မင်းကိုနိုင် ● ပြိုင်ဘက်အစစ်က ….

July 18, 2016

မင်းကိုနိုင် ● ပြိုင်ဘက်အစစ်က ….

(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆

ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

၁၀ တန်းအောင်ပြီး တက္ကသိုလ်ရွေးမယ့် ကျောင်းသားတွေစကားဝိုင်းကို နားထောင်မိပါတယ်။ ထုံးစံအတိုင်း အမှတ်မြင့် သူ တွေအတွက် အိမ်တွေက သတ်မှတ်ပြီးသားဖြစ်တဲ့ တက္ကသိုလ်ကိုယ်စီ ရွေးပြီးသား။ အလယ်အလတ်အမှတ်ပိုင်ရှင်များက ဒီနှစ် ဘယ်တက္ကသိုလ်ကဖြင့် အမှတ်ဘယ်လောက်။ သာမန်အောင်မှတ်တွေနဲ့ အောင်သူတွေကတော့“မှီတဲ့အမှတ်နဲ့ပေါ့ ကွာ” စသဖြင့် နှစ်စဉ်တွေ့နေကျ မြင်ကွင်းတွေပါ။

များသောအားဖြင့် သာမန်အောင်သူတွေဟာ “ဘာတက်ရမှန်းမသိဘူး” လို့သာ ငေးကြောင်ကြောင် ဖြေတတ်ကြပါတယ်။ ပြီးတော့ ဘာတက်ရင်ကောင်းမလဲ အားကိုးတကြီး မေးကြပါတယ်။ အထူးသဖြင့် – B.S.c ၊ B.A တက်ကြမယ့်သူတွေဟာ မေဂျာခေါ်တဲ့ အဓိကဘာသာရပ်တွေအကြောင်း ဘာတွေသင်ရမယ်၊ ဘာတွေ တတ်လာမယ်၊ သိလာမယ်ဆိုတာ မသဲ ကွဲကြသူ များပါတယ်။

အဲဒီအတွက် ပညာရေးနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တက္ကသိုလ်ဘယ်လိုရွေးကြသလဲဆိုတာ နှိုင်းယှဉ်ကြည့်ပါတယ်။ အဲဒီနိုင်ငံ တွေက တက္ကသိုလ်တွေဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်ပေါ်မူတည်ပြီး ရွေးတာ မဟုတ်တော့ကျောင်းသား တွေအတွက် ရွေးချယ်ခွင့်ရှိတယ်ပဲ ပြောပါတော့။ တက္ကသိုလ်ကြီးများမှာ ယူနီအိုးပင်းဒေး (Uni Open Day) ဆိုတာ ရှိပါသ တဲ့။ အပြင်ကလူတွေ လာလေ့လာလို့ရအောင်ဖွင့်ပေး ထားတဲ့နေ့ပါ။

သူတို့နိုင်ငံတွေမှာက Year 11 -12 စတဲ့ အထက်တန်းနောက်ဆုံးနှစ်တွေမှာကတည်းက ကိုယ်ဆက်တက်ချင်တဲ့အသက် မွေးဝမ်းကျောင်း Institute တွေ၊ တက္ကသိုလ်တွေကို စိတ်ထဲက ရွေးပြီးသား များပါတယ်။ အခု ယူနီအိုးပင်းဒေးမှာက ကျောင်းတခွင်လုံး လှည့်ပြတာကိုကျောင်းသားတွေက လေ့လာတဲ့ သဘောပါပဲ။ တက္ကသိုလ်တခုရဲ့အောက်မှာပဲ ဆေးပညာ၊ အင်ဂျင်နီယာပညာ၊၀ိဇ္ဇာ သိပ္ပံဘာသာရပ်များ၊ ဥပဒေ၊ ဘောဂဗေဒဘာသာရပ်များ စသဖြင့် ရှိပြီးသားဆိုတော့ အဲဒီဘာသာ များအတွက် စာသင်းခန်း၊ လက်တွေ့ စမ်းသပ်ခန်း၊ စာကြည့်တိုက်များကို တခမ်းတနားရှိတယ်ဆိုတာ ကျောင်းက လိုက်ပြ ပါတယ်။

တက္ကသိုလ်ကြီးများဟာ တခုနှင့်တခု ဗိသုကာပညာအရဖွဲ့စည်းတည်ဆောက်ပုံ၊ ၀န်းကျင် အရိပ် အာဝါသ ဟန်ပန်များ မတူကြပါ။ အချို့က ခေတ်မီသစ်လွင် ဒီဇိုင်းများဖြင့် တက်ကြွရွင်လန်းဖွယ်၊ အချို့က တည်ငြိမ်ခန့်ထည် ဗိသုကာလက်ရာများနဲ့ အစဉ်အလာ သမ္ဘာကြီးမားမှု စသဖြင့် ရင်ခုန်စရာရွေးချယ်ခွင့်တွေ များပါတယ်။

ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်ဆိုရင် နိုင်ငံတ၀ှမ်းမှာရှိသမျှ တက္ကသိုလ်တွေထဲ ထိပ်တန်းလည်းဖြစ်၊ ၀င်ခွင့်လည်းလွန် စွာခက်ခဲတဲ့ ကျောင်းဖြစ်ပါသတဲ့။ ဘာကြောင့်ပါလဲ – ကမ္ဘာကျော်နိုဘယ် ဆုရှင်များအပါအ၀င် သိပ္ပံပညာရှင်များစွာ၊ အသိပညာရှင်များစွာမွေးထုတ်ပေးနိုင်ခဲ့တဲ့ အစွမ်းတွေကြောင့်ပါပဲ။ ကျွန်တော်တို့ဂုဏ်ယူစရာအနေနဲ့က မြန်မာနိုင်ငံက သွားတက်တဲ့ကျောင်းသားတယောက်နာမည်ကိုလည်း သိပ္ပံပညာရှင်တယောက်အနေနဲ့ မွေးထုတ်ခဲ့တယ်ဆိုတာ မှတ်တမ်းတင်ခံထားရ လို့ပါပဲ။

သူ့နာမည်ဟာ ကမ္ဘာကျော် ရူပဗေဒနိုဘယ်ဆုရ ပုဂ္ဂိုလ် Hideki Yukawa၊ ဆိုနီကော်ပိုရေးရှင်းရဲ့တည်ထောင်သူ Akio Morita၊ ဆေးပညာထူးချွန်ဆု (Wolf Prize) ရ Osamu Hayaishi၊ ယနေ့ခေတ်စားနေတဲ့ လက် (ပ်) တော့ (Laptop) နဲ့ စမတ်ဖုန်းများမှာ မရှိမဖြစ် အသုံးပြုရတဲ့ လီသီယမ် ဘတ္ထရီတီထွင်သူ Akira Yoshino တို့နှင့်အတူ မှတ်တမ်းတင်ခံရလို့ပါပဲ။

ဆိုဖီယာတက္ကသိုလ်ဆိုရင် ဂျပန်နိုင်ငံထဲက ပုဂ္ဂလိကတက္ကသိုလ်တွေထဲမှာ ကျောင်းသား အများဆုံးရွေးချယ်ကြတဲ့ တက္က သိုလ်တွေထဲက တခုဖြစ်ပါတယ်။ သူကတော့ နိုင်ငံဝန်ကြီးချုပ်အပါအ၀င်၊ နိုင်ငံရေးခေါင်းဆောင်အများအပြား မွေးထုတ်ခဲ့ သလို ဥပဒေပညာရှင်များ၊ လွှတ်တော်အမတ်များ၊ ကုလသမဂ္ဂလိုအဖွဲ့အစည်းမျိုးမှာမဟာမင်းကြီးရာထူးနဲ့ ထမ်းဆောင်ခဲ့ ကြတဲ့ အသိပညာများကိုလည်း မွေးထုတ်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

အဲဒီလိုကျောင်းမျိုးတွေဖြစ်တဲ့ အနောက်နိုင်ငံတက္ကသိုလ်တွေမှာ လှည့်ပတ်ကြည့်ရှုပြီးတဲ့အခါ မိမိ သင်ယူချင်တဲ့ ဘာသာရပ် အကြောင်း အသေးစိတ်လေ့လာဖို့ သတင်းလွှာသိမှတ်စရာတွေကို ဝေငှပေး ပါတယ်။ ဘယ်ဟာကိုရွေးချယ်မလဲဆိုတာလည်း အတိုင်ပင်ခံများက ဆွေးနွေးအကြံပေးပါတယ်။ ဥပမာ ကျောင်းပြီးတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းအပါအ၀င် ဒီဘာ သာရပ်သင်ယူပြီးသူများရလဒ်ဟာ ကမ္ဘာပေါ်မှာ နံပါတ်ဘယ်လောက်ရှိတယ်၊ တက္ကသိုလ်ကြီးတခုလုံးကလည်း ကမ္ဘာ့အဆင့် ဘယ်လောက်ရှိတယ်ဆိုတာကိုပါ သိခွင့်ရမှာပါ။

ယူနီအိုးပင်းဒေးပြီးတဲ့အခါ သင်ယူလိုတဲ့ကျောင်းသားတွေနဲ့သီးခြား ချိန်းဆိုကြပြီး အတိုင်ပင်ခံများနဲ့ ဆွေးနွေးခွင့်ရကြစမြဲပါ။ မြို့လယ်က ရှော့ပင်းစင်တာတွေထဲ အဲဒီတက္ကသိုလ်လက်ကမ်း ကြော်ငြာများဝေတဲ့အခါ ကျောင်းသားလူငယ်တွေရဲ့ မျက် လုံးများ ချက်ချင်းတောက်ပလာကြပြီး စိတ်အားထက်သန်မှုတွေ အတိုင်းသားတွေ့ရပါတယ်။ ထိုနိုင်ငံများကကျောင်း သား တွေဟာ တက္ကသိုလ်နဲ့ အသက်မွေးမှု ရွေးချယ်ရာမှာ ယောင်နနဖြစ်နေတာမျိုး မရှိ။ ကိုယ်ပိုင်စဉ်းစားပြီးသားအပေါ် တက္က သိုလ်ကြီးတွေက အချက်အလက်ပေး အကြံဉာဏ်ပေးမှုကိုယူပြီး ကိုယ်တိုင်ဆုံးဖြတ်ကြတာပါ။

တက္ကသိုလ်ဝင်တန်း အမှတ်နဲ့ စဉ်းစားရတဲ့ စနစ်မျိုး မဟုတ်ပါဘူး။ အဲဒီလိုနိုင်ငံတခုမှာရောက်နေတဲ့ မြန်မာကျောင်းသား တယောက်ကို မိဘအသိုင်းအ၀ိုင်းတွေက ကျနော်တို့ နိုင်ငံမှာ ခေတ်စားမြဲဖြစ်တဲ့ အသက်မွေးမှုပညာရပ်အချို့ ရွေးချယ်ခိုင်း တဲ့အခါ ခေါင်းရမ်းပါတယ်။ သူ့ရဲ့ပင်ကိုယ်စိတ် သဘာဝနဲ့အဲဒီအသက်မွေးမှုတွေ မကိုက်ညီကြောင်း အချက်ကျကျရှင်းပြသလို လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အခက်အခဲရှိနိုင်ကြောင်း ပြောပါတယ်။

ဒါဖြင့် ဘာလုပ်ချင်လဲ၊ ဘာရွေးမှာလဲဆိုတော့ ကျောင်းဆရာမပဲ လုပ်ချင်တယ်တဲ့။ သူ့စိတ်ထဲ ကလေးတွေဆိုတာ ပျိုးပင်လေး တွေလိုပဲ။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေတဖြည်းဖြည်း ကြီးထွားလာတာမြင်ရတာ စိတ်ချမ်းသာတယ်ဆိုပဲ။ ထိုနိုင်ငံများမှာ Year 12 ပြီးရင် တက္ကသိုလ်ရွေးဖို့၊ ဥပမာ အင်္ဂလန်မှာဆိုရင် အောက်စဖို့ဒ်တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဟားဗဒ်တက္ကသိုလ်၊သြစတေးလျမှာ ဆစ်ဒနီတက္ကသိုလ် စသဖြင့် သွားလေ့လာကြစမြဲပါ။

အချို့က ဖွံ့ဖြိုးဆဲနိုင်ငံတွေသွားပြီး NGO တွေမှာ အလုပ်ဝင်၊ ကမ္ဘာကြီးရဲ့ လိုအပ်ချက်၊ တောင်းဆိုချက်တွေ ဘာများပါလိမ့် ဆိုတာ သဲကွဲအောင်ကြည့်ပြီး ကမ္ဘာကြီးအတွက်ကွက်လပ်ဖြည့်ဖို့အထိ စဉ်းစားကြပါတယ်။ တချို့များ တက္ကသိုလ်ရွေးချယ်ဖို့ အချိန်ယူလေ့လာကြတာ နှစ်ပတ်လည်အောင်ကြာတာမျိုး တွေ့ဖူးပါတယ်။ ကျွန်တော်တို့ဆီက မိဘများသဘောတူနိုင်ပါ့ မလား။ ဟဲ့-ဟိုဘက်အိမ်က ကောင်မလေးကနင်နဲ့ပြိုင်ဘက်လေ အလကားနေရင်း သူ တတန်း ပိုကျောသွားမှာပေါ့။ စသ ဖြင့် အထိတ်တလန့် တုံ့ပြန်ချက်များသာ ကြားရပါတယ်။

၁၉၇၀ လွန်နှစ်များလောက်က ထင်ပါတယ်။ ဆရာသိန်းဖေမြင့်ရဲ့တက္ကသိုလ်မိတ်ဆက်စာအုပ်ထဲ ရန်ကုန် ၀ိဇ္ဇာ-သိပ္ပံတက္ကသိုလ်ကရွေးချယ်စရာဘာသာရပ်တွေရဲ့အကြောင်းကို လူပြိန်းနားလည်အောင်၊ နားလည်ရုံမက စိတ်ဝင်စားနှစ်ခြိုက်အောင်မိတ်ဆက်ပေးထားတဲ့ စာအုပ်ပါ။ အဲဒီထဲက ရုက္ခဗေဒဆိုရင် ကျွန်တော်တို့ အထက်တန်းမြန်မာစာမှာ သင်ရိုးအဖြစ် ပြ ဌာန်းခံရလို့ ကောင်းကောင်းမှတ်မိနေပါသေးတယ်။ ဖတ်လို့လည်းကောင်းဘာသာရပ်တွေရဲ့တန်ဖိုးတွေကိုလည်း သိခွင့်ရ ၊ လေးစားစိတ်တွေပေါ်ခဲ့ဖူးပါတယ်။

ကျွန်တော် ဒုတိယနှစ်သတ္တဗေဒသင်တုန်းက သင်ခန်းစာတခုကိုအမှတ်ရပါတယ်။ မွေးလာတဲ့ ကလေးမျက်လုံးအရောင်ဟာ မိဘနှစ်ပါးရဲ့ မျက်လုံးအရောင်နဲ့မတူလို့ ဖခင်က သံသယ၀င် စွပ်စွဲချက်အပေါ် ဒီကလေးဟာ မျိုးရိုးဗီဇအရ ဒီမိဘနှစ်ပါးက မွေးတာဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို ဆန်းစစ် အဖြေရှာရတဲ့ လက်တွေ့သင်ခန်းစာပါ။ဖြေရှင်းပုံတွေ မမှတ်မိတော့ပေမယ့် ဒီဖခင်ရဲ့ကလေး ဖြစ်နိုင်တယ်ဆိုတာ အဖြေထုတ်ခဲ့ပြီး ကျနော်တို့ ကျောင်းသားတွေ ပျော်ရွှင်ခဲ့ရကြောင်းတော့ ကောင်း ကောင်းမှတ်မိနေပါတယ်။

ဘ၀မှာ ကိုယ့်အတွက် ပြိုင်ဘက်ဆိုတာ အိမ်နားက၊ အတန်းထဲက သူငယ်ချင်းမဟုတ်။ ကမ္ဘာကြီးကို စိန်ခေါ်ခြိမ်းခြောက်နေတဲ့အရာများသာ ကိုယ့်ပြိုင်ဘက်ဖြစ်တယ်လို့ ခံယူတဲ့မျိုးဆက်သစ်များအတွက် တက္ကသိုလ် မိတ်ဆက် စာအုပ်ကောင်းများရှိရင် “ရော့ – အင့် ” ဆိုကာ ညွှန်းချင်စမ်းပါဘိ။

– ‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၂၊ ဆောင်းပါး ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်