မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း ၁၇

July 30, 2016

မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း ၁၇
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆


ဆေးကျောင်းမှာပျော်ခဲ့သမျှ

မိမိအနေနှင့် မည်မျှ ပြင်ပလောကသို့ ခြေဆန့်သည်ဆိုစေကာမူ အထူးသဖြင့် ညပိုင်းကတော့ အဆောင်မှာ ရှိတတ်သည်က များသည်။ အဆောင်ရှိကျောင်းသားများနှင့် ရင်းနှီးစွာပေါင်းဖော်မိသည်။ ထို့ပြင် ချောက်ကပ်ချောင်ကျလှသည့် မင်္ဂလာဒုံ ဆေးကျောင်းမှနေ၍ စည်ကားလှသည့် ထိုစဉ်ကတော့ RASU ရာဇူး သို့ မဟုတ် Main မိန်း ဟုခေါ်သည့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ပင်မသို့ သွားရောက် လည်ပတ်ကြရာတွင်လည်း အတူတူဖြစ်သည်။
မိမိတို့ဆေး ၂ မှ ဆေးကျောင်းသူလေးများသည်လည်း သူဟာသူချောမောကြသည်ဖြစ်သော်လည်း ရန်ကုန်တက္ကသိုလ် ပင်မနှင့် စီပွားရေးတက္ကသိုလ်တို့မှအပြိုင်းအရိုင်းပွင့်ဖူးနေကြသည့် ရောင်စုံပန်းပွင့် ကလေးများသဖွယ် လှပချောမောကြသည့် ကျောင်းသူလေးများကလည်း မိမိတို့ကို ဆွဲဆောင်နေကြ
သည်မဟုတ်ပါလော။

ဆရာကြီးရွှေဥဒေါင်းစာများအရ ယောက်ျားဆိုသည်မှာ စုံဖို့လိုသည်ဟုမိမိတို့အနက်ကောက်ထား သည်။ လွတ်လပ်သောကျောင်းသားဘဝဆိုတော့ စုံချင်တာကို လွတ်လပ်စွာစုံ၍ ရသည်။ အထက်တန်းကျောင်းသား ဘဝက စာမေးပွဲအပြီးတွင် သူငယ်ချင်းတယောက်၏ခြံထဲတွင် ဘဲငန်း တကောင် စုချက်စားသည်။ ဆေးခြောက်ထည့်ချက်စားရန် အကြံပြုကြသည်။ အားလုံးသဘောညီညာစွာတူကြပြီး ဆေးခြောက်ထည့်သည်။ စိုးရိမ်တတ်သူ များက သိပ်အများကြီး မထည့်ဖို့ပြောတော့ သူတို့ရှေ့တွင်နည်းနည်းသာထည့်ပြီး သူတို့အလစ်တွင် ခိုးထည့်ကြသည်။ ခိုးထည့်သူက ၂ ယောက် ၃ ယောက်ဖြစ်တော့ လက်ဆ နည်းနည်းများသွားသည်။ ထိုညနေ ဘဲငန်း ဟင်းတွင် ဆေးခြောက်များသွားသော အနှစ်ကချိုလွန်း အရသာရှိလွန်း၍ အားလုံး အလုအယက် စားကြသည်။ မိမိလည်းအိမ်ပြန်ရောက်တော့ တဟီးဟီး တဟားဟားရီမောကာ အပေါ်ထပ် အိပ်ခန်းဆီသို့ လှေခါးအား လေးဖက်တက်သွားသည်ဟု နောက်နေ့မနက်ကျတော့ အိမ်ကပြောသည်။

ဆေးခြောက်၏မူးယစ်သောအရသာကို ရှူမကြည့်ဘူးသေး၍ စမ်းပြီး ရှူကြည့်ချင်သည်ကို ဆေးကျောင်းရောက်မှစမ်းသပ်ရသည်။ ထမင်းစားဆောင် ကော်ရစ်ဒါတွင် သွားရှူကြည့်ဖူးသည်။ မိမိတို့ထက် အတန်းကြီးမှဆရာကြီးများက ဦးဆောင်သည်။ ဆေးပေါ့လိပ်ကို ထိပ်ကဖွင့်ပြီး အထဲက
ဆေးသားတွေထုတ် ပြီးတော့ ဆေးခြောက်ပြန်ထည့် ပြီးတော့ အားရပါးရရှိုက်ဖွာပြီး မူးကြောင် ရူးကြောင် အရသာကို ထမင်းစားဆောင်နံရံမှီပြီး ခံစားကြည့်ခဲ့သည်။

၁၉၇၃ ခုနှစ်ထဲတွင် ထင်သည်။ မိမိနှင့် Eco ( စီးပွားရေးတက္ကသိုလ်) ကကျောင်းသား ၂ ဦး ပေါင်း၍ ထိုစဉ်က နံမည်ထွက်စပြုနေသော နံပတ်ဖိုးခေါ် ဘိန်းဖြူ အား စမ်းသပ်ကြည့်ရန် တိုင်ပင်မိကြသည်။ ထိုစဉ်က ဘိန်းဖြူပေါ်ဦးပေါ်ဖျားဖြစ်ပြီး ဘိန်းဖြူ နှင့်ပတ်သက်သည့် ဥပဒေပင်မထွက်သေးပေ။
တရုတ်တန်းတွင် ရနိုင်သည်ဟုဆို၍ ခပ်တည်တည်နှင့် အသိအကျွမ်း အဆက်အသွယ်မရှိဘဲ ၁၉ လမ်းသို့သွားကြသည်။ ၁၉ လမ်းကတရုတ်စားသောက်ဆိုင်များအနီး ဟိုလိုလို ဒီလိုလိုနှင့် စားပွဲထိုးလေးတစ်ယောက်ကိုမေးတော့ မိမိတို့အား တိုက်လှေခါးခြေရင်းတခုအနား ခဏစောင့်ခိုင်းပြီး အပေါ်တက်၍ ပစ္စည်းယူသည်။ မဆလာထုတ်ခပ်သေးသေးအရွယ် ဖြူ ဖြူမှုန့် ပလပ်စတစ်အိတ်သေး တခုအား မိမိတို့အားပေးသည်။ ၂၀ ကျပ်လား ၂၅ ကျပ်လားမသိပေးလိုက်ရသည်။ ထိုစဉ်က ဗမာထမင်းဆိုင်ကောင်းကောင်းတွင် ဟင်းအစုံအလင်နှင့် ထမင်းအဝစားမှ ၃ ကျပ်ခန့်သာရှိသေးသည်။

ထို့နောက် မင်္ဂလာဒုံအဆောင်ပြန်ပြီး ပထမထပ်ရှိ မိမိတို့မြို့မှ အတန်းကြီးသမားတယောက်အခန်းကို သွားသည်။ သူတို့အခန်းက ပုံမှန်အဆောင်ခန်းမဟုတ် စတိုခန်းကို လူနေခန်းလုပ်ထား၍ အတော် ကျယ်သည်။ ဝယ်လာသော ဘိန်းဖြူမှုန့်ကို စီးကရက် ၄ လိပ်တွင် မျှထည့်ပြီး ၄ ယောက်သား မျှ ရှူကြ
သည်။ အတော်လေးမူးယစ်ထုံထိုင်း၍ မလှုပ်မရှားချင် အသံကျယ်ကျယ် မကြားချင် မှိန်းနေရသည်က ဇိမ်တခုဖြစ်ခဲ့သည်။ ဤသို့ဖြင့် ဘိန်းဖြူ ကို ပထမဆုံးနှင့် နောက်ဆုံးစမ်းသပ်ခဲ့ဖူးသည်။

လူငယ် လူပျိုပေါက်ဆိုသည်မှာ လိင်မှုကိစ္စစိတ်ဝင်စားကြသည်။ အနှီကိစ္စကိုအတန်းကြီးက ဝါရင့် ကျောင်းသားကြီးများက ဦးဆောင်ကြသည်။ ထိုစဉ်က လိင်ကိစ္စဖော်ပြသော အပြာကားကြည့်ဖို့ ဆိုသည်မှာ လွယ်လှသည် မဟုတ်။ တီဗီမရှိ ကွန်ပြူတာမရှိ အင်တာနက်မရှိသည့်ခေတ်ဖြစ်သည်။ သို့
သော် ၈ မီလီမီတာ ရုပ်ရှင်ပြစက်အငယ်လေးများဖြင့် ခိုးပြကြသည်။ ကြည့်ချင်သူများကို စည်းရုံး၍ ရုံဝင်ခတောင်း၍ ကြည့်ရမည့်နေရာနှင့် အချိန်နှင့် ပြော၍ချိန်းဆိုသည်။

ပြသသည့်နေရာများကတော့ ကျောင်းစာသင်ခန်းနှင့် အဆောင်ဘေးကထမင်းစားဆောင်များတွင် ညဘက်ခိုးပြသည်။ အစောင့်များဝန်ထမ်းများကို စည်းရုံးထားပုံရသည်။ နောက်မင်္ဂလာဒုံစစ်ဆေးရုံထဲက စာသင်ခန်းမှာ နေ့ခင်းကြောင်တောင်ပြသည်။ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေး ၂ ကျောင်းသားများအတွက် စာသင်ခန်းရှိသည်။ ထိုစာသင်ခန်းက ရှေ့ကဝင်ပေါက်တခုသာ
ရှိသည်။ နေ့လည်ခပ်တည်တည် စာအုပ်ကလေးတွေပိုက်၍ စာသင်ခန်းထဲဝင်ကြတော့ ဘယ်သူမှ သိပ်သတိမထားမိကြ။ ကြည့်ပြီးကြတော့လည်း စာအုပ်ကလေးတွေပိုက်၍ ခပ်တည်တည်ပိုက်၍ ပြန်ထွက်ကြသည်။ အခန်းစောင့်ဝန်ထမ်းများကို စည်းရုံးထားပုံရသည်။

တညတော့ အဆောင်ဘေးက ထမင်းစားဆောင်မှာပြသည်။ ထမင်းစားဆောင်ကျယ်ဝန်း၍ လူပိုဆန့်သဖြင့် ပွဲသွင်းသူများက ပိုသဘောကျ ပုံရသည်။ သို့သော် သတင်းပေါက်ကြားပြီး ဆရာများက ဝင်ဖမ်းရာ ကျောင်းသားများ ဝုန်းဒိုင်းကြဲပြေးကြရတော့သည်။ ထမင်းစားဆောင်ဝန်ထမ်းများအဆိုအရ ဖိနပ်များတောင်း ၂ လုံးစာခန့် ကျန်ခဲ့သည်ဟုဆိုသည်။

အတွေ့အကြုံ အသစ်အဆန်းဆိုတော့ အခြားသူအားမပြောဘဲမနေနိုင်။
မိမိတို့သူငယ်ချင်းထဲမှ တယောက်က ကြည့်ရသည့်အတွေ့အကြုံကို နယ်မြို့က သူငယ်ချင်းဆီ စာလှမ်းရေးသည်။ သူကလည်း ခပ်အအဆိုတော့ ကျောင်းလိပ်စာနှင့် ပို့လိုက်ရာ ကျောင်းအုပ် ဆရာမကြီးက သူမ၏ကျောင်းမှ ဆေးကျောင်းကိုထူးချွန်စွာအောင်သွားသည့် တပည့်ကျော် ရန်ကုန်တက္ကသိုလ် အတွေ့အကြုံ ဘာတွေများရေးလိုက်သလဲဟု ဖောက်ဖတ်ကြည့်ရာ ဒေါသများ
အလိပ်လိုက်ထွက်ခါ သူမရုံးခန်းထဲချိတ်ထားသော လူရည်ချွန် သုံးထပ်ကွမ်းတပည့်ကျော်၏ ဓာတ်ပုံအား ဖြုတ်၍ စတိုခန်းထဲသို့ ပို့လိုက်သည်ဟု ကြားရသည်။ ငယ်ဘဝ မဆင်မချင်လုပ်ခဲ့သမျှ ကြုံရသမျှဟုဆိုရမည်။

အပြာကားတွေလည်းကြည့် အရွယ်ကလည်းမရောက်တရောက်ဆိုတော့ လက်တဲ့စမ်းချင်လာကြ သည်။ သို့နှင့် တညတော့ အဆောင်တွင်းသို့ ပြည့်တန်ဆာ မိန်းကလေး ၂ ယောက် ခေါ်သွင်းဖက်ဖို့ ကျောင်းသားတအုပ် ကြံစည်ကြသည်။ အမျိုးသားဆောင်က အလယ်ခေါင် လျှောက်လမ်းရှိပြီး အခန်းတွေက မျက်နှာချင်းဆိုင်ဖြစ်သည်။ အပြင်မျက်နှာစာဖက်သို့ အခန်းတိုင်းမှာ ပြတင်းပေါက်များ ရှိသည်။ သူခိုးရန်စိုးရိမ်ရသဖြင့် အခန်းပြူ တင်းပေါက်တိုင်းကိုသံဇကာကွက်စိပ်ဖြင့် ရိုက်ကာထား ကြသည်။ မြောက်ဥက္ကလာသို့ သွားခေါ်သူကခေါ်နေချိန် ပြူ တင်းပေါက် သံဇကာဖြု တ်သူက ဖြုတ်ကြသည်။

အဆောင်ဘေးသည် သိပ်မလင်းလှပေ။ အဆောင်တွင်းထွန်းထားသော မီးအလင်းရောင် ဖျာကျနေရုံသာရှိသည်။ သို့နှင့် မှောင်ရိပ်ခို၍ ပြတင်းပေါက်မှခေါ်သွင်းကြသည်။ သို့နှင့် ကျောင်းသားများ၏ လက်တဲ့စမ်းပွဲစတော့သည်။
ပထမတော့ ပူးပေါင်းကြံစည်သူ ကျောင်းသား လေးငါးယောက်သာ သိသော်လည်း တဖြည်းဖြည်းနှင့် ထိုအခန်းရှိရာ roll တခုလုံးကျောင်းသားများ သိသွားကြသည်။ ကျောင်းသားများထုံးစံအတိုင်း အော်သူကအော်သူ ထိန်းသူက ထိန်းနှင့် ပွက်လောရိုက်နေတော့သည်။ အသားဖြူဖြူ ဆံပင် ကောက်ကောက်လူပုံချောချော ကျောင်းသားတယောက်ကတော့ ထို roll အလယ် လမ်းမတ
လျှောက် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း” ငါလဲပါမယ်ကွ ငါလဲပါမယ်ကွ ” သူအလှည့် မပေးမချင်း လိုက်အော်နေတော့သည်။ ယခုတော့ သူလည်း တရားရ၍ တရားဓမ္မနှင့်ပျော်မွေ့နေကာ အရာရာကို တရားသဘောနှင့်ကြည့်သည့် ဆေးမကုသည့် ဆရာဝန်ကြီး ဖြစ်နေရှာသည်။

သတင်းကောင်းစွာ ပေါက်ကြားသွား၍ နောက်တနေ့ ညကျတော့ ထိုလူသွင်းသည်ဆိုသော အခန်း ၂ ခန်းကို လက်ထောက်အဆောင်မှူးဆရာ hall tutor တယောက်လာကြည့်သည်။ အခန်းရှင်ကျောင်းသား ၂ ယောက် ကတော့ ခပ်တည်တည်ပင်။ ” မဟုတ်ပါဘူးဆရာ သံဇကာကြီး ပိတ်ထားတာ လူဝင်လို့မရပါဘူး ” ဟု ပြန်တပ်ထားသော သံဇကာကို လက်ညိုးထိုး၍ ဘူးခံ
ငြင်းသည်။ ဆရာကအတင်းအကြပ် တရားခံစစ်မစစ်။ မလုပ်ကြရန်သာ ဆုံးမ ပြန်သွားရှာသည်။

ကျောင်းရောက်အရက်လည်း စသောက်စပြုပြီ။ တခါတရံမြို့ထဲသွား၍ ပန်းဆိုးတန်း နန်းသီတာတွင် ဘီယာသွားသောက်သည်။ ထိုစဉ် နန်းသီတာမှာ အစိုးရဆိုင်ဖြစ်သည်။ အောက်ထပ်ကကတော့ ကိုယ်တိုင်သွားယူရသည်။
အပေါ်ထပ်ကတော့ အနောက်တိုင်းဝတ်စုံဝတ် စားပွဲထိုးနှင့်ဖြစ်သည်။ စားပွဲထိုးကို မှာရ၍ အပေါ်ထပ် တွင် ဘီယာတလုံး ၅ ကျပ်ပေးရပြီး အောက်ထပ်တွင်တော့ ဘီယာတလုံး ၃ ကျပ် ကျော်ခန့် သာ ရှိသည်။ အပေါ်ထပ်မြစ်ကမ်းနားဖက်ခြမ်းတွင် မိမိတို့မိမိတို့ထိုင်ရန် ရွေးလေ့ရှိသည်။ ရန်ကုန်မြစ်ရှုခင်းကိုကြည့်၍အေးအေးလူလူသောက်၍ရသည်။ ရန်ကုန်မြစ်အတွင်းမှ ပင်လယ်
ကူးသင်္ဘောများ နှစ်ထပ်သင်္ဘောများ မော်တော်များ ငှက်သမ္မာန်များဖြင့် ညနေနေရိုးရီ ဆည်းဆာချိန်တွင် လှပနေသည်။ ဘီယာသောက်ရင်း မိမိတို့တတွေ လူကြီးဖြစ်လာချေ ပြီဟုစိတ်ကြီးဝင်ခဲ့သည်။အောက်ထပ်ကတော့ လူများပြီး ဆူညံနေလေ့ရှိသည်။ သို့သော် ရောက်ဖူးသည်ဆိုရုံ တခေါက်နှစ်ခေါက်သာ ရောက်ခဲ့သည်။

တကယ်တမ်း လူမှန်းသူမှန်းမသိအောင်မူးသည်ကတော့ ကျောင်းမှာ ဖြစ်သည်။ ပထမနှစ်ဆေးအကြီးတန်းစာမေးပွဲပြီးသည့်ညက ဖြစ်သည်။ ဈေးမှာ အာမီရမ် ၂ လုံးသွားဝယ်ပြီး ရေချိုးရာတွင်သုံးသည့် ပလတ်စတစ်ကိုင်း ပုန်းထဲသို့ လောင်းထည့်သည်။ ပြီးတော့ ရေခဲတုံးတွေ ရေတွေထည့်ပြီး သီတာဆောင်ရှေ့သွားသီချင်းဆိုကြမည်ဟု ဆော်အော်လိုက်တော့ စာမေးပွဲပြီး၍ အိမ်ပြန်ကြရတော့မည့် မိမိတို့အတန်းဖော် ၂၀ ခန့်ပါလာသည်။ ဂီတာလွယ်သူ လွယ် အရက်ပုန်းဆွဲသူဆွဲဖြင့် သီတာဆောင်ရှေ့သို့ရောက်လာကြသည်။

သီတာဆောင်သည် ပြည်လမ်းမကြီးအား ကန့်လန့်ဆောက်လုပ်ထားသည်ဖြစ်ရာ တဖက်ထိပ်သည် ပြည်လမ်းမဘက် ဝင်ပေါက်ဝနှင့် နီးသည်။ အဆောင်တခါးအပြင်ဖက် အုတ်ခုံတန်းလေး ထိုင်သူထိုင် ထသူထ သောက်သူသောက် ဂီတာတီးသူတီး သီချင်းဆိုသူဆိုနှင့် ဆူညံပျော်မြူးခဲ့ကြသည်။ မိမိ
တို့အတန်းမှ ကျောင်းသူများကလည်း လမ်းမနား အဆောင်တဖက်ထိပ်တွင် လာထိုင်ကြပြီး မိမိတို့အား လက်ကျန်မုန့်တွေကျွေးကြ သီချင်းတွေတောင်းကြနှင့် တညလုံးအပျော်လွန်နေခဲ့ကြသည်။ သီတာဆောင်က ခြံဝင်းတံခါးခတ်ထားသည့်ပြင် အဆောင်ကလည်း သံဇကာနှင့်ပတ်လည် ပိတ်ထားသည်မို့ အဆောင်ထဲက ကျောင်းသာများနှင့် ဝင်းတံခါးအပြင်က ကျောင်းသားများကြား ခေါက်တုန့်ခေါက်ပြန် အပို့အယူလုပ်ပေးနေရသည်က အဆောင်စောင့်အဘိုးကြီးဖြစ်သည်။ ကျောင်းသားများကို အတော်သည်းညည်းခံသည်ဟု ဆိုရမည်။

ထိုစဉ်က ရန်ကုန်ပြည်လမ်းသည် ည ၉ နာရီခန့်ဆိုလျှင် ကားအသွားအလာပြတ်နေချေ ပြီ။ အတော်ကြာကြာမှကားတစီးတလေတွေ့ရတတ်သည်။
သီတာဆောင်ရှေ့ ပြည်လမ်းမပေါ် မိမိတို့ကျောင်းသားတသိုက်အသံသာ ဆူညံနေတော့သည်။ မိမိတော့ ဘယ်အချိန်အဆောင်ပြန်ရောက်မှန်းမသိလိုက်။
အမူးလွန်သွားသည်။ မနက်နိုးတော့ အခန်းထဲက အိပ်ရာပေါ်ရောက်နေသည်။ ဘေးက စားပွဲပေါ်တွင် ညှစ်ထားသော သံပုရာသီးခွံများ စက္ကူ ပြာချထားသည်များနှင့် ရှုတ်ပွနေသည်။ အမူးလွန်သူအား စက္ကူ ပြာချ၍ ရေနှင့်ဖျော်တိုက်ရမည်ဆိုသူကဆို၍ ပြာချတိုက်သူကတိုက်။ နားထဲ သံပုရာသီးညှစ်ထည့်
သူထည့်နှင့် အမူးလွန်သောမိမိအား ပြုစုထားကြသည်ဟုဆိုသည်။

ဒီကောင်လေးအတော်အမူးလွန်နေပြီ ဂရုစိုက်လိုက်ကြအုံးဟု သီတာဆောင်စောင့်သည့် အဘိုးကြီးက မှာလိုက်သေးသည်ဟုဆိုသည်။ ထိုစဉ်က ကျောင်းကဝန်ထမ်းများသည် ကျောင်းသားများကို တရင်း တနှီးချစ်ခင်ကြသည်။ မိမိအားတွဲခေါ်လာသလား ထမ်းခေါ်လာသလား မမှတ်မိတော့။ တကယ်တော့ မိမိတို့သောက်သည်မှာ အာမီ ၂ လုံးထဲဖြစ်သည်။ လူက ၂၀ ခန့်ဖြစ်သည်။ မိမိကပဲ ပိုသောက်၍လော အူနုအူရိုင်းဖြစ်၍လော အာမီရမ်ကပဲ စစ်သေး၍လော မိမိကျောင်းတော်ကြီးကို သေချာပေါက် စွန့်ခွာရ တော့မည်ကိုကြိုသိနေ၍လော ထိုထဲမှတခုခုကြောင့်လော သို့မဟုတ် အားလုံးကြောင့်လော မပြောတတ်တော့ပါ။ မည်သို့ဆိုစေ အာမီရမ် ၂ လုံးကို လူ ၂၀ ခန့် ဝိုင်းသောက်ရင်း အားရပါးရမူးခဲ့ဖူးပါသည်။

မိမိသည် ဆေးကျောင်းသားကာလက စာဖတ်ဝါသနာပါသည် နိုင်ငံရေးစိတ်ဝင်စားသည်ဆိုသည် ဆိုသော်ငြားလည်း ထိုခေတ်ကာလ လူငယ်များကဲ့သို့ပင် ဘဝကိုဖြတ်သန်းခဲ့ပါသည်။ ဆံပင်ရှည်ထားသည်။ ခေါင်းလောင်းဘောင်းဘီဝတ်သည်။ ဂီတာတီးသည်။ စတီယိုသီချင်းကြိုက် သည်။ ဆန့်ကျင်ဖက် ချောမောလှပသည့် မိန်းကလေးများအား စိတ်ဝင်စားသည်။ အသစ်အဆန်းများ ကို စိတ်ဝင်စားသည်။ ဘတ်စကားလည်း တွယ်စီးဖူးပါသည်။

တကယ်တော့ ခေတ်ကာလသည် လူငယ်များသည် သာမန်အလယ်အလတ်အနေအထားနှင့် ဖြတ်သန်းလာသည်က အများစုဖြစ်သည်။ သိက္ခာသမာဓိကြီးစွာနှင့်နေထိုင်ခြင်းနှင့် အရမ်းဆိုးသွမ်း ခြင်းတို့မှာ အနည်းစုသာဖြစ်သည်။ ပုံမှန်နေထိုင်မှုဘဝနှင့်ဖြတ်သန်းသူက အများစုဖြစ်ကြသည်။ အားလုံးသည် ထိုပုံမှန်ဘဝအခြေမှ ရုန်းထွက်လာကြခြင်းဖြစ်ပေသည်။ ယနေ့ခေတ်ကာလကား မိမိတို့ထက် အဆိုးအကောင်းထိတွေ့ရန် ပို၍လွယ်ကူသည့်ကာ လဖြစ်သည်။ လမ်းတလမ်းတွင်ပင် အရက်ဆိုင် ဘီယာဆိုင် သုံးလေးဆိုင်မက ရှိနေသည်။ မူးယစ်ဆေးကလည်း နံပတ်ဖိုးမကတော့ အိုက်စ်တို့ ယာမတို့ ဆေးပြားတို့နှင့် ပေါများလှသည်။ ကေတီဗီ အနှိပ်ခန်း ညကလပ်များကလည်း
နေရာအနှံ့ရှိသည်။ မိမိတို့ခေတ်လို တခုခု လက်တည့်စမ်းရန် တကူးတက ရှာဖွေနေရန်မလိုအပ်ပေ။ အပြာကားဆိုသည်မှာလည်း ရှားပါးပစ္စည်းမဟုတ် စီဒီချပ်ထဲ မန်မိုရီစတစ်ထဲ လက်တော့ထဲ လက်ကိုင်ဖုန်းထဲတွင် အလွယ်တကူကြည့်နိုင်နေသည်။

ယနေ့ခေတ်လူငယ်တွေလည်း ဤအချင်းအရာများအောက်တွင် ဘဝကိုဖြတ်သန်းကြရပေမည်။ အဆိုးအကောင်း အကျိုးအကြောင်းကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ကြရပေမည်။ တင်းကြပ်သောစည်းကမ်းများ ပုံစံသွင်းမှုများဖြင့် လူငယ်များကို ကိုယ်လိုချင်သည့်ပုံစံသွင်း၍ မရနိုင် ပေ။ လူငယ်တို့၏စူးစမ်းလေ့လာစိတ်ကို အသိအမှတ်ပြုပြီး သူတို့မှန်ကန်စွာရွေးချယ်ဖို့ အကူအညီ ပေးပြီး သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်မှန်ကန်သည့်လမ်းရွေးနိုင်ဖို့ အကူအညီပေးခြင်းက ပိုသင့်တော်သည်ဟု ထင်မြင်ယူဆမိသည်။

နောက်တခုက လိင်ကိစ္စဖြစ်သည်။ ဆယ်ကျော်သက်အရွယ်ရောက်လာသည်နှင့် သွေးသားပြောင်းလဲ လာသည် လိင်စိတ်ပေါ်လာသည်မှာ သဘာဝတရားဖြစ်သည်။ မှန်ကန်စွာလမ်းကြောင်းပေးဖို့ လိင်ကိစ္စ ပညာပေးဖို့လိုအပ်သည်။ မိမိတို့လူ့အဖွဲ့အစည်းကား ဤကိစ္စနှင့်ပတ်သက်၍ မပွင့်လင်းကြ။
လူအများရှေ့တွင် ပြောရသည်မှာ ရှက်စရာကိစ္စဟုထင်နေကြသည်။ အနောက်နိုင်ငံများတွင် အထက်တန်းကျောင်းများ၌ပင် လိင်ကိစ္စပညာပေးမှုပြုလုပ်နေကြချိန်တွင် မိမိတို့လူ့အဖွဲ့အစည်း၌ တက္ကသိုလ်၌ပင် ပညာပေးမှုမလုပ်နိုင်သေး။ ပုန်းလျှိုးကွယ်လျှိုးဖြင့် ကျော်လွှားနေကြသည်။ အရင်ခေတ်ကာလကဆစ်ဖလစ်လောက် ကာလသားရောဂါလောက်မို့ ပြဿနာသိပ်မကြီးသော်
လည်း ယခုတော့ HIV တို့ AIDS တို့ဖြင့် မျိုးတုန်းနိုင်သည့်ပြသနာဖြစ်နေပြီ။
ဆင်းရဲသောတိုင်းပြည်ဖြစ်သဖြင့် ဆေးဝါးကိုလည်း အခမဲ့မဖြန့်နိုင်။ ဆေးကဈေးကြီးသဖြင့် ဆင်းရဲသားများလည်း ဝယ်မကုနိုင်။

မိမိနှင့်ဆေးကျောင်းနေဖက် ဆရာဝန်အတော်များများ မော်လမြိုင်ဘက်
တွင်ရှိသည်။ ၂၀၀၀ ခုနှစ်မတိုင်မီက သူတို့ဆီလျှောက်လည်ရင်း သူတို့ဆေးခန်းများဆီရောက်သည်။ AIDS ရောဂါဖြင့် လမ်းဆုံးလုဆဲဆဲ လူနာများစွာကိုသူတို့ဆေးခန်းများတွင် တွေ့ရ၍ စူးစမ်းကြည့်ရာ ထိုစဉ်က မိမိသူငယ်ချင်းတဦးစီ ဆေးခန်းတိုင်းတွင် AIDS ဖြင့်သေဆုံးသူ အနည်ဆုံး ၃၀ မှ ၅၀ ခန့်ထိ
ရှိပြီဟုဆိုကြသည်။ ကုသရေးထက် ကာကွယ်ရေးက အရေးကြီးသည်ဟုဆိုကြသည်။ အရွယ်ရောက်ချိန်ဖြစ်ပေါ်လာသော လိင်စိတ်နှင့် အတူ ပညာပေးမှု အဆိုးအကောင်း အကျိုး အကြောင်းများစွာကို လူငယ်များကြား လူထုကြား ပျံ့နှံ့ရန်လိုသည်။ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုကြပေမဲ့ မပွင့်လင်းနိုင်ကြသေးပေ။

မိမိသည် မိမိခေတ်ကာလ လူငယ်များနည်းတူ ဘဝကိုဖြတ်သန်းခဲ့သည်။ ယနေ့ခေတ် လူငယ်များလည်း ထိုနည်းနှင်နှင်ဖြစ်သည်။ မိမိတို့သည် အဆိုးအကောင်းများစွာကို ထိတွေ့ စူးစမ်းခဲ့သည်။ အမှားများလည်း ကျူးလွန်ခဲ့သည်။ အမှန်အားလည်း စူးစမ်းရှာဖွေခဲ့သည်။ သမိုင်းသည် ကြောင်လိမ်လှေခါးသဖွယ် ဖြစ်ထွန်းတိုးတက်နေသည်ဟုဆိုသည်။

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )

photo credit U Hla Oo
အပေါ် အမျိုးသားဆောင် National Hall
အောက် သီတာဆောင် Thida Hall


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ, ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်