ခင်လေး ● ဉာဏ်ကူပစ္စည်းများနဲ့ ကလေးတွေ ဦးဆောင်တဲ့ တိုင်းပြည်ကို တည်ဆောက်ပါ

August 20, 2016



● ဉာဏ်ကူပစ္စည်းများနဲ့ ကလေးတွေ ဦးဆောင်တဲ့ တိုင်းပြည်ကို တည်ဆောက်ပါ
(မိုးမခ) သြဂုတ် ၂၀၊ ၂၀၁၆

စာသင်ခန်းသုံး သင်ထောက်ကူပစ္စည်းတွေဟာ ဘယ်လောက်အထိ အရေးပါသလဲ။ သင်ကြားသင်ယူမှုမှာ ဘယ်လောက်အထိ ထောက်ပံ့ပေးနိုင်လဲ။ ဒါတွေလုပ်နေတာဟာ စာသင်ရမယ့်အချိန်ကို ဖြုန်းတီးပစ်နေတာလား။ ဒါတွေလုပ်လို့ ကျောင်းသားတွေမှာ ဘယ်လောက်အထိ အကျိုးရှိနိုင်မှာလဲ။

ဒီအတွက်အဖြေက ရှင်းပါတယ်။ ကျောင်းသားဗဟိုပြု သင်ကြားမှုကို လက်တွေ့ဖော်ဆောင်မယ်ဆိုရင်တော့ စာသင်ခန်းသုံး သင်ထောက်ကူ ပစ္စည်းတွေဟာ ဘယ်လောက်ထိအရေးပါတယ်၊ ဘယ်လို ထောက်ပံ့မှုတွေပေးနိုင်တယ်၊ ဘယ်လောက်အထိ အကျိုးရှိနိုင်တယ်ဆိုတာကို သိကြမှာဖြစ်ပါတယ်။

အသံ၊ ရုပ်ပုံကားချပ်၊ လှုပ်ရှားမှု ရှပ်ရှင်၊ ဖန်တီးမှု လက်မှုပစ္စည်း အစရှိတဲ့ သင်ထောက်ကူ ပစ္စည်း စာသင်သား ကလေးငယ်များရဲ့ နားလည်မှုစွမ်းရည်ကို မြှင်တင်နိုင်စေရုံသာမက တွေးခေါ်မှုစွမ်းရည်၊ ကိုယ်ပိုင် တည်ဆောက် ဖန်တီးလိုစိတ်၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်တတ်မှု အစရှိတဲ့ ကာယ ဉာဏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပါတယ်။ ဓာတုဗေဒမှာ ဓာတ်ပြုမှု မြန်ဆန်စေဖို့ရာ ဓာတ်ကူပစ္စည်း Catalyst တွေ သုံးရသလိုပါပဲ။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အဖိုးထိုက်တန်တဲ့ လူသားအရင်းအမြစ် ရင်သွေး ရတနာအစစ် ကလေးငယ်တွေရဲ့ ဦးနှောက်ဉာဏ်လှိုင်းကို နှိုးဆွဖို့ရာမှာလည်း ဉာဏ်နှိုး ဉာဏ်ဆွ ဉာဏ်ကူပစ္စည်းတွေ လိုပါတယ်။

ဖွံ့ဖြိုးပြီးတိုင်းပြည်တွေမှာတော့ ကွန်ပျူတာ၊ ရုပ်မြင်သံကြား၊ ဒီဗီဒီ ဗီဒီယိုစက်တွေ၊ အရုပ်ထိုးပြနိုင်တဲ့ ပရိုဂျက်တာ၊ ကမ္ဘာနဲ့ ပြည်တွင်း မြေပုံ၊ ပစ္စည်းကိရိယာ အစရှိတဲ့ သင်ထောက်ကူပစ္စည်းဆိုတာမျိုးတွေဟာ ကျောက်သင်ပုန်း လိုပဲ အခြေခံ ပစ္စည်း ဖြစ်ပါတယ်။ ဒါတွေကို အခြေခံပြီး စာသင်သား ကလေးငယ်များ ကိုယ်တိုင် ပါဝင် ဆောင်ရွက်ရတဲ့ သင်ကြားနည်းပုံစံတွေကို တည်ဆောက်ကြပါတယ်။ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာလည်း ဒေသထွက်ပစ္စည်းများကို အသုံးပြုကာ ရိုးရှင်းပြီး လက်တွေ့ကျ၊ ပိုက်ဆံအကုန်အကျသက်သာတဲ့ သင်ထောက်ကူ ပစ္စည်းတွေ ဖန်တီးနိုင်ပါတယ်။

သင်ထောက်ကူပစ္စည်းတွေကို အသုံးပြုပြီး သင်ကြားနေတဲ့ စာသင်ခန်းဟာ စိတ်လှုပ်ရှားဖွယ်ရာများ၊ အသစ်အဆန်းများ၊ စိတ်ကူးစိတ်သန်းများ အပြည့်နဲ့ အမြဲတမ်းဖြစ်နေတတ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များရဲ့ မေးခွန်းများ၊ ရှာဖွေ စူးစမ်းလိုစိတ်နဲ့ တကိုယ်ရေ ဖန်တီးခွင့်ကို အလေးထားတဲ့ အရည်အချင်းပြည့် ဆရာ၊ ဆရာမ များရဲ့ ကလေးတွေဦးဆောင်တဲ့ စာသင်ခန်းတွေဟာ တိုင်းပြည် အနာဂတ်ကို ရွှေသားအတိနဲ့ ပုံဖော်ထုဆစ်နိုင်စွမ်းပါတယ်။

မြန်မာပြည်က နိုင်ငံတကာကျောင်းတွေမှာရှိတဲ့ စာသင်ခန်းတွေရဲ့ သင်ကြားမှုပုံစံတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ သင်ထောက်ကူပစ္စည်းလို့ခေါ်တဲ့ Teaching Aids တွေရဲ့ သင်ကြားမှု၊ သင်ယူမှုအပိုင်းတွေမှာ အရေးပါမှုကို အထင်းသား တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျောင်းသားတွေ ကိုယ်တိုင်ကရော၊ သင်ကြားတဲ့ ဆရာတွေကပါ ဒီသင်ထောက်ကူပစ္စည်းတွေကို အသုံးပြုပြီးသင်ကြားရေးပိုင်းကို ထိရောက်အောင် လုပ်ဆောင် နေကြတာကြောင့်လည်း သူတို့ရဲ့စာသင်ခန်းတွေဟာအမြဲလိုလို လှုပ်ရှားသက်ဝင်နေတတ်ကြပါတယ်။ ပြဋ္ဌာန်းစာအုပ်ကို အထောက်အကူပြုပေးမယ့်၊ ပြဋ္ဌာန်းစာအုပ်မှာ ဖော်ပြထားတာတွေထက် ကျော်လွန်ပြီး သိလိုသူ လေ့လာလိုသူ ကျောင်းသားတွေအတွက် သက်ဆိုင်ရာ စာသင်ခန်းအသီးသီးမှာ Mini Library လို့ခေါ်တဲ့စာကြည့်တိုက်ငယ်တွေ ထားရှိတတ်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာရပ်အလိုက် သက်ဆိုင်ရာသင်ထောက်ကူပစ္စည်းတွေကို အတန်းပိုင်ဆရာတွေကိုယ်တိုင် ဖန်တီးရသလို၊ ကျောင်းသားတွေကို ဖန်တီးခိုင်းတာတွေလည်းရှိပါတယ်။

ကျွန်မကိုယ်တိုင် နိုင်ငံတကာကျောင်းတခုမှာ ဆရာမတယောက်အဖြစ်လုပ်ခဲ့တဲ့ အတွေ့အကြုံအရပြောရမယ်ဆိုရင် သင်္ချာသင်ခန်းစာမှာ စက္ကူလေးကိုခေါက်ပြီး မျက်လှည့်ပြသလို အမေးအဖြေလုပ်ကာ အလီတွေကို သင်ပေးတဲ့အခါမှာ သင်္ချာအလီတွေဟာ ကျက်စရာမလိုဘဲ ရသွားတတ်ကြတာပါ။ ကလေးတွေကို အလွတ်ကျက်ခိုင်းတာထက် သင်ထောက်ကူပစ္စည်းလေးတခုကို ကိုယ်တိုင်ဖန်တီးပြီး ကလေးတွေကိုလုပ်ပြ၊ ပြီးတော့ သူတို့ကိုယ်တိုင် အချင်းချင်း ဒီကစားစရာလေးနဲ့ အလီတွေကို ပြန်မေး ဒီလိုနဲ့ပဲသူတို့အချင်းချင်းကြားမှာ သင်္ချာအလီဟာ အပြန်အလှန် မေးမြန်းကစားကြရင်း ရသွားကြပါတယ်။

ပထ၀ီဝင်နဲ့ သမိုင်းလိုသင်ခန်းစာတွေမှာဆိုရင်လည်း ဒီလိုပါပဲ။ ကမ္ဘာ့တိုက်ကြီးတွေအကြောင်းကို သင်တဲ့အခါမှာ သူတို့ချစ်တဲ့ တိရိစ္ဆာန်လေးတွေ နေထိုင်ကျက်စားတဲ့ နေရာတွေဆိုတာကို အရုပ်တွေ၊ ပြေပုံတွေနဲ့ သေချာပြောပြတဲ့အခါမှာ ကလေးတွေက ပိုမှတ်မိတတ်ကြပါတယ်။ ကလေးတွေဟာသူတို့မမြင်ခဲ့ မတွေ့ခဲ့ကြဖူးတဲ့ အတိတ်သမိုင်းကြောင်းတွေ ကမ္ဘာဦးလူသားတွေအကြောင်းကို လေ့လာသင်ယူရတဲ့အခါမှာစိတ်ဝင်စားဖို့ အင်မတန်မှကိုခက်ခဲလှပါတယ်။ သင်ထောက်ကူပစ္စည်းတွေရဲ့ အကူအညီကိုယူပြီး သင်ပေးလို့သာ ကလေးတွေရဲ့ စိတ်ဝင်စားမှုကိုရအောင် ဆွဲဆောင်နိုင်ခဲ့တာပါ။

မှတ်မှတ်ရရပြောရမယ်ဆိုရင်တော့ လူမှုရေးဘာသာလို့ခေါ်တဲ့ ဘာသာရပ်အတွက် လက်တွေ့လုပ်ဆောင်မှုလေးပါပဲ။ အဲဒီတုန်းက ကလေးတွေကိုသူတို့ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်က ဘာလဲ ဒီအိမ်မွေးတိရစ္ဆာန်လေးကို မိဘတွေဆီက ပိုက်ဆံမတောင်းဘဲ ကိုယ်တိုင်ကြိုးစားဖန်တီးမှုနဲ့ ဘယ်လိုဝယ်နိုင်မလဲဆိုတာနဲ့ ပတ်သက်တဲ့ သင်ခန်းစာလေးပါ။ ဒီလုပ်ဆောင်မှုမှာ ကလေးတွေဟာ သူတို့မှာရှိတဲ့ စက္ကူတွေ၊ ရောင်စုံခဲတံတွေနဲ့ အခြားသောစာရေးကိရိယာတွေကိုသုံးပြီး သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ ရောင်စုံပန်းပွင့်တွေ၊ ပန်းချီကားစတာတွေလုပ်ပြီးမုန့်စားဆင်းတဲ့အချိန် အခြားသောကျောင်းသားတွေကို ရောင်းချကြပါတယ်။ ပြန်လည်ရောင်းလို့ရလာတဲ့ ပိုက်ဆံလေးတွေကိုစုပြီး သူတို့လိုချင်တဲ့ Hamster လေးတကောင်ဝယ်ပြီးမွေးကြပါတယ်။

ဒီသင်ခန်းစာမှာကလေးတွေကိုလိုချင်တာရဖို့ ကိုယ့်အားကိုယ်ကိုးပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကို ကိုယ်တိုင်စဉ်းစားခိုင်း၊ ကိုယ်တိုင်လက်တွေ့လုပ်ဆောင်ခိုင်ခဲ့တာပါ။ ဒီလက်တွေ့လုပ်ဆောင်မှုမှာ ကလေးတွေကိုယ်တိုင်ဖန်တီးတဲ့ သင်ထောက်ကူပစ္စည်းနဲ့ လူမှုရေးသင်ခန်းစာတခုကို လက်တွေ့သင်ယူလိုက်တာပါ။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများနဲ့အတူ ဒါသင်၊ ဒါကျက်၊ ဒါဖြေဆိုတဲ့ ဆရာဗဟိုပြုသင်ကြားရေးကနေ ကျောင်းသားဗဟိုပြု ခေတ်သစ်သင်ကြားရေးစနစ်ကို တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်လာတဲ့ ကျွန်မတို့ နိုင်ငံရဲ့ ပြည်သူပိုင် အခြေခံပညာကျောင်းတွေမှာလည်း ပုဂ္ဂလိကပိုင် နိုင်ငံတကာကကျောင်းတွေလိုပဲ သင်ထောက်ကူပစ္စည်းတွေကို အလေးထားသုံးစွဲနေပြီဆိုတာကို ၀မ်းသာဖွယ်ရာ ကျွန်မတွေ့ရှိခဲ့ရပါတယ်။ အဲဒါကတော့ ရန်ကုန်တိုင်း လသာမြို့နယ်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပပြုလုပ်တဲ့ သင်ထောက်ကူပြိုင်ပွဲမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ကျွန်မတွေ့ခဲ့ရတဲ့ ပြကွက်တွေထဲက စိတ်ဝင်စားစရာကောင်းတာတခုကတော့ အ.မ.က(၁) လသာက စတုတ္ထတန်း ကျောင်းသားလေး မောင်မင်းဟိန်းခန့်ရဲ့ ပြကွက်ပဲဖြစ်ပါတယ်။ သူ့မှာရှိတဲ့ ကိုယ်ပိုင် ကစားစရာတွေကိုသုံးပြီး ပထ၀ီသင်ခန်းစာထဲက ပို့ဆောင်ဆက်သွယ်ရေးဆိုတဲ့ သင်ခန်းစာအတွက် ပုံဖော်ထားတဲ့ သင်ထောက်ကူပစ္စည်းပြကွက်လေးပဲဖြစ်ပါတယ်။

မောင်မင်းဟိန်းခန့် (စာသင်ခန်း သင်ထောက်ကူပစ္စည်း ပြိုင်ပွဲဝင်)

ကျောင်းသားလေး မောင်မင်းဟိန်းခန့်ဟာ သူကိုယ်တိုင် ကျောင်းတက် ကျောင်းဆင်းချိန်မှာ ကြုံတွေ့နေရတဲ့ လမ်းခရီးအခက်အခဲကို အခြေခံပြီး မြန်မာနိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍအရေးကြီးပုံကို သူသင်ခဲ့ရတဲ့ သင်ခန်းစာနဲ့ နှိုင်းယှဉ်ပြီး ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

နောက်တခုကတော့ အ.ထ.က(၂) လသာက ကျောင်းသူလေးနှစ်ဦးဖြစ်တဲ့ မဖူးမြတ်နေခြည်နဲ့ မညွှန်းဝတီလွင်မြင့်တို့ရဲ့ သင်ထောက်ကူပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ ကျောင်းသူလေးနှစ်ဦးဟာ သူတို့သင်ယူနေရတဲ့ သင်္ချာဘာသာရပ်နဲ့ သိပ္ပံဘာသာရပ်အတွက် သင်ထောက်ကူပစ္စည်းလေးတွေကို ကိုယ်တိုင်ဖန်တီးခဲ့ကြတာပါ။

ညွှန့်ဝတီလွင်မြင့် (စာသင်ခန်း သင်ထောက်ကူပစ္စည်း ပြိုင်ပွဲဝင်)

မဖူးမြတ်နေခြည် (စာသင်ခန်း သင်ထောက်ကူပစ္စည်း ပြိုင်ပွဲဝင်)
“ကိုယ်တိုင် သင်ထောက်ကူပစ္စည်းလေးတွေကို ပြုလုပ်ရတော့ ပုံလေးတွေက သမီးတို့စိတ်ထဲမှာ စွဲနေပြီး စာကိုကျက်စရာမလိုဘဲ ရလာပါတယ်” လို့လည်း ကျောင်းသူလေး မဖူးမြတ်နေခြည်က သူ ဖန်တီးထားတဲ့ သင်ထောက်ကူပစ္စည်းလေးတွေကို ကြည့်ပြီးဂုဏ်ယူစွာ ပြောပြခဲ့ပါသေးတယ်။

ဒီကျောင်းသူလေး ပြောခဲ့တဲ့ စကားတွေက မှန်ပါတယ်။ အာဂုံဆောင် အလွတ်ကျက်ရတဲ့သင်ခန်းစာဆိုတာဟာ ကျောင်းသားကျောင်းသူတွေကို လက်တွေ့နဲ့ကင်းကွာစေတဲ့အတွက် ကျောင်းစာဆိုတာဟာ သူတို့အတွက် ၀န်ထုတ်ဝန်ပိုးကြီးတခုလို ဖြစ်စေမှာပါ။ အခုလိုကလေးငယ်တွေကို သူတို့သင်ကြားနေရတဲ့ သင်ခန်းစာတွေကို သင်ထောက်ကူပစ္စည်းတွေအဖြစ် လက်တွေ့လုပ်ဆောင်ခိုင်းတာဟာ ကလေးတွေကို သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ သဘာဝကျကျထိတွေ့စေနိုင်တာ ဖြစ်တဲ့အတွက် စိတ်ကူးယဉ်ပြီးအလွတ်ကျက်နေရတာမျိုးမဖြစ်တော့ပဲ၊ သူတို့လေးတွေဟာသင်ယူမှုအပိုင်းမှာ ပိုမိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်။

စောစောက ကျွန်မကိုယ်တိုင် လက်တွေ့သင်ကြားခဲ့ရတဲ့ နိုင်ငံတကာကျောင်းက ကျောင်းသားကျောင်းသူတွေလိုပါပဲ။ သူတို့လိုချင်တဲ့ အိမ်မွေးတိရစ္ဆာန်ကို မိဘကိုပူဆာနေဖို့မလို ကိုယ့်အားကိုယ်ကိုးပြီးရှာဖွေရင် ရနိုင်တယ်ဆိုတဲ့အသိရယ်၊ ကိုယ်တိုင်ဖန်တီးမှုမှရလာတဲ့ငွေကြေးကို တန်ဖိုးထားရမယ်ဆိုတဲ့အသိရယ်၊ စုပေါင်းလုပ်ဆောင်ခြင်းဟာလည်း အောင်မြင်မှုတခုဆိုတာတွေကို ငယ်စဉ်ကတည်းကလက်တွေသိမြင်စေတာဟာစာတွေကိုအလွတ်ကျက်မှတ်လိုက်လို့ ရလာတာတွေမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် လူမှုရေးသင်ခန်းစာတခုကို သင်ကြားခဲ့ပြီးသင်ထောက်ကူပစ္စည်းတွေနဲ့ လက်တွေ့အကောင်အထည်ဖော်ခြင်းကနေပဲရခဲ့တာဖြစ်ပါတယ်။

သင်ထောက်ကူ ပစ္စည်းအသုံးပြုတာဟာ စာသင်ချိန်ကိုဖြုန်းတီးတာမဟုတ်ပါဘူး။ သင်ထောက်ကူ ပစ္စည်းသုံးတာဟာ လူ့လောကမှာ လက်တွေ့အသုံးကျ အသုံးတည့်မယ့် ကျောင်းသားတွေကို မွေးထုတ်ပေးခြင်းသာဖြစ်ပါတယ်။ ကိုယ်ပိုင်အသိ ဉာဏ်နဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ လူငယ်တွေကို ပျိုးထောင်ပေးခြင်းသာဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ လက်တွေ့နဲ့ မကင်းကွာတဲ့၊ လူ့လောကနဲ့ တိုင်းပြည်အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်မယ့် အသုံးဝင် အသုံးကျတဲ့ တတ်သိပညာရှင်တွေပေါ်ပေါက်လာဖို့ဆိုတာက ကလေးတွေကို အလေးထား နေရာပေးတဲ့ ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်နဲ့ သင်ထောက်ကူပစ္စည်းတွေကို မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ ကျောင်းတိုင်းကျောင်းတိုင်း လက်တွေ့အသုံးချကာ အမှန်တကယ်သင်ကြားကြဖို့ပဲ ဖြစ်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။

ခင်လေး
18-8-2016 (11:17AM)
ဓာတ်ပုံများ – ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ ကျောင်းများက ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ပိုင်ဖန်တီးမှု စာသင်ခန်း သင်ထောက်ကူပစ္စည်း ပြိုင်ပွဲ၊ (အ.ထ.က ၂ လသာ၊ ၁၆ သြဂုတ် ၂၀၁၆) / ဓာတ်ပုံ – ခင်လေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်