အောင်ဝေး – အ တိ တ် ၀ို င် (နှမငယ်ထွေး ဖြူနှင်းဖွေး သို့)

July 29, 2016

Min Kyaw Khine

WORLD OF POETRY & POETS
အောင်ဝေး – အ တိ တ် ၀ို င် (နှမငယ်ထွေး ဖြူနှင်းဖွေး သို့)

(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၆
—————————————-
ကျနော့်ကို၊ ကျနော်တစ်ဦးချင်းကို စော်ကားချင်သလို စော်ကားလို့ ရပါသည်။ စော်ကားခွင့်ရှိသည်ဟု ယူဆလျှင် လွတ်လပ်စွာ စော်ကားပါ။ သို့သော် … ။ ကျနော်ယုံကြည်ရာ ကဗျာလောကကြီးတစ်ခုလုံး ကိုတော့၊ ဓားနှောင့်ချေးသုတ်ကြိမ်းတာမျိုးကိုတော့ ကျနော်လက်မခံပါ။ ကျနော် လက်ပိုက်ကြည့်မနေနိုင်ပါ။

ဖြူနှင်းဖွေး ဘာလဲ၊ ဘယ်လဲ
———————————–

ဖြူနှင်းဖွေး ဘယ်သူလဲ။ ကျနော်မသိပါ။ ဖြူနှင်းဖွေး ဘာလဲ။ ကျနော်မသိပါ။ ဖြူနှင်းဖွေး ဘယ်တုန်းက စာစရေးတယ်ဆိုတာကိုလည်း ကျနော်မသိပါ။ ဖြူနှင်းဖွေး၏ စာပေလက်ရာ တချို့တလေကိုတော့ ကျနော် ဟိုနားဒီနားမှာ ဖတ်ဖူးသည်ဟုထင်ပါသည်။ ဖြူနှင်းဖွေးသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအလွန်တွင် အုံနှင့်ကျင်းနှင့် ဖြစ်ထွန်းပေါ်ထွက်လာသည့် ONLINE စာပေ အင်အားစုတွေထဲက ဖြစ်မည်လား။

ဒါက အရေးမကြီးပါ။ အရေးကြီးသည်မှာ များမကြာသေးမီက FACEBOOK စာမျက်နှာပေါ်တွင် ဖြူနှင်းဖွေးရေးတင်လိုက်သော POST တစ်ခုသာဖြစ်သည်။ အကျဉ်းရုံး ပြန်ပြောရလျှင်၊ ထို POST တွင် ဖြူနှင်းဖွေးက မြန်မာကဗျာလောကကြီးတစ်ခုလုံးနှင့်ချီပြီး၊ ကဗျာဆရာအများစုမှာ အရက်နံ့ မွှန်နေသောကဗျာများထဲ ကျဆုံးနေကြကြောင်း ဝေဖန်ရေးသားထားပါသည်။ (အတိအကျ မူရင်း POST ကိုဖတ်ချင်သူများ၊ ဖြူနှင်းဖွေး FACEBOOK တွင်ဝင်ကြည့်နိုင်ပါမည်)

မောင်သင်းခိုင်စကား ငှားပြောရရင်
—————————————-

ကဗျာဆရာလည်း လူပဲ။ အရက်ဆိုတာလည်း လူသောက်ဖို့ စီမံထားတဲ့ အရာတစ်ခုပဲ။ ကဗျာဆရာ သောက်ချင်သောက်မှာပေါ့ ။ မသောက်တဲ့လူလည်း ရှိတာပေါ့ ။ ဘာဖြစ်သလဲ။ ဆရာမောင်သင်းခိုင်ကတော့ ဟောဒီလို ပြောခဲ့ ဆိုခဲ့ဖူးလေရဲ့ နှမငယ်။

“သောက်တာလည်း အပြစ်မဟုတ်
မသောက်တာလည်း အပြစ်မဟုတ်” ပါတဲ့လေ။

လူအများထင်နေတာက၊ စာရေးဆရာ၊ ကဗျာဆရာမှန်ရင် အရက်တော့သောက်ကြတာပဲ တဲ့။

တကယ်တော့ ဒါ မမှန်ပါ။ စာရေးဆရာတိုင်း၊ ကဗျာဆရာတိုင်းတော့ သောက်နေကြတာ မဟုတ်ပါ။ သောက်တဲ့လူ၊ မသောက်တဲ့လူဆိုတာရှိပါတယ်။ သောက်တဲ့သူကလည်း ကြိုက်လို့ သောက်တယ်။ မသောက်တဲ့သူကလည်း မကြိုက်လို့  မသောက်ဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူနိုင်ဘူး မဟုတ်လား။

ဟိုးအရင် မ ဆ လ စစ်အာဏာရှင်ခေတ်တုန်းက အကြိုက်တရားအကြောင်းပြောတဲ့အခါ
“ဆိုရှယ်လစ်ကြိုက်နှစ်သက်မှု” ဆိုတဲ့ ဝေါဟာရတစ်လုံး ဖြစ်ထွန်း တွင်ကျယ်ခဲ့ဖူးတယ်။ အခုခေတ်လိုဆိုရင် “ဒီမိုကရေစီကြိုက်နှစ်သက်မှု” ပေါ့ ။ ကဗျာဆရာတွေအတွက် “ကဗျာဆရာကြိုက်နှစ်သက်မှု”
ဆိုပါတော့။

ခင်မောင်ရင် +++ ပြောကြားမယ် +++
———————————————–

ရုပ်ရှင်ဒါရိုက်တာ၊ ပန်းချီဆရာ (ဦး)ခင်မောင်ရင် ပြောဖူးတဲ့စကားတစ်ခွန်းကလည်း၊ နှမ ငယ်ထွေး ဖြူနှင်းဖွေး ကြားဖူးသင့်တယ်။

အရက်ဖြူ(ဘီအီး)ကို ပလာတာနဲ့မြည်းနေတုန်း၊ တပည့်ကျော်တစ်ယောက်က “ဟာ – မကောင်းပါဘူးဆရာရယ်” လို့ ၀င်ပြောတော့၊ ဆရာဦးခင်မောင်ရင်က “မကောင်းဘူးလို့ မပြောနဲ့။ မင်းအတွက် မကောင်းပေမဲ့၊ ငါ့ အတွက်တော့ ကောင်းချင်ကောင်းနေမယ်။ မကောင်းဘူးလို့ မင်းပြောလို့မရဘူး။ မင်း မကြိုက်ဘူးလို့ ပဲ ပြောခွင့်ရှိတယ်” တဲ့။

ကဗျာဆရာအများစုကို သိမ်းကြုံးပြီး၊ ကဗျာဆရာတွေ မကောင်းဘူး၊ ကဗျာတွေ မကောင်းဘူးလို့ လက်လွတ်စပယ် မပြောပါနှင့်။ အဲဒီကဗျာ(တွေ)ကို မကြိုက်ဘူ၊ အဲဒီ ကဗျာဆရာ(တွေ)ကို မကြိုက်ဘူး၊ ဒီလိုပဲ ပြောသင့်ဆိုသင့်တာပေါ့ ။

မြန်မာကဗျာလောကကြီးတစ်ခုလုံးကို ရစရာမရှိအောင် ပုတ်ခတ်ရဲတဲ့သူ၊ အခု မေးခွန်းတွေကို ဖြေကြည့်ပါ။

သင် သစ်ပင်တစ်ပင်ချင်းကို သိပါသလား။

သင် သစ်တောကြီးတစ်ခုလုံးကို မြင်ပါသလား။

တစ်တောလုံးကိုလည်း သင်မမြင်ဘူး၊ တစ်ပင်ချင်းကိုလည်း သင်မသိဘူးဆိုရင်၊သင်ဟာ တက္ကဗေဒအကန်း။

ရေတွင်းထဲကဖား
———————-

ဖားတစ်ကောင် မနေတတ်မထိုင်တတ် ဟိုခုန်သည်ခုန်လုပ်ရင်း၊ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွား တယ်။ ရေထဲမှာ ငြိမ်ငြိမ်မနေဘူး။ ရေတွင်းဝကို မော့ကြည့်တယ်။ ပြီးတော့ အာချောင်လိုက်တယ်။

“ဟား- ငှက်တွေ ပြောပြောနေတဲ့ ကျယ်ဝန်းလှချည်ရဲ့ ဆိုတဲ့ မိုးကောင်းကင်ကြီးကလည်း၊ လက်စသတ်တော့ ငါ့ ရေတွင်းဝလောက်ပဲရှိတာပါလား” တဲ့။

အဲဒီအချိန်။ လေထဲဖြတ်ပျံသန်းသွားတဲ့ ငှက်တစ်ကောင်က အာချောင်လိုက်တဲ့ ဖားရဲ့ စကားကို ကြားတော့-

“ဟဲ့- သုံးစားမရတဲ့ ငတုံးဖားရဲ့ ၊စာလေးဘာလေးလည်းဖတ်ဦး။ နင့်အမြင်မှားနေတယ်။ ကောင်းကင်၏ အစိတ်အပိုင်းကလေးတစ်ရပ်သည် ရေတွင်းဝလောက်ရှိသည်။ အဲဒီလိုပြော။ နင်ဟာ ငတုံးဖားပီပီ အနုပဋိလောမအမြင်လည်း မသိ၊ အနုပဋိလောအတွေးအခေါ်လည်းမရှိ၊ မိုက်မဲပါဘိ တက္ကဗေဒ အကန်းရယ်” တဲ့။ အဲဒီလို ပြန်ပြောလိုက်တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ ဖြူနှင်းဖွေးရယ်။

အတိတ်၊ အစဉ်အလာနှင့် သြဇာ
—————————————

ခေတ်သစ်မြန်မာကဗျာလမ်းကြောင်း (၂၀ ရာစု)မှာ ကြီး လေးကြီး ရှိတယ်။

(၁) ဆရာကြီးသခင်ကိုယ်တော်မှိုင်း

(၂) ဇော်ဂျီ

(၃) မင်းသုဝဏ်

(၄) ဒဂုန်တာရာ။

ဒါ ကျနော်တို့ ရိုသေမြတ်နိုး တန်ဖိုးထား လေးစားရတဲ့ အစဉ်အလာကြီးသူ၊ သြဇာကြီးသူတွေပါ။

ဒီလို ဆရာသမားကြီးတွေက ခေတ်အဆက်ဆက်၊ မျိုးဆက်အဆက်ဆက် ကျနော်တို့ ကဗျာဆရာတွေ အပေါ် ဝေဖန်ခဲ့တာမျိုး၊ ချီးမွမ်းခြေကျောက်လုပ်ခဲ့တာမျိုး မရှိမဟုတ်၊ ရှိခဲ့ပါသည်။ ကျနော်တို့ က သူတို့  ချစ်လို့ ပြောတာပဲလို့ယူဆခဲ့ကြပါသည်။

ဆရာမင်းသုဝဏ်က “ကာရန်မပါရင် ကဗျာမဟုတ်” ဆိုတဲ့အယူအဆကို သေတဲ့အထိဆုပ်ကိုင် သွားခဲ့ပါသည်။ ဆရာဒဂုန်တာရာက “ကာရန်မရှိရင် ကဗျာကိုဘာနဲ့ရေးမလဲ။ ကဗျာမှာ ကာရန်ပါရမယ်” အဲဒီလို မေးခွန်းထုတ်ခဲ့ဖူးတယ်။

ကျနော်တို့ က ကာရန်ကို လက်လွှတ်ခဲ့ကြပြီ။ ကာရန်ကိုစွန့်ခဲ့ကြတယ်ပေါ့ ။ လိုအပ်လို့စွန့်တာပါ။ ကြာပါပြီ။ ဆရာမင်းသုဝဏ်ရဲ့ ကာရန်အယူအဆကို ကျနော်တို့ ပြန်လည်မချေပခဲ့ကြပါဘူး။ ဆရာ ဒဂုန်တာရာရဲ့ ကာရန်အယူအဆကိုလည်းကျနော်တို့ တုန့်ပြန်မဖြေရှင်းခဲ့ကြပါဘူး။ ကျနော်တို့ က ကဗျာကို ကာရန်(စနစ်)မသုံးတော့ဘဲ၊ စကားပြောနရီ (SPEECH RHYTHM) နဲ့တစ်လျှောက်လုံး ရေးလာခဲ့ကြတာပါ။

ဆရာမင်းသုဝဏ်က ကျနော်တို့ထက် အများကြီး တတ်ကျွမ်းနားလည်တဲ့၊ ထိုးထွင်းသိမြင်တဲ့ ကဗျာက၀ိကြီးတစ်ဦးပါ။ ဆရာမင်းသုဝဏ်က “ရွာလိုရွာလော့ မိုးနတ်သား” ဆိုတဲ့ကဗျာတစ်ပုဒ် ရေးပြသွားတယ်။ (အင်းလျားကန်သို့ အို ကူးတို့ ကဗျာစာအုပ်တွင်ရှုပါ)

ကဗျာမှာ ကာရန်ကိုအားမပြုဘူးဆိုရင်၊ ဘယ်ဟာကိုအားပြုရမလဲ။ ဆရာမင်းသုဝဏ်က ကဗျာ့နရီသဘော(စကားပြောနရီ)ကို “လုပ်” ပြသွားတာပါပဲ။ ရွာလိုရွာလော့ မိုးနတ်သား ကဗျာ မှာ အစဉ်အလာကာရန်စနစ် မပါပါဘူး။

ပြီးတော့ ဆရာဒဂုန်တာရာ။ ဆရာကတော့ အစဉ်အလာ မြန်မာကဗျာစပ်ထုံးစပ်နည်းအရ ကာရန်(ကာရန်စနစ်)ကို သူပြောလိုရင်းဖြစ်သည်။ သူ့ အမြင်က ကာရန်လောက်နှင့် ရပ်တန့်သွားသည် မဟုတ်ပေ။ ဆရာဒဂုန်တာရာက “ကာရန်မဲ့ချင်မဲ့၊ အဘိဓမ္မာ မမဲ့စေနဲ့” လို့ သင်ကြားခဲ့တာ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့ ဟာ ဆရာမင်းသုဝဏ်ဆီက နရီ(စကားပြောနရီ)နည်းပညာကို ရခဲ့တယ်။ ဆရာဒဂုန်တာရာဆီက အဘိဓမ္မာ(လောကအမြင်)ကိုရခဲ့တယ်။ ဒါပဲ မဟုတ်လား။

ဒီ ဆရာသမားကြီး၊ မဟာက၀ိကြီးနှစ်ဦးစလုံးဟာ၊ ကျနော်တို့ ကဗျာဆရာတွေကိုရော ကျနော်တို့ ကဗျာလောကကြီးတစ်ခုလုံးကိုပါ အဆိုးမြင်နဲ့ တစ်ခါဘူးမျှ မဝေဖန်ခဲ့ကြဖူးပါ။

ဒေါင်းနွယ်ဆွေ၊ အောင်သင်း
——————————-

တစ်ခါတုန်းက(၁၉၈၅) ဆရာဒေါင်းနွယ်ဆွေက ကာရန်မဲ့ကဗျာ ဆိုတာနဲ့ပတ်သက်လို့ ပေဖူးလွှာ မဂ္ဂဇင်း အင်တာဗျူးမှာ ကာရန်မဲ့ကဗျာ(စစ်စစ်)ဆိုတာ ဟောဒီလိုရေးရတယ်ဆိုပြီး ရေးပြသွားပါသည်။

တချို့ လူငယ်တွေရေးနေကြတာက ကာရန်မဲ့ မဟုတ်ဘဲ၊ ကာရန်ပျက်တွေပဲလို့ ပြောဆိုထုနှက် လိုက်တုန်းက ကျနော်(တို့)ပြန်တုန့်ပြန်ခဲ့ကြဖူးပါသည်။

ဒါက ကဗျာအတတ်ပညာပြဿနာတစ်ခုပဲ ဖြစ်ပါသည်။ ကျနော်တို့ ပြန်တုန့်ပြန်ရာမှာ ဆရာဒေါင်းနွယ်ဆွေ၏ အစဉ်အလာနှင့်သြဇာကို ကျနော်တို့ မထိပါး၊ မစော်ကားခဲ့ကြပါ။ ဆရာဒေါင်းကလည်း မင်းရို့ကဗျာဆရာတွေ အသုံးကိုမကျဘူး၊ မင်းတို့ ကဗျာတွေလည်း အလကားပဲရယ်လို့ တစ်ခါဘူးမျှ မပြောခဲ့ဖူးပါ။

နောက်တစ်ခါ၊ ဆရာဦးအောင်သင်း။ ၁၉၈၆ မှာ ပေဖူးလွှာအင်တာဗျူးမှာပါပဲ။ ဆရာဦးအောင်သင်းက “လူထုကိုစည်းရုံးလှုံ့ဆော်နိုင်စွမ်း နိမ့်မြင့် တန်းစီကြည့်လိုက်မယ်ဆိုရင်၊ ကဗျာက ဟိုး နောက်ဆုံးတန်းလောက်မှာ ရောက်နေပါလိမ့်မယ်” ဆိုပြီး ထိုးနှက်လိုက်တုန်းကလည်း၊ ကျနော်(တို့) အသည်းအသန် ပြန်ချေပခဲ့ကြဖူးပါသည်။

ဒါက ပျံ့နှံ့မှုပြဿနာပဲဖြစ်သည်။ ဥပမာ- ကဗျာထက်စာလျှင်၊ ကာတွန်းက လူထုကြား (စာဖတ်ပရိသတ်ကြား) ပိုမိုပျံ့နှံ့ရောက်ရှိတယ်လို့ ယူဆသလိုမျိုးပါ။ ကျနော်တို့က ကဗျာဆရာမာန်၊ ကဗျာဆရာမာနနဲ့ နောက်ဆုံးတန်းရောက်နေတယ်အပြောခံရတာကို နာကျင်ခံခက်ဖြစ်ပြီး ပြန်လည် ချေပခဲ့ကြတာပါ။ ဆရာဦးအောင်သင်းလက်က သင်းတို့ကဗျာတွေ ဘယ်လောက်များအသုံးကျလို့ လဲ ဆိုပြီး တစ်ခါဘူးမျှ မရေးခဲ့ဖူးပါ။

မြသန်းတင့်၊ တက္ကသိုလ်ဘုန်းနိုင်
—————————————

ဆရာမြသန်းတင့်ဆိုတာ အင်မတန်ကြီးကျယ်ထင်ရှားတဲ့စာရေးဆရာကြီးပါ။ ကဗျာလောကကို ထဲထဲဝင်ဝင် စောင့်ရှောက်ပါတယ်။ ကိုယ်တိုင်လည်း “စက္ကူမြင်း၊ တောင်တွင်းရထား” လိုပင်ကိုရေး ကဗျာတွေ ရေးခဲ့သလို၊ မောင်သစ်တည်နာမည်နဲ့ “ဇီမာလမ်းဆုံ” လိုနိုင်ငံရပ်ခြားကဗျာတွေကိုလည်း မြန်မာပြန်ခဲ့သူ။ နှမငယ်ဖြူနှင်းဖွေးလည်းသိပါတယ်။

ဒီလိုဆရာသမားကြီးတစ်ဦးကတောင်၊ ကျနော်တို့ ကဗျာဆရာ၊ ကဗျာလောကကို အရက်နံ့ မွှန်ထွန်နေတာပဲဆိုပြီး၊ သိမ်းကြုံးပြီး ဗုံးမခွဲခဲ့ပါဘူးဗျာ။

နှမငယ်ရယ်၊ ဒီဘက်ခေတ်မှာ လူကြီးတွေနဲ့ လူငယ်တွေ ကဗျာနဲ့ပတ်သက်လို့ အချေအတင်ရှိ ကြ၊ အငြင်းအခုံဖြစ်ကြဆိုရင်လည်း၊ အလွန်ဆုံးက “မင်းတို့ခေတ်ပေါ်ကဗျာတွေကို စာဖတ်ပရိသတ်က နားလည်ပါ့ မလား” ဆိုတာမျိုး အမေးခံရရုံလောက်ပါ။

ဆရာဒဂုန်တာရာက ဆရာတက္ကသိုလ်ဘုန်းနိုင်ကိုမေးတယ်။ “ဒီနေ့လူငယ်တွေရေးနေတဲ့ ခေတ်ပေါ်ကဗျာတွေကို နားလည်သလား”

ဆရာတက္ကသိုလ်ဘုန်းနိုင် ပြန်ဖြေတယ်။ “ခံစားမှုနဲ့နားလည်ယူပါတယ်” တဲ့။

ဆရာဒဂုန်တရာက “ခံစားမှုနဲ့နားလည်တယ်ဆိုရင် လက်ခံပါတယ်” လို့မှတ်ချက်ချခဲ့ဖူးပါတယ်။ (အကျယ်ကို- အုပ်ဖွဲ့ပျံသန်းလာသော ၉၅ ကဗျာငှက်များ စာအုပ်၊ မန်းချောင်းလရောင် စာအုပ်တိုက်က ထုတ်ခဲ့တာ၊ အဲဒီမှာကြည့်ပါ)

နှမငယ်ထွေး ဖြူနှင်းဖွေးရေ။

လူကြီးတွေက ကျနော်တို့ ငယ်သူတွေကို ဝေဖန်ခဲ့၊ ထောက်ပြခဲ့၊ သုံးသပ်ခဲ့၊ (အပြစ်တင်ခဲ့) တယ်ဆိုရင်လည်း၊ အဲဒီလောက်ပါပဲ။

ညည်းကျခါမှ၊ ကဗျာတစ်လောကလုံးကို အရက်နဲ့ကိုင်ပြီး၊ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက် လိုက်တော့၊ စိတ်မခိုင်တဲ့ကဗျာဆရာတွေကလည်း၊ မခိုင်တဲ့အလျောက် အပြိုင်သောက်လိုသောက်၊ အသောက်ပြိုင်လိုပြိုင် ဖြစ်ကရော။ စိတ်မယိုင်တဲ့ ကဗျာဆရာတွေကျတော့လည်း။ အတိုင်အဖောက်ညီညီနဲ့ ညည်းအပေါ် အပြိုင်ဟောက်လိုဟောက်၊ အဟောက်ပြိုင်လိုပြိုင် ဖြစ်ပြန်ရော။

ဒီလိုနဲ့၊ကိုယ့်မှာလည်း စိတ်မနိုင်လို့၊ အတိတ်ဝိုင်ခွက်ကို၊ ပိတ်ကိုင်မိလျက်သားပေါ့ နှမငယ်ထွေး ငယ်ပါသေးရေ။

နောက်နောင်တော့ ကဗျာဆရာတွေနဲ့ ကဗျာလောကထဲကို ကျွဲပြဲစီးပြီး ၀င်မလာပါလေနဲ့။ ။

ေ အ ာ င္ ေ ၀ း
ဇူလိုင် ၂၇- ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ, အောင်ဝေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်