စိုးလွင် ● ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ (၈၈ ..

August 6, 2016

  ● ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ (၈၈ ..

(မိုးမခ/ သစ်ခက်သံလွင်) သြဂတ်စ် ၆၊ ၂၀၁၆

 

၁၉၈၈  ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း.. မိုးမခ၊ သစ်ခက်သံလွင်တို့မှတဆင့် ရေးသားတင်ဆက်လိုက်ပါသည်။

စိုးလွင်
(၂၁၁) (၀မ်ခ)


● အသက်ကို ဖက်နဲ့ထုပ်၍
KNU တပ်မဟာ ၃ ရင်း ၇ က တပ်စုတစုနဲ့ ကျနော်တို့ကျောင်းသားတပ်စုတစု တပ်ရင်း ၈ နယ်မြေမှာ စစ်ကြောင်းတကြောင်း ဖွဲ့ဖြစ်တယ်။ ဖွဲ့ဖြစ်တော့ ကျနော်တို့ကျောင်းသားတပ်ဖွဲ့ရဲ့တပ်စုမှူးဝင်းချိုက ဒုစစ်ကြောင်းမှူးဖြစ်သွားပြီး ကျနော်က တပ်စုမှူး ဖြစ်လာတယ်။

ရင်း ၈ နယ်မြေထဲမှာ ကျနော်တို့တာဝန်ထမ်းနေတာ လပေါင်းများစွာကြာပါပြီ။ KNU ကေအန်ယူက ကျနော်တို့ကို ဆန် ထောက်ပံ့ပြီး ဟင်းအတွက်ကတော့ ကိုယ်ဟာကို ရှာစားပေါ့လေ။ KNU က ရဲဘော်တွေ တောပစ်ထွက်လို့ သားကောင်တွေ ရလာရင်တော့ အူစိုတဲ့နေပေါ့။ အများအားဖြင့်ရတတ်တာက တောဝက်၊ ဆတ်၊ မျောက်၊ ၀က်ဝံတွေပဲ။

ရလာတဲ့အသားကို ဆား နနွင်းနဲ့နယ်ပြီး ဆီမပါပြားမပါ ရေလုံပြုပ်ရတာပဲ။ ချက်ပြီးလို့ ခွဲတမ်းချရင် ရဲဘော် တယောက်ကို လက်နှစ်သစ်လောက်ရှီတဲ့အသား နှစ်တုံး သုံးတုံးလောက်တော့ ရတတ်တယ်။ ကျနော်က လူတမျိုး..အသားမပါဘဲ ထမင်း စားရတဲ့နေ့မျိုးဆို တော်တန်ရုံစားပေမဲ့ အသားပါတဲ့နေ့မျိုးဆို ဗိုက်ကာအောင် စားတတ်တယ်။ တခါတလေ ကိုယ်က မ၀သေးလို့ ထပ်စားချင်၊ ဟင်းကလည်း ကုန်ခါနီးပြီဆိုရင်..ဟင်း မကုန်အောင် ၀ါးပြီးမျိုချလိုက်တဲ့အသားကို အာခေါင်ထဲက ပြန်ဆွဲထုတ်၊ နောက်ထမင်းလုပ်နဲ့ အတူ ပြန်စား။

ဒီလိုနဲ့ဆွဲထုတ်လိုက် ပြန်စားလိုက်နဲ့ ..လေးကြိမ်မြောက်လောက်ဆို ပြန်ဆွဲထုတ်လို့မရတော့ဘူး။ အသားက ၀ါးပါများတော့ ကြေကုန်ပြီလေ။

ဒီလိုအစားအသောက်ဆင်းရဲရတဲ့ကြားထဲ ခရီးထွက်ပါများလို့ ကျနော့်တပ်စုတစုလုံးရဲ့ တောစီးဖိနပ်တွေ တယောက်မှ အကောင်းမရှိတော့ဘူး။ တချို့ဖိနပ်တွေကို ပြန်ချုပ်ပြီး စီးလို့ရပေမဲ့ အတော်များများဖိနပ်တွေ က ပြန်ချုပ်ပြီးစီးလို့မရတော့လို့ ညှပ်ဖိနပ်တွေစီးနေရပြီး.. မြစ်ချောင်းပေါတဲ့ဒေသဖြစ်လို့ ရွံ့နွံတွေနဲ့ ညှပ်ဖိနပ်နဲ့ဆို ခရီးမတွင်တော့ဘူး။

ဒါနဲ့ပဲ ရိက္ခာဖိုးမရရင်နေပါ..ဖိနပ်ဖိုးတော့ ပေးပါလို့ ဗဟိုကို လှမ်းတောင်းရတော့တာပေါ့..။

၂ လလောက်နေတော့ ဖိနပ် ၆ ရံစာပဲ ဗဟိုကပို့ပေးလာတယ်။ တတ်နိုင်ဘူး။ ရသလောက်ပဲဆိုပြီး စခန်းနဲ့ ၃ နာရီခရီးအကွာ မှာရှိတဲ့ ကနစိုပင်ရွာကိုသွားပြီး ကုန်သည်ကို ဖိနပ်မှာရတယ်။

ကုန်သည်ကလည်း ဖိနပ်ကို ဇရပ်ကြီးမြို့မှာသွားဝယ်ရတာ။ စစ်တပ်က ခိုးရောင်းတဲ့ဖိနပ်တွေကို ၀ယ်ရတာ။ သူပုန်တွေကို ပြန်ရောင်းမယ်လို့တော့ ဘယ်ပြောမလဲ။

ကုန်သည်နဲ့ရက်ချိန်းတွေလုပ်ပြီး စခန်းကိုပြန်လာစောင့်ပေါ့။ ရက်ချိန်းပြည့်တော့ ဆေးမှူး အောင်စိုးထွေး (တပ်ရင်း ၂၁၄) (အောင်စိုးထွေးက ဖြူးမြို့သား) နဲ့ ကနစိုပင်ရွာ ဆင်းဖို့စီစဉ်တုန်း ရန်သူစစ်ကြောင်း ၀င်လာမယ်လို့သတင်းရရော..ကုန်သည်နဲ့ကလည်း ချိန်းထားပြီးဖြစ်ပြန်၊ ရန်သူကလည်း မရောက်လာသေး ဆိုတော့၊ အမြန်သွား အမြန်ပြန်မယ်ဆိုပြီး မနက်စောစော အောင်စိုးထွေးနဲ့အတူ ကနစိုပင်ရွာကို မပြေးရုံ တမယ် ဆင်းချသွားလိုက်တယ်။

ရွာရောက်လို့ ကုန်သည်ကိုစုံစမ်းတော့ ကုန်သည်က မရောက်သေး။

၂ နာရီလောက် နောက်ကျပြီးမှ ကုန်သည်ကရောက်လာ..ငွေချေ၊ ဖိနပ်ယူပြီး အမြန်ပြန်ပေါ့..။ ကုန်သည်က နေလည်စာစားပြီးမှပြန်ဖို့ပြောပေမဲ့ အရင်လိုနေတဲ့အတွက် စခန်းရောက်မှစားမယ်ဆိုပြီး ပြန် တက်လာခဲ့ကြတယ်။

စခန်းရောက်တော့ ကျနော်တို့နှစ်ယောက် အမော့ဆိုပါပြီ။

သေနတ်တွေ၊ အီကွေ့မင့်တွေ၊ ကျောပိုးအိတ်တွေ ဖိနပ် ၃ ရံစီလွယ်ပြီး အမြန်တက်လာတဲ့ ကျနော်တို့နှစ်ယောက် စခန်းရောက်တော့ ကျနော်တို့ကျောင်းသားရဲဘော်တွေ မတွေ့တော့ဘူး။ ထမင်းဆာဆာနဲ့ စခန်းရောက်ရင် စားမဟဲ့ဆိုတဲ့ရည်မှန်းချက်လည်း ပျက်ပါပြီ။

စခန်းမှာကျန်နေတဲ့ KNU ခွဲ(၁) မှူး ဗိုလ်တကိုမေးတော့ ကျနော်တို့ကျောင်းသားအဖွဲ့ ရင်း ၈ တပ်ရင်းဖြစ် တဲ့ နွားလေးခိုကို ထွက်သွားကြောင်းသိရတယ်။ နွားလေးခိုကို လိုက်သွားမယ်လို့ စီစဉ်ပြန်တော့ လမ်းမှာ ရန်သူရောက်နေပြီးပြောလို့ အစီစဉ်ကိုဖျက်ရပြန်တယ်။ ဒါနဲ့ပဲ ဗိုလ်လေတိုတို့အဖွဲ့နဲ့ပူးပေါင်းဖို့ ဗိုလ်တနဲ့အတူ လိုက်သွားလိုက်တယ်. ဆုံရပ်ရောက်တော့ ဗိုလ်လေတို့အဖွဲ့တွေကို ၆၀ မမ စိန်ပြောင်းတလက်နဲ့ အတူတွေ့ရတယ်။ စိန်ပြောင်းမပစ်ဘူးပေမဲ့ ၀မ်ခမှာနေတုန်းက ဗိုလ်လှဝေတို့၊ တင်ရွှေတို့ ပစ်တာမြင်ဖူး ထားတော့ ဗိုလ်လေတိုတို့စိန်ပြောင်းကိုကြည့်ရတာ အားမရလှပါ။

ကျည်အသီးတွေက သံချေးလိုက်နေတာ တွေ့ရတယ်။ ဒီလိုနဲ့ သူတို့ခေါ်တဲ့နောက် လိုက်သွားပေါ့လေ။ တနေရာရောက်တော့ လက်နက်ကြီးပစ်မယ်လို့ ပြင်ကြပါလေရော။ ညနေကလည်း စောင်းနေပြီ။

ကျနော်တို့ကျောင်းသားရဲဘော်နှစ်ယောက်လည်း ဗိုက်ဆာလွန်လို့ သူတို့လုပ်တာတွေလည်း စိတ် မ၀င်စားနိုင်တော့ဘူး။ ကိုယ့်နဲ့လည်း မဆိုင်ဘူးလေ။ ဒါပေမဲ့ ဆိုင်ရပြန်အုံးမယ်။

ကြည့်ပါ။ ၆၀ မမစိန်ပြောင်းအထိုင်ခုံကိုချနေတဲ့သူက ရည်းစားမျက်နှာ သနပ်ခါးလိမ်းပေးသလို ဖွဖွလေးအထိုင်ချနေတယ်။ ။ သူတို့ကိုကြည့်ပြီး ကျနော်သိလိုက်ပါပြီ။ သူတို့တွေမကျွမ်းကျင်ဘူးဆိုတာ။

ဒါနဲ့ပဲ အမြင်မတော်တာရော မြန်မြန်ပြီးမြန်မြန်အေးဆိုတဲ့သဘောနဲ့ ကျနော်ဝင်ပါပါပြီး..၆၀ မမ အထိုင်ခုံ ကိုမ၊ မြေမှာဆောင့်ချ။ အထိုင်ကျပြီးဆိုမှ ပြောင်းနဲ့ဒေါက်ကိုယူပြီးတပ်။ ပြီးတော့ သံလိုက်အိမ်မြှောင်ပါ သလားမေးလိုက်တော့ မရှိဘူးတဲ့။

ကဲ မထူးဘူး..ဘယ်ကိုပစ်မှာလဲမေးလိုက်တော့ ရှေ့ကိုက်၂၀၀ လောက်မှာရှိတဲ့ ငှက်ပျောပင်အုပ်ကို ညွှန်းပြ တယ်။ ဒါနဲ့ပဲ စိန်ပြောင်းကို ၆၀ ဒီဂရီလောက်ထားပြီး ငှက်ပျောပင်အုပ်တည့်တည့် ချိန်ထားပေးလိုက်တယ်။
(ဒါတောင် ဗိုလ်လေတိုက ပြောသေးတယ်…သူက အင်္ဂလိပ်ပေးတဲ့ သင်တန်းဆင်းတဲ့)

ကဲ .. အဆင်သင့်ဖြစ်ပြီး ပစ်ကြတော့ဆိုတော့လည်း ကျည်သီးကိုင်ပုံတွေကလည်း မဟုတ်ကြပြန်။ အသီးထိပ်ကနေ အုပ်ကိုင်နေကြတယ်။ ပင်ဖြုတ်ထားတဲ့အချိန်များ ဖိကိုင်မိရင် သေလိုက်ကြမည်ဖြစ်ခြင်း။

ကျနော်လည်း ဗိုက်ဆာလွန်တာနဲ့ ဘာမှထပ်မပြောတော့ဘူး။ သေလည်း အေးတာပဲပေါ့။

ဒါနဲ့ ပထမတလုံး စပစ်တယ်။ ထွက်သွားတယ် မကွဲဘူး။ နောက်တလုံးပစ်တယ်။ မထွက်ဘဲ ပြောင်းထဲမှာ ရုန်းနေတယ်။ အကုန်လုံးထွက်ပြေးကြရော။

ခဏနေတော့ ကျည်အသီးကို ပြန်ထုတ်ဖို့ လုပ်ကြရော။ ဒီမှာလည်း တွေ့ပြန်ပြီ။ စိန်ပြောင်းသီးတွေရဲ့ထိပ်ကို ဖိမိလို့မတော်ရင် ကွဲမှာကို စိန်ပြောင်းထိပ်က လက်နဲ့ပိတ်ပြီး အသီးကိုသွန်ချတယ်။ ကျနော်လည်း ပြေးသွားပြီး နည်းလမ်းတကျထုတ်တတ် အောင်ပြပေး။

ပြီးတော့ ငါကိုယ်တိုင်ပဲပစ်တော့မယ်လေဆိုပြီး တလုံးပစ်လိုက်တာ ကံကောင်းထောက်မစွာ ထွက်သွားပြီး ကွဲသွားတယ်။ အားလည်းတက်သွားတယ်။

ဒါပေမဲ့ နောက်အသီးတွေက မထွက်တဲ့အလုံးနဲ့ထွက်သောလည်း မကွဲတဲ့အလုံးနဲ့ စခန်းသိမ်းသွားတယ်။ ဒါနဲ့ပဲ သေနတ်တွေ သိမ်းပြီး စခန်းချမယ့်နေရာပြန်ရောက်တော့ ည ၉ နာရီလောက် ရှိပြီ။ ထမင်းစားရတော့ ည ၁၁ နာရီထိုးပြီ။

အဆာလွန်သွားလို့ မစားနိုင်တော့ဘူး။ စားပြီးလို့ ပင်ပမ်းလွန်တာနဲ့အိပ်လိုက်တာ မနက် ၂ နာရီ လောက် လာနိုးလို့ကြည့် လိုက်တော့ KNU ရဲဘော်လေး..ဘာလဲလို့မေးကြည့်တော့ ကင်းအလှည့်တဲ့။

ငါက ကျောင်းသားတပ်စုမှူးကွ။  ဗိုလ်ကွ မစောင့်နိုင်ဘူးလို့ပြောလိုက်တော့..အောင်စိုးထွေးကို သွားနိုး တယ်။ သူလည်း ဆေးမှူးကွ မစောင့်နိုင်ဘူးလို့ပြောလိုက်တော့.. KNU ရဲဘော်လေးလည်း ကုပ်ကုပ်နဲ့ လစ်သွားလေရဲ့..။

မနက်မိုးလင်းတော့ ဗိုလ်တတို့နဲ့အတူထွက်လာလိုက်တာ တဲအိမ်စုတခုဆီ ရောက်သွားတယ်။ ကျနော်တို့နှစ်ယောက်ကို ရွာသားတယောက်နဲ့အတူ ဒီနေရာမှာထားခဲ့မယ်လို့ ဗိုလ်တပြောတယ်။ ကျနော်တို့ရဲဘော်တွေရှိရာ နွားလေးခိုကို ကျနော်တို့ သွားလို့ရလာမေးတော့..လမ်းမှာ ရန်သူနဲ့လည်း တွေ့နိုင်တယ်။ KNU အဖွဲ့ငယ်လေးတွေနဲ့လည်း လူမှားပြီးပစ်ခတ်နိုင်တဲ့ အတွက် မသွားဖို့ပြောတယ်။ ဗိုလ်တတို့ ကျနော်တို့ထားပြီးထွက်သွားတော့ ကျနော်စဉ်စားရပါပြီ။

သူတို့ထားခဲ့သောနေရာသည် လုံခြုံသော်လည်း သေနတ်ရှိရဲ့နဲ့ ငုပ်တုတ်နေနေရမှာကို ကျနော်မလိုလားပါ။

ကျနော်တို့ရဲဘော်တွေနဲ့အတူတကွ သေအတူ ရှင်မကွာ ရန်သူကိုတိုက်ချင်သည်။ ဒါဆို ဘယ်လိုလုပ်မလဲ။ ကျနော်တို့ ရဲဘော်တွေရှိရာ နွားလေးခိုကို သွားရမည်..လမ်းမှာ ရန်သူနဲ့လည်း တွေ့နိင်တယ်။ KNU နဲ့တွေ့ပြီးလည်း မှားပစ်ခံရနိုင်တယ်။ (ကျနော်တို့ပုံစံတွေနဲ့ စစ်ဝတ်စုံဟာလည်း ရန်သူနဲ့သိပ်မကွဲဘူး)

ကျနော်တို့နှစ်ယောက်မှာ ကျနော်ဟာ တာဝန်အရှိဆုံးနဲ့ ကိုယ့်ဆုံဖြတ်ပိုင်ခွင့်နဲ့ လုပ်နိုင်ပေမဲ့.. ဒီလမ်းကို သွားရင် ရန်သူနဲ့ရော ကိုယ့်မဟာမိတ်နဲ့ရော တိုက်ပွဲဖြစ်နိုင်တယ်။ ကိုယ်တွေက နှစ်ယောက်ထဲမို့ သေဖို့လမ်းများသည်အတွက် အောင်စိုးထွေးကို တိုင်ပင်ကြည့်တယ်။

ငါသွားချင်တယ်၊ မင်းရောသွားချင်လား မေးကြည့်တော့ အကို့သဘောတဲ့။ ငါ့သဘောမလုပ်နဲ့ မင်းရော သွားချင်လာ ပြန်မေးတော့..သူလည်း ဒီမှာမနေချင်ဘူးတဲ့၊ ရဲဘော်တွေရှီရာ နွားလေးခိုကို သွားချင်တယ်တဲ့။ ဒါဆို ဟုတ်ပြီး သွားကြ မယ်ဆိုတော့ ကျနော်စဉ်းစားရပြန်ပြီ။

တကယ်ဆို ကျနော်က တပ်စုမှူး သူကရဲဘော်ဖြစ်တော့ သူကို ပွိုင့်သွားခိုင်းရမှာ။ ဒါပေမဲ့ ကျနော်က အသက် အထိုက် အလျောက်ရပြီ၊ လောကအကြောင်း တချို့တ၀က်သိနေပြီ။ သူက အဲဒီအချိန်မှာ ၂၀ ပတ်ဝန်းကျင်   လောကအကြောင်း ဘာမှမသိသေး။
မြို့မှာနေတုန်း ရည်းစားတောင် ထားဖူးခဲ့ရဲ့လားမသိ။

ဒါဆို ပထမဆုံးသေသင့်သည်မှာ ကျနော်….။

ဒါနဲ့ ရှေ့ခရီးမဆက်ခင်မှာ သူ့ကိုအပြီးသတ်မှာရပြီး…ငါ ရှေ့ကသွားမယ်။ မတော်လို့တိုက်ပွဲ့ဖြစ်ခဲ့ရင်…

(၁) တိုက်ပွဲဖြစ်လို့ ငါကျသွားရင် မင်း ပစ်ပြေးပေတော့..။
(၂) ငါ ဒဏ်ရာရလို့ မပြေးနိုင်ခဲ့ရင် မင်းကို ငါ ကာပစ်ပစ်ထားပေးမယ် မင်းပြေးပေတော့ (သံယောဇဉ်တွယ်ရင် နှစ်ယောက်လုံး သေမှာ)…
(၃) ငါ ဘာမှမဖြစ်ရင် ငါ့ကို ကာပစ်ပစ်ထားပေး၊ ငါဆုတ်လာပြီး မင်းနဲ့အတူ ပြေးကြမယ်။

ကဲ ဒါဆိုသွားကြမယ်ဆိုတော့..ကျနော် လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရအောင် ကျနော်ထမ်းထားတဲ့ ဖိနပ်သုံးရံထဲကနှစ်ရံကို သူ့ကိုပေးလိုက်တော့..သူက ပေါင်း ငါးရံ ထမ်းလိုက်ရတာပေါ့။ မတတ်နိုင်ဘူးလေ။ သေရေးရှင်ရေးဆိုတော့ ဒီလောက်တော့ အပင်ပမ်းခံရမှာပေါ့။

ကျနော်လည်း နားရောမျက်စိရောဖွင့်ပြီး တလှမ်းချင်းတက်ခဲ့တယ်။

အံ့သြစရာကောင်းတာက အဲဒီအချိန်တုန်းက စိတ်လုံးဝမလှုပ်ရှားဘဲ တည်ငြိမ်စွာလှုပ်ရှားခဲ့တာပဲ။ ထွက်လာပြီး မိနစ်၂၀ အလောက်အကြာမှာ ကျနော်အရှေ့ခပ်လှမ်းလှမ်းက လူရိပ်မြင်လိုက် လို့ အောင်စိုးထွေးကို အချက်ပြလိုက်တာနဲ့ သူလည်း သစ်ပင်အကွယ်မှာ နေရာယူ လိုက်တယ်။ ကျနော်လည်း ကျောက်နံရံဘေးမှာ ကပ်နေလိုက်တယ်။ ရှေ့ကလာနေတဲ့သူလည်း ကျနော့်နားရောက်ရော.. သူ့ရဲ့လည်ပင်းကို ဘယ်လက်နဲ့ဖက် ညာလက်ကသေနတ်နဲ့ သူ့နားထင်ကို ထောက် ထားလိုက် တယ်. ပြီးတော့ ကရင်ဘာသာစကားနဲ့ ကျိုးဖိုး ကျိုးဖိုး(ဗမာလို့ပြောရင် ကျောင်းသား) လို့ ပြော…ကိုယ်ကလည်း ကရင်စကား ဒီလောက်ပဲရတော့ ကိုယ့်ထက်ပိုပြောတတ်တဲ့ အောင်စိုးထွေးကို လှမ်းခေါ်ပြီး ပြောခိုင်းရသေး တယ်. အောင်စိုးထွေး ရှင်းပြနေတဲ့ချိန်မှာ ကိုယ်ကလည်း အင်္ကျီလက်မောင်း တံဆိပ်ကိုပြပြီး ကျောင်း သားဖြစ်ကြောင်းပြောရ သေးတယ်။ ဒီက ရင်က ပထမတော့ ရုန်းတာပေါ့။ ကျနော်ကလည်း မလွတ်တမ်း ဖက်ထား၊ အောင်စိုးထွေးက ရှင်းပြနဲ့မှ ငြိမ်သွားတယ်။

သူယုံပြီဆိုမှ KNUတွေ ရှိတဲ့နေရာ လိုက်ပို့ခိုင်းရတယ်။ KNU တွေလည်း ကျနော်တို့နှစ်ယောက်ကို ။ တွေ့တော့ အံ့သြနေကြတယ်သူတို့ကလည်း လမ်းမှာဘာထူးခြားလဲမေး။ ကျနော်တို့ကလည်း ရှေ့မှာ KNU တွေရှိသေးလာလို့မေးတော့ ရှိသေးတယ်တဲ့။ စက်နဲ့ဆက်ပြီး ပြောထားပေးလို့ရမလားဆိုတော့.. ဘယ်အဖွဲ့တွေရှိမှန်းမသိတဲ့အတွက် မရဘူးတဲ့။ မတတ်နိုင်ဘူးလေ ဆက်သွားရုံပေါ့..။

ကိုယ်တွေအဖြစ်က ဆိုးတယ်။ ရန်သူလည်း ကြောက်ရ။ အချင်းချင်းလူမှားပစ်မှာလည်း ကြောက်ရ။ ဒါနဲ့ပဲ နှစ်ယောက်သား ဆက်ထွက်လာပြန်ပေါ့။ သိပ်မကြာဘူး လူရိပ်မြင်လို့ အချက်ပြပြီး ပုန်းကြပြန်ရော..။

လာပြန်ပြီး နောက်ကရင်တယောက်။

ပထမတခါလိုပဲ ဖမ်းပြန် မေးပြန်.။

သူကဆင့် KNU နောက်တဖွဲ့နဲ့တွေ့ပြန်…။ ဒီတခါတော့မဆိုးဘူး…သူတို့က အကူညီပေးတယ်..။ ရှေ့ဆက် သွားရင် နွားလေးခိုရောက်မယ်။ ကင်းသမားကို စက်နဲ့လှမ်းပြောထားပေးမယ်လို့ ပြောတယ်..။ သူတို့က လှမ်းပြောထားပေးမယ်ပြောပေမယ့်လည်း ကိုယ်တွေကတော့ သတိနဲ့ သွားရတာပဲ..။ တချက်မှားရင် အသက်ထွက်သွားမှာကိုး..။

ဒီလိုနဲ့နောက်ဆုံးမှာ နွားလေးခိုကို အောင်မြင်စွာရောက်ရှိသွားသည်ပေါ့…

ကျနော်တို့နှစ်ယောက်ထဲ ဒီလမ်းကိုဖြတ်လာတာ KNU တွေက အံ့သြနေကြတယ်…။ သတ္တိရှိတယ်လို့များ တွေးနေကြမလာ..မိုက်ရှုးရဲတယ်လို့ တွေးနေကြမလားမသိ…။ ကျနော်တို့နှစ်ယောက် ဘေးမထိရန်မခဘဲ လိုရာပန်းတိုင်ရောက်လာရတာကိုပဲ ကျနော့်စိတ်ထဲမှာ ကျေနပ်နေမိတယ်..

ကျနော်တို့ နွားလေးခိုရောက်တော့ ကျနော်တို့အဖွဲ့တွေ တခြားနေရာရောက်နေလို့ မတွေ့ရ ဘူး။ နှစ်ရက်လောက်နေတော့မှ ဗိုလ်တနဲ့အတူ ပြန်ရောက်လာကြတယ်။ ကျနော်ကိုတွေ့တော့ ဗိုလ်တခင်ဗျာ သူ့စကားနားမထောင်ရကောင်းလာဆိုပြီး တဖျစ်တောက်တောက်နဲ့…။ သူ့စေတနာကို နားလည်ပေမဲ့ ကိုယ်တွေက သေနတ်ကိုင်ပြီး ပုန်းမနေနိုင်ဘူးလေ..

စိုးလွင်

(၀မ်ခ) (၂၁၁)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်