လှရွှေ – ဖိနပ် ပုံပြင်

August 18, 2016


လှရွှေ – ဖိနပ် ပုံပြင်
(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၆

ကျနော်၏ပထမဆုံးသော ဖိနပ်ကို န၀မတန်း ( ကိုးတန်း) တက် မည့်နှစ်တွင် ပထမဆုံး စီးဖြစ်ခဲ့သည်။ ယခုထိမှတ်မိနေသေးသည်။ အနီရောင် ယိုးဒယားဖိနပ်လေး။

“ SHOES ” တရံ အကောင်းစားလေးဝယ်စီးပါလား…။

ကျောင်းမဖွင့်မီ ဖိနပ်တရံအကောင်းစားလေး ၀ယ်စီးဖို့ တိုက်တွန်းသံပါ။ စုတ်ပြတ်နေသော ဖိနပ်ကိုကြည့်မရသူက အိမ်သူသက်ထားမရွှေချော။

ကျနော်သည် ဖိနပ်ကိုအလေးမထား၊ အ၀တ်အစားကိုဂရုမစိုက်၊ ဖြစ်သလိုနေတတ်လာသည်မှာလည်း ဘ၀ပေးအကြောင်းကံကြောင့်ပင် ဖြစ်သည်။ အမေရိကားသို့ရောက်နေသည်မှာ ဇွန်လ (၁၂) ရက်နေ့ တွင် သုံးနှစ်ပြည့်ခဲ့လေပြီ။ နက်ကတိုင် မရှိ၊ ရူးဖိနပ်မရှိ၊ စတိုင် ဘောင်းဘီ မရှိ။ တက္ကသိုလ်တက်နေ သည်မှာ Semester သုံးခု ကျော်ခဲ့လေပြီ။

လွန်ခဲ့သော နှစ်သုံးဆယ်။

ကျနော်တို့ရွာသည် ကျောက်ဖြူမြို့နယ်၏အစွန်ဆုံး။ ၁၉၈၀ ခုနှစ်များတွင် ၂၇ မိုင်သာဝေးသော ကျောက်ဖြူမြို့ ကိုရောက်ဖူးသူ ရှားပါးသောရွာ။ ကျနော်သည် မူလတန်းပညာကိုရွာ၏မူလတန်း ကျောင်းကလေးတွင်ပင် သင်ကြားခဲ့သည်။ စတုတ္ထတန်းတွင်ကျောင်းသား ၂၀ နီးပါးရှိသည်။

စတုတ္ထန်းအတန်းတင်စာမေးပွဲကို ခြေလျှင်သုံးနာရီကျော် လမ်းလျှောက်ရသော စနဲရွာအထက်တန်းကျောင်း တွင် ဖြေဆိုကြရသည်။ စနဲရွာတွင် တပတ်ကျော်နေထိုင်ကာ ဖြေဆိုရသောစာမေးပွဲ။ စနဲသို့ မသွားမီ မိခင်အိုသည် ရွာစဉ်ရွာရိုးလျှောက်ကာ သားတော်မောင်နဲ့ကွက်တိဖြစ်နိုင်သောဖိနပ်ကို လိုက်ရှာရ သည်။ ငွေကြေးတတ်နိုင်သူမိသားစုများမှ ကလေးများတွင် ဖိနပ်ဝယ်စီးတတ်ကြသည်။ ဖိနပ်ရှိကလေးများ၏ မိဘများကိုပြောကာ တပတ်ကျော်ငှားစီးခွင့်ရဖို့ အမေအိုပြောရပေအုံးမည်။

အမေငှားလာသောဖိနပ်ကိုစီးကာ စနဲသို့ စာမေးပွဲဖြေဆိုရန် သွားခဲ့သည်။ ဖိနပ်စီးလို့ တနာရီလောက် သာ အချိန်ကြာသည်။ ခြေဖ၀ါးတွင်သွေးခြေဥကာ ဖိနပ်ကလူကိုပြန် စီးပါလေတော့သည်။ ကံကောင်းသည်လား မပြောတတ်။ ကျောင်းသားနှစ်ဆယ်နီးပါးတွင် ကျနော်နှင့်နောက်တဦးသာ စတုတ္ထတန်း အောင်မြင်သည်။

ပဉ္စမတန်း ဖိနပ်မရှိ
ဆဌမတန်း ဖိနပ်မရှိ
သတ္တမတန်း ဖိနပ်မရှိ
အဋ္ဌမတန်း ဖိနပ်မရှိ။

ရွာတွင် ဖိနပ်မစီးလည်း အကြောင်းမရှိ။ သို့ရာတွင် တနယ်တကျေးသွားကာ စာမေးပွဲဖြေဆိုရန် သွားပါက ဖိနပ်လိုအပ်လာပြန်သည်။ မိဘများ ဆင်းရဲသည်မှာလည်း ရေသည်ပြဇာတ်ထဲက ရေသည် ဇာတ်ကောင်နဲ့ သူမသာ ကိုယ်မသာ။

အဋ္ဌမတန်းအတန်းတင် စာမေးပွဲကို စနဲအထက်တန်းကျောင်းတွင် သွားရောက်ဖြေဆိုရပြန်သည်။ အမေသည် ခါတိုင်းကဲ့သို့ပင် ရွာစဉ်ရွာရိုးရာလျှောက်ကာ ဖိနပ်ငှားရပြန်သည်။ ကျနော်သည် ကွက်တိ မဖြစ်သော တပါးသူဖိနပ်ကိုစီးကာ စာမေးပွဲဖြေဆိုရန် သွားရပြန်သည်။ တနာရီမျှပင် မစီးရ၊ ဖိနပ် ပေါက်ပြန်သည်။ ဖိနပ်က လူကိုပြန်စီးပြန်သည်။

အဋ္ဌမတန်း အတန်းတင်စာမေးပွဲတွင်လည်း ကျနော်တို့ရွာအလယ်တန်းကျောင်းမှ နှစ်ဦးသာ အောင်မြင် သည်။ ကျနော်က သိပ္ပံဘာသာတွဲဖြင့် န၀မတန်းကိုတက်ခွင့် ရပြန်သည်။ န၀မတန်းကိုတက်ရန် အဖေ၏အမရှိသော ကျောက်ဖြူမြို့သို့ ခရီးနှင်ရသည်။ ဖိနပ်ကမရှိသေး။ ထို့ကြောင့် ငှားရပြန်သည်။
ကျောက်ဖြူ ရောက်မှ ဖိနပ်တရံဝယ်ပေးမည်ဟု အဖေ ပြောရှာသည်။ ကျောက်ဖြူရောက်လျှင် ဈေးထဲ သွားပြီး အဖေနဲ့ဖိနပ်ဝယ်ကြသည်။ ကျနော်၏ပထမဆုံးသော ဖိနပ်ကို န၀မတန်း ( ကိုးတန်း) တက် မည့်နှစ်တွင် ပထမဆုံး စီးဖြစ်ခဲ့သည်။ ယခုထိမှတ်မိနေသေးသည်။ အနီရောင် ယိုးဒယားဖိနပ်လေး။

ကျောက်ဖြူ အထက (၁) တွင် စာရင်းပေးကာ ကျောင်းအပ်ခဲ့သည်။ ကျူရှင်မကြားခဲ့ဖူးသော တောသား၊ အဋ္ဌမတန်းကို ဂုဏ်ထူးအထပ်ထပ် သိပ္ပံဘာသာရပ်ဖြင့် အောင်မြင်ခဲ့သော်လည်း အထက (၁) ၏လူမိုက်ကျောင်းသားများကိုသာထားသော စာသင်ခန်းတွင် သင်ကြားခွင့်ရသည်။

န၀မတန်းပထမနေ့သည် ကျနော့်ဘ၀၏မေ့မရနိုင်သောနေ့အဖြစ် ကျန်ရစ်ခဲ့သည်။ အထက (၁) အထက် တန်းကျောင်းသို့ ရပ်ကွက်မှကျောင်းသားများ၊ ဆွေမျိုးများ ပျော်ပျော်ပါးပါး သွားကြသည်။ ကျနော့်တွင် စိမ်း၊ ဖြူကျောင်းဝတ်စုံက အဆင်သင့်မဖြစ်သေး။ ဖိနပ်စီးရသည်မှာလည်း အသားမကျ သေး။ မိုးက ရွာ။ ဖိနပ်က ခဏခဏကျွတ်သည့်အတွက် ဖိနပ်ကိုကိုင်ကာ ကျောင်းသို့ ချီခဲ့လေသည်။

တခစ်ခစ်ရယ်မောနေသော မြို့သူ၊ မြို့သားများကြားတွင် ဖြူနီကြောင်ကျားဝတ်ထားသော တောသား ကို ကြည့်ကာ အထင်သေးသည့်မျက်လုံးများက များမှများ။

အိမ်ကိုပြန်ရောက်တော့ အဖေ၏အစ်မဖြစ်သူကို ကျောင်းစိမ်းပုဆိုး၊ အင်္ကျီအဖြူဝတ်စုံ မြန်မြန် ၀ယ်ပေး ရန် ပူဆာရသည်။ သူတို့မှာ အလုပ်ကလည်းများ။ နှစ်ရက်အတွင်း ဖြူနီကြောင်ကျားဝတ်ကာ ကျောင်းတက် ခဲ့သော၊ မိုးရွာလျှင် ဖိနပ်ကလူကိုစီးတတ်သောကျနော်သည် ဆွေမျိုးများကိုမပြောဘဲ ရွာသို့ ခြေလျှင် ခရီးနှင်ခဲ့လေသည်။ ကျောက်ဖြူမြို့မှ ၂၇ မိုင်သည် အနည်းဆုံး (၁၀)နာရီ လမ်းလျှောက်ရမည်။ ဘင်္ဂလားပင်လယ်အော်မှလှိုင်းသံများကိုနားဆင်ကာ ကျောက်ဖြူ- ဇင်ချောင်းကားလမ်းမှ ကျောက်ဖြူ မြို့မှ ၂၇ မိုင်ခရီးကို ဖိနပ်က လူကိုစီးကာ လျှောက်ခဲ့ရသည်။

ခုတော့ အမေတို့အဖေတို့ သာမက ကိုယ်တိုင်ပင် စိတ်ကူးအိပ်မက်ထဲ တရံတခါမှ မမှန်းဆမတွေးတောဘူး သည့် အရပ်ဒေသသို့ တောသားကျနော်ရောက်လေပြီ။

အသက် ၈၀ ကျော်အမေအိုလည်း ရွာရိုးလျှောက်ကာ ဖိနပ်ငှားရန် မလိုတော့။

အမေရိကားတွင် ကျနော့်စိတ်ကြိုက်ဖိနပ်တရံရဖို့ အချိန်တပတ်ကြာရှာခဲ့ရသည်။
ထိုဖိနပ်ကိုစီးကာ အမေရိကားတက္ကသိုလ်တခုတွင် တပတ်လျှင် ၉ နာရီ သင်ယူရပေအုံးမည်။ သို့သော် ဖိနပ်က လူကို ပြန် စီးတော့မည်လည်းမဟုတ်တော့။

ဝတ်ချင်တာဝတ် တခစ်ခစ် ရယ်မောမည့်သူလည်း မရှိ။ ငယ်ပါမြင်သည်ထိ ပြဲသော ဂျင်းဘောင်းဘီ ၀တ်ထားပစေ ရယ်မည့်သူမရှိ၊ ကြည့်မည့်သူ မရှိ၊ အတွဲများမရှိ၊ ထိုအရပ်သည်ကား အမေရိကားက တက္ကသိုလ်ပင်။

လှရွှေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်