မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း ၁၃

July 18, 2016

မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း ၁၃

(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆
သေဆုံးခြင်း
မိမိတို့အုတ်ဖိုသို့ပြောင်းလာပြီး မကြာခင်မှာ မိခင်ဘက်ကအဘွားကို အိမ်မှာခေါ်ထားသည်။ အဘွားနံမည်က ဒေါ်သန်းစိန်ဟုခေါ်သည်။ နားနည်းနည်းလေးသည်။ အဘွားက ဖြူဖြူ သေးသေးလေး ဖြစ်သည်။ အဘွားက မိမိတို့နှင့် လိုက်ပြောင်းနေမည်ဟုဆုံးဖြတ်တော့ သာကေတကအိမ်ကို ရောင်းခဲ့သည်။ ပေ ၂၀ပေ ၆၀ မြေပေါ်တွင်ဆောက်ထားသော ခြေတန်ရှည် တထပ်သစ်သား အိမ်လေးကိုရောင်းရာ ၂၀၀၀ ကျပ်ရသည်ဟုဆိုသည်။ ၁၉၇၀/ ၇၁ ခန့်က ဖြစ် သည်။ ထိုစဉ်ကရွှေဈေးမှာ တကျပ်သား ၂၀၀ ဟုဆိုပါသည်။ ခုတော့ ဒဏ္ဏာရီလေး ဖြစ်သွားချေပြီ။

မိမိတို့နှင့်လာနေပြီး များမကြာမီ ၁၉၇၂ နှစ်ဆန်းတွင် အဘွားဆုံးသည်။ တမနက် အိမ်သားများ အိပ်ရာထ၍ အဖွါးအားသွားနှိုးသောအခါ အသက်မရှိရှာတော့။ သေဆုံးခြင်းကို မိမိနီးကပ်စွာ ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ ညက သမီးများနှင့်စကားပြောပြီး အိပ်ရာဝင်သွားသောအဘွားသည် အိပ်နေရင်းနှင့်ပင် ငြင်သာစွာ အသက်ထွက်သွားပုံရသည်။ ရိုးသားစွာပြောရလျှင် အဘွားဆုံးသွား၍ မိမိတို့မြေးများ သိပ်စိတ်ခိုက် ခြင်း မရှိလှပါ။ ထို့ကြောင့်ပင် ရှေးလူကြီးများက အဘိုးအဘွားသေလျှင် မြေးပျော်သည်ဟု ဆိုကြပုံ ရသည်။

သို့သော် အနီးကပ်တွေ့လိုက်ရသော သေခြင်းတရားသည် မိမိအား တုန်လှုပ်မှုတော့ဖြစ်စေသည်။ သို့သော်နောင်သေခြင်းများစွာကြုံတွေ့ရသော ညင်သာစွာ ဝေဒနာမခံစားရဘဲ အသက်ထွက် သွားသော သေခြင်းမျိုးကား အသေကောင်းပေစွ စဉ်းစားမိသည်။

အောင်စာရင်း
၁၉၇၂ နှစ်လည်ခန့်ကထင်သည်။ ဆယ်တန်းအောင်စာရင်းထွက်သည်။ မိမိရော သူငယ်ချင်းဖြစ်သူ မောင်မောင်ကြည်ရော နှစ်ယောက်စလုံးထိပ်ဆုံးမှအောင်ကြသည်။ အောင်ပုံချင်းတော့ မတူခဲ့ပေ။ ထိုစဉ်က ဆယ်တန်းအောင်စာရင်းကို ” က” အဆင့် A list နှင့် ” ခ” အဆင့် B list ဟူ၍ နှစ်မျိုး ခွဲထုတ်သည်။ ထို ၂ ခုတွင်မပါမှ ကျသည်ဟုသတ်မှတ်သည်။ ” ခ” အဆင့်မှအောင်သူများကို ဒီပလိုမာကျောင်းများ တက်ခွင့်ပြုသည်။ ခုံနံပါတ် ၂ နှင့် ဖြေဆိုသူ မောင်မောင်ကြည်က ” က ” အဆင့်အောင်စာရင်းမှာ ထိပ်ဆုံးကပါပြီး ခုံနံပါတ် ၇ နှင့်ဖြေဆိုသူ မိမိက “ခ” အဆင့် အောင်စာရင်း မှာ ထိပ်ဆုံးက ဖြစ်သည်။ မိမိမှတ်မှတ်ရ မပျော်နိုင်သည့်နေ့ ဖြစ်သွားသည်။ စိတ်ပျက်လက်ပျက်ဖြစ်နေသော မိမိကြောင့် ” က” အဆင့်ဖြင့်အောင်၍ တက္ကသိုလ်တက်နိုင်
သည့် မိမိသူငယ်ချင်း မောင်မောင်ကြည်ပင် စိတ်လွတ်လက်လွတ်မပျော်နိုင်ဖြစ်သွားခဲ့သည်။

ဆယ်တန်းဘီနှင့်ပါ၍ အိမ်က သိပ်မဆူသော်လည်း အိမ်၌သိပ်မျက်နှာကောင်းမရတော့။ အပြင်စာဖတ်တာကို အနည်းငယ်ကန့်သတ်လာသည်။ သို့နှင့် ဆယ်တန်း နောက်တနှစ်ပြန်တက်ရသည်။ မိမိတို့အတန်းကိုဆယ်တန်း နှစ်ကျတန်းဟု ခေါ်ကြသည်။ တတန်းလုံးအကျ သို့မဟုတ် ဘီနဲ့အောင်ခဲ့သူများသာဖြစ်သည်။ ထိုစဉ်ကအောင်ချက်သည် ၁၀ % သာသာ သာရှိသည်။ ယခုလည်း သိပ်မကွာလှသေးပေ။ ထိုနှစ်က မိမိသာ ဘီနှင့်ပါသော်လည်း နိုင်ငံအဓိပတိ ဗိုလ်နေဝင်း၏သမီး ကြေးမုံဝင်းနှင့် ပညာရေးဝန်ကြီးဒေါက်တာလှဟန်သား ထူးဟန်တို့ ၆ ဘာသာ ဂုဏ်ထူးနှင့်အောင်ကြသည်။ အဖေများလည်းတော် သားသမီးများလည်း တော် တော်လွန်း လှပေစွဟု ဆိုရမည်။  ထိုသူ ၂ ဦးလည်း မြန်မာပြည်၏ အစောဆုံး ၆ ဘာသာဂုဏ်ထူးရှင်များအဖြစ် မှတ်တမ်းဝင် ပေ လိမ့်မည်။

မည်သို့ဖြစ်စေ ဆယ်တန်းတွင် တနှစ်ထိုင်လိုက်ရတော့ ဆယ်တန်းအောင်ချင်စိတ် ပေါ်လာသည်။ မိမိသူငယ်ချင်းများနည်းတူ တက္ကသိုလ်တက်ချင်စိတ် ပေါ်လာသည်။ မခံချင်စိတ်ပေါ်လာသည်ဟုဆိုရမည်။ ထို့ပြင် မိမိကျောင်းပိတ်ရက်ကာလတွင် ရန်ကုန်တက္ကသိုလ် ရောက်သွားသောသူငယ်ချင်းများထံသွားလယ်ရင်း သူတို့၏အဆောင်နေကျောင်းသားဘဝကို အားကျသည်။ ခန့်ညားထယ်ဝါသော ကျောင်းဆောင်ကြီးများတွင် တယောက်ခန်း နှစ်ယောက်ခန်း များတွင် လွတ်လပ်ပေါ့ပါးစွာနေရသောသူငယ်ချင်းများ၊ ထမင်းစားဆောင်တွင် ဇွန်းနှင့်ခက်ရင်းနှင့် ဟန်ပါစားနေသော သူငယ်ချင်းများ၊ အထက်တန်းကျောင်းသားဘဝလို စာအုပ်တထပ်ကြီးပါသော လွယ်အိတ်ကြီးလွယ်စရာမလိုဘဲ King Note ခေါ် သားရေဖုန်းမှတ်စုစာအုပ်ပါးလေးတအုပ်ကိုင်၍ အတန်းတက်နေသောသူငယ်ချင်းများ၊ ကျောင်းစိမ်းနှင့်အဖြူဝတ်စရာမလိုဘဲ မိမိနှစ်သက်ရာ ရောင်စုံ ဝတ်တက်၍ ရသောသူငယ်ချင်းများတို့၏ တက္ကသိုလ်ကျောင်းသားဘဝကား အားကျဖွယ် ဖြစ်တော့သည်။

သိ့သော် ပုသိမ်ကောလိပ်ကိုတော့ မိမိသဘောမတွေ့လှပေ။ မိမိသူငယ်ချင်း မောင်မောင်ကြည်ထံ သွားလည်တော့ အဆောင်မလောက်င၍ သူတို့ ပထမနှစ်ကျောင်းသားများမှာ တိုးချဲ့ဆောင်တွင် နေရသည်ကို တွေ့ရသည်။ ကန်သုံးဆင့်ကွင်းပြင်တွင် ထရံကာ သွပ်မိုးအဆောင်များနှင့် ဖြစ်သည်။ အဆောင်တွင်၌ ၂ ထပ် ခုတ်လေးများနှင့် တခန်းကို ၆ ယောက်လား ၈ ယောက်လား နေရသည်ထင်သည်။ ထိုထရံကာ သွပ်မိုးအဆောင်လေးများ ကိုသူရတို့ သုတတို့ဟု အဆောင်နံမည်ပေးထားကာ သံဆူးကြိုး ဝင်းထရံခတ်ထားသည်။ မိမိကြည့်ဖူးသည့် ဒုတိယကမ္ဘာစစ်ရုပ်ရှင်များထဲမှ နာဇီ စစ်သုံ့ပန်း စခန်းများနှင့် တူလှသည်ဟုထင်မိသည်။

ထိုစဉ်က အုတ်ဖိုကျောင်းက အောင်သူများ ရိုးရိုးမေဂျာ ဝါ အဓိကဘာသာတွဲဖြင့် တက္ကသိုလ် တက်ရက ပုသိမ်ကောာလိပ်သို့ တက်ကြရသည်။ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တက်ရမှ ရန်ကုန်တွင်တက္ကသိုလ်တက်ခွင့်ရပေသည်။ ခန်းနားထည်ဝါ စည်ကားလှသော ရန်ကုန်ရှိ တက္ကသိုလ်တွင် ကျောင်းတက်ချင်သောမိမိသည်လည်း အနည်းငယ်ကြိုးပမ်းအားထုတ်ဖို့လိုနေသည်ဟု ကိုယ့်ကိုကိုယ် သတိပေးမိသည်။ သို့ဖြစ်ရာ ဆရာဝန်ဖြစ်ရန် အင်ဂျင်နီယာဖြစ်ရန် ဟူသော ရည်မှန်းချက်မျိုးမရှိဘဲ ရန်ကုန်တွင် တက္ကသိုလ်တက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဆယ်တန်း ဒုတိယနှစ်တွင် စာဘက် ပြန်အာရုံစိုက်ခဲ့မိတော့သည်။

သို့အတွက် ဝတ္ထု၊ မဂ္ဂဇင်းများ၊ ကဗျာများ၊ နိုင်ငံရေးစာအုပ်များကို ဖတ်ခြင်းများ သိသိသာသာ လျှော့ချလိုက်ပြီး ကျောင်းစာဘက် အာရုံစိုက်ရသည်။ ထိုစဉ်ကတည်းက ပညာရေးမှာ အလွတ်ကျက် ပညာရေးဟုသာ ဆိုရမည်။ သင်္ချာမှလွဲလျှင် အကုန်အလွတ်ကျက်ရတော့သည်။ ကျောင်းကဆရာဆရာမများ ရှင်းလင်းထား၍ နားလည်က ပို၍ ကျက်ရမှတ်ရလွယ်သည်။ သင်္ချာကတော့ ကျက်မရ၍ တွက်ရသည်။ ထပ်ခါထပ်ခါ တွက်ရသည်။ ကျောင်းကပေးသောပုစ္ဆာများရော အပြင်ကပုစ္ဆာများပါ ရှာတွက်ရသည်။ အချိန်တော့ အတော်ပေးလိုက်ရသည်။ တခုတော့ ရှိသည်။ အလွတ်ကျက်ထားသောစာများသည် စာမေးပွဲပြီး၍ နောက်နေ့မှစကာ ခေါင်းထဲ၌ မရှိတော့ချေ ။

ယခုအခါ စာတစောင်ပေတပုဒ်ကို ဖွဲ့နွဲ့ရေးနေသော ထိုစဉ်ကကျောင်းစာအပြင် အပြင်ဝတ္ထုစာအုပ် ပေါင်းစုံဖတ်နေသော မိမိသည် စာစီစာကုံးတပုဒ်ကို မိမိဘာသာ မရေးတတ်ပါ။ စာစီစာကုံးအတော်များများ အလွတ်ကျက်ပြီး ပေးထားသည့် မေးခွန်းနှင့်ကိုက်အောင် ဟိုကတပိုဒ် ဒီကတပိုဒ် ဆီလျော်အောင်အတင်းလိုက်ပေါင်း၍ ရေးနေရသည်။သို့သော် ထိုစဉ်က ” ငါလိုလူစား အများကြီးဟေ့” ဟုဆိုရပါမည်။ သို့နှင့် တတွတ်တွတ်စာအော်ကျက်၍ ဆယ်တန်း ဒုတိယနှစ်ကို ကျော်ဖြတ်ရပါတော့သည်။

တကယ်တော့ ကျောင်းသားတယောက်သည် စာမေးပွဲဖြေပြီးသည်နှင့် ကိုယ်ဖြေနိုင် မဖြေနိုင် အောင်မလား ကျမလားဆိုသည်ကို သိကြသည်ဟုဆိုရမည်။ တကယ်တော့ ပထမအကြိမ် ဆယ်တန်းစာမေးပွဲကို အင်္ဂလိပ်စာဖြေပြီးကထဲက လွတ်လွတ်ကျွတ်ကျွတ် မအောင်နိုင်မှန်း သိပါသည်။ သို့သော် အောင်စာရင်းထွက်တော့ အောင်များအောင်မလား သက်ညှာစွာစဉ်းစားပေး ခံရမလားဟု မျှော်လင့်မိခြင်းသာ ဖြစ်သည်။

နောက်တကြိမ်မှာတော့ ကောင်းစွာဖြေနိုင်သည်။ မိမိကိုယ်မိမိအောင်မည်ဆိုသည်ကိုစိတ်ချ ယုံကြည်သည်။ ဂုဏ်ထူးထွက်မည့်ဘာသာကိုလည်း တွက်၍ရသည်။ သို့သော် ဆယ်တန်း နောက်ဆုံးဘာသာဖြစ်သည့် ဇီဝဗေဒဖြေရသည့်နေ့ကတော့ သိပ်မကောင်းပါ။ စာမေးပွဲခန်းကထွက်လာတော့ ဇီဝဗေဒသင်သည့်ဆရာ ဦးတင်သိန်းက ” ဟေ့ကောင်ဘယ်လိုလဲ အခြေအနေ ” ဟုမေးသောအခါ ” ဂုဏ်ထူးတော့မထွက်နိုင်တော့ဆရာရေ Zoo ( သတ္တဗေဒ)
တခုပဲဖြေနိုင်တယ် Botany ( ရုက္ခဗေဒ )မရဘူးဟုဆိုလိုက်ရာ ” မင်းကွာ” ဟုဟူ၍ ဆရာ ဦးတင်သိန်း အတော်စိတ်ပျက်သွားပုံရသည်။

ထိုစဉ်က ကျောင်းမှဆရာများက အတန်းထဲက ဂုဏ်ထူးထွက်နိုင်သူများ မှန်းထားပြီးဖြစ်ကဲ့သို့ သူတို့သင်သည့်သင်သည့်ဘာသာ ဂုဏ်ထူးထွက်စေချင်ကြသည်။ ဆရာဦးတင်သိန်းသည် အုတ်ဖိုသားမဟုတ်။ ရန်ကုန်မှ လာသင်နေသောဆရာဖြစ်သည်။ ထိုစဉ်က အသက် ၃၀ ပင် မပြည့်တတ်သေး။ ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးနေတတ်သည်။ အသင်အပြလည်းကောင်းသည်။ သို့သော် အလွတ်ကျက်သော မိမိက စာမေးပွဲနောက်ဆုံးနေက ကျက်စာများပြီး ဟုန်သွားသည်။ ရုက္ခဗေဒကို မှတ်မရတော့။ သတ္တဗေဒတခုသာမှတ်မိတော့ရာ ရုက္ခဗေဒကို ဖြီးဖြန်း ဖြေဆိုခဲ့ရတော့သည်။ နားလည်အောင်မမှတ်ဘဲ အလွတ်ကျက်ခဲ့သည့်ဒဏ်ဟုဆိုရမည်။

သို့နှင့် ဆယ်တန်း ဒုတိယနှစ်စာမေးပွဲကိုအောင်မြင်စွာ ကျော်လွှားခဲ့သည်ဟုဆိုရပါမည်။

အလွတ်မကျက်သူ

မိမိဆယ်တန်းနှစ်က အတန်းဖော်သူငယ်ချင်းတယောက် ရှိသည်။ သူနံမည်က ကိုတင်ဦးဟု ခေါ်သည်။ မိမိထက် ၂ နှစ် ၃ နှစ်ခန့်ကြီးနိုင်သည်။ အိန္ဒိယနွယ်ဖွားတယောက်ဖြစ်ပြီး ဘာလူမျိုးဘာဘာသာဆိုသည်ကို သတိမပြုမိခဲ့ပါ။ သပ်သပ်ရပ်ရပ်ဝတ်စားတတ်ပြီး အေးအေးဆေးဆေးနေတတ်သည့် ကျောင်းသားတဦးဖြစ်သည်။ သူသည် အခြားဘာသာများတွင် သိပ်မထူးချွန်သော်လည်း အင်္ဂလိပ်စာတော်သူတဦး ဖြစ်သည်။

မိမိခေတ်က အင်္ဂလိပ်စာပြဋ္ဌာန်းစာအုပ်မှာ Six tales from Shakespear ရှိတ်စပီးယား၏ ပုံပြင် ၆ ပုဒ်နှင့် Seven Inventors တည်ထွင်သူ ၇ ဦးတို့ ဖြစ်သည်။ မိမိတို့ကျန်ကျောင်းသားများ အင်္ဂလိပ်စာနှင့်ပတ်ပြီး မေးခွန်းတို မေးခွန်းရှည် ကွက်လပ်ဖြည့်ခြင်းနှင့် အက်ဆေးစသည့်တို့ကို အလွတ်ကျက်နေချိန်တွင် ကိုတင်ဦးက အလွတ်ကျက်ခြင်း မရှိပေ။ ထိုပြဋ္ဌာန်းစာအုပ်များကို ဝတ္ထု ဖတ်သလိုဖတ်ပြီး နားလည်မှတ်မိအောင် လုပ်နိုင်သည်။ စာမေးပွဲမေးခွန်းများအားလည်း သူ နားလည်မှတ်မိသည်အပေါ်မှ ပြန်လည်ဖြေဆိုလေ့ရှိသည်။

ဤသည်မှာ သင်ကြားဖြေဆိုမှု ပုံစံမှန်ဟုဆိုရမည်။ သင်ကြားလိုက်သော ဘာသာရပ်ကို ကျောင်းသားများ မည်မျှနားလည်သနည်းကို စစ်ဆေးသည်ကို စာမေးပွဲဟုခေါ်ဆိုရပေမည်။ ယခုတော့ သင်ကြားလိုက်သည့်စာများကို နားလည်အောင်လုပ်ပေးဖို့ လုပ်ကြဖို့ မစဉ်းစားဘဲ အလွတ်ကျက်ကြသည်။ စာမေးပွဲသည် ကျောင်းသားတို့အတွက် မည်မျှနားလည်သဘောပေါက်သည်ကို စစ်ဆေးခြင်း မဟုတ်တော့။ အမှတ်မည်မျှ များများရသည်ကို ရလဒ်အဖြစ် ရယူကြသည်ပွဲ ဖြစ်သွားသည်။

ဤသည်မှ ရေရှည်ဘဝအာမခံချက် အလုပ်အကိုင်နှင့် သက်ဆိုင်သွားပုံရသည်။ ကျောင်းသားတို့ရည်မှန်းချက်မှာ ဆရာဝန်နှင့်အင်ဂျင်နီယာ ဖြစ်လာသည်။ ထိုအသက်မွေးဝမ်းကျောင်းလုပ်ငန်းများသည် ဂုဏ်သိက္ခာရှိ၍ ဘဝအာမခံချက်ရှိသည်ဟု အားလုံးက ယူဆလာကြသည်။ ထိုသို့ စုပြုံတိုးလေ ထိုကျောင်းများ၏ဝင်ခွင့်ရမှတ်များမှာလည်း တနှစ်ထက်တနှစ် ပိုမြင့်လာသည်။ ကျန်သောဘာသာရပ်များဖြင့် အသက်မွေးဝမ်းကြောင်း အဖြစ်ရပ်တည်ရန် လမ်းမပွင့်သည့်စနစ်ကြောင့်လည်း ပါပုံရသည်။

သို့နှင့် ထူးချွန်သောကျောင်းသားများလည်း ဆေးကျောင်းနှင့် စက်မှုတက္ကသိုလ်သို့ စုပြုံတိုးသည်။ လူငယ်များ၏ ဝါသနာနှင့် ထက်သန်မှုများ နောက်သို့ အပို့ခံလိုက်ရသည်။ တချိန်တည်းတွင် အခြားဘာသာရပ်များ၌ ထူးချွန်သူများ လျော့ပါးလာသည်။ ဆယ်တန်းတွင်အမှတ်ကောင်းဖို့ မိဘရော ကျောင်းသားပါအပြိုင်အဆိုင် လုံးပန်းလာကြသည်။ ထို့နောက်တွင်တော့ ကျူရှင်များ guide ( စာကျက်လမ်းညွှန်) များ ခေတ်ကောင်းလာသည်။ ကြက်တူးရွေးစာအံသလို အလွတ် ကျက်ပညာရေးသည် ပို၍ပို၍ အားကောင်းလာတော့သည်။

ထို့ပြင် ကျောင်းတွင်သင်ကြားနေသောဆရာ ဆရာမ၏ဝင်ငွေက တက်မလာဘဲ ကုန်းဈေးနှုန်းက တက်လာနေသည်။ ၁၉၇၀/၁၉၇၁ လောက်က တကျပ်သား ၂၀၀ ခန့်သာရှိသော ရွှေဈေးသည် ၁၉၇၄ တွင် တကျပ်သား ၄၀၀ ကျပ် ဖြစ်သွားသည်။ ဈေးနှစ်ဆတက်၍ ငွေကြေးဖောင်းပွ သွား သည်။ ကုန်ဈေးနှုန်းတွေ တက်လာသည်။ ဆရာ ဆရာမတို့၏ဝင်ငွေကတက်မလာခဲ့ပေ။ ဆရာဆရာမတို့ အပြင်ဝင်ငွေ ရှာသည့်ကျူရှင်များထွက်ပေါ်လာသည်။ ထို့ပြင် ပညာရေးစနစ် ကလည်း ခဏခဏပြောင်းသည်။ ဤသို့နှင့် တိုင်းပြည်၏ချွတ်ခြုံကျမူမမှန်သည့် စီးပွားရေး ဘဝအတွင်းမှ အလွတ် ကျက် ပညာရေးသည် မိမိတို့ခေတ်ကာလမှစ၍ အမြစ်တွယ်စ ပြုလာသည် ဟု ဆိုရမည်။

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )

photo credit Than Zaw Nyunt


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ, ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်