မိုးချိုသင်း ● က၀ိအိုရဲ့ အိမ်ပြန်ချိန်သို့ ….

July 24, 2016

မိုးချိုသင်း ● က၀ိအိုရဲ့ အိမ်ပြန်ချိန်သို့ ….
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၆

ဒီနေ့ မိုးမခထဲက ဆရာ ဒေါက်တာစိန်ဝင်းရဲ့ဇနီး မမစီရဲ့ ဆောင်းပါးတပုဒ် ဖတ်ရတယ်။ ဖတ်ရင်း ရင်ထဲမှာထိခိုက်လွန်းလို့ ဒီစာကို ရေးမိပါတယ်။ ခေါင်းစဉ်က က၀ိအိုရဲ့ အိမ်ပြန်ချိန်တဲ့။ ဆရာဦးစိန်ဝင်းမိသားစု မြန်မာသံရုံးမှာ ကိုယ့်နိုင်ငံ ကိုယ်ပြန်ဖို့ သွားလျှောက်ရာမှာ “ခံဝန်ချက် လက်မှတ်ထိုး၊ အသနားခံစာတင်၊ ဆွေမျိုးတွေနဲ့ပဲ တွေ့၊ ဘယ်မှ မ၀င်နဲ့” ဆိုပါလား။ ဒါကို ဖတ်မိတော့ အာဇာနည်ခေါင်းဆောင်ကြီးတဦးရဲ့သား၊ မြန်မာ့နိုင်ငံရေးထဲ အနှစ် နှစ်ဆယ်ကျော် ပါဝင်ခဲ့သူ၊ အဘိုးအို တဦး ရဲ့အိမ်ပြန်ချိန်ဟာ အချုပ်အနှောင်တွေခံဝန်ချက်တွေနဲ့လားလို့ ဆောင်းပါးရှင်က မေးထားပါတယ်။

သူရေးထားတာ အပြစ်တင် ဆဲဆိုထားတာ တလုံးမှမပါ။ စကားကြမ်းကြမ်းတောင် မပြောထား။ နိုင်ငံရေးတွက်ချက်နည်းတွေကိုလည်း ချမပြ၊ လွဲမှားနေတဲ့ပေါ်လစီတခုကို ရိုးရိုးလေးရေးထားပုံက ဖတ်ရသူတွေရဲ့ရင်ထဲကို မြားသိန်းသောင်းချီ ၀င် သွားသလို ထိရောက်လှပါတယ်။ ပြည်သူတင်မြှောက်ထားသောအစိုးရကို ရိုသေလေးစားသောအားဖြင့်တောင် လက် မှတ်ထိုးခဲ့ပါသေးတယ် တဲ့။ ဒါပေမဲ့ ခေတ်စနစ်ဆိုးကြီးကြောင့် ကမ္ဘာကြီးရဲ့နေရာအနှံ့အပြားကို လွင့်စင်ခဲ့တဲ့ သူတွေရဲ့ အိမ်ပြန်ချိန်ဟာ ပြည်သူ့အစိုးရ လက်ထက်မှာတော့ ဒါမျိုးတွေမရှိသင့်တော့ပါဘူး လို့ ပြောချင်တာပါ။

ဒါဆို ဆရာ့လိုလူမျိုးကို ဒီလိုခံဝန်ချက်တွေ တောင်းဖို့ လိုအပ်သလားလို့ တဖက်က ပြန်စဉ်းစားကြည့်မိပါတယ်။ ကျမသိ သလောက် ဆရာဦးစိန်ဝင်းမိသားစုအကြောင်း ရေးပြချင်ပါတယ်။ ဆရာတို့နဲ့ ကျမတို့က အမေရိကားရဲ့အရှေ့နဲ့အနောက်ဆိုသလိုနေရာတွေမှာ နေပါတယ်။ အရှေ့ဖက်ခြမ်းကိုသွားလည်တိုင်း ဆရာ့အိမ်ကို သွားဖြစ်ပါတယ်။ ကျမအဖေ ရိုသေ လေးစားရသူလို့ သိခဲ့နားလည်ခဲ့လို့ပါ။ ၀န်ကြီးချုပ်ဆိုတာထက် ဆရာဟာ ပညာရှင်တယောက်လိုသာ ပီပြင်ခဲ့သူပါ။ စင်ပြိုင် ၀န်ကြီးချုပ်ဆိုတဲ့ရာထူးနဲ့သင့်လျော်အောင်ထက် ပညာရှင်လိုသာအနေရိုးသူ၊ အခွင့်အရေး မမက်တာမှ ဆရာ့အိမ်မှာ အဆောင်အယောင်ခမ်းနားဖို့ နေနေသာသာ ဆက်တီထိုင်ခုံတလုံးတောင် မရှိခဲ့သူ။ ဖျာလေးခင်းပြီး အပြုံးတွေနဲ့သာ ဧည့်ဝတ်ကျေရှာသူ။ အမေရိကားလို ကားတ၀ီဝီပြေးနေတဲ့ နိုင်ငံကြီးမှာ ကိုယ်ပိုင်ကား မ၀ယ်နိုင်ခဲ့။ မြို့ကလုပ်တဲ့နိုင်ငံရေးပွဲ မိတ်ဆုံပွဲတွေကို ဘတ်စ်ကားနဲ့ လာရင်လာ၊ ဒါမှမဟုတ် မိတ်ဆွေကားကြုံနဲ့လိုက်ကာ အားပေးခဲ့သူ။ အာဏာရှင်နိုင်ငံရေးဖိနှိပ်မှု ပြင်းထန်ချိန်မှာ ဆရာဟာအကျယ်ချုပ်ကျနေတဲ့ ညီမဖြစ်သူအတွက် တထောင့်တနေရာကနေ အာဏာရှင်ကို ဖိအားပေးခဲ့သူတဦးမျှသာ…။ သူတို့ဟာ ခုချိန်ထိ မြန်မာနိုင်ငံသားများ ဖြစ်ကြပါတယ်။ ဒီက နိုင်ငံသားခံယူထားခြင်း မရှိပါ။ ဒီလိုလူမျိုးဟာ ဆူပူ မလှုံ့ဆော်ပါဘူးလို့ခံဝန်ချက် ထိုးခိုင်းသင့်တဲ့ လူလား….

ဆရာတင်မဟုတ်၊ ဆရာ့ပါရမီဖြည့်ဖက် မမစီကလည်း ရိုးဂုဏ်မှာ ဆရာနဲ့လိုက်ဖက်ညီသူပါ။ တအိမ်လုံးရဲ့စားဝတ်နေရေးကို ပေါင်မုန့်ဆိုင်မှာလုပ်ရင်း ရှာရသတဲ့။ ဒီပဲရင်း အရေးအခင်းမှာ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတော့ မတရားမှုကို ဆန္ဒပြရင်း မခံမရပ်နိုင်ဖြစ်ပြီး မြန်မာသံရုံးထဲကအလံကို ဖြုတ်ဖို့ကြိုးစားလို့ ရဲအဖမ်းခံရသတဲ့။ သံဃာ့အရေး အခင်းမှာ ပြည်တွင်းကို အလှူငွေတွေ နိုင်သလောက်ပို့ကြတော့ သမီးဖြစ်သူတက္ကသိုလ်တက်ရင် ကားလိုအပ်တာမို့ ကားဝယ်ဖို့ ခြိုးခြံ စုဆောင်းထားတဲ့ဒေါ်လာနှစ်ထောင်ကို ပြတ်ပြတ်သားသား လာလှူခဲ့သတဲ့။ ဒီလိုလူမျိုးဟာ “ကျနော် ကျမမှားခဲ့ပါတယ် ပြည်ဝင်ခွင့်ပေးပါ” လို့ အသနားစာခံ တင်ခိုင်းသင့်သူလား…

လွန်ခဲ့သောနှစ်များဆီက တိုင်းပြည် အနည်းငယ်ပွင့်လင်းလာတော့ ကျမတို့မြို့ကို လူထုခေါင်းဆောင်လာပြီး မြန်မာတွေနဲ့တွေ့ဆုံပွဲလုပ်ခဲ့ပါတယ်။ ပွဲမှာ လုံခြုံရေးတောင်းဆိုချက်အရ ခန်းမထဲကိုဝင်ဖို့ လူတွေတန်းစီပြီး အစစ်အဆေးခံကြရပါတယ်။ အဲဒီမှာ ဆရာနဲ့ မမစီကိုလည်း လူအုပ်ကြားမှာ တန်းစီလျက် မြင်ရတာပါ။ ပွဲစီစဉ်သူများက ဆရာတို့ဟာ အစစ်အဆေးခံသင့်သူ မဟုတ်တာမို့ တန်းမစီဘဲဝင်ရောက်ဖို့ တောင်းပန်ခဲ့ပါတယ်။ အဲဒါဟာ အထူးအခွင့်အရေးပေးခြင်း မဟုတ်ခဲ့ပါ။ မျက်နှာ လိုမျက်နှာရ လုပ်စရာလည်း ဘာအကြောင်းမှမလိုအပ်ခဲ့ပါ။ ဆရာတို့ဟာ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း လုပ်မဲ့သူတွေ မဟုတ်၊ ဆူပူလှုံ့ဆော်အားပေး အားမြှောက် ပြုမဲ့သူတွေမဟုတ်၊ အာဏာကိုမျက်စောင်းထိုးလို့ သူတလူ ငါတမင်း လုပ်မဲ့သူမဟုတ်၊ အခွင့်အရေး တမူးတပဲကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေမဟုတ်ဘူးဆိုတဲ့ မြင့်မြတ်တဲ့ရိုးဂုဏ်နဲ့ စိတ်ဓာတ်ကို အလေးအနက် နားလည်ခဲ့လို့ပါပဲ။ ဒါပေမဲ့ သူတို့ဟာ စည်းကမ်းအတိုင်းသာအစစ်အဆေးခံပြီး ခန်းမထဲမှာ လူထုခေါင်း ဆောင်ရဲ့မိန့်ခွန်းကို ရင်ထဲအသည်းထဲထိစွဲနေအောင် နားထောင် ကျင့်ကြံခဲ့ သူတွေ ဖြစ်ခဲ့ပါတယ်။

အစစအရာရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်တပြည်ဟာ ခေတ်ဆိုးစနစ်ဆိုး စိတ်ဓာတ်ဆိုးတွေက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အစစအရာရာအဆင်မပြေမှုတွေရှိနိုင်တယ်ဆိုတာ နားလည်မိပါ တယ်။ တိုင်းပြည်တခုပြောင်းလဲဖို့ဆိုတာ နေ့ချင်း ညချင်းဖြစ်နိုင်တဲ့ကိစ္စမဟုတ်တာလည်း နားလည်လက်ခံပါတယ်။ ဒါကြောင့်လည်း ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်ခဲ့ သလို စနစ်ဆိုးတွေကို ပယ်ဖျက်ပေးနိုင်ရင်ဖြင့် ပိုပြီးပွင့်လင်းမြင်သာတဲ့တိုးတက်ပြောင်းလဲချိန်ဖြစ်ပြီလို့ မေတ္တာရှေ့ထားလို့ မျှော်လင့်ယုံကြည်မိပါတယ်။

မူရင်း ဆောင်းပါးကို http://moemaka.com/archives/52678 ဖတ်နိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်