သျှင်မျိုးငယ် – အခန်းငယ်တခုမှာ နေထိုင်ခြင်း

July 30, 2016

Photo – Than Htay Maung

သျှင်မျိုးငယ် – အခန်းငယ်တခုမှာ နေထိုင်ခြင်း
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆

ကျနော်ဟာ ဒီအခန်းကလေးထဲမှာ နေထိုင်လာခဲ့တာ ကြာပြီ။ ဒီအခန်းကလေးရဲ့နေ့စဉ် သမားရိုးကျ ဖြစ်ပျက်မှုတွေကိုလည်း တွေ့ကြုံခံစားခဲ့ဖူးပြီ။ ကျနော်ဟာ ဒီအခန်းလေးကို ဘာကြောင့် တွယ်တာမက်မောနေရပါသလဲ။ ဘာလို့များ ဒီအခန်းကလေးရဲ့အဝေးကို ထွက်မသွားခဲ့တာလဲ။

အဖြေက “ကိုယ့်ကိုယ်ကို ပိတ်လှောင်မိခြင်းသာ”။ ကျနော်တို့သည် ကိုယ့်ကိုယ်ကို အခန်းငယ် တခုမှာ ပိတ်လှောင်ထားကြလေသည်။

အခန်းတံခါးကို ဆွဲဖွင့်လိုက်တာနဲ့ ခန်းဆီးစလေးက ယိမ်းထိုးက ခုန်နေသလို။ ကျနော်လည်း ခန်းဆီးစလေးကို တွန်းဖယ်ရင်း အခန်းလေးထဲသို့ ခန္ဓာကိုယ်ကို ဆွဲသွင်းနေလေရဲ့။ အခန်းထဲမှ အောက်သိုးသိုးရနံ့တခုက လေနှင့်အတူ လွင့်ပျံ့လာလေပြီ။ ဒါဟာ နိစ္စဓူဝအဖြစ်အပျက် တွေပဲ ဖြစ်တယ်။ ကျနော်တို့ဟာ နိစ္စဓူဝအတွေ့အကြုံတွေကို သတိမထားမိကြဘူး။ အခန်းထဲမှာ ခင်းထားတဲ့ကော်ဇောပေါ်သို့ ခြေချမိလိုက်တဲ့အခါ ဖုန်နံ့တို့က ဝေ့သီသီ။ ဒါတွေဟာ ပုံမှန်

သက်ဝင်ရှင်သန်နေတဲ့နေ့ရက်တွေရဲ့ အငွေ့အသက်တခုပဲ။

ခြေလှမ်းများ တရွေ့ရွေ့။ အခန်းလေးထဲ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်မိတဲ့အခါ စားပွဲတလုံးက ရပ်လျက်။ ထိုင်ခုံများကထိုင်လို့။ ပလပ်စတစ်ဖိုက်ဘာထိုင်ခုံ ၃ လုံးရဲ့အလယ်မှာ ပိတောက်သားနဲ့ ပြုလုပ်ထားသော သစ်သားကုလားထိုင်က မာန်ဝံ့ထည်နေလေရဲ့။ ဒါဟာ ကျနော်ရဲ့ ကိုယ်တိုင် သတ်မှတ်ထားသော ထိုင်ခုံပင်။ ကျနော်ဟာ အခန်းလေးထဲကိုပြန်ရောက်လာတိုင်း ဒီထိုင်ခုံ ကလေးပေါ်မှသာ အနားယူ၊ အပန်းဖြေမြဲ။ ကျနော့် ထိုင်ခုံပေါ့။ အစွဲအလမ်း ကြီးခဲ့သူပါလေ။ ထိုကုလားထိုင်ကလေးပေါ်မှာ ထိုင်ချလိုက်ပြီး အနားယူနေလိုက်တယ်။ နာကျင်နေတဲ့ခြေဖဝါးတွေ၊ကိုက်ခဲနေတဲ့ ဦးနှောက်တွေကို နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့နာရီက အချိန်သတ်မှတ်နေလေရဲ့။ ကျနော် သက်ပြင်းပူတချက်ကို မှုတ်ထုတ်ပစ်လိုက်တယ်။ အပူအပင်တွေကို ဖယ်ခွာသလိုပေါ့။ နေ့စဉ်ကြုံတွေ့နေကျပတ်ဝန်းကျင်အလှဟာ ခေါက်ရိုး မကျေသေးဘူး။

ပူလောင်အိုက်စပ်တဲ့ခံစားမှုဟာ ပျက်စီးနေတဲ့ အဲကွန်းကြီးရဲ့လက်ဆောင်ပဲ။ မျက်နှာကြက်မှာ တွဲခိုနေတဲ့ ပန်ကာကြီးက တည်ငြိမ်မှုရဲ့ပြယုဂ်အဖြစ် ငြိမ်သက်နေတာကြာပြီ။ မျက်နှာကြက်မှာတွားသွားနေတဲ့ လျှပ်စစ်မီးကြိုးများက အပြိုင်အဆိုင်။ မျက်နှာကြက်မှာ တွယ်ကပ်နေတဲ့မီးချောင်းက ညိုမွဲမွဲအသွင်နှင့် မလင်းလက်တော့။ အခန်းထောင့်မှာ မီးသီးလေး တလုံးဟာ လင်းလက်လို့။”တခါတရံ လင်းလက်တောက်ပမှုတွေဟာ အခန်းထောင့်ကလေးမှာ

ရှိနေ တတ်ပြီး မတောက်ပတာတွေက မျက်နှာကြက်အပြည့်နေရာယူထားတတ်လေသည်မှာ လောက နိယာမပင်။”

ကျနော်ဟာ မျက်နှာကြတ်ကို မော့ကြည့်ရင်း မျက်မှောင်ကြုတ်မိပြီး တံတွေးနဲ့ ထွေးပစ် လိုက်ဖို့ပင် မိုက်မဲစွာစဉ်းစားမိလိုက်သေးသည်။ “လူတချို့သည် မျက်နှာကြက်ကိုမော့ပြီး တံတွေး နဲ့ ထွေးတတ်ကြလေသည်။”

မျက်နှာကြတ်ဆီမှအကြည့်ကို စားပွဲပေါ်သို့ လွှဲပြောင်းလိုက်သည်။ စာအုပ်များဟာ ဖရိုဖရဲနဲ့ အစီအစဉ်တကျ နေရာယူလျက်။ စာအုပ်တွေကိုဆွဲယူလိုက်တာနဲ့ ပျင်းရိမှုတခုကအလိုလိုပေါ်လာ လေပြီ။ စာအုပ်တွေက ဘဝလား။”ဘဝမှာ စာအုပ်အတိုင်းလုပ်၍မရသောအရာများ မြောက်မြားစွာ ရှိလေသည်။” ထို့ကြောင့် ကျနော်သည် စာအုပ်များကို လွတ်လပ်စွာ နေထိုင်ခွင့်ပြုလိုက်သည်။

ကျနော်ရဲ့အကြည့်များက စာအုပ်များနှင့် ကင်းဝေးရာသို့…။ ပြတင်းတံခါးချပ်များ ပိတ်ဆို့ ထားဆဲ။

ပြတင်းတံခါးမှန်ချပ်တွေကို သုတ်လိမ်းထားတဲ့ ဖုန်မှုန့်တွေက မိုးရေစက်များနှင့် အထိအတွေ့မှာ အရည်ပျော်စွန်းထင်းခဲ့။

ညစ်ပတ်ပေရေနေတဲ့မှန်ချပ်တွေက နေသားတကျ။ ပြတင်းတံခါးရဲ့ အပေါ်ထောင့်မှန်တချပ်ဟာ အက်ကွဲနေလေရဲ့။

ပြတင်းတံခါး လိုက်ကာစကလေးကို ချည်ထုံးထားပုံက ပိုသီပတ်သီ။ မသပ်မရပ်။ မလှမပ။ “ဘဝမှာလည်း ဒဏ်ရာရနေတဲ့အခါ မလှမပနဲ့ပေါ့။ “ပြတင်းတံခါးမှန်ချပ်ထဲမှာ အပြင်မှဝိုးတဝါး ပုံရိပ် များက လှုပ်ခတ်သွားလေပြီ။ “ကျနော်တို့သည် ပြတင်းတံခါးများကိုပိတ်ပြီး အပြင်လောကသို့ ခဏခဏ ခိုးကြည့်တတ်လေသည်။”

လူတွေ လှုပ်ရှားသွားလာနေကြပုံကို ဘာကြောင့်ကြည့်နေမိသလဲ။ ထိုပြတင်းတံခါးကို ဖွင့်ပြီး အပြင်လောကသို့ ထွက်သွားဖို့ မဝံ့မရဲ…ငေးမောလိုက်…တွေးတောလိုက်။ အခန်းကလေးမှာ ဆူညံသံတွေတိတ်ဆိတ်နေသလိုတိတ်ဆိတ်သံတွေသာ ဆူညံနေခဲ့လေပြီ။ အေးငြိမ်းရာ အခန်း

ကလေးပေါ့။ ပြတင်းတံခါးကမြင်ကွင်းတွေက ရိုးအီမသွားနိုင်။ ဘာတွေလဲ၊ဘာအတွက်လဲ၊ ဘာကြောင့် ပြေးလွှားလှုပ်ရှားနေပါသလဲ။ တွေးရင်း…ငေးရင်း…။

မျက်လုံးများကို ဆွဲယူပြီး အခန်းကလေးကိုပြန်ကြည့်နေမိတယ်။ ကျနော့်ရှေ့မှာရပ်နေတဲ့ ဗီရိုကြီး နှစ်လုံးဆီသို့ စူးစူးစိုက်စိုက် ကြည်နေမိတယ်။ သော့ခတ်ထားတဲ့ဗီရိုတလုံးရှိသလို သော့ တန်းလန်းနှင့် ဗီရိုတလုံး…။ အထဲမှာ ဘာတွေရှိနေမလဲ။ စီစီရီရီလား၊ ဖရိုဖရဲလား။ တွေးလို့။

“ကျနော်တို့ဘယ်အရာကိုမှ အပေါ်ယံသာကြည့်ပြီး မဆုံးဖြတ်နိုင်ပေ။” ဗီရိုကြီးတွေကို ဖွင့်ကြည့်ရ မလား။ မကြည့်ဘဲ ခန့်မှန်းတွေးဆနေရင်ကောင်းမလား။ ဘာပဲဖြစ်ဖြစ် ဒီအတိုင်းထားလိုက်တာ အကောင်းဆုံးပင်။”ကျနော်တို့သည် မျှော်လင့်ချက်ဖြင့်သာ ရှင်သန်နေကြသည်။”

ဒီလိုနဲ့ ယောက်ယက်ခတ်အတွေးတွေထဲ ပျော်ဝင်စီးမျောခဲ့လေပြီ။ ကျနော်ရဲ့ မျက်လုံးအစုံ ကို မှိတ်ထားလိုက်ပြီး အနားယူနေလိုက်တယ်။ အတွေးများ ရပ်တန့်သွားသယောင် ထင်ရပေမယ့် ရောက်တတ်ရာရာအတွေးများက ဝင်ရောက်နေဆဲ။ သိပ်မကြာခင်မှာ အိပ်ပျော် သွားခဲ့လေပြီ။ အိပ်စက်ခြင်း ဆိုတာ ကျနော်တို့ခန္ဓာကိုယ်အတွက် လိုအပ်ချက်တခုဖြစ်တယ် ဆိုတာငြင်းဆန်လို့ မရပေ။ ခဏလေးများစွာ အိပ်စက်အနားယူ။

ကျနော်ပြန်လည်နိုးထလာတဲ့အခါ ကျနော့်ခြေလှမ်းများရဲ့လားရာအတိုင်း အခန်းအပြင်ဘက် သို့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။ ခန်းဆီးစကလေးကိုဖယ်ပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။ အခန်းတံခါးဝမှာ ခြေလှမ်းများက သွက်လက်စွာ ယိမ်းထိုးနေလေရဲ့။ တောက်ပစူးရှသော အလင်းတန်းများနှင့် ရှုပ်ရှက်ခတ်နေသော လူများစွာက ကျနော်ကို စတင်နှောက်ယှက်လေပြီ။ ကျနော့်မျက်လုံးများက စူးရှတောက်ကသော အလင်းတန်းများကို အံတုဖို့ ခက်ခဲနေဆဲ။ လှုပ်ရှားသွားလာနေသော လူများက ကျနော်ကို ဆွဲခေါ်နေသယောင်။ ဒါဟာ အခန်းကလေးရဲ့ အပြင်ဘက်က အဖြစ်အပျက်တွေ ဖြစ်တယ်။ ကျနော်နဲ့ သဟဇာတမဖြစ်သော ဒီပတ်ဝန်းကျင်မှာ ဘယ်လိုရှင်သန်နေထိုင်ရပါမလဲ။ ကျနော့်အတွေးစများ ပျက်စီးသွားခဲ့ပြီ။ မျက်လုံးများကို မှိတ်လိုက်တယ်။ ဆူညံသံတွေက နားထဲမှာ….ဒါဟာ အခက်အခဲတခုပါပဲလေ။

ကျနော်ဆုံးဖြတ်လိုက်ပြီ။ ကျနော်(၁၀)နှစ်အကြာ နေထိုင်လာခဲ့သော အခန်းငယ်ကလေးဟာ ကျနော်မရှိရင် အထီးကျန်နေတော့မှာပေါ့။ ကျနော်သတိမထားမိလိုက်ခင်မှာပဲ ကျနော် ခြေလှမ်းများ က အခန်းတံခါးဝသို့ ရောက်ရှိနေလေပြီ။

အခန်းတံခါးကို ဆွဲဖွင့်လိုက်တာနဲ့ ခန်းဆီးစကလေးက ယိမ်းထိုးကခုန်နေလေရဲ့။

……………………..

ကျနော်တို့သည် အခန်းငယ်ကလေးတခုထဲမှာ နေထိုင်ပြီး ထိုအခန်းကလေးကို တပ်မက်နေကြ သည်။

ထိုအခန်းကလေးရဲ့အပြင်ဘက်မှာ ဘာတွေရှိနေမလဲ။ ဘယ်လိုရင်ဆိုင်မလဲ။ မစွန့်စားရဲကြပေ။ အပြင်ကမ္ဘာမှာ ဒီထက်ပိုမို ကျယ်ဝန်းပြီး စူးစမ်းလေ့လာစရာများစွာ ရှိသည်ကို ပြတင်းတံခါးမှ ခိုးကြည့် ရုံသာကြည့်တတ်ပြီး အခန်းငယ်ကလေးရဲ့အပြင်သို့ထွက်ပြီး ရင်ဆိုင်ရန် ကြောက်ရွံ့နေ ကြလေသည်။

တကယ်ဆိုရင် ကျနော်တို့ဟာ အခန်းကလေးရဲ့အပြင်ကို ထွက်ပြီးစွန့်စားကြဖို့ လိုအပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်