုပ်အကိုင် အခွင့်အလမ်း ပေးမယ်ဆိုရင်တောင် ကိုယ့်အချင်းချင်း သတ်နေကြတာနဲ့တင် လက်လွတ်သွားရပါလိမ့်မယ်။ ဆရာဖေမြင့် ခေါင်းဆောင်တဲ့ ပြန်ကြားရေး ၀န်ကြီးဌာနကနေ ရုပ်ရှင်ရုံ ၉၂ရုံ သိမ်းထားတာကို ပြန်လည်လုပ်ကိုင်ခွင့်ပြုမယ်ဆိုရင် ရုပ်ရှင်အစည်းအရုံးကို ပေးတော့မှာ မဟုတ်ပါဘူး။ ရုပ်ရှင်အစည်းအရုံးကို ပေးထားတဲ့ ၀ဇီရာ (၂) ကို အစည်းအရုံးကနေ မင်္ဂလာအုပ်စုဆီ ငှားရမ်းပြီးသား မဟုတ်ပါလား။ သည်တော့ အများပိုင်က လုပ်ခွင့်ရရင် အစည်းအရုံး အတွက်လည်း ၀င်ငွေတိုးတာပဲ မဟုတ်လား။ သည်တော့ အများပိုင်နဲ့ အစည်းအရုံး မျက်လုံးချင်း စကား စပြောကြရအောင်ပါ။

(၂) ရုပ်ရှင်မပြရလို့ Video ပေါ်တည်ပြီး ထမင်းရှာစားနေရတဲ့ ကိုယ့်လောကကို တစ်ချက်လောက် ငဲ့ကြည့်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ၃၅လမ်းမှာ နေ၀င်ကာနီးထိ ငုတ်တုတ်ထိုင်စောင့်ပြီး နေ့စား လာခေါ်မလားရယ်လို့ မျှော်တလင့်လင့် နေရရှာတဲ့ သူတွေကို ငဲ့စေချင်ပါတယ်။ ရုပ်ရှင်ဆိုတာ မင်းသား မင်းသမီးနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာမဟုတ်ပါဘူး။ ဇာတ်ပို့ဇာတ်ရံ၊ စက်မှုအခြေခံ စတာတွေ မပါလို့ မရပါဘူး။ ဒီလိုပဲ အခွေအငှားဆိုင်တွေကိုလည်း ထည့်စဉ်းစားပေးပါ။ ပရီစနစ်နဲ့ပဲ ဖြန့်ဖြန့်၊ မူပိုင်နဲ့ပဲဖြန့်ဖြန့် ခိုးကူးနေသမျှ ဘာမှဖြစ်မလာမယ့် လောကအတွက် အကောင်းဆုံး အဖြေရှာရအောင်ပါ။ ၀င်္ကဘာလမ်းက အစည်းအရုံး ရုံးခန်းထဲကနေ ခဏထွက်ပြီး ၃၅လမ်းမှာ တစ်မနက်လောက် လာထိုင်ကြည့်ကြပါ။ သူ့ကြောင့် ကိုယ့်ကြောင့် လက်ညှိုးမထိုးပဲ ၀ိုင်းဝန်းအဖြေရှာကြရအောင်ပါ။

(၃) တိကျသေချာတဲ့ ဖွဲ့စည်းပုံ မရှိဘဲနဲ့ အစည်းအရုံးဟာ တစ်သက်လုံး မစည်းမရုံး ဖြစ်နေတော့မှာပါ။ သင်းဖွဲ့စည်းမျဉ်းလေး လောက်နဲ့တော့ တက်မလာပါနဲ့တော့။ တောက်ချလိုက်ရုံပဲ ရှိပါမယ်။ အမှုဆောင်အဖွဲ့ကို တကယ်အလုပ်လုပ်မယ့်သူတွေနဲ့ ကျစ်ကျစ်လျစ်လျစ်ဖွဲ့ပြီး သတ်သတ်မှတ်မှတ် တာဝန်ပေးယူဖို့ လုပ်ကြရအောင်ပါ။ ရုပ်ရှင်အစည်းအရုံးမှာ အားအနည်းဆုံးက (အလုပ် မလုပ်တတ်တာပါ)။

အင်စတီကျူးရှင်းကို ဘယ်သူတက်တက် မတည်ဆောက်ခဲ့တဲ့ အတွက် ရုံးအုပ်ကြီး ဦးချစ်ဆွေရဲ့ လက်ထဲ ၀ကွက်အပ်ပြီးသာ အပ်ထားနေရတာပါ။ နိုင်ငံတကာ ဆက်ဆံဖို့ဆိုလည်း အီးမေးလ်တောင် ဖြောင့်ဖြောင့်တန်းတန်း မရေးတတ်တဲ့ သူတွေနဲ့ ဘယ်လိုလုပ်ကြမလဲ။ Excel တောင်မသိတဲ့ သူတွေ စာရင်းဘယ်လိုလုပ်မလဲ။ စာရင်းဘယ်လိုစစ်မလဲ။ ဒါသေးသေးလေးတွေပဲ ရှိသေးတယ်။ ရုပ်ရှင်သမားတွေဆိုတာ အနုပညာသမားဖြစ်လို့ ရုံးအုပ်ချုပ်ရေးကို နားမလည်ပါဘူး။ ဒါကြောင့် နားလည်သူတွေ ဖွဲ့စည်းဖို့ လိုပါတယ်။ အလွှာအသီးသီးကို ကိုယ်စားပြု ရွေးချယ်နေတဲ့ စနစ်ကြီးဟာ (အလုပ်မဖြစ်ဘူး။ ပြီးတော့ လုပ်တတ်ကိုင်တတ်သူတွေ မပါလာဘူး)ဆိုရင် ရွေးကောက်ပွဲစနစ်ကို ပြောင်းပြီး လောကသား အားလုံးကို ကိုယ်စားပြုနိုင်မယ့် ကိုယ်စားလှယ်တွေကို အများဆန္ဒနဲ့ ရွေးကောက်ပွဲ တင်မြှောက်မလား၊ အမေရိကန် သမ္မတ ရွေးသလို ဥက္ကဋ္ဌ တစ်ယောက်ကိုပဲ မဲပေးရွေးချယ်ပြီး အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌကပဲ ဖွဲ့စည်းလုပ်ကိုင်စေမလားဆိုတာမျိုး စဉ်းစားကြဖို့ ကောင်းပါပြီ။ တစ်ခါ (ရုပ်ရှင်မင်းသမီးတိုင်းဟာ ကိုယ်အောင်မြင်ဖို့ ကိုယ့်ကို လူကြိုက်ဖို့ အမြဲကြိုးစားနေတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြု စဉ်းစားတတ်သူတွေ) ဖြစ်ပါတယ်။ အများနဲ့ အလုပ်လုပ်ရ ခက်တတ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်သူ (ဒါမဟုတ်) ဒါရိုက်တာတို့ကို ဥက္ကဋ္ဌ အဖြစ်နဲ့ ရွေးချယ်စေမလား ဆိုတာမျိုးကလည်း စဉ်းစားသင့်လှပါတယ်။

(၄) ဒါ့အပြင် ဒီတိုင်းပြည်မှာ ခုချိန်ထိ အူလည်ချာလည် လိုက်နေတဲ့ ဉာဏမူပိုင်ခွင့်ကို ခဏမေ့ထားပြီး ကိုယ့်အနုပညာ ပစ္စည်းတွေကို အကာအကွယ်ပေးနိုင်မယ့် ဗီဒီယို အက်ဥပဒေကို ထိရောက်တိကျစွာ အသုံးချနိုင်စေဖို့ ပြန်ကြားရေး၊ ပြည်ထဲရေးနဲ့ ရှေ့နေချုပ်ရုံးတို့ ပါဝင်တဲ့ (အလုပ်ဖြစ်မယ့် ဆွေးနွေးပွဲ)ကို လုပ်ကြရအောင်ပါ။ မထောက်မညှာ ပြောကြရအောင်ပါ။ အပြစ်အနာတွေ မပြောဘဲ လောကကောင်းကျိုး အတွက် အကြံကောင်းတွေ ပေးကြရအောင်ပါ။ (ကျွန်တော့်တုန်းကတော့ နာဂစ်မုန်တိုင်းခံ ဒေသတွေအကြောင်း ရိုက်ကူးထားတဲ့ Video လေဆာပြား လက်ထဲထားလို့ဆိုပြီး ဗီဒီယိုအက် ဥပဒေနဲ့ ထောင်ဒဏ်နှစ်နှစ် ချခံရဖူးပါတယ်။ အဲဒီလို အရေးယူမှုမျိုးနဲ့ ထိထိရောက်ရောက် အရေးယူရင် ခိုးကူးကိစ္စ ပြေလည်သွားနိုင်ပါတယ်။

ဖော်ပြပါ အချက်အလက်တွေအပြင် အားလုံးညှိနှိုင်းတိုင်ပင်ရင်း ပိုမိုကောင်းမွန်တဲ့ အကြံကောင်းဉာဏ်ကောင်းတွေ ရလာနိုင်ပါသေးတယ်။ ကိုယ့်အပူ ကိုယ်သိကြပါတယ်။ ကျွန်တော်တို့ နည်းနည်းလေး အပင်ပန်းခံလိုက်ရှာလိုက်ရုံနဲ့ ရှေ့ဆက်ဖြောင့်ဖြူးသွားတော့မှာပါ။ ပြီးခဲ့တာတွေ ကန့်လန့်ကာချလို့ ဇာတ်လမ်းအသစ်ကို စကြပါစို့။ ကျွန်တော်တို့ နောက်မကျသေးပါဘူး။

(ပြီးပါပြီ)
ဇာဂနာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်