fbpx

ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၂)

August 1, 2016

ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၂)
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၆

ဘိုးတော်နီကလည်း ကျနော်တွေ့ခွင့်ရတဲ့ကလောင်ရှင်တွေထဲက ကလောင်ရှင်ပဲ။

ကျနော့်ကို စကားပြေအရေးအသား သင်ကြားပေးတယ်။ ဘိုးတော်နီနဲ့မတွေ့ခင်အထိ ကျနော်ကဗျာတွေကိုသာ ရေးခဲ့ တယ်။ ၀ါကျတကြောင်းကို ပြေပြစ်ချောမောအောင် မရေးတတ်ခဲ့ဘူး။ သူ့ရဲ့ကြီးကြပ်မှုနဲ့ ဆလိုင်းတင်မောင်ဦးအကြောင်း ရေးဖြစ်တယ်။ ဘိုးတော်နီက ကျနော့်ရဲ့ စကားပြေအရေးအသားသင်ဆရာဖြစ်သလို ကျနော့်ရဲ့ နိုင်ငံရေးလမ်းညွန်ဆရာ ဖြစ်လာတယ်။ ခါတိုအွန်ကလောင်နဲ့ ကာတွန်းတွေရေးလေ့ရှိတယ်။ ဒီဇိုင်းဆရာ၊ ဗိသုကာနဲ့ပန်းချီ၊ ကဗျာတွေလည်း ရေး လေ့ရှိတယ်။ သူ့ရဲ့ပင်မအနုပညာက ပန်းချီ။ အဖေနဲ့ ဘိုးတော်နီက ကျနော်တို့အသိုင်းအ၀ိုင်းထဲ ပန်းချီအကောင်းဆုံး။

 

ဆရာတင်မိုးက မီးသွေးခဲမို့မဲသကို တို့ကျောင်းသားမို့ရဲသကိုဆိုတဲ့ အစဉ်အလာနဲ့အညီ ဒေါင်းအိုးဝေရဲ့ပင်တိုင်ကလောင် လောက်ဖြစ်လာတယ်။ တပ်ဦးရဲ့ဂုဏ်ထူးဆောင်ရဲဘော်အဖြစ် ဆရာတင်မိုးကို သဘောထားပေးဖို့ ကိုလွမ်းဏီက ညီလာခံ မှာ တင်ပြခဲ့တယ်။ ဆရာတင်မိုး ဘ၀ကူးပြောင်းမှုမလုပ်ခင် မဲဆောက်ကိုရောက်တဲ့အချိန်။ ကျနော်တို့သစ်ကောင်းအိမ်တို့၊ ပွင့်သစ်(ကရိန်ကန်)တို့တွေသစ္စာမဂ္ဂဇင်းအတွက် ဆရာတင်မိုးကို အင်တာဗျူးလုပ်ကြတယ်။ အင်တာဗျူးဝါးအဖြစ် ကျနော့် ကို တာဝန်ပေးကြတယ်။ အဲ့ဒီအချိန်က ကျနော့်ရှိနေတဲ့ Mp 3 နဲ့ ကိုလွမ်းဏီအိမ်တည်းနေတဲ့ ဆရာတင်မိုးထံ ကျနော်တို့ တတွေချီတတ်ကြတယ်။

 

ကျနော်ဆရာတင်မိုးကို မေးခွန်းတွေမေးတယ်။ ဆရာတင်မိုးဖြေတယ်။ Mp 3 ရဲ့အသံဖမ်းကိရိယာကို ဖွင့်လို့။ ဟန်ကျ ပန် ကျမေးကြ ဖြေကြ။

 

ကျနော် အထမဦးဆုံး စမေးတဲ့မေးခွန်းက ယက်တူရှင်ကိုနဲ့ဆိုင်တယ်။ အဲဒီအချိန်တွေက ကျနော်တို့ကြားမှာ ယက်တူရှင် ကိုတို့ ချေဂွေးဘားရားတို့ မာယာကော့စကီးတို့အကြောင်းတွေ ဆွေးနွေးနေကြတဲ့အချိန်။ သစ်ကောင်းအိမ်က ချေဂွေဘား ရားကို ဖြစ်တည်မှုဝါဒီဖြစ်ကြောင်းတင်ပြလာတော့ ထောက်ခံတာ၊ ငြင်းဆိုတတွေနဲ့ ဝေေ၀စီစီ။ ကျနော်က ဆိုဗီယက်ခေတ် ကဗျာဆရာတွေထဲ ယက်တူရှင်ကိုက ကွန်မြူနစ်ပီသတယ်လို့ တင်ပြတော့ ထောက်ခံကြ၊ ငြင်းဆိုကြ။ မာယာကော့စကီးက ပစ္စက္ခဘ၀ထက် အနာဂတ်ကိုသာမျှော်မှန်တဲ့အနာဂတ္တိဝါဒီဖြစ်ကြောင်းတွေကိုဆွေးနွေးနေကြချိန်။ ဆရာတင်မိုးနဲ့တွေ့တော့ အဲဒီအရှိန်တွေ ထင်ဟပ်တယ်။ ဖြေပေးနေတာပဲ။

 

ကျနော်တို့ သစ္စာရုံးရောက်လို့ MP 3 ဖွင့်ကြည့်တော့ အသံဖိုင်ရှိမနေဘူး။ ကျနော်တို့ တကြိမ် ထပ်မေးကြရပြန်တယ်။ ဆရာ တင်မိုးသဘောထားကြီးကြီးနဲ့ ဖြေပေးတယ်။ ချင်းမိုင်ရောက်တော့ အဲဒီအင်တာဗျူးအကြောင်း ရယ်ပွဲဖွဲ့လို့ ဆရာတင်မိုး ဖောက်သည်ချနေကြောင်းကြားတော့ ကျနော်တို့ရှက်မိတော့တာပဲ။ အဲဒီအကြိမ် ဆရာတင်မိုးလာတော့ ကိုခင်လွန်း မှတ် တမ်း ဓာတ်ပုံရိုက်တယ်။

 

၁၉၉၄ လောက် မဲနယ်ပလောကို  ရောက်လာတဲ့ခိုင်မာကျော်ဇော။ မခိုင်ကြီး ရောက်လာကတည်းက ကဗျာရေးတယ်။

 

KNU ထဲက ကဗျာအားကောင်းတဲ့ကလောင်။ ဒီကနေ့ထိ ကဗျာတွေရေးနေတယ်။ မခိုင်မာကဗျာရေးတဲ့အခါ နိုင်ငံရေး အားပြုမှုများတယ်။ ကရင်ထဲက လူငယ်ကဗျာဆရာတဦးရှိတယ်။ စောမူးသာ (ဆေး)။ ကျနော်တို့ ဒေါင်းအိုးဝေကိုင်တဲ့ အချိန် သူ့ကဗျာတွေ တင်ပေးဖူးတယ်။ နေထိုင်မှုအတော်နူးညံ့တဲ့ ကဗျာဆရာ။ သနူထူးလို ကရင်စာစောင်တွေထဲ ကရင်လို ရေးထားတဲ့ကဗျာတွေကို မြန်မာလို့ ဘာသာပြန်ရေးသားဖို့ သူကြိုးစားဖူးတယ်။ သူ့ရည်ရွယ်ချက်ကို အတော်သဘောကျ မိတယ်။

ကျနော့်အမကြီး မိဆူးပွင့်။ အက်ဆေးနဲ့ကဗျာတွေ အရေးကောင်းပေမယ့် အရေးနည်းနေလို့ တွေ့တဲ့အချိန်တိုင်း ကဗျာရေး ဖို့ စာရေးဖို့ ကျနော်တိုက်တွန်းလေ့ရှိတယ်။ ချိုးလင်းပြာရဲ့အယ်ဒီတာ။ အမျိုးသမီးရေးရာ လှုပ်ရှားတက်ကြွသူ။

 

၂၀၀၄ လောက်မှာရောက်လာတဲ့ ပြည်တွင်း ကဗျာဆရာတွေက သစ်ကောင်းအိမ်နဲ့ အပေါင်းအပါများဖြစ်တယ်။  သူနဲ့အတူ ကဗျာဆရာမြင့်အောင်ဆန်း။ မြင့်အောင်ဆန်းကတော့ စောစောစီးစီး ဘ၀ကူးခဲ့တယ်။

သစ်ကောင်းအိမ်ရဲ့ ကဗျာတွေကို ကျနော်အတော်ကြိုက်တယ်။ သစ်လွန်မှု၊ စကားလုံးအားကောင်းမှု၊ နိမိတ်ပုံအားကောင်း မှုတွေကို သူ့ကဗျာတွေထဲမှာ တွေ့ရတယ်။ ထီမထင်အတွေးရှိတဲ့ ကဗျာဆရာ။ သစ္စာမဂ္ဂဇင်းမှာ လေးအောက်ဒီဇိုင်းရေးပြီး ရပ်တည်တယ်။ အရွယ်တွေမတိမ်းမရိမ်းထဲ သူနဲ့ ကျနော်တို့အတွဲညီကြတယ်။ ကျနော်တို့က သိပ်လမ်းမယူကြဘူး။ သစ္စာ ရုံး ထုံထောင်းထဲလာဖွင့်တော့ ပိုပြီးတွဲဖြစ်ကြတယ်။ သောက်သောက်စားစား၊ ဆွေးနွေးကြ၊ ငြင်းခုန်ကြ။ သစ်ကောင်းအိမ်၊ ပွင့်သစ် (ကရိန်ကန်) အတော်တွဲကြတယ်။ ကျနော်ကတော့ သူတို့ ထုံထောင်းထဲရောက်တော့ တွဲဖြစ်ကြတယ်။

 

ကမာပုလဲ ရံဖန်ရံခါ မြို့တတ်လာရင် သစ္စာမှာ လူစုကြတယ်။ ကျနော်မိသားစုတွေ မြို့တတ်လာရင်လည်း သစ္စာရုံးမှာပဲ နေ ကြတယ်။ သစ်ကောင်းအိမ်တို့က ကျနော်တို့မိသားစုနေဖို့ သူတို့အိပ်ခန်းကို နေရာပေးပြီး သူတို့ကတော့ ဖြစ်သလိုအိပ် ကြတယ်။

အဲ့ဒီအချိန် ကျနော်တို့နဲ့အတွဲညီတဲ့ကလောင်တချောင်းရှိတယ်။ မျိုးမြင့်ချို။

ပေပေတေတေသမားထဲကပဲ။ မျိုးမြင့်ချိုကို ကျနော်တို့တွေ မွှေကြီးလို့ခေါ်ကြတာ မှတ်မိနေတယ်။ အက်ဆေးလှလှတွေ အရေးကောင်းတယ်။ သူ့အက်ဆေးတွေက ရိုမာန်တိကသဘောတော့ မဆောင်ဘူး။ နိုင်ငံရေးသုံးသပ်ချက်တွေကို လှပတဲ့ အရေးအသားနဲ့ရေးတဲ့လူ။

တဦးရှိသေးတယ်။ ပန်းချီဆရာ။

ဒါပေမဲ့ ကာတွန်းဆရာအဖြစ်နဲ့ ပိုပြီးအောင်မြင်တယ်။ အရိုင်းဆန်တဲ့ အနုပညာသမား။ ကလောင်အမည်ကိုက ဇူးလူးနိုင်း။ အာဖရိက ဗုံသံတွေလိုပဲ၊ လောက်ခေါင်ရေ၀င်ရင်။

သစ်ကောင်းအိမ်တို့ရောက်လာတဲ့အချိန်လောက်မှာပဲ ကျနော်တို့ တပ်ဦးက ကန – ၃ သမား ရဲဘော်နေမျိုးလေး နန္ဒာအိမ် ကလောင်အမည်နဲ့ ကဗျာတွေရေးလာတယ်။ အရင်ကတည်းကရေးနေပေမယ့် အဲဒီအချိန်လောက်မှ သူ့ကဗျာတွေကို ထုတ်ရှိုးတယ်။ အဲဒီအချိန် သစ္စာမဂ္ဂဇင်းက စာမူခပေးတယ်။ သစ်ကောင်းအိမ်၊ မျိုးမြင့်ချို၊ ဇူးလူးနိုင်၊ ပွင့်သစ် (ကရိန်ကန်) နန္ဒာအိမ်၊ ကျနော်၊ အဲဒီလူတွေ အဲ့ဒီအချိန် သစ္စာရုံးကိုဗဟိုပြုပြီး ထင်တိုင်းကြဲခဲ့ကြတယ်။

 

ကျနော်တို့တတွေအဲ့ဒီလိုလူစုနေကြတဲ့အချိန်ရောက်လာတဲ့မေငြိမ်း။

မဲဆောက် ကိုလွမ်းဏီတို့အိမ်ဝင်းထဲ ကဗျာရွတ်ပွဲတပွဲ အမမေငြိမ်းနဲ့ ကျနော်စပြီးတွေ့ကြတယ်။ စာရေးပွင့်လင်းသလို နေတာထိုင်တာ စကားပြောတာ အတော်ပွင့်လင်းတယ်။ ကျနော်က ကဗျာရွက်ပွဲတွေမှာ ကဗျာရွတ်တဲ့အခါ ပေနည်းနည်း ရှည်လေ့ရှိတယ်။ အဲဒီပွဲမှာ အမမေငြိမ်း ဝေဖန်တာကို ခံခဲ့ရသေးတယ်။

သစ္စာမဂ္ဂဇင်းက မယ်နယ်ပလောတွင် ဆရာနိုင်ဝင်းဆွေတို့ ဖြန့််ချိခဲ့တဲ့ သစ္စာရည်ဗျူးကို ပြည်လည် အားသစ်လောင်းဖို့ ကြိုး စားခဲ့ခြင်းဖြစ်တယ်။ သစ္စာကိုပြန်လည်ဖွဲ့စည်းရာမှာ ဆရာမောင်စိုးချိန် အဓိကတာဝန်ယူခဲ့တယ်။ သူနဲ့ ကျနော် မဲဆောက်မှာ တွေ့ကြတယ်။ အဖွဲ့အစည်းတခုခုရဲ့ အာဘော်မဟုတ်ပဲပေါ်ပေါက်လာတဲ့ လွတ်လပ်တဲ့မူရှိတဲ့ မဂ္ဂဇင်းဖြစ်တယ်လို့ ကျနော် မှတ်ချက်ပြုမိတယ်။

သစ္စာကိုဗဟိုပြုပြီး ကျနော်တို့ အယူအဆရေးရာတွေနဲ့ အနုပညာတွေ တင်ပြခွင့်ရခဲ့ကြတယ်။ တခါတရံ ဗမာသီချင်းတွေကို ဗမာသံသြသြနဲ့ အားရပါးရ သီကြွေးလေ့ရှိတဲ့ မောင်စိုးချိန်က ခင်မင်စရာကောင်းလှတယ်။

ဂျပန်ကနေ စာမူတွေတထပ်ကြီးနဲ့ ရောက်လာတဲ့မသက်ဇင်ကလည်း သတိရစရာကောင်းလှတယ်။ ဘလော့ခ်ခေတ်မှာ တော့ သမိုင်းရေးရာတွေ ရေးနေတယ်။ သတိထားမိလောက်စရာ သမိုင်းအချက်အလက်တွေကို တွေ့ရတယ်။ ကျနော်တို့ အပေါ် အမအရင်းတယောက်လို့ ချစ်ခင်တဲ့ ရဲဘော်ကြီးဖြစ်တယ်။

အရင် တပ်ဦးရဲဘော်ဖြစ်ပေမယ့် ကျနော်မဲဆောက်ရာက်ချိန် အမေရိကားကနေရောက်လာတဲ့ ပန်းချီနဲ့ကာတွန်းဆရာ မင်း ကျော်ခိုင်၊ မိုင်ကျော်ခင်း။ သူပန်းချီရေးရင် မင်းကျော်ခိုင်နဲ့ရေးပြီး ကာတွန်းရေးတဲ့အချိန် မိုင်ကျော်ခင်းအမည်နဲ့ ရေးတယ်။ ပန်းချီကားကိုကြည့်လိုက်တာနဲ့ ဒီပန်းချီကား မင်းကျော်ခိုင်ရေးတယ်လို့တန်းပြောလို့ရလောက်အောင် ကိုယ်ပိုင်ဟန်ရှိတယ်။ ကျနော် ဖြန့်ချိတဲ့ အချစ်မနှစ်သက်သူတို့နဲ့ ကွေကွင်းပြီးနောက် ကဗျာစာအုပ်ထဲ သရုပ်ဖော်ပုံရေးပေးတယ်။ အချစ်မနှစ် သက်သူတို့အတွက် မီးတောင်ကဗျာစာအုပ်ကို လေးအောက်ဒီဇိုင်းလုပ်ပေးဖူးတယ်။ ပျော်တတ်တဲ့လူ။

တပုဒ်စ နှစ်ပုဒ်စလောက်သာရေးပေမယ့် သတိထားမိလောက်တဲ့ အရေးအသားရှိသူတဦးရှိတယ်။

ကျနော်တို့က သူ့ကို တောကျီးကန်းလို့ခေါ်တဲ့ အမတင်တင်နွယ်။ အက်ဆေးအရေးအသားက ကဗျာဓါတ်စိမ့်ဝင်နေသည့် အရေးအသား။ သူရေးတဲ့ တပုဒ်စ နှစ်ပုဒ်စကပင် သူ့ အရည်အသွေးကို ဖေါ်ပြနိုင်လောက်တဲ့ ကလောင်။

 

စာရေးကျဲပေမယ့်  စာရေးကောင်းတဲ့ ကိုဖေသက်နီနဲ့ မဲဆောက်နေ့များ။ ကိုဖေသက်နီကို ကျနော်တို့က ဒေါက်တာအာလူး လို့ ခေါ်လေ့ရှိတယ်။ ရွှေဒေါင်းတောင်စာစောင်ထဲ ရေးသားခဲ့တဲ့ ၀ထ္ထုတပုဒ်ကိုအကြောင်းပြု့ပီး ခေါ်ခဲ့ကြတာ။ မနုဿဗေဒ သမားရဲ့ မနုဿဗေဒသဘောဆောင်သည့် ၀ထ္ထု။

သူ နော်ဝေးရောက်ပြီး သူရေးတဲ့ဝထ္ထုထဲက ဒေါက်တာအာလူးလိုဖြစ်ခဲ့သေးတယ်။ သတိပြန်ရတဲ့အချိန် ကိုဖေသက်နီ သတိရတဲ့လူတွေထဲ ကျနော့်ကိုအမှတ်ရလို့ ကိုခင်လွန်းမှုတဆင့် အကြောင်းကြားတယ်။ ကျနော်ကိုဖေသက်နီကို မေးလ် ပို့ပေးပြီး အားပေးခဲ့ရတယ်။ ဒီတလော ကိုဖေသက်နီစာတွေ တွေ့တွေ့နေရလို့ ၀မ်းသာမိတယ်။

 

စာမူခပေးတဲ့အထဲ ခေတ်ပြိုင်၊ ကိုစိုးသစ် အယ်ဒီတာလုပ်တဲ့အချိန် ကျနော်တို့ ၀င်ရေးကြတယ်။ ကိုစိုးသစ်ခေတ်ပြိုင်မှာ အယ်ဒီတာမလုပ်တော့တဲ့အချိန် စာမူခရပေမယ့် ကျနော်တို့မရေးကြတော့ဘူး။ ကိုစိုးသစ်နဲ့ ကျနော် စပြီးလူချင်းတွေ့ကြ တာ ချင်းမိုင် BMA ညီလာခံ။ ကျနော်က ဒေါင်းအိုးဝေအယ်ဒီတာအဖြစ်တက်တယ်။

အတော်ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့ ညီလာခံ။ ကျနော်တို့ရဲ့ တပ်ဦးရပ်တည်ချက်ကို ထိပါးတယ်လို့ယူဆပြီး သတင်းထောက် မောင်မောင်စိုးနဲ့ကျနော် ပွတ်တိုက်မှုဖြစ်ခဲ့တယ်။ တပ်ဦးကိုကာကွယ်ပေးတဲ့သဘော။ ကိုကိုးကျွန်းသူရဲကောင်းတွေကို မထေမဲ့မြင် ပြောတာတွေကိုလည်း ကြားခဲ့ရတယ်။ အဲဒီကိစ္စကိုတော့ ကမာပုလဲက ခုခံကာကွယ်ပေးခဲ့တယ်။

 

ကမာပုလဲနဲ့အတွဲညီတဲ့လူက ဒေါက်တာလွဏ်းဆွေ။ ၂၀၀၃ လောက်ရောက်လာတယ်။ ကျနော်တို့ကြား ရင်းရင်းနှီးနှီး ခင် ခင်မင်မင်။ ဒေါက်လွဏ်းကလည်း မထေမဲ့မြင်သမား။ ကျနော်တို့ထက် နည်းနည်းကြီးပေမယ့် ကျနော်တို့နဲ့ အတွဲများတယ်။ သူကတော့ ကြားလူလိုဖြစ်နေတယ်ပြောရမလားပဲ။ ကျနော်တို့လို လူငယ်တန်းတွေနဲ့ အတွဲများပေမယ့် အရွယ်ကြီးသူတွေ နဲ့လည်း တွဲတယ်။ ရံခါကဗျာဘာညာရေးပေမယ့် အထူးအားဖြင့် နိုင်ငံရေးသုံးသပ်ချက်တွေ ရေးလေ့ရှိတယ်။ အဲ့ဒီနိုင်ငံရေး သုံးသပ်ချက်တွေကြောင့်ပဲ လူပြောသူပြောများခဲ့ရတဲ့သူ။ ၂၀၁၁ လောက်မှာ ကျနော်တို့ကြား ပွတ်တိုက်မှုအနည်းငယ်ရှိခဲ့ ပေမယ့် ကျနော်ချစ်ခင်ရတဲ့ ကျနော့်ရဲဘော်။

လူကြီးအရာတို့ ပွတ်တိုက်မှုတို့အကြောင်းပြောတော့ ဆရာဂါ (ဂါမဏီ) ကို သတိရမိတယ်။ ကိုလွမ်းဏီကို ကျနော်တို့ တပ်ဦးကျောင်းသားတွေက လူကြီးအရာထားတယ်။ ဆိုးတယ်နွဲ့တယ် ရစ်ချင်လည်း ရစ်လိုက်သေးတယ်။ ဆရာဂါကတော့ တကယ့်လူကြီးအရာ။

ဆရာဂါနဲ့ကျနော် မယ်စရီးယမ်းရုံး စတင်တွေ့တယ်။ စတင်တွေ့ရှိကတည်းက ကျနော် ဆရာဂါကို လူကြီးတဦးလို ဆရာ ကြီးအဖြစ် နေထိုင်ခဲ့တယ်။ ဆရာဂါနဲ့ကျနော် အတော်များများတူတယ်။ အတွဲညီလှတဲ့အချက်ပြောဆိုရင် ၂၀၀၆ – BMA ညီ လာခံအပေါ် သဘောထားညီကြတယ်။ အဲဒီညီလာခံအပြီး တော်လှန်နယ်မြေနဲ့ သတင်းသမားတွေရဲ့အခန်းကဏ္ဍကို မေး ခွန်းထုတ်တာမှာညီကြတယ်။ အဲဒီညီလာခံအပြီးမှာ ဆရာဂါက မီဒီယာအကြောင်းတပုဒ်ရေးသလို ကျနော်ကလည်း မီဒီယာ ကျည်အမည်နဲ့ရေးဖြစ်တယ်။ ဆရာဂါရဲ့ နိုင်ငံရေးသုံးသပ်ချက်တွေကို အမြဲတမ်းလောက် ကျနော်ရဲ့ လေ့လာရေးစာတွေ အဖြစ်သဘောထားတယ်။ ဒီကနေ့အထိ ဆရာဂါရဲ့နိုင်ငံရေးသုံးသပ်ချက်တွေက ကျနော့်အတွက် အရေးတကြီး ဖတ်ရမယ့် စာတွေ အဖြစ်ရှိနေတယ်။

လူကြီးအရာထူးတဲ့လူထဲ တပ်ဦးရဲ့ဖခင်ကြီးလို့ ချစ်စနိုးခေါ်လေ့ရှိတဲ့ ရဲဘော်မောင်မောင်တိတ်။

သူ့ကလောင်က အောင်အတိတ် (စိတ်ပညာ)။ နိုင်ငံရေးအတွေ့အကြုံတွေကို ရေးလေ့ရှိတယ်။ ကျနော်နဲ့ကိုတိတ်ကြီး ၁၉၉၄ ဒေါင်းဂွင်ထဲ စတွေ့ကတည်းက ခင်မင်ခဲ့ကြတယ်။ တပ်ဦးအပေါ်သုံးသပ်ချက်ရေးတဲ့စာတမ်းထဲ ကိုတိတ်ကြီးကို ဂုဏ်ပြုထိုက်တဲ့ ရဲဘော်အဖြစ် ရေးသားခဲ့ဖူးတယ်။

ကျနော်က ကိုတိတ်ကြီးကို တပ်ဦးရဲ့အန်ကယ်ဟိုလို့ ခေါ်လေ့ရှိတယ်။

နိုင်ငံရေးကို အခြေပြုတဲ့ဒေသနေရာထဲ တွေ့ခဲ့ကြတဲ့ကဗျာဆရာရဲဘော်တွေ။ ကျနော် ဒီကနေ့အထိ ဒီကဗျာရဲဘော်တွေကို တန်ဖိုးထားတယ်။ တန်ဖိုးထားမှုကို ဗဟိုပြုပြီး ဒီမှတ်တမ်းကိုရေးတယ်။

 

 

ပြီးပါပြီ။

ညိုထက် (လမ်းသစ်ဦး)
၂၆ – ၇ – ၂ဝ၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)