၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့… (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ)

July 19, 2016

image-child၈၈ အနှစ် ၂၀ (အခန်းဆက်များ)
 

၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့…

(မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ)
 

မောင်ရစ် ။ ဇူလိုင် ၁၆၊ ၂၀၀၈ (မိုးမခပြန်လည်ဆန်းသစ်ခြင်း)

(1988 Burma Democracy Uprising – File Photo, Internet)

 

ပါတီတွေရဲ့ အစ

၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်က အကြမ်းဖက်ပြီး တိုင်းပြည်အာဏာကို သိမ်းခဲ့ပါတယ်။ ၁၉၈၈ နှစ်ကုန်ပိုင်းကနေ ၁၉၈၉ ဇူလိုင်လအထိကို ပြန်ကြည့်ရင် ကျောင်းသားလူငယ်တွေရဲ့ တပ်ဦး၊ သမဂ္ဂနဲ့ နိုင်ငံရေးပါတီတွေ အပြိုင်းအရိုင်းနဲ့ အင်အားတွေ စုစုစည်းစည်း ရှိနေတဲ့အချိန်တွေ ဖြစ်ပါတယ်။

၁၉၈၈ စက်တင်ဘာ ၂၇ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်ဒီ)ကို စစ်တပ်ဆီမှာ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီ ဖွဲ့လိုက်ပါတယ်။ အခြား လူကြီး လူငယ်ပါတီတွေလည်း ဖွဲ့ခဲ့ကြတယ်။ အဲဒီတုန်းက ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ကြဖို့ မဟုတ်ပါဘူး။ တပါတီအာဏာရှင်ကနေ စစ်အာဏာရှင်အဖြစ် အရေခွံလဲလိုက်တဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေကို နည်းမျိုးစုံ နေရာမျိုးစုံကနေ ဆက်တိုက်ပွဲဝင်ဖို့ နေရာယူကြတာပဲ ဖြစ်ပါတယ်။

တရားဝင် ရပ်တည်ခွင့်မရတဲ့ လူငယ်တပ်ဦးတွေ၊ ကျောင်းသားသမဂ္ဂတွေက အင်အားတွေဟာ တရားဝင် ရပ်တည်လိုက်ကြတဲ့ ပါတီပေါင်းစုံရဲ့ ဌာနချုပ်တွေ၊ ရုံးခန်းတွေမှာ စုဝေးညီညွတ်ခွင့် ရကြပါတယ်။ ရွေးကောက်ပွဲကာလမတိုင်ခင်မှာ ကြားဖြတ်အစိုးရ တရပ်ဖြစ်စေ၊ အိမ်စောင့်အစိုးရ တရပ်ဖြစ်စေ တခုခုတည်ဆောက်ထူထောင်ကြဖို့နဲ့ စစ်အစိုးရရဲ့ တရားဝင်ရပ်တည်ခွင့်ကို ပြည်တွင်းမှာကော၊ ပြည်ပမှာပါ စိန်ခေါ်ခွင့်ရနိုင်ကြဖို့ဆိုတာ လက်တကမ်းမှာဆိုတဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ယုံကြည်ချက် တသွေးတမွေးတွေနဲ့လို့ ဆိုရမယ် ထင်ပါတယ်။

18218494.dassk9411986 July 19th – Martyrs Day Event in Rangoon, Daw Khin Kyi, Aung San Suu Kyi with her son

 

မာရှယ်လောအောက်က ပထမဦးဆုံးလူထုစုဝေးချီတက်မှုကြီး

၁၉၈၈ ဒီဇင်ဘာလ ၂၇ မှာ နာမကျန်းဖြစ်နေတဲ့ ဒေါ်ခင်ကြည် (ဒေါ်အောင်ဆန်းစုကြည်မိခင်) ကွယ်လွန်ပါတယ်။ စစ်တပ်ဖိနှိပ်ထားတဲ့ အစောပိုင်းကာလမှာ ပထမဦးဆုံး အတိုက်အခံ ဒီမိုကရေစီအင်အားစုကြီး ပြန်လည်စုစည်းကြပြီး လမ်းမများပေါ်မှာ အင်အားပြချီတက်ကြတဲ့ အကြီးကျယ်ဆုံးသော ဈာပနအခမ်းအနား ဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ် စစ်တပ်နဲ့ အတိုက်အခံတို့ အင်အားစမ်းကြတဲ့ ပွဲလို့ ဆိုနိုင်ပါမယ်။

အဲဒီအချိန်မှာ သေနတ်မောင်းတံပေါ်မှာ စစ်သားတွေရဲ့ သွေးဆာနေတဲ့ လက်တွေ အဆင်သင့်ဖြစ်နေချိန်မှာ လူထုကြီးဟာ ကျောင်းသားလူငယ်တွေနဲ့အတူ စုဝေးချီတက်လို့ ၈၈ ရဲ့ တော်လှန်ရေးသီချင်း၊ ဥဒါန်းသီချင်းဖြစ်တဲ့ ကမ္ဘာမကြေဘူး ကို လမ်းပေါ်မှာ သိမ့်သိမ့်တုန်အောင် ဟစ်ကြွေးခဲ့ကြပါတယ်။ အဲဒီ ဈာပနမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့မိခင်ကို တိုင်တည်ပြီးတော့ မြန်မာပြည်ကြီးနဲ့ မြန်မာပြည်သားများအားလုံးအတွက် ဒီမိုကရေစီရေးကို သူ မြုပ်နှံဆောင်ရွက်မယ်လို့ ကတိသစ္စာဆိုခဲ့တာ ဖြစ်ပါတယ်။

image881988 August 28th, Rangoon University Campus, Min Ko Naing at the Student Union Conference

 

မြန်မာပြည်လူ့အခွင့်အရေးနေ့ အဖြစ်သတ်မှတ်တဲ့ ဒုတိယအကြိမ်မြောက် လူထုလှုပ်ရှားမှု

၁၉၈၉ မတ်လ ၁၃ မှာတော့ ရန်ကုန်ပင်မတက္ကသိုလ်နဲ့ စက်မှုတက္ကသိုလ်ဝင်းထဲမှာ ဖုန်းမော်ကျဆုံးခြင်း ပထမနှစ်လည် လူထုစည်းဝေးပွဲ အခမ်းအနားနဲ့ မြန်မာပြည် လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

အဲဒီကစပြီးတော့ စစ်တပ်ရဲ့ သွေးခွဲ ဖမ်းဆီးနှိမ်နှင်းမှုတွေကို စတင်ရင်ဆိုင်ကြရတော့တာ ဖြစ်ပါတယ်။ ဗကသ ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကို မတ်လကုန်ပိုင်းမှာ ဖမ်းလိုက်ပါတယ်။ သို့ပေမယ့် စစ်တပ်ကို ဘက်ပေါင်းစုံက၊ နည်းပေါင်းစုံကနေ ၀ိုင်းဝန်းပြီး တိုက်ခိုက်ကြဖို့၊ ရင်ဆိုင်ကြဖို့ စိတ်ရော ကိုယ်ရော အင်အားပြည့် လတ်ဆတ်နေတဲ့ ဒီမိုကရေစီရေး အတိုက်အခံ အင်အားစုကြီးကတော့ မျှော်လင့်ချက် ခွပ်ဒေါင်းအလံတွေ အမြင့်ဆုံး လွှင့်ထူနေကြတာပါပဲ။

 

အာဏာဖီဆန်ခြင်းအစ – အင်န်အယ်ဒီသင်္ကြန်ပွဲနဲ့ တတိယအကြိမ် လူထုစုဝေးမှုကြီး

၁၉၈၉ ဧပြီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးစိုက်ရာ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်စုအိမ်ရှေ့လမ်းမပေါ်မှာ စင်ထိုးပြီး ဒီမိုကရေစီသင်္ကြန်နဲ့ သံချပ်ပြိုင်ပွဲ ပြုလုပ်ပါတယ်။ ကျောင်းသား၊ လူငယ်၊ ပါတီ၊ တပ်ဦးပေါင်းစုံအပြင် ပြည်သူလူထုကြီးတရပ်လုံးက ချိန့်ချိန့်သဲ အားပေးခဲ့ကြပါတယ်။

ပွဲတော်များ၊ အခမ်းအနားများရဲ့ ထုံးစံအတိုင်း ပွဲပြီးတိုင်း ခေါင်းဆောင်များ၊ အင်အားစုများကို စစ်အစိုးရက လိုက်လံဖမ်းဆီးတာတွေ၊ ထိမ်းသိမ်းအကျဉ်းချတာတွေကို ပြုလုပ်လာပေမယ့် အဲဒီအချိန်က အတိုက်အခံတွေက ချိနဲ့တွန့်ဆုတ်သွားတယ်ရယ်လို့ မရှိပါဘူး။

အင်န်အယ်ဒီသံချပ်ပြိုင်ပွဲမှာ နံမည်ရခဲ့တဲ့ သံလျင်အဖွဲ့ကို စစ်ထောက်လှမ်းရေးက အပြန်လမ်းမှာ ဖမ်းဆီးခဲ့ပါတယ်။ အဲန်အယ်ဒီ လူငယ်အဖွဲ့ရဲ့ အစဦးအင်အားတခုဖြစ်တဲ့ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့က လူငယ်တွေကိုလည်း ဖမ်းဆီးခြင်း ခံရပါတယ်။ ကျောင်းသားသမဂ္ဂ၊ လူငယ်တပ်ဦးနဲ့ ပါတီဝင်လူငယ်တွေ (လူငယ်ပါတီများ၊ လူ့ဘောင်သစ်ပါတီ၊ အင်အယ်ဒီလူငယ်) ကို စစ်ခုံရုံးတင်ပြီး ၃ နှစ်၊ ၅ နှစ် ထောင်ချနေပြီဆိုတာကို အတိုက်အခံအင်အားစုအားလုံးက ရင်ကော့ပြီး ရင်ဆိုင်ကြတဲ့ အချိန်ဖြစ်ပါတယ်။ ၅ (ည) တို့၊ ၁၀ (က) တို့ ပုဒ်မတွေရဲ့ အစပိုင်း ကာလများ …

suu & Moe Thu somewhere RgnEarly Days in 1989, U Win Tin, Daw Aung San Suu Kyi and U Moe Thu at one NLD meeting

 

စစ်တပ်၏ နှိပ်ကွပ်မှုများနဲ့ အာဏာဖီဆန်ရေး တိုက်ပွဲများအစ

အဲဒီအချိန်တွေကစပြီး အာဏာသိမ်း စစ်တပ်ခေါင်းဆောင်များကိုယ်တိုင် ဦးဆောင်ပြီး တိုင်းပြည်သို့ ထုတ်လွှင့်တဲ့ မိန့်ခွန်းရှည်များ၊ သတင်းစာ ရှင်းလင်းပွဲများနဲ့ သတင်းစာ ကာတွန်း ဆောင်းပါး များကတဆင့် စွပ်စွဲပုတ်ခတ် တိုက်ခိုက်မှုတွေ မြှင့်တင်လာတဲ့ ကာလတွေလို့ ပြောရပါမယ်။

၁၉၈၉ မေလ နောက်ပိုင်းက စပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ်ပါတီများ တင်လာတာကတော့ အာဏာဖီဆန်ရေးပဲ ဖြစ်ပါတော့တယ်။

ရန်လိုလာတဲ့ အာဏာရှင်တွေ၊ တဖက်သတ် အကြမ်းဖက်လာတဲ့ စစ်တပ်၊ စစ်ထောက်လှမ်းရေးကို အစွမ်းကုန်အသုံးချပြီး အတိုက်အခံအင်အားစုတွေကို စတင်ဖြိုခွဲလာနေတဲ့အချိန်၊ ရှေ့ရေးအလားအလာ မသေချာတဲ့ ပါတီစုံ ရွေးကောက်ပွဲဆိုတာတွေကြောင့် – ” မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ” ဆိုတဲ့ ကြွေးကြော်သံကို ဒီမိုကရေစီအင်အားစုက တပြိုင်နက်တည်း ထောက်ခံလာတာ ဖြစ်ပါတယ်။

အာဏာဖီဆန်ရေး တိုက်ပွဲလမ်းကြောင်းဟာ ၁၉၈၉ ဇူလိုင် ၁၉ နဲ့လည်း တိုက်ဆိုင်လာနေပါတယ်။

စစ်အစိုးရဟာ အဲဒီအချိန်တုံးက ကွန်မြူနစ်တွေ လက်ဝဲအုပ်စုတွေက ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းယံပြီး ကြိုးဆွဲနေကြောင်း တွင်တွင်ကြီး စွပ်စွဲပါတယ်။ ၁၉၈၈ ဒီဇင်ဘာ ၃ ကတည်းက အထက်ပါ စွပ်စွဲချက်တွေနဲ့ ပါတီက နှုတ်ထွက်ခဲ့သူ အောင်ကြီးကိုလည်း ကိုးကားလို့ ကောင်းနေတဲ့အချိန်မှာ အာဏာဖီဆန်ရေး လမ်းကြောင်းကို ချေမှုန်းဖို့အတွက် ဦးဝင်းတင်က အစပြုလို့ အဲန်အယ်ဒီရဲ့ အင်အားစုတခုဖြစ်တဲ့ တတ်သိပညာရှင်တွေကို အမှုအမျိုးမျိုးဆင်ပြီး ဖမ်းဆီးထောင်ချတာတွေ ကျုးလွန်ခဲ့ပါတယ်။

File Photo

 

၁၉၈၉ အာဇာနည်နေ့ အခမ်းအနားဖြင့် လူထု ချီတက်ပွဲဆီသို့

ကျောင်းသားလူငယ်တွေကတော့ ၁၉၈၉ ဇူလိုင် ၁၉ ကို ပစ်မှတ်ထားပြီး အာဏာဖီဆန်ရေးတိုက်ပွဲကို စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဆင်နွဲမယ်လို့ သန္နိဋ္ဌာန်ချထားတဲ့အတိုင်း ပြင်ဆင်နေကြတော့တာပါပဲ။ ဗကသ အဖွဲ့ချုပ်က ကိုကိုကြီးတို့ ဦးဆောင်တဲ့ ကျောင်းသားလူငယ်တွေက မြို့ပြင် လမ်းကြောင်းတခု။ ဂျွိုင့်အက်ရှင်ကော်မီတီ – ဂျေအေစီ လို့ခေါ်တဲ့ သီးခြားသမဂ္ဂတွေ၊ လူငယ်တပ်ပေါင်းစုတွေပါတဲ့ အစုအဖွဲ့တခုက မြို့ထဲက လမ်းကြောင်းတခုနဲ့ အာဇာနည်ကုန်းကို ချီတက်ကြမယ်လို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီပါတီကတော့ ရွှေဂုံတိုင်ကနေ ပါတီရုံးချုပ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းကနေ ချီတက်လာမယ်လို့ စဉ်းစားခဲ့ကြပုံ ရပါတယ်။

စစ်တပ်က အမိန့်ထုတ်ပြန်ထားတဲ့အတိုင်း ၅ ယောက်ထက် ပိုပြီး လူ မစုပါဘူး။ ဒါပေမယ့် လူတွေကို ၃ ယောက်၊ ၄ ယောက် တတန်း တန်းစီပြီး အင်အားကို ရာ ထောင်ချီတဲ့အထိ ချီတက်ကြမှာပါ။ ချီတက်သူများက လမ်းခရီးမှာ ကြွေးကြော်သံတွေ အော်ဟစ်တာ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်တာ မလုပ်ပါဘူး။ အသံတိတ် စုဝေးချီတက်ပွဲ တခု ဆင်နွဲမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်များက တားဆီးလာတဲ့ လုံခြုံရေးတွေ စစ်သားတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ဖြေရှင်းမှာ ဖြစ်ပါတယ်။ မဆူ မပူဘဲ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဖို့ လာတဲ့ ကျောင်းသား လူငယ်တွေကို ဘာအမှုနဲ့ ဖမ်းမှာတဲ့လဲ။

ဖမ်းရင်လည်း အဖမ်းခံကြဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ တယောက်ဖမ်းရင် သူနဲ့အတူ လိုက်အဖမ်းခံကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ စစ်တပ်က အဲဒီတုန်းက လူစုလူဝေးတွေကို ဖြိုခွဲဖို့အတွက် စစ်ကားပေါ်က ခုန်ဆင်း၊ ညာသံပေးပြီး တုတ်တွေနဲ့ လိုက်ရိုက်၊ အလဲလဲ အပြိုပြိုနဲ့ ပြည်သူတွေကို စစ်ကားတွေအပေါ် တိရစ္ဆာန်တွေလို ပစ်တင်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် “အားလုံး မပြေးဘူး၊ အရိုက်ခံမယ်။ ငါတို့တွေရဲ့ သတ္တိကို အသေခံပြီး ပြကြမယ်” လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

 

စတုတ္ထအကြိမ်နဲ့ နောက်ဆုံးအကြိမ် အာဏာဖီဆန်တဲ့ လူထုစုဝေးချီတက်ပွဲ

အကြမ်းမဖက်၊ ငြိမ်းချမ်းတဲ့၊ ညီညွတ်စုစည်းတဲ့၊ အာဏာဖီဆန်မှု၊ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ စစ်အစိုးရကို စိန်ခေါ်ကြမယ်လို့ ပြင်ဆင်ထားသမျှဟာ ဇူလိုင် ၁၈ မှာ ပျက်စီးမတတ်ဖြစ်ခဲ့ရပါတယ်။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ အဲင်န်အယ်ဒီ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များကို ၀င်ရောက်ဖမ်းဆီး ချုပ်နှောင်လိုက်ခြင်းနဲ့ စစ်တပ်က တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီတုန်းက သမဂ္ဂတွေ လူငယ်တပ်ဦးတွေက ၁၉၈၉ ဇူလိုင် ၁၉ ကို သူတို့ချည်းနဲ့ ရင်ဆိုင်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အားလုံးနဲ့ တိုင်ပင်ထားတဲ့အတိုင်း ဆင်ခြေဖုံးဖက်က စစ်ကြောင်းတခု၊ မြို့ထဲက စစ်ကြောင်းတခုနဲ့ ချီတက်ဖို့ စုဝေးကြခဲ့ကြတယ်။

အဲဒီတုံးက အာဇာနည်နေ့ တနေ့ဟာဖြင့် အဲဒီတုန်းက ပါဝင်ဆင်နွဲခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအားလုံးအတွက် ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်အတွင်း နောက်ဆုံးအကြိမ် အင်အားကုန်ထုတ်သုံးပြီး ဆင်နွှဲခဲ့တဲ့ အာဏာဖီဆန်တဲ့ ဆန္ဒပြပွဲကြီးတခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

မြို့ထဲက ချီတက်လာတဲ့ ဂျေအေစီ အစုအဖွဲ့က မနက်ကတည်းက လေဟာပြင်ဈေးနားက စုဝေးပြီး မင်းမနိုင်အရပ် ဦးဝိစာရလမ်းအတိုင်း အာဇာနည်ကုန်းကို ၂ ယောက်တတန်း ငြိမ်သက်စွာ ချီတက်ခဲ့ကြပါတယ်။ လူတန်းကြီးက ထောင်ချီမယ်လို့ ခန့်မှန်းခဲ့ကြပြီး သူတို့တွေ အသံတစက်မှ မထွက်ခဲ့ကြပါဘူး။ အချင်းချင်း လက်တို့ပြီး သတိပေးနေတာက စည်းကမ်းရှိဖို့၊ မပြေးဖို့၊ အဖမ်းခံဖို့၊ အရိုက်ခံဖို့နဲ့ တစုတစည်းတည်း ရင်ဆိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ တာဝန်ခံတဲ့ ခေါင်းဆောင်တွေက အဆင့်ဆင့် သတင်းပို့ပြီး တားဆီးလာတဲ့ စစ်တပ်က အရာရှိတွေကို ငြိမ်းချမ်းစွာ ရင်ဆိုင်ဆွေးနွေးဖို့ကိုပြင်ဆင်ထားပါတယ်။

သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်ရှေ့မှာ တကြိမ် အတားခံရပေမယ့် အဲဒီက စစ်ဗိုလ်က မဆူတဲ့ လူတန်းကြီးကို သွားခွင့်ပြုလိုက်ပါတယ်။ သို့ပေမယ့် တပ်မတော် ခမ်းမရှေ့နားမှာတော့ ထိုစဉ်က ရန်ကုန်တိုင်း တိုင်းမှူး မျိုးညွန့်ကိုယ်တိုင် စီးနင်းလာတဲ့ သံချပ်ကာ ကားများ၊ စစ်ကားများက ပိတ်ဆို့ပြီး လူစုခွဲတာကို သူတို့ ကြုံခဲ့ကြပါတယ်။

စစ်သားတွေက ညာသံပေးပြီး တုတ်တွေ ဝှေ့ရမ်းကာ လူအုပ်ထဲကို ပြေးဝင်လာခဲ့ကြပေမယ့် သူတို့တွေက တပ်ဦးမပျက်ခဲ့ကြဘူး။ ရောက်နေတဲ့နေရာမှာ သူတို့ရပ်ပြီးတော့ ရင်ဆိုင်ပါတယ်။ ရှေ့ဆက်သွားလို့မရတဲ့အခါ စည်းကမ်းတကျပဲ နောက်လှည့်ပြီး ပြန်ချီတက်ကြပါတယ်။ စစ်သားတွေက အတင်းတိုးဝင်လာကြလို့ စစ်သားတွေက ချီတက်သူတွေ ကြားထဲ ပြန့်ဝင်ပြီး ကျွံကုန်ကြလို့ ကစဥ့်ကလျားဖြစ်မယ့် ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးမယ်ဆိုတဲ့ အခြေအနေ မရလို့ စစ်သားတွေ အံ့အားသင့်ကျန်ရစ်ခဲ့ကြပါတယ်။

အဲဒီ နေ့ အဲဒီအချိန်မှာ ပြသလိုက်နိုင်တဲ့ သက်သေ (အမြတ်) ကတော့ အာဏာဖီဆန်တဲ့ ထိပ်တိုင်ရင်ဆိုင်တဲ့ ငြိမ်းချမ်းစွာ တည်တည်ငြိမ်ငြိမ် တစုတစည်းထဲ လှုပ်ရှားမှုဆိုတာ လက်နက်ကိုင်ထားတဲ့ အာဏာရှင်တွေကို ခြိန်းခြောက်နိုင်တယ်။ ခြောက်ခြားအောင် လုပ်နိုင်တယ် ဆိုတာပါပဲ။ ရလိုက်တဲ့ သင်ခန်းစာကတော့ အဲဒီအချိန်မှာ နိုင်ငံရေးအရ ဦးဆောင်မှု ဆုံးဖြတ်မှု လုပ်ငန်းစဉ် ဆက်လက်ချမှတ်ပေးနိုင်မယ့် ဦးဆောင်သူများနဲ့ အဆက်ပြတ်တောက်ပြီး အားပျော့သွားခဲ့ကြရတာပါ။

ညဖက်မှာ စစ်အစိုးရ ရုပ်မြင်သံကြားကနေ ဆူပူလှုံ့ဆော်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဥပဒေနှင့်အညီ အရေးယူဖမ်းဆီးခြင်း၊ ဖြိုခွဲလိုက်ကြောင်း ကြေငြာပါတယ်။ မြို့ထဲက ချီတက်တဲ့ လမ်းကြောင်းက ကျောင်းသားခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေကို ချက်ခြင်း ဖမ်းဆီးခြင်း မခံခဲ့ရပေမယ့်၊ မြို့ပြင်လမ်းကြောင်းက ကိုကိုကြီးနဲ့ ကျောင်းသားခေါင်းဆောင်အချို့ကိုတော့ စစ်တပ်က ခေတ္တဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။

14In 2007 July 19th Martyrs Day Event, Ko Ko Gyi, Min Ko Naing & Htay Kywe

 

၁၉၈၉ ဇူလိုင် ၁၉ နောက်ဆက်တွဲ

 

မြန်မာပြည်ရဲ့ အာဇာနည်နေ့တိုင်းဟာ စစ်အစိုးရကို အာဏာဖီဆန်တဲ့ အထိမ်းအမှတ်နေ့ အဖြစ် ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးပါတီဝင်တွေအတွက် စွဲမှတ်ပြီး ကျန်ရစ်တယ်လို့ ပြောချင်ပါတယ်။
အဲဒီနေ့ကို နှစ်စဉ် ဖြတ်သန်းကြတိုင်းမှာ

– စစ်အစိုးရ မတရားသိမ်းပိုက်ထားတဲ့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်ဖို့၊

– စစ်အစိုးရ ဖျက်ဆီးဖျောက်ဖျက်ဖို့ ကြိုးစားနေတဲ့ လွတ်လပ်ရေးနဲ့ အမျိုးသားရေးခေါင်းဆောင်ကြီးတွေကို ပြည်သူတို့ ထာဝရ သတိရနေကြောင်း ပြသဖို့နဲ့

– အာဇာနည်ကြီးတွေရဲ့ အမွေ တပ်မတော်စစ်သည်တွေကို မတရားသိမ်းပိုက်ထားတဲ့ စစ်အာဏာရှင်တွေရဲ့လက်ထဲကနေ ပြည်သူတွေဆီ စည်းရုံးဖို့အတွက်

ရဲရင့်တဲ့ ပြည်သူလူထုကြီးက စစ်အစိုးရရဲ့ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ပြီး မြန်မာ့ဒီမိုကရေစီရေးအာဇာနည်တွေ အင်အားပြကြတဲ့ မြင့်မြတ်တဲ့ နေ့တနေ့ပဲ ဖြစ်ပါတော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, မောင်ရစ်, ပြန်လည်ဆန်းသစ်ခြင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်