စိုးခိုင်ညိန်း ● အလွမ်းအဆွေးဟာ ဘ၀မခြား (၀တ္တုတို)

August 10, 2016

● အလွမ်းအဆွေးဟာ ဘ၀မခြား (၀တ္တုတို)
(မိုးမခ) သြဂတ်စ် ၁၀၊ ၂၀၁၆

ပထမတုန်းကတော့ ဦးကြီးတဲ့၊ နောက်တော့ ဦးစိုးတဲ့၊ အဆုံးမတော့ ကိုကိုတဲ့၊ အဲဒီလိုနဲ့နှစ်တွေ တနှစ်ပြီး တနှစ် အချစ်က တဆင့်ပြီး တဆင့်တက်လာသည်။ နောက်တော့ အဆင့်တွေတဆင့်ပြီးတဆင့်ကျော် ချစ်တယ်ချစ်တယ်ပြောပြီး ပစ်မယ် ပစ်ပယ်ကာ ထားခဲ့ပြန်သည်။ ဘယ်တော့မှမခွဲဘူး၊ မခွဲနိုင်ဘူးပြောနေရင်းကပဲ တယောက်နဲ့ တယောက်ဝေးခဲ့ကြပြန်သည်။ ကြာတော့လည်းကြာခဲ့ပေမဲ့ ကြာခဲ့ပြီလို့ မထင်မှတ်နိုင်သေး။ ကြာခဲ့ပေမဲ့လည်း အလွမ်းအဆွေးဟာ ဆွေးမြေ့အိုဟောင်း သွားသည်မရှိ။ သစ်ပင်တွေမြင်တိုင်း ကိုယ့်မှမှာ အသစ်အသစ်ဖြစ်ရပြန်သည်။ သစ်ရွက်တို့သည်ကား အိုဟောင်း ရင့်ရော် ကြွေကျသွားကြသည်။ ကျွန်တော်သည်ကား လွမ်းဆွတ်နေဆဲ၊ နောက်ထပ်တဖန် ပုရစ်ဖူးရွက်နုတို့တိုးထွက်လာသည် အထိ ကျွန်တော်ကတော့လွမ်းကောင်းနေဆဲပင်။ နာရီစက္ကန့်တံသည် တပတ်ပြီးတပတ်လည်လျက်နေသည် အရှေ့ အရပ်မှ ထွက် လျက် အနောက်အရပ်သို့ဝင်သွားပေပြီ ကျွန်တော်သည် လွမ်းမြဲ၊ ည ၏အမှောင်သည် တဖြေးဖြေးရင့်မှောင်ကာ အဆုံးမတော့ ပြယ်လွင့်ကာ လင်းပွင့်လာတော့သည်။ ကျွန်တော်သည် လွမ်းလျက်သာပင်။ ဒီလိုနဲ့မိုးရာသီရောက်လာသည်။ လွမ်းဆဲ။ မိုးရေစက်တို့သည် တဖွားဖွားနဲ့ရွာချလာသည်။ လွမ်းမြဲ၊ နောက်တော့ ရွာနေသောမိုးသည် စဲသွားသည်သာ ကျွန်တော် သည်ကား လွမ်းလျက်နေဆဲ။ မကြာမီ မိုးရာသီသည်ကုန်ဆုံးသွားသည် ကျွန်တော်က လွမ်းနေတုန်းပင်။ နောက်တော့ ဆောင်းရာသီ ကျွန်တော်သည် အတိမ်းအစောင်းမရှိလွမ်းဆဲ။ နွေ ရာသီထဲတွင်ကား ကျွန်တော်သည် ဥသြငှက်နဲ့အပြိုင်ပင်၊ နွေမိုးဆောင်းရာသီတွေ တခုပြီးတခု ပြောင်း ကျွန်တော့်မှာသာ အပြောင်းအလဲမရှိ လွမ်းနေဆဲပဲ ဖြစ်သည်။

အဲဒီတုန်းက ခရေတွေမပွင့်သေးဘူး၊ မဟော်ဂနီပင်မှ ရော်ရွက်ဝါတို့သည် လေ့အဝှေ့တွင် တဖျောဖျောလွင့်ဝဲကြွေကျ သွား ကြ၏။ ပင်လယ်ကဗွီးပင်သည် ဘယ်အချိန်ကြွေကျတတ်သလဲ မသိ။ သူမကတော့ ရိုးတံလေးကို တဆစ်ချင်းချိုးပြီး တဆစ် ချင်းပြန်တေ့ဆက်နေခဲ့သည်။ ထိုအဆက်သည် လေ့အဝေ့မှာပင် ကျိုးပျက်သွားတော့သည်။ သူမ၏ရယ်သံသည် နွေရာသီ အမိုးဖွင့် ထီးတချောင်းအောက်က စားပွဲပေါ်တွင် ကော့ပျံနေလေသည်။ ကျွန်တော်သည် “မြင်မြင်ရာကို ချစ်၊ အလွန်းသင့်ရာ ကိုပေါင်း၊ တခုဟောင်းလျှင်တခုပစ်၊ တခုသစ်လျှင် တခုခင်ဆိုတာမျိုးက ပေါ်ပြူလာ ဖြစ်တတ်ပေမဲ့ အနာတရတော့ ဖြစ်တတ် ပါတယ်” လို့ ဘယ်ကမှန်းမသိတဲ့ ဖတ်ခဲ့ဖူးတဲ့စာသားကို နှုတ်တက်ရွရွဆိုနေမိပြန်သေးသည်။ ဘာလဲ အဲဒါကိုဆိုရတာ အရသာတွေ့နေတယ်ပေါ့လေ သူမ၏အသံသည် စွယ်တော်ပင်တန်းဘေးက ကတ္တရာလမ်းမပေါ်တွင် ခိုကပ်ဝပ်ဆင်းနေ လေသည်။

ရေပြင်ကို ဖြတ်တိုက်လာသော လေညင်းသည် သူမ၏ဆံနွယ်များကို ကျီစယ်ကာ မွှေးရနံ့ဖြင့် ဖြားယောင်းနေလေသည်။ “ကိုကို ဘာမှမသိပါဘူး၊ ကိုကိုသိတာ ကဗျာရေးမယ်၊ စာရေးမယ်၊ ဆောင်းပါးရေးမယ် ဒါပဲ၊ ကိုကိုသိတဲ့အတိုင်း စာပဲရေး နေပါကွာ” မှန်ပါသည် ကျွန်တော်သည် ဘာမှ မသိခဲ့။ သူမကိုယ်မှာ တပ်ဆင်ထားတဲ့နံပါတ်တွေကိုမသိခဲ့။ ညမွှေးပန်း၏ရနံ့ကို ကျွန်တော်မြင် အောင်မကြည့်နိုင်ခဲ့။ ကျီးငှက်တကောင်ဆီက အဖြူရောင်အမွှေး လက်တဆုပ်ကို ရှာဖွေမနှုတ်နိုင်ခဲ့။ ဇီဇ၀ါ ပန်းပွင့်ထဲက မွှေးရနံ့ကို မထုတ်ပယ်နိုင်ခဲ့။ တက်ဘလက်ထဲက ဘီလီယက်ဂိမ်းကို နိုင် အောင်မကစားနိုင်ခဲ့။ နှုတ်ခမ်း ပေါ်က နှုတ်ခမ်းနီရဲ့အမှတ်တံဆိပ်ကို မခန့်မှန်းနိုင်ခဲ့။ ကြယ်သီးကို ဆွဲမဖြုတ်နိုင်ခဲ့။ ဇစ်ကို ဆွဲမဖွင့်နိုင်ခဲ့။

ပိတောက်တွေ ပွင့်တဲ့ရာသီကိုရောက်လာမှာကြောက်သည်။ နီနီရဲရဲ ပေါက်ပင်အောက်မှာ စကားသံတို့သည် ရဲရဲနီလျက် လောင်ကျွမ်းကာ ချော်ရည်များအဖြစ် စီးဆင်းလာသည်။ အို ရက်စက်သူကြီးရဲ့သရက်တွေ ဖူးလာပြန်ပြီကွယ်။ အို စိမ်းကားသူကြီးရဲ့ပန်းတွေပွင့်ကုန်ကြပြီကွဲ့ နာကျင် စရာတွေချည်းပါလား။ လောကသည် သစ္စာရှိရှိ သူ့အလုပ် သူလုပ်ကြပေသည်။ နေရောင်ခြည် သည် ဖြာလျက်နေသည်။ လေသည် ၀တ္တရားရှိရှိတိုက်ခတ်နေသည်။ သစ်ရွက်တို့သည်ကား အချိန် တန်လျှင် ကြွေသွားကြ၏။ ကျွန်တော်သည် အရာရာကိုအာခံလျက် အောက်မေ့တသ လွမ်းဆွတ် နေသည်သာ။

ကျွန်တော့်မှာ အားနည်းချက်ဆိုလို့ အစွဲအလန်းကြီးလွန်းတာပဲ ရှိပါသည်။ သူမသည် ထိုအားနည်းချက်ကို ကောင်းကောင်း အသုံးချသွားပါသည်။ ကျွန်တော့်မှာ အတူနေထိုင်ရာမြို့ကနေ ဘယ်မှမသွားရဲ၊ ထွက်သွားမိတာနဲ့ “ကိုကို မြန်မြန်ပြန်ခဲ့” ဆိုတဲ့ မက်ဆေ့က နောက်ကလိုက်လာ သည်။ တံတားအောက်မှမြစ်ရေတို့သည် စီးဆင်းသွားကြ၏။ ကျွန်တော်သည် တံတားအလည် တည့်တည့်တွင် ငေးမောတွေဝေရပ်ငေးနေမိသည်။ တဖက်ဖက်ကိုကူးရတော့မည်။ အချိန် အတော်နှောင်းသည်အထိ အချစ်ဆိုတာ ဘာလဲမသိခဲ့။ အချစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ စုံးစမ်းနေဆဲမှာပင် ကျွန်တော်၏ အသည်းသည် အစိပ်စိပ်အမွှာမွှာ ကွဲခဲ့ပေပြီ။ အတူတူထိုင်ခဲ့ဖူးသော ထိုင်ခုံကို အခုထိ အဘယ့်ကြောင့် ကြောက်ရွံ့နေမိသ နည်း။ အတူတူမိုးခိုခဲ့ဖူးသော သစ်ပင်ကို အဘယ့်ကြောင့် ထိတ်လန့်နေဘိသနည်း။ အတူတူထိုင်ခဲ့ဖူးသော အသုပ်ဆိုင် ကို အဘယ့်ကြောင့် ရှောင်ရှားနေဘိသနည်း။

အဲဒီလိုနဲ့ ငှက်တွေအိပ်တန်းပြန်တဲ့ ညနေခင်းသည် ချွေးသံရွှဲရွှဲဖြင့် လျှောကျလာတော့သည်။ ထိုအချိန်သည် ကျွန်တော် အလွမ်းဆုံး အချိန်ဖြစ်ပါသည်။ သူမ အပါအ၀င် ပလက်ဖောင်း ပေါ်သို့ လူတွေ ဝေါခနဲ့ပြိုဆင်းလာသည်။ အသားကင်နံ့ ညှော်နံ့တို့သည် လူတွေအကြား ကွေ့ပတ်ပြေးလွှားနေ၏။ ထိုလူအုပ်ကြီးကိုကြည့်ပြီး ကျွန်တော်လွမ်းပါသည်။ ထိုရနံ့ကိုရှူ ရှိုက်ပြီး ကျွန်တော် လွမ်းပါသည်။ ကျွန်တော်သည် သူမလက်ကိုဆုပ်ကိုင်ထားလျက်ပင် လွမ်းရပါသည်။ လမ်းဘေး ပလက်ဖောင်းပေါ်က အဖီလေးထဲက အသုပ်ဆိုင်မှာ ထိုင်ကြသည်။ သူမသည် ကဗျာတွေ ဖတ် သည်။ ၀တ္ထုတွေဖတ်သည်။ ပြီးတော့ ကျွန်တော့်ကို ဖတ်ပါသည်။ ကျွန်တော်သည် သူမ၏ နားမှာ ပန်ထားသော ရွှေရောင်အသည်းပုံ နားကပ်လေးကို မကြာခဏ စိုက်ကြည့်နေမိပါသည်။ တခါကတော့ လက်ဖြင့်ပင် ထိစမ်းကိုင်ကြည့်မိသေး၏။ ကျွန်တော်တို့သည် စကားတွေ ပြောကြသည်။ ကျွန်တော်တို့သည် တောင်တရုတ်ပင်လယ်အရေးကိစ္စကို စကားထဲ ထည့်မပြောကြပါ။ အမေရိကန် သမ္မတ ရွေးကောက်ပွဲသတင်းကို ကျွန်တော်တို့စိတ်မ၀င်စားပါ။ ဥရောပသို့ဒုက္ခသည်များ ၀င်ရောက် မှုအကျပ်အတည်းကို မစာနာ မိပါ။ ကျွန်တော်တို့သည် စကားတွေပြောနေဆဲပင်။ ဦးပုည၏ ရေ သည်ပြဇာတ်အကြောင်းကို စကားလုပ်မပြောပါ။ ဗားဂျီး ယားဝုဖ်အကြောင်းကိုလည်း မပြောပါ။ ကပ်ဖ်ကာနှင့် ဂျိမ်းဂျွိုက်တို့၏အကြောင်းကိုလည်း မပြောပါ။ နေမျိုး၏နန်း ခမ်းမြို့သူအကြောင်း ပြောကြသည်။ အပြင်ထွက်ရင် ထီးဆောင်းဖို့ မှာသည်။ အငန်တွေလျှော့စားဖို့ မှာသည်။ သူမသည် စိုင်း စိုင်းခမ်းလှိုင်၏သီချင်းတွေအကြောင်းပဲပြောနေပြီး အဆုံးမတော့ သူမသည် ကျွန်တော့်ကဗျာ တွေ ကောင်းကြောင်းကိုပဲ ထပ်တလဲလဲ ပြောနေတော့၏။

အချစ်အကြောင်း ကျွန်တော် ဘာမှမသိခင်မှာပင် ကျွန်တော့်မှာ အချစ်၏ ခြစ်ရာပွန်းရာ တို့ဖြင့် သွေးအလိမ်းလိမ်းဖြစ်နေပေပြီ။ မိုးရွာပြီးစ နေ့လယ်ခင်းသည် နေရောင်ခြည်ဖြင့် လက်လက် ထနေသည်။ သူမ၏ရုပ်သွင်သည် နေရောင်ခြည်ထဲတွင် ပျော်ဝင်နေသည်။ သူမ၏ကိုယ်သင်းနံ့ သည် လေဆန်ကိုတက်လျက် ဇီဇ၀ါပွင့်လေး၏အလွှာအထပ်ထပ်၌ ခိုနားနေ၏။ သူမထံတွင် ကျွန်တော့်အကြိုက် ဘာတခုမှ မရှိပါ။ သူမသည် ကျွန်တော့်အကြိုက် အသားမဖြူပါ။ သူမသည် ကျွန်တော်၏ မျက်စိထဲတွင် မချောပါ။ သူမ၏ပုံစံသည် ကျွန်တော်သဘောကျတဲ့အထဲ မပါပါ။ ထို အရာများကြောင့်သာလျှင် ကျွန်တော် သူမကို စွဲစွဲလန်းလန်းချစ်မိခြင်း ဖြစ်လေသည်။ တကယ် တော့ သူမသည် ကျွန်တော့်ကို အရင်ချစ်ခဲ့သူ ဖြစ်သည်။ “ကိုကို မီးကိုဘယ်လောက်ချစ်လဲဟင်” လို့ အခါပေါင်း ရာချီမက သူမကျွန်တော့်ကို မေးခဲ့သည်။ သိပ်ချစ်တယ်ပြောလည်း မကျေနပ်၊ အရမ်းချစ်တယ်ပြောလည်း အားမရ၊ အတိုင်းအဆမရှိချစ်တယ်ပြောလည်း မတင်းတိမ်နိုင်ခဲ့။ အဆုံး မတော့ ကိုကို အာဘွားပေးဆိုတာနဲ့ပဲ အဆုံးသတ်လိုက်ရ တော့သည်။

ကျွန်တော်သည် သူမကို ဘယ်လောက်ချစ်မိမှန်း သူမမရှိတော့သောအခါမှ သဘောပေါက် မိတော့သည်။ ကျွန်တော်၏နှလုံး သားသည် နာကျင်လှိုက်လှဲ တုန်ရီမောဟိုက်နေသည်။ သတိရ အောက်မေ့ တသလွမ်းဆွတ်ခြင်းသည် ခန္ဓာကိုယ်ရှိသွေးကြော တလျှောက် စီးဝင်ပြန့်နှံ့နေ၏။ ထို အခါတွင် ကျွန်တော်သည် အစားအသောက်တို့သည် ပျက်၏၊ အိပ်စက်ခြင်းတို့သည် ပျက်၏။ လှုပ်ရှားမှုတို့သည် နှေးကွေး၏။ စကားတို့သည် နည်း၏။ အကြားတို့သည်လည်း ပျက်၏။ ငေးငိုင်တွေ ဝေ အချိန် ပြည့် မီးရေလို့ပဲ တသနေတော့၏။

ကျွန်တော်သည် ၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲ၌ ချစ်သူတို့ပျော်မွှေ့ရာ အင်းလျားကန်ဘောင် ပေါ်သို့လမ်းလျှောက်ဖူးသည်။ မာလာဆောင်၊ သီရိဆောင် အင်းလျားဆောင်တို့ရှေ့မှ ဖြတ်လျှောက်ဖူးသည်။ မင်းလူ၏ရေတမာဝတ္ထုထဲက နောင်စိုးဝင် တိုက်မိတဲ့ ရေတမာပင်ကို လိုက်ရှာဖူး သည်။ အချစ်သူရဲကောင်းတယောက် သက်စွန့်ဆံဖျားတက်ပြီး ညောင်ပင်ကိုတက် နှုတ်တဲ့ ဂျပ်ဆင်ထိပ်ကို ငေးမောကြည့်ဖူးသည်။ တောင်ငူဆောင်ဘေးက ဦးချစ်လက်ဖက်ရည်ဆိုင်ကို တကူးတက သွားထိုင် ဘူးသည်။ နာမည်ကျော် သစ်ပုတ်ပင်ကြီးကိုသွား၍ တိုင်တည်ဖူးသည်။ ဘွဲ့နှင်းသဘင်ရှေ့ က ကြေးခြင်္သေ့တခု၏အောက်ခြေ၌ ဟိုးတချိန်က တစုံတယောက်သည် ကွန်ပါစက်ဝိုင်းဆူးချွန်ဖြင့် “ဒီနေ့ဒီရက်မှာ စန္ဒီနဲ့ ကိုယ်တို့ချစ်သူတွေဖြစ်ခဲ့ကြသည်” လို့ ရေးထားတဲ့စာသား ရှိ မရှိ ရှာကြည့်ခဲ့ဖူးသည်။ ကံကော်တောအောက်ကနေ အဓိပတိလမ်းကို အရသာခံ လျှောက်ကြည့်မိဖူးသည်။ နောက်ဆုံးတွင် ကျောင်းသားသမဂ္ဂအဆောက်အဦးနေရာတွင်သွားကာ ကျွန်တော်သည် ငေးမော ရီဝေ လွမ်းနေမိတော့သည်။

ကိုကို့ပုံကို မြင်မြင်ချင်း စိတ်ထဲတနေရာရာမှာ မြင်ဖူးတယ်လို့ပဲ ထင်နေတာ၊ နောက်တော့ ကိုကိုရဲ့သွားမပေါ်ပဲ တထီတရီ ပြုံးနေတဲ့ပုံလေးမြင်လိုက်ရတော့ စိတ်ထဲမှာ ချစ်သွားရော။ အမှန်က ကိုကို့ကို မီးလေ အရင်ဘ၀ကတည်းက ချစ်ခဲ့တာဖြစ် မယ်။ အဲဒီတုန်းက ကိုကိုက ကလေး သာသာပဲ ရှိသေးတာ၊ မီးကတော့ အရွယ်ရောက်နေပြီပေါ့။ ကိုကိုက ၀၀တုတ်တုတ် ကလေးလေး ချစ်စရာလေး။ အဲဒီတုန်းက ၁၉၈၈ ခုနှစ်ပေါ့။ တနေ့မှာ ကျောင်းက ပြန်လာတော့ သေနတ်သံတွေ ကြားရတာပဲ၊ နောက် လူတွေ ၀ရုန်းသုံးကား ပြေးကုန်ကြတယ်။ မီးလည်း ကိုကို့လက်ကိုစွဲပြီး ပြေး မိပြေးရာ ပြေးတာပဲ၊ တနေရာ အရောက်မှာတော့ မီးရဲ့ရင်ဘတ်တည့်တည့်မှာ ပူခနဲ ဖြစ်သွားတယ်။ မီးဆက်မပြေးနိုင်တော့ဘူး တခါတည်း ခွေလဲကျသွား တာပဲ မောင်လေးပြေးပြေး မမတော့ သေ နတ်မှန်သွားပြီလို့ ကိုကို့ကိုအော်ပြောလိုက်တာကိုတော့ နောက်ဆုံးမှတ်မိလိုက်တယ်။ ၁၉၉၀ ခုနှစ် မှာ မီးလူ့လောကထဲ ပြန်ရောက်လာတယ်။ ငယ်ငယ်ကဆို စစ်သားတွေမြင်ရင် သိပ်ကြောက်တာပဲ ကိုကိုရယ်။ သေနတ်သံလည်း နားမထောင်ရဲဘူး။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတုန်းက အမေက မီးကိုရွာပြန်ပို့ထားတာသေနတ်သံကြားပြီး ကြောက်နေမှာစိုးလို့တဲ့။ ငယ်ငယ်ကဆို အကုန်မှတ်မိတယ်။ အရင်ဘ၀က အဖေအမေကိုတောင် ပြန်ရှာရင်ရတယ်။ အမေကဆို အရင် ဘ၀က အဖေနဲ့ အမေကို ပြန်တွေ့မှာတောင် စိုးရိမ်နေတာ။ အခု ကိုကိုနဲ့ ပြန်တွေ့တော့ ကိုကိုက အသက်ကြီးနေတာက လွဲရင် ဘာမှ မပြောင်းလဲဘူးပဲ။

အခုတော့ အရာရာနှင့်တကွ သူမသည်သာလျှင် ပြောင်းလဲသွားခဲ့တာဖြစ်သည်။ အပြောင်းအလဲမရှိ ကျွန်တော့်မှာသာ လွမ်းဆွတ်နေဆဲ။ လူတယောက်၏အချစ်သည် ခြောက်လပဲ ခံသည်ဟု ကြားဖူးသည်။ ထိုအထဲတွင် ကျွန်တော်သည် ခြွင်းချက်ဖြစ်ပေလိမ့်မည်။  စွယ်တော်ပွင့်တို့၏၀တ် ဆံတွင် ကျွန်တော်တို့၏ ရယ်သံသဲ့သဲ့တို့သည် ကပ်ငြိနေပေလိမ့်မည်။ နှောင်လူတို့ ထိုရယ်သံတို့၌ မနမ်းရှိုက်မိကြပါစေနှင့်။ သစ္စာတရားဆိုသည်မှာ မည်သို့သောအရာကို ဆိုသနည်း၊ သူမ၏ ယုံ ကြည်ရာသစ္စာသည် ဒုက္ခသစ္စာများလား။ ဝေးကွာခြင်းရဲ့ရနံ့သည် ပန်းပွင့်အားလုံးတို့၏ ၀တ်ဆံ၌ ဖြစ်တည်၍ လေတိုးတိုင်း ဆွတ်ပြန့်နေတော့သည်။ ရင်ထဲမှာနာသည်။ မိုးစက်မိုးပေါက်တို့ တဖြေး ဖြေးကျလာတာ မြင်နေရသည်။ မိုးအေးအေးတွင် အေးအေးဆေးဆေး လွမ်းဖို့ ကျွန်တော် ကော်ဖီတစ်ခွက် ဖျော်လိုက်ပါသည်။ ကော်ဖီခွက်ထဲ၌ သူမသည် ကျွန်တော့်ကို ပြုံး၍ ကြည့်နေလေသည်။ ကော်ဖီကို တကြိုက်သောက်လိုက်သောအခါ အရက်ပြင်းတခွက် သောက်လိုက်ရသလို တုန်ရီ မောဟိုက် မူးယစ်ရီဝေလာသည်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်သည် ကော်ဖီစွဲသော သူတယောက် ဖြစ်ပါသည်။

စိုးခိုင်ညိန်း
၂၈၊ ၇၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်