ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရွတ်ဆိုခြင်း

August 10, 2016

ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရွတ်ဆိုခြင်း
(မိုးမခ) သြဂတ်စ် ၁၀၊ ၂၀၁၆

ကဗျာရွတ်ဆိုခြင်းကို တော်လှန်ဒေသရောက်တဲ့အခါ စတင်တွေ့ဆုံခွင့်ရတယ်။

ပထမဆုံးထိတွေ့ခွင့်ရတာက (လပဒတ) လွယ်တောင်းစခန်း။ ဘလက်စက်တင်ဘာအခမ်းအနား လုပ်ကြတယ်။ အာဏာသိမ်းခြင်းကိုဆန့်ကျင်တဲ့သဘောနဲ့။

ပွဲပုံသဏ္ဌာန်ကို တပ်ဦးရဲဘော်တွေရဲ့ရင်ဖွင့် စကားတွေ၊ သီချင်းတွေနဲ့ ကဗျာရွတ်ဆိုခြင်းပုံစံ လုပ်ထား တယ်။ ဒေါင်းဂွင်ရောက်တော့လုပ်တဲ့ဆဲဗင်းဇူလိုင်ပွဲကိုလည်း အဲဒီပုံသဏ္ဌာန်နဲ့ပဲလုပ်ကြတယ်။ ကျနော် စည်းရုံးရေးမှူးဖြစ်လာတော့ အဲဒီပွဲပုံ သဏ္ဌာန်ကို ကျနော်နိုင်ငံရေးပွဲတွေလုပ်တဲ့အခါတိုင်း လုပ်လေ့ရှိတယ်။ ဟိုဆေးရီဇော်ရဲ့ကဗျာကို ကိုတိုက်မောင်းရွတ်ဆို ခဲ့တယ်။ အဲ့ဒါ ကျနော်ပထမဦးဆုံး ကြားခွင့်ရ ခဲ့တဲ့ကဗျာရွတ်ဆိုသံဖြစ်တယ်။ သတိထားမိသလောက် ကိုတိုက်မောင်း အဲဒီ ကဗျာကို ရင်ခုန်းသံနှစ်လို့ ရွတ်ဆိုခဲ့တယ်။ ၁၉၉၃။

ခင်ဝမ်း (၁၉၄၇-၂၀၀၀)
Khin One Portrait Sketch by Artist Nay Myo Say

ကျနော်ကဗျာတွေရေးသလို အလျဉ်းသင့်ရင်သင့်သလိုကဗျာရွတ်ဆိုဖို့ အာသီသရှိလေ့ရှိတယ်။ ၁၉၉၅။ ကျနော်တို့ ကရင်နီဒေသ ရန်လုံစခန်းမှာ တာဝန်ကျတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့ရောက်တော့ ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုချင်လာတယ်။ စခန်းတာဝန်ယူနေရတဲ့တပ်မှူး ဖြစ်တဲ့ကိုနွေအောင်နဲ့ညှိတယ်။ အိုကေ။

ကိုနွေအောင်က အိုကေပြောပြီး စခန်းအလယ်ကနေ ခရာတွတ်လိုက်တယ်။ ကျနော်က ကို နွေအောင် ဘာလုပ်သလဲကြည့် နေတာ။ ရဲဘော်တွေရောက်လာတော့ တန်းစီခိုင်းတယ်။ ရဲဘော်တွေ တန်းစီပြီးချိန် ကျနော့်ကိုခေါ်ပြီးရပြီ ကဗျာရွတ်တော့ ပြောတော့ ကျနော်အတော်ကြောင်သွားတယ်။ ဘယ်နှယ် ကဗျာရွတ်ဖို့ကိစ္စ ရိုးကောစီရသတဲ့လား။ နည်းနည်းကြောင်နေ ပေမယ့် ရတဲ့အခွင့်အရေးအတိုင်း ကဗျာကိုရွတ်ဆိုလိုက်တော့တယ်။ ကျနော့်ရဲ့ကဗျာရွတ်ဆိုခြင်း ပွဲဦးထွက်က အဲ့ဒီလို။ ကျနော် အဲဒီနေ့က မောင်လေးအောင်ရဲ့ရဲဘော်ရဲ့ကဗျာကို ရွတ်ဆိုဖြစ်တယ်။

ကဗျာရွတ်ဆိုခြင်း ပွဲဦးထွက် အဲ့ဒီလိုကြောင်စီစီနိုင်လှပေမယ့် ကဗျာရွတ်ဆိုခြင်းအာသီသက ပြေလျော့သွားတယ်မရှိဘူး။ အခါအခွင့်သင့်ရင် ရွတ်ဆိုချင်နေတော့တယ်။ အထူးဒေသကို အခြေခံဒေသထိုးဖောက်ရေးတာဝန်နဲ့ ရောက်တယ်။ အဲဒီ အချိန် ကျနော့်ရဲ့ကျောပိုးအိမ်စာကြည့်တိုက်ထဲ ဆရာဖေမြင့်ရဲ့ မရဏနုဿတိ၊ ဆရာမြရဲ့ခေတ်ပေါ်ကဗျာရှည် ၃ ပုဒ်၊  အနုပဋိလောမ၊ ဆောင်းပါး ၄ စောင်ရှိတယ်။ ကျနော်တို့က အရပ်ဝတ်နဲ့ဒေသတွင်းလှုပ်ရှားသွားလာပြီး ထိုးဖောက်မယ့်ဒေသ အတွက် သတင်းအချက်အလက်တွေစုဆောင်းတဲ့အလုပ်အဖွဲ့တာဝန်ယူရတယ်။ ကျနော်တို့ တာဝန် ကျတဲ့နေရာက သာမိတိုက်လူမျိုးတွေနေတဲ့နေရာ။ ကရင်မျိုးနွယ်ထဲကပဲ။ သာမိတိုက်လူမျိုးတွေရဲ့ရွာ ၉ ရွာပဲရှိတယ်။ အဲဒီရွာတွေထဲကို ၁၉၉၆ – ၉၇ လောက် ကုမ္ပဏီတွေဝင်လာပြီး သစ်ခုတ်ကြတယ်။ ကျနော်တို့ ရွက်စည်းပိုင်းလို့ခေါ်တဲ့ သာမိတိုက်ရွာရောက်တော့ သစ်ခုန်သမားတွေစုပြီး ထမင်းစား နားနေတဲ့ တဲတလုံးကိုရောက်တယ်။ သစ်ခုန်နေကြတဲ့လူတွေက ရွာထဲကလူတွေပဲ။ ကျနော်နဲ့ မျက် မှန်းတမ်းမိတဲ့လူတွေ၊ ခင်မင်နေတဲ့လူတွေ။ အဲ့ဒီလိုတွေတွေတော့ ကဗျာရှည် ၃ ပုဒ်ထဲက နိရူဒါရဲ့ သစ်ခုတ်သမားနိုးကြားလော့ ကဗျာရွတ်ဆိုချင်လာတယ်။ ဒါနဲ့ လွယ်အိမ်ထဲက ကဗျာစာအုပ်ထုတ်ပြီး သစ်ခုတ်သမား ရွာသားတွေကို သစ်ခုတ်သမားနိုးကြားလော့ ကဗျာရွတ်ဆိုပြတော့တယ်။ ဒီပွဲတော့ ကျနော်အောင်မြင်တယ်ပြောရမယ်။ အဲဒီကဗျာရွတ်ဆိုပြပြီးကတည်းက သစ်ခုတ်သမား နိုးကြားလော့ဆိုပြီး ကျနော့်ကို နှုတ်ဆက်ကြတာကို ကြားခဲ့ရတယ်။

ကျနော် ဗဟိုစည်းရုံးရေးတာဝန်နဲ့ ဒေါင်းဂွင်ထဲတာဝန်ယူရတယ်။ ကိုအေးမင်းနိုင်စီစဉ်ပေးလို့ ဒေါင်းဂွင်ထဲ ပထမအကြိမ်စာပေဟောပြောပွဲလုပ်ဖြစ်တယ်။ မဲဆောက်ကနေ ကိုထိန်လင်းနဲ့ ကိုဇာနည်တို့လိုက်လာကြတယ်။ ကိုအေးမင်းနိုင်၊ ကျနော်နဲ့ ပွင့်သစ် (ကရိန်ကန်)တို့နဲ့ ပူးပေါင်းပြီး ဟောပြောပွဲလုပ်တယ်။ အဲဒီနေ့က ဟောပြောမှုလုပ်တော့ ကိုထိန်လင်း၊ ပွင့်သစ် (ကရိန်ကန်)၊ ကျနော်။ အခန်းအနားမှူးအဖြစ် ရောင်နီဦးအထက်တန်းကျောင်းရဲ့မျိုးဆက်သစ်ကျောင်းသားများ အစည်းအရုံး (NGSO) ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ အေးမင်းတာဝန်ယူတယ်။ ကိုထိန်လင်းနဲ့ ပွင့်သစ် (ကရိန်ကန်) တို့က စာဖတ်ခြင်းနဲ့စာရေးခြင်းအကြောင်းတွေ ဟောပြောကြတယ်။ ကျနော်က ဆရာစည်သူငြိမ်းရဲ့ အိမ်အပြန်ကဗျာကို ကျနော်တို့ဘ၀တွေနဲ့ထပ်ပြီး ဟော ပြော ရွတ်ဆိုတာလုပ်တယ်။ မှတ်မိနေတာရှိတယ်။ ကျနော့်အလှည့်ရောက်တော့ အခမ်းအနားမှူးအေးမင်းက ကဗျာခံစား ရွတ်ဆိုဖို့ ညိုထက် (လမ်းသစ်ဦး) ကို ဖိတ်ခေါ်ပါတယ်ကြေညာတော့ ကျနော်စင်ပေါ်တတ်တယ်။ အဲဒီအချိန် အားပေးတဲ့ ကျနော့်ပရိတ်သတ်ရဲ့အသံသတိထားမိတယ်။ ညိုထက် (လမ်းသစ်ဦး) ဆိုလို့ ဘယ်သူများလဲမှတ်တယ် ဦးကန့်လန့်ကြီး ကိုးတဲ့။ ကျနော့်ရဲ့အောင်မြင်မှုတွေက ရင်သပ်ရှုမောပဲ။

မဲဆောက်မှာတာဝန်ယူရတဲ့အချိန်တွေ ကိုလွမ်းဏီတို့က ကဗျာရွတ်ဆိုမှုတွေကို အခွင့်သင့်ရင် သင့်သလို လုပ်ကြတယ်။ ကမ္ဘာ့ကဗျာနေ့နဲ့ အထိမ်းအမှတ်ပွဲတပွဲ ၀င်ရောက်နွဲခဲ့ဖူးတယ်။ သပ်သပ်ရပ်ရပ်နဲ့ တတ်ရောက်နားထောင်တဲ့လူတွေရော၊ ကဗျာရွတ်ဆိုနေတဲ့လူတွေအတွက်ရော အရသာရှိတဲ့ပွဲတွေအဖြစ် သတိထားမိတယ်။

ကဗျာရွတ်ဆိုခြင်းနဲ့ပတ်သက်ပြီး ကျနော့်တို့ကြား မတူညီတဲ့သဘောထားတွေကို မိတ်ဆက်ပေးချင်တယ်။ သစ်ကောင်း အိမ်က ကဗျာရွတ်ဆိုပွဲတွေကို ၀င်ရောက်ဆောင်ရွက်လေ့မရှိဘူး။ ကဗျာရွတ်ဆိုခြင်းကို ဟစ်ဟော့သမားတွေ ယူထားပြီးဖြစ် တယ်လို့ သဘောထားရှိတဲ့ ကဗျာဆရာ။ ကဗျာဆိုတာ အသေအချာဖတ်ပြီးခံစားရတဲ့ အနုပညာပစ္စည်းလို့ ပြောလေ့ရှိတယ်။ ကျနော်တို့ကတော့ ကဗျာရွတ်ဆိုခြင်းက စည်းရုံးရေးသဘောဖြစ်တယ်လို့သဘောထားတယ်။ ကဗျာကို ဋ္ဌာန်ကရိုင်းကျကျ ရွတ်ဆိုပြီး ပရိတ်သတ်ကို စည်းရုံးနိုင်တဲ့စွန်းအားရှိတယ်လို့ ယုံကြည်တယ်။ ဒီသဘောထားကြောင့် ကဗျာရွတ်ဆိုပွဲတွေကို ထက်ထက်သန်သန်ဝင်ရောက်နွဲလေ့ရှိတယ်။ ဗိုလ်သစ်က ကဗျာရွတ်ဆိုခြင်း မလုပ်ပေမယ့် ကဗျာရွတ်ပွဲတွေလုပ်တဲ့အခါ တက်တက်ကြွကြွ ၀ိုင်းပေးဝန်းပေးလေ့ရှိတယ်။

ဗိုလ်သစ်တို့ သစ္စာရုံး ထုံထောင်းထဲရောက်လာတော့ ကျနော်တို့တွေစုပေါင်းပြီး ကဗျာရွတ်ပွဲ ၂ ပွဲ လုပ် ဖြစ်တယ်။ တပွဲက အတော်အောင်မြင်တယ်ပြောရမယ်။ ကျနော်တို့က အဲ့ဒီပွဲကို ခင်ဝမ်းရှိုးလို့ အမည်ပေးထားတယ်။ နည်းနည်းမိတ်ဆက် ပေးချင်တယ်။ ကျနော် ခင်ဝမ်းရှိုးလုပ်ချင်တဲ့ အာသီသ ရှိနေတာ အတော်ကြာပြီ။ ဒီပွဲလုပ်ဖို့ စပြီးပြောတဲ့လူက ကိုအေးမင်းနိုင်။ ၂၀၀၁ ခုနှစ်ကတည်းက ခင်ဝမ်းရှိုးလုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ၂၀၀၆ ခုနှစ်ရောက်တော့ လုပ်ဖြစ်တယ်။ ကျနော်တို့ ခင်ဝမ်းရှိုး လုပ်ချိန် ကိုအေးမင်းနိုင်က တာဝန်နဲ့ တနေရာရောက်နေတယ်။ ကျနော်တို့လုပ်ဖြစ်လိုက်တဲ့ ခင်ဝမ်းရှိုးအကြောင်း ဗိုလ်သစ် ကတော့ ကျနော်တို့လွမ်းတာ ၀မ်းလို့ မှတ်ချက်ပြုဖူးတယ်။

ခင်ဝမ်းရှိုးဖြစ်ပုံက သစ္စာရောက်အနုပညာသမားတစုရဲ့ မထော်မနှမ်း တွေးခေါ်ချက်တွေက စတင် တယ်ပြောရမယ်။ ၂၀၀၆ ခုနှစ် သြဂုတ်လရောက်တော့ မဲဆောက်က နိုင်ငံရေးအဖွဲ့အစည်းတွေ ရုံးစုရုံးစုနဲ့ ရှစ်လေးလုံးအထိမ်းအမှတ်ပွဲတွေ လုပ်ကြ ဖို့လုပ်နေကြတယ်။ ကျနော်တို့တတွေ အဲဒီ့ ကိစ္စတွေကိုမြင်ပြီး ပြောကြဆိုကြ မှတ်ချက်ပြုကြတယ်။ ကျနော်တို့တွေ အနု ပညာနဲ့ နိုင်ငံရေး ပေါင်းထားတဲ့ပွဲတပွဲလောက် လုပ်ချင်တဲ့အာသီသ တူညီကြတယ်။ ကျနော်က အခွင့်ရလို့ ကျနော် လုပ်ချင်နေတဲ့ ခင်ဝမ်းရှိုးအကြောင်းတင်ပြလိုက်တယ်။ ရှစ်လေးလုံးအထိမ်းအမှတ်ကို ခင်ဝမ်းရှိုး လုပ်သင့် မလုပ်သင့် ၀ိုင်းဆွေးနွေးကြတယ်။ ကျနော့်တင်ပြချက်က ကျနော်တို့ ရှစ်လေးလုံးမျိုးဆက် အပေါ် လွမ်းမိုးမှုအရှိဆုံးအနုပညာသမားကိုပြောရရင် ခင်ဝမ်းပဲ။ အဲဒါ့အပြင် ခင်ဝမ်းရဲ့အနုပညာအား။ အနုပညာရပ်တည်ချက်။ အဲဒီအချက်အလက်တွေ ပေါင်းကြည့်မိတော့ ရှစ်လေးလုံးအထိမ်းအမှတ်နေ့ အဖြစ် ခင်ဝမ်းရှိုးလုပ်ဖို့ သဘောတူလိုက်ကြတယ်။

ဝိုင်းဝန်းဆွေးနွေးလိုက်ကြတော့ အဲဒီနေ့ပွဲကို ခင်ဝမ်းသီချင်းတွေနဲ့အတူ ကဗျာတွေရွတ်ဆိုဖို့နဲ့ ပန်းချီ ပြပွဲပူးတွဲလုပ်ဖို့ သဘောထားပေးကြတယ်။ လုပ်မယ့်နေရာကတော့ သစ္စာရုံးနေရာ။ အဲဒီနေ့ အဲဒီလို ခင်ဝမ်းရှိုးလုပ်ဖို့ ကျနော်တို့က လူကြီးတွေကို လိုက်ပြောပြကြတယ်။ မလိုလားတဲ့သဘောထားရှိတဲ့ သူတွေတွေ့ရပေမယ့် ကျနော်တို့ အောင်မြင်အောင် လုပ်ခဲ့ကြတယ်။ ထောက်ခံအားပေးတဲ့လူတွေရှိတယ်။

အဲဒီလိုနဲ့ ခင်ဝမ်းသီချင်း၊ ကဗျာ၊ ပန်းချီပြပွဲနဲ့ အင်စတော်လေးရှင်းပြသမှုပြုလုပ်ဖို့အထိ ဖြစ်လာတယ်။ ပူးပေါင်းလာသူတွေ များလာတယ်။ အဲဒီပွဲအတွက် ဂစ်တာပလေယာခေါင်းဆောင်အဖြစ် ရဲဘော်ဒီးယူ တာဝန်ယူပေးတယ်။

ကျနော်တို့က နိုင်ငံရေးအရ အဖွဲ့အစည်းတွေအထိမ်းအမှတ်ပြုတာကို မထိခိုက်ရအောင် ကျနော်တို့ရဲ့အနုပညာပြသပွဲကို ညပိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မနက်ပိုင်း နိုင်ငံရေးအရ အထိမ်း အမှတ်ပြုပွဲလုပ်တဲ့နေရာက လူအတော်များများ ကျနော်တို့ ပွဲကိုရောက်လာကြတယ်။ အစပိုင်း နည်းနည်းအင်ချင်ပေမယ့် တကယ်တန်းပွဲလုပ်တော့ ကိုလွမ်းဏီရောက်လာပြီး အခမ်းအနားမှူးအဖြစ် တာဝန်ယူပေးတယ်။ ကျနော့်အကိုရဲ့ပန်းချီကားတွေကို ပထမဦးဆုံး အဲ့ဒီပွဲမှာဝင်ရောက်ပြသတယ်။     အဲဒီပွဲမှာပြတဲ့တော်လှန်ရေးသမားပန်းချီကားကို ကျနော်ယူထားလိုက်တယ်။ ကိုလွမ်းဏီက ဒီပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးသ ဘောရှိလာအောင် အခမ်းအနားမှူးနေရာကနေ တင်ပြပေးခဲ့တယ်။ အောင်မြင်တယ်ပြောရမယ်။ ရှိုးပွဲမစခင် ပန်းချီကားတွေ လိုက်ကြည့်ကြတယ်။ ကျနော်တို့ လူတွေထဲကပဲ ဒီပန်းချီခင်းကျင်းပြသပွဲကိုလာရောက်ပြီး ပန်းချီကားတွေတင်ကြတယ်။ ကျနော်တို့ပွဲက ရောင်းတဲ့ပွဲမဟုတ်ဘူး။ ပန်းချီအနုပညာကို ခင်းကျင်းပြသတဲ့ပွဲ။ ခင်ဝမ်းသီချင်း တွေဆိုတဲ့အခါ ကြည့်ရှု့သူတွေ အတူတကွသီကြွေးကြတယ်။ ကဗျာရွတ်ဆိုတဲ့အခါ တိတ်ဆိတ်စွာ စူးစူးစိုက်စိုက် နားထောင်ကြတယ်။ ပွဲကို ကမ္ဘာမကြေ ဘူးသီချင်းနဲ့သိမ်းတယ်။ ကမ္ဘာမကြေဘူး သီဆိုနေတဲ့အချိန် ရဲဘော်ဆလိုင်းတင်မောင်ဦး ကြိုးပေးခံရတဲ့ပြကွက်နဲ့ ပါဖော့မန့် ခင်းကျင်းပြသတယ်။ အချဉ်ပေါက်နေတဲ့ ကဗျာဆရာတသိုက်ရဲ့ ကြိုးစားချက် အောင်မြင် တယ်ပြောရမယ်။ အနုပညာ အရရော၊ နိုင်ငံရေးအရရော သယ်ယူနိုင်ခဲ့တယ်။ ပွဲမစခင် ပြစ်တင်ရှုတ်ချနေ တဲ့အသံတွေ တိတ်သွားတယ်။

ကျနော့်ဘ၀ရဲ့တောင်းဆိုမှုကြောင့် အမေရိကားကိုရောက်တယ်။ အမေရိကားရဲ့နေ့တွေကို ကဗျာရွတ်ဆိုခြင်းနဲ့ ဖြတ်သန်း မိတယ်။ တခါတရံ ကျနော်တဦးတည်း။ တခါတရံ အမေရိကန် အင်္ဂလိပ် တွေကြား ခပ်တည်တည်နဲ့ ကဗျာတွေကို အသံနဲ့ ဖတ်နေမိတယ်။ ဟတ်ဆန်မြစ်ရဲ့ ရေလှိုင်း ကြက်ခွပ်တွေလိုမျိုး။

ကဗျာကို အသံနဲ့ဖတ်တဲ့အခါ စည်းရုံးရေးအနှစ်သာရကို တွေ့ရတယ်။ ကျနော်အဲ့ဒီအတိုင်းပဲ ယုံကြည့်နေတယ်။ ကဗျာတွေကို အသံနဲ့ဖတ်တဲ့အခါတိုင်း ကျနော်ပျော်ရွှင်နေလေ့ရှိတယ်။ အခါအခွင့် သင့်တိုင်း ကျနော်ကဗျာတွေကို ရွတ်ဆိုနေဦးမယ်။

 

၃၀ – ၇ – ၂၀၁၆
ညိုထက် (လမ်းသစ်ဦး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်