ဆောင်းခူးလက် – ခြားနားခြင်းများစွာနှင့် ငါတို့ကမ္ဘာ

July 27, 2016

 

ဆောင်းခူးလက် – ခြားနားခြင်းများစွာနှင့် ငါတို့ကမ္ဘာ
(မိုးမခ) ဇူလိုင်၂၇၊ ၂၀၁၆

လောကဟူသည် သက်ရှိပေါင်းစု သတ္တလောက၊ ယင်းတို့တည်နေရာ သြကာသလောက၊ ယင်းနှစ် ပါး သည်ပင် အကြောင်းအကျိုးချိတ်ဆက်၍ ပြုပြင်ပြောင်းလဲနေခြင်းကြောင့် သင်္ခါရလောကမည်၏။ သက်မဲ့ရုပ်ကမ္ဘာသည် ရေ၊ မြေ၊ လေ၊ မီး ဟုသော ဓာတ်လေးပါးတို့၏ အနည်းအများကိုမူတည်၍ အချို့ဒေသစိမ်းစို၊ အချို့ဒေသခြောက်သွေ့၊ အချို့ဒေသ အပူလွန်ကဲ၊ ရေကြီး လေထန် စသဖြင့် ကွဲ ပြားကြသည်။ သက်ရှိ ရုပ်တရားတို့မှာကား ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းလေးပါးကြောင့် ပြောင်းလဲကြသည်။ အကုသိုလ်ကံကြောင့် အစစအရာရာ နုံချာ၏။ အတိတ်ကောင်းမှုကံ လိုသလို၊ ပစ္စုပ္ပန်ကောင်းကံလည်း အရေးပါ၏။ အချို့အတိတ်ကံ ကောင်းသော်လည်း ပစ္စုပ္ပန် မကောင်းကံ များကို ဖန်တီးနေသဖြင့် အတိတ်ကောင်းကံသည် လက်ရှိမကောင်းကံအရှိန်ကို မလွန်ဆန်နိုင်တဲ့အခါ ကောင်းကျိုးပေးဖို့ အခွင့်မသာ ဖြစ်ရသည်။

ဥပမာအားဖြင့် အထက်ကစီးဆင်းလာသော ကောင်းမှု ရေအဟုန်သည် လက်ရှိအကုသိုလ် မကောင်းမှု အပူအဟုန်ကြောင့် အားနည်း ရပ်တန့်သွားသကဲ့သို့ မှတ်နိုင်သည်။ ထို့ကြောင့် ပြန်လည်ပြုပြင်မရ သော အတိတ်ကံကိုအသာထား၍ လက်ရှိ ကောင်းကံများကို ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ဖန်တီးနေထိုင် သင့်သည်။ စိတ်ဟူသောအကြောင်းကြောင့်လည်း ရုပ်တရားတို့သည် ပြောင်းကုန်၏။ အမြင်၊ အကြား စသောအာရုံတို့အပေါ် စိတ်နှလုံးကောင်းဖြင့် မြင်၊ ကြားတတ်သူ၏မျက်နှာသည် အေးချမ်းကြည်လင် ၏။ တည်ငြိမ်၏။ စိတ်တည်ငြိမ်မှုကြောင့် စိတ်၏တည်ရာ နှလုံးကို မထိခိုက်။ နှလုံးကျန်းမာ၍ အသက် ရှည်၏။ ထိုသို့ စိတ်ကောင်းမထားနိုင်ဘဲ လိုချင်မှုလောဘအဟုန်၊ လိုတာမရခြင်းကြောင့်ဖြစ်သော ဒေါသအဟုန်များဖြင့် စိတ်တုန်လှုပ်လိုက်မောနေလျှင် စိတ်၏ညှိုးနွမ်းခြင်းကြောင့် ရုပ်တရားတို့ သည်လည်း ညှိုးနွမ်းရ၏။

မကောင်းစိတ်သည် ကိလေသာတွင် အကျုံးဝင်သော မီးတည်း။ မီးသည် ပူ၏။ ပူလောင်တတ်သောမီးကြောင့် စိတ်တည်ရာနှလုံးသည် ပူ၏။ နှလုံးရောဂါ ရနိုင်၏။ ယင်းရောဂါကို အစွဲပြု၍ အခြားရောဂါများဝင်ရောက်ခါ အသက်တိုနိုင်၏။ ဥတုဟူသော အချမ်း၊အပူ နေရာဒေသ ကိုအကြောင်းပြု၍လည်း အရောင်အဆင်း၊ ပုံသဏ္ဍန် ခြားနားကြသည်။ နေရောင်ရသောသစ်ပင်နှင့်လင်းရိပ်ကျသောသစ်ပင်၊မိုးရေ၀သောသစ်ပင်နှင့် ရေငတ်သော သစ်ပင်တို့ကွာခြားသည်ကိုကြည့်၍ သိနိုင်သည်။ ထို့ကြောင့် ဥတုရာသီညီမျှအောင်နေတတ်ရန်လည်း အရေးကြီးသည်။ ကောင်း၊ မကောင်းစားသောက်ရသော အာဟာရကြောင့်လည်း သက်ရှိ၊ သက်မဲ့တို့ ရုပ်တရား အကောင်း၊ အဆိုး ခြားနားကြသည်တို့မှာ ထင်ရှားသည်။ ထို့ကြောင့် အစား၊ အသောက်တို့ ကိုလည်း သင့်၊ မသင့် ချင့်ချိန် စားသောက်သင့်သည်။ သက်ရှိလောကနှင့်သက်မဲ့လောကယှဉ်လျှင် သက်ရှိလောကသည် ပဓာနဖြစ်သည်။ သက်ရှိလောက ကောင်းမွန်အောင် တဘ၀လုံး သင်ယူ၊ လေ့လာနေရကြသည်။

ထို့ပြင် သက်ရှိလောက ပြုပြင်သော ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့တွင် စိတ်သည် ပဓာနဖြစ်၏။ ထိုစိတ် ပြည့်ဝကောင်းမှု အောင်လည်း သင်ယူ၊ လေ့လာခြင်းများဖြင့် ရှင်သန်နေကြသည်။ ထိုသို့သော ရှင်သန် ခြင်းသည် တကယ့် ရှင်သန်ခြင်းပင် ဖြစ်သည်။ ပဓာနကျသောစိတ်ကို ပြည့်ဝ၊ မွန်မြတ်အောင် သင်ယူ၊ လေ့လာ ခြင်းဖြင့် စိတ်ကောင်း၊ စိတ်မွန်သည် ကောင်းမွန်သောအလုပ်ကို ဖန်တီးမည်ဖြစ်သည်။ ကံသည် အလုပ်ဖြစ်သည်။ အလုပ်ကောင်းမွန်စွာ ဖန်တီးတတ်သူသည် ကောင်းသောဥတု၊ သင့်သော အာဟာရတို့ကိုလည်း ရွှေချယ်နိုင်မည်သာ ဖြစ်သည်။

ထို့ကြောင့် ကိုယ်ကအသာရချိန်မှာ မာန်မမူသင့်၊ ကျေးဇူးတရားတို့သည် အချင်းချင်းမကင်းကြချေ။ ရုပ်ချောလို့ ရုပ်ကြောင့် မာန်မမူသင့်၊ ရုပ်ဆိုးသူရှိလို့သာ ကိုယ်က ရုပ်ချောသူဖြစ်ရသည်။ ထို့ကြောင့် ရုပ်ဆိုးသူကိုပင် ကျေးဇူးတင်လိုက တင်လို့ရသည်။ ပြောင်းလဲစီးဆင်းနေသောနိယာမအရ ကိုယ်က သာချိန်မှာ နင်းထားလျှင် နိမ့်ကျချိန်မှာ နင်းချေခံရတတ်သည်။ ဆင်းရဲသူသည် ချမ်းသာသူကို ၀မ်းမြောက်တတ်ရမည်။ သူချမ်းသာသည်ကို ကိုယ်က၀မ်းမမြောက်နိုင်ဘဲ အကူညီကိုတော့ တောင်းခံ တတ်ကြသည်။ ကိုယ်အဆင်ပြေသည်ကို ၀မ်းမမြောက်သူအားကူညီရန်မှာ စိတ် ကောင်းစိတ်မြတ် ရှိသူမှသာဖြစ်နိုင်မည်။ သာမန်သူအတွက် မဖြစ်နိုင်။ ထိုသို့ အတုံ့အလှည့် အကူညီမရသောအခါ ဆင်းရဲသူနှင့် ချမ်းသာသူကြား မေတ္တာစိတ်ဝေးပြီး၊ အာဃာတများခြားလာသောအခါ လောကသည် အဆိုးဘက်သို့ ဦးတည်သွားရတော့သည်။ သံသရာကျင်လည်နေသမျှ ဆင်းရဲ၊ ချမ်းသာ၊ အနိမ့်၊ အမြင့်တို့သည် တွေ့ကြုံနေမည်သာ။ ယင်းသို့ ကွာနေ၊ ဟနေ၊ မညီမညွတ်ဖြစ်နေသည်တို့ကို ပြေပြစ်၊ ညီညွတ်အောင်လုပ်ဆောင်နေထိုင်ခြင်းသည်ပင် လူသားအဓိပ္ပာယ်ဖြစ်တော့သည်။

လောကမှာ ပညာတတ်လည်း စိတ်ကောင်းမရှိ၊ စိတ် ကောင်းရှိလည်း ပညာမတတ်သူလည်း ရှိကြသည်။ ပညာတတ်ပြီး စိတ်ကောင်းမရှိလျှင် ကျားကို တောင်ပံတပ်သလို ဖြစ်မည်။ စိတ်ကောင်းရှိပြီး ပညာမတတ်လျှင် လုပ်သမျှအရာမထင်၊ အရာထင်သော်လည်း အမှားများ တတ်သည်။ ထို့ကြောင့် ပညာတတ်ရုံသာ မက စိတ်ကောင်းရှိဖို့လည်း အရေးကြီးသည်။

ထို့ကြောင့် ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်သည် သူ့ကျောင်းတိုက်၏ ပထမစည်းမျဉ်းကို စိတ်ကောင်းရှိဖို့က ပထမဟု ချမှတ်ခဲ့သည်။ ပဒေသရာဇ်ခေတ် အင်းဝနှင့်ဟံသာဝတီသည် ခေတ်ပြိုင် ဖြစ်သည်။ အင်းဝမှာ ဘိုးရာဇာသည် ထင်ရှားပြီး၊ ဟံသာဝတီမှာ သီဟပတေ့သုခမိန်သည် ထင်ရှားသည်။

တနေ့ ဘိုးရာဇာနှင့်တကွ အင်းဝကိုယ်စားလှယ်တို့ ဟံသာဝတီရောက်စဉ် ပညာရှိနှစ်ဦးတွေ့ဆုံခိုက် စကားစစ်ထိုးရန် ဖန်လာသည်။ လာရောက်နားထောင်သူပရိတ်သတ်လည်း တခဲနက်ဖြစ်၏။ သီဟပတေ့သည် ဘိုးရာဇာအောက် အသက်ငယ်သဖြင့် နိမ့်သောနေရာမှာ ထိုင်၏။

”အမတ်ကြီး သီဟပတေ့၊ ကျွန်ုပ်တို့ပညာ ရှိတို့ဆိုခြင်းဖြင့် ဆိုမည်လား၊ အမတ်စစ်သည်တို့ ဆိုခြင်းဖြင့် ဆိုမည်လား၊ ပညာရှိတို့ဆိုခြင်းမည်သည်ဟုတ်လျှင် ဟုတ်သည်ဟု အသာတကြည်လက်ခံ၏။ အမတ်စစ်သည်တို့ဆိုခြင်းမှာ မိမိနှင့်ကိုက်ညီလျှင်ဝမ်းမြောက်၍ မကိုက်ညီလျှင် ခိုက်ရန် ဖြစ်တတ်သည်” ဟု ဘိုးရာဇာကပြောသောအခါ “ပညာရှိတို့ဆိုခြင်းဖြင့်သာ ဆိုပါမည်”ဟု သီဟပတေ့ကပြောပြီး စကားစစ်ပွဲစကြသည်။

သီဟပတေ့က ကြံဖြူကိုလင်ပန်းနှင့်ထည့်၍ ကွမ်းညှပ်နှင့်တကွ ဘိုးရာဇာအား ဆပ်၏။ ဘိုးရာဇာသည် ဘိုးရာဇာသည် ကြံကိုကွမ်းညှပ်နဲ့ညှပ်၍ သုံးဆောင်၏။ “အဘိုးအဘယ်ကြောင့် ကြံကိုအဖျားမှစ၍ သုံးဆောင်သနည်း” ဟု သီဟပတေ့ကမေးလျှင်” ကြံတို့မည်သည် အဖျားမှစ၍ အရင်းထိ ပို၍ပို၍ အရသာရှိ၏” ဟု နီတိကဆိုသည်မဟုတ်လောဟု ဘိုးရာဇာကဖြေလျှင် နားထောင်နေသော ပရိတ်သတ်သည် လှုပ်လှုပ်ရွရွ ဖြစ်သွား၏။”

အဘိုးသတ္တ၀ါတို့သည် ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ သေတတ်သော အနိစ္စ သဘော ရှိ၏ဟု ဘုရားမြတ်သည် ဟောသည်မဟုတ်လော၊ အဘိုး ကြံဖျားသုံးဆောင်စဉ် သေသွားလျှင် ကောင်းမြတ်သော ကြံရင်းအရသာ ဆုံးရှုံးနိုင်သည် မဟုတ်လော” ဟု သီဟပတေ့ ဆို၏။

“သီဟပတေ့ အကျွန်ုပ်သည် နီတိနှင့် သုံးဆောင်၏။ သင်သည် မြတ်ဗုဒ္ဓအလိုတိုင်း ပြော၏။ သင့်စကားသည် သာလွန်မြင့်မြတ်၏” ဟု ဘိုးရာဇာကဆိုလျှင် သီဟပတေ့သည် ၀မ်းမြောက်ပြီး ဘိုးရာဇာအား ကန်တော့လေသည်။ ထို့ပြင် တစ်ပိဿာခွဲခန့်ရှိသော ရွှေကွမ်းအစ်ကို ကွမ်းများနှင့် တပါတည်း ပူဇော်လေ၏။ ထို့နောက်”အရှင်မင်းရာဇာ အကျွန်ုပ်သည် အလွန်တွေ့ခဲသောပညာရှိကို တွေ့ပေပြီ။ ပညာရှိတို့သည် မိမိဆိုခဲ့သောစကား အနိုင်ရအောင် ကိုးကပ် လှီးလွှဲ ပြောတတ်၏။ သူတပါး၏စကားကိုပယ်နိုင်အောင် ချုပ်ချယ်၍ အမျိုးမျိုး ဆိုကြ၏။ အနိုင်ပေး အရှုံးခံသူက နည်းလေစွ။ အရှင်မင်းရာဇာကဲ့သို့ ပညာရှိကား တွေ့ရခဲ၏။ ပညာရှိသော်လည်း သူတော်ကောင်း မဖြစ်သူနှင့်သူတော်ကောင်းဖြစ်သော်လည်း ပညာမရှိသူကိုသာ အတွေ့များ၏။ ယခု အကျွန်ုပ်ပြော သောစကားမှာ သာမန်မျှသာ ဖြစ်သည်။ အနိုင်ရအောင် ပြောဆိုနိုင်ကြောင်း ကျွနုပ်သိ၏။ သို့ဖြစ်ပါလျက် အရှင်မင်းရာဇာသည် ပညာရှိသူတော်ကောင်းပီပီ ကျင့်သုံးပြောဆို၍ ကျွန်ုပ်နှစ်ထောင်း အားရ ၀မ်းမြောက်ပါသည် အရှင်မင်းရာဇာ”ဟု သီဟပတေ့အမတ်က ပြောလျှင်” အမတ်ကြီးသီဟပတေ့သည် ကိုယ်တိုင်လည်း ဉာဏ်ပညာပြည့်စုံ၏။ ပညာရှိသူကိုလည်း မြတ်နိုးချီးမြှောက်တတ်၏။” ဟု စသဖြင့် အပြန်အလှန်ချီးမွှမ်း ၀မ်းမြောက်ကြသည်။

အထက်ပါသာဓကကိုထောက်၍ ပညာရှိပြီး စိတ်ကောင်းရှိသူတို့၏ ပြုမူ၊ ပြောဆို၊ နေထိုင်မှုများ လောကမှာ အထူးလိုအပ်ကြောင်း ထင်ရှားသည်။ ထိုသို့ စိတ်ကောင်းရှိသောပညာရှိများ များပြား လာလျှင် လောကမှာ ရှုတ်ထွေးနေသော ကွာဟခြားနားခြင်းများကို စိတ်ကောင်းရှိသော ဉာဏ်ပညာ ဖြင့် ညှိနှိုင်းနေထိုင်တတ်ကြမည်ဖြစ်၍ သတ္တလောကသည် ငြိမ်းချမ်းသာယာ စည်ပင်ဝပြော လာမည် ဖြစ်သည်။ သတ္တလောက ငြိမ်းချမ်းသာယာ အဆင့်တန်းမြင့်လာလျှင် သတ္တလောက၏ အသုံးအဆောင်ဖြစ်သော သြကာသလောကကမ္ဘာသည်လည်း ငြိမ်းချမ်းသာယာလာမည်မှာ အမှန် ပင်ဖြစ်သည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်