စိုးလွင် (၂၁၁) (၀မ်ခ) ● ကမ္ဘာ့အကျယ်ဆုံး ခေါင်းလေလား

August 22, 2016

  (၂၁၁) (၀မ်ခ) ● ကမ္ဘာ့အကျယ်ဆုံး ခေါင်းလေလား
( ကြ မ်း ကြ မ်း တ မ်း တ မ်း  ဘ ၀ လ မ်း များ)
(မိုးမခ/ သစ်ခက်သံလွင်) သြဂတ်စ် ၂၂၊ ၂၀၁၆

=======
၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော် ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း မိုးမခ/သစ်ခက်သံလွင်အွန်လိုင်းမှ တဆင့် ရေးသားတင်ဆက်လိုက်ပါသည်။

စိုးလွင် (၀မ်ခ) (၂၁၁)
=======


ဒီတိုက်ပွဲမဖြစ်ခင်မှာ စခန်းတွင်းမှာရှိနေတဲ့ကျောင်းသားအဖွဲ့ရခိုင်အဖွဲ့   ခေါင်းဆောင်တွေကို K.N.U က ဗိုလ်မှူးကျော်သောင်း က အစည်းအဝေး ခေါ်လိုက်ပါတယ်။ သူရှင်းပြတာက….တို့စခန်းကို ရန်သူက ရှေ့နောက်ညှပ်ပြီးဝင်တိုက်တဲ့အခါ တို့မှာ ထွက်ပေါက်မရှိတော့ဘူး။ ဒါကြောင့်အခုကထဲက စခန်းကိုဆုတ်ခွာမလား.. အသေခံ တိုက်မလားမေးတော့…အားလုံးက တူညီတဲ့အဖြေပေးလိုက်ကြတယ်.. အသေခံ တိုက်မယ်လို့….

ဝမ်ခ (သစ်) စခန်းကို သမရိုးကျနည်းနဲ့တိုက်လို့မရလို ရန်သူဟာ တမျိုးကြံပြန်ပါပြီ။

ဒီတခါတော့ မြန်မာဘက်ကမ်းကရော ထိုင်းဘက်ကမ်းကရော နှစ်ဖက်ညှပ်ပြီးတိုက်ဖို့ကြံတာပါ။ ဒီလို ၀င်တိုက်ဖို့အတွက် ထိုင်းအစိုးရထံခွင့်တောင်းရာမှာ ထိုင်းနယ်မြေထဲကို ၂၄ နာရီ ၀င်ရောက်နိုင်ကြောင်း ထိုင်းအစိုးရက မြန်မာအစိုးရကို ၀င်ခွင့် ပေးလိုက်ပါတယ်။ ကြားဖြတ်စက်တွေကတဆင့် ဒီသတင်းကိုကြား တဲ့ K.N.U ကလည်း သူတို့ကိုလည်း ထိုင်းနယ်မြေ အတွင်း ၀င်ရောက်ခွင့်ပြုဖို့တောင်းဆိုတဲ့အခါမှာ..၂၄ နာရီ ၀င်ရောက်ခွင့်ပြုကြောင်း ထိုင်းအစိုးရမှ အကြောင်းပြန်ခဲ့ပါတယ်။

ခွင့်ပြုချက်ရပြီးတဲ့နောက် မြန်မာစစ်တပ် ထိုင်းဘက်ကမ်း မ၀င်ရောက်ခင် မှာ K.N.U က သူ့ရဲ့တပ်တချို့ကို ထိုင်းဘက်ကမ်းကို ပို့ထားလိုက်ပါပြီ။

ဒီလိုကျနော်တို့စခန်းကိုတိုက်ဖို့အတွက် လွန်ခဲ့တဲ့တပတ်လောက်ကထဲက လက်နက်ကြီးကို ရန်သူက ဆက်တိုက်ပစ်နေ တာပါ။ ကျနော်တို့အဖွဲ့တွေလည်း အပြင်ကိုထွက်လို့မရဘဲ ဘန်ကာထဲမှာပဲ ချက်စားနေ ရပါတယ်။ အိမ်သာတက်ချင် တာတောင် ဘန်ကာထဲမှာပဲ ကျွတ်ကျွတ်အိတ်ထဲပါထဲ့၊ ပြီးရင် သောင် ရင်းမြစ်ထဲ လွှင့်ပစ်ပေါ့။ တချို့လည်း ဘန်ကာထဲမှာ သွားမတတ်လို့အသက်စွန့်ပြီး ဝါးရုံကြားမှာသွားရတယ်။

ညလေးနည်းနည်းမှောင်တာနဲ့ မြန်မာဘက်ကမ်းကနေ ရန်သူဟာ စတိုက်ပါပြီ။ ဒီအချိန်မှာ ရန်သူရဲ့ တပ်တချို့ဟာ ကျနော်တို့စခန်းရဲ့ဘယ်ညာတောင်ပံကနေ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး.. ကျနော်တို့ စခန်းနောက်ကျောကိုတိုက်ဖို့အတွက် ထိုင်းနိုင်ငံထဲ ၀င်ရောက်လာပါပြီ။

ထိပ်တိုက်မှာ တိုက်ပွဲစဖြစ်တာနဲ့ ကျနော်တို့ရဲ့ထမင်းရှင် G.4 တွေလည်း စတင် အလုပ်လုပ်ပြီပေါ့။ ဒီလိုနဲ့ ပစ်လိုက်နားလိုက်နဲ့လုပ်လာလိုက်တာ မနက် ၄ နာရီလောက်ရောက်တော့ ကျနော်တို့လည်း ကျည်ဆံ ခွံတွေ တော်တော်စုမိပါပြီ။

တိုက်ပွဲတွေဖြစ်တဲ့အထဲမှ ဒီတပွဲကအများဆုံးရလိုက်လို့တိုက်ပွဲနိုင်မလား ရှုံးမလားမသိသေးဘူး၊ ကျနော်တို့ကတော့ ပျော်နေကြပြီ။ (ကျနော်တို့က စခန်းကျသွားမှာ စိုးရိမ်မှုမရှိဘဲ စိတ်ချလက်ချ ပျော်နေနိုင်တာ အကြောင်းရှိပါတယ်။ ဒီတိုက်ပွဲမဖြစ်ခင်မှာ စခန်းတွင်းမှာရှိနေတဲ့ကျောင်းသားအဖွဲ့ရခိုင်အဖွဲ့   ခေါင်းဆောင်တွေကို K.N.U က ဗိုလ်မှူးကျော်သောင်း က အစည်းအဝေး ခေါ်လိုက်ပါတယ်။ သူရှင်းပြတာက….တို့စခန်းကို ရန်သူက ရှေ့နောက်ညှပ်ပြီးဝင်တိုက်တဲ့အခါ တို့မှာ ထွက်ပေါက်မရှိတော့ဘူး။ ဒါကြောင့်အခုကထဲက စခန်းကိုဆုတ်ခွာမလား.. အသေခံတိုက်မလားမေးတော့…အားလုံးက တူညီတဲ့အဖြေပေးလိုက်ကြတယ်.. အသေခံ တိုက်မယ်လို့….ဒီမှာဗိုလ်မှူးကျော်သောင်းပြောတာ မှတ်မိသေးတယ်…ပြောင်း ကွဲကွဲ -ီး ပြဲပြဲတိုက်မယ်….ဆိုတဲ့စကား)….

ကျနော်တို့တပ်စိတ်ပျော်လို့ကောင်းတုန်း စခန်းအနောက်ဘက်ခြမ်းမှာရှိတဲ့ ကျနော်တို့အဖွဲ့နဲ့ ထိုင်းဘက်ကမ်းက ၀င်လာတဲ့ ရန်သူတပ် မီးကုန်ယမ်းကုန်တိုက်ကြပါပြီ။ ရန်သူက ကျနော်တို့ စခန်းအနောက်ဘက်ကို မဲတိုက်နေတုန်း..ထိုင်းနိင်ငံထဲကို ၀င်ရောက်နေတဲ့ K.N.U အဖွဲ့က ရန်သူကို နောက်ကျောကနေ ၀င်တိုက်လိုက်တာ မနက် ၅ နာရီခွဲလောက်ရှိတော့..ရန်သူ ဟာ အသေမိ အရှင်မိ ထွက်ပြေးနဲ့ဖြစ်ကုန်ကြပါပြီ။

ဒီသတင်းကို စက်ထဲကတဆင့်ကြားရတဲ့ကျနော်လည်း ကိုယ့်ဘက်ကနိုင်လိုက်ပြီဆိုတာ သိလိုက်ပါပြီ။ ဒါနဲ့ ကျနော်လည်း နှိုးသင့်တဲ့ရဲဘော်ကိုနှိုး..၊ အိပ်ခိုင်းသင့်တဲ့ ရဲဘော်ကိုအိပ်ခိုင်း…။

ရန်သူရဲ့စက်သေနတ်ကြီးနဲ့လက်နက်ကြီးဒဏ်ကြောင့် ပျက်စီးသွားတဲ့သဲအိတ်နဲ့ ဘန်ကာတွေကို အလင်းရောင်လာတာနဲ့ ပြင်မယ်ဆိုတာ ရဲဘော်တွေကိုပြောပြီး…တညလုံးမအိပ်ရသေးတဲ့ကျနော် အိပ်လိုက်ပါတယ်။

မနက် ၇ နာရီလောက် ကျနော်နိုးလာပြီး ဘန်ကာပြင်ဖို့လူစစ်လိုက်တဲ့အခါ မြင့်အောင် (ချက်ကြီး) နဲ့ မင်းကျော်က မတွေ့ရ ဘူး။ မေးကြည့်တော့…ဖမ်းမိတဲ့ရန်သူနဲ့ လက်နက်ပစ္စည်းတွေကိုကြည့်ဖို့ စခန်းဥက္ကဋ္ဌဖြစ်တဲ့ ကိုသက်လှိုင်ဆီက လက်ဖက် ရည်ဖိုးတောင်းပြီး စခန်းအနောက်ဘက်ကို ထွက်သွားကြောင်း ပြောကြတယ်။ (ကျနော်တို့စခန်းထဲမှာ တိုက်ပွဲဖြစ်နေလည်း ဒေါ်ရွှေဆိုတဲ့ ကရင်အဘကြီးလင်မယားက လက်ဖက်ရည်ရောင်းပါတယ်။ လက်နက်ကြီးထွက်လာရင် ရောင်းသူရော လာ သောက်သူပါ ဘန်ကာထဲဝင်ကြပြီး ကွဲပြီးရင် ပြန်ထွက်ဖျော်ကြ သောက်ကြပါတယ်)

ဒါနဲ့ ကျနောလည်း ရှိတဲ့သူနဲ့ ဘန်ကာပြင်ဖို့ ဘန်ကာအပေါ်တက် လိုက်ကြည့်နေတုန်း… ခြုံတောတွေ တိုးပြီး သောင်ရင်းမြစ် ကမ်းကို လာနေတဲ့သူတယောက်ကို ထိုင်းဘက်ကမ်းမှာ တွေ့လိုက်ရတယ်။ ရန်သူလား K.N.U လူလား မကြိမ်း သေတာနဲ့ကြည့်နေတုန်း..သူက ကျနော့်ကို တွေ့တာနဲ့ ခြုံတိုးပြီးပြေး ပါလေးရော။

ချက်ချင်းပဲ ကျနော်လည်း ဘန်ကာထဲမှာရှိနေတဲ့ ရဲဘော်တယောက်ဆီက G.4 တောင်းပြီး ခြုံလှုပ်ရာ လမ်းတလျှောက် လိုက်ပစ်တော့တာပဲ။ ကျည်တဘောက်ကုန်မှသေချာပြန်ကြည့်တော့ ဘာလှုပ်ရှားမှုမှ မတွေ့ရတော့ဘူး။ ထိသွားလား…လွတ်သွားလား မသိနိုင်တော့ဘူး။

ဒါနဲ့ပဲ ဘန်ကာဆက်ပြင်နေတုန်း K.N.U က ဆရာဝေါလ် မျက်နှာပျက်ပျက်နဲ့ရောက်လာပြီး.. ဖမ်းမိထားတဲ့ လက်နက်ကြီး ကျည်တွေပေါက်ကွဲပြီး လူ ၃၀ လောက်သေတာ ကျနော့်ရဲဘော် ပါသွားကြောင်း ပြောလာပါတယ်။ လက်နက်ကြီးပစ်နေ ဆဲဖြစ်တဲ့အတွက် ဖြစ်တဲ့နေရာကို ဆက်သွယ်ရေးမြောင်းအတိုင်းသွားမယ်ဆိုရင် နာရီဝက်လောက်ကြာနိုင်ပါတယ်။

ကျနော့်နေရာကနေ ဖြစ်တဲ့နေရာကိုအဖြောင့်ပြေးရင် ၁၀ မိနစ်လောက်ဘဲကြာနိင်တာမို့ လက်နက်ကြီး ရန်ကိုဂရုမစိုက် တော့ဘဲ ကျနော်ပြေးတော့တာပဲ။ ကျနော့အနောက်က ခင်မောင်အေး ပြေးလိုက်လာတယ်။

ဖြစ်တဲ့နေရာကို ကျနောရောက်သွားပြီး လဲကျနေသူတွေထဲ ကိုယ့်လူကို လိုက်ရှာနေတုန်း.. ကျောင်းသား ရဲဘော်တဦးညွန်းပြလို့ကြည့်လိုက်တော့ ပါးမှာ ဒဏ်ရာကြီးနဲ့မြင့်အောင်ကို မြေမှာလဲနေတာကို တွေ့ရပါတယ်။ ကျနော်လည်း အနားကပ် သွားပြီးကြည့်လိုက်တော့ လှုပ်ရှားမှုလုံးဝ မရှိပါဘူး။ ဒါနဲ့ မြင့်အောင် မြင့်အောင်..လို့ခေါ်ကြည့်လိုက်တော့လည်း ပြန်မထူးပါ ဘူး။ အသကရှူသေးရဲ့လားလို့ နှာခေါင်းကိုစမ်းကြည့်တဲ့အခါလည်း ရှူတယ်ဆိုတာ မတွေ့ရဘူး။ (ကျနော်ပြေးလာရလို့ မောတာနဲ့ စိတ်လှုပ် ရှားတာလည်း ပါမယ်ထင်တယ်)..ဒါနဲ့ ကျနော်လည်း သေပြီထင်တော့ ကိုယ့်ဘန်ကာဆီကို ပြန်ထမ်း သယ်မယ်လို့ရည်ရွယ်ပြီး ခင်မောင်အေးကို လှမ်းခေါ်လိုက်တဲ့အခါမှ….စိုးလွင်…ငါမသေသေးဘူးလို့ မြင့်အောင်က ဗလုံ ပထွေး အသံနဲ့ ပြောလာပါတယ်။ ဒီတော့မှ ကျနောလည်း ၀မ်းသာအားရနဲ့..မြင့်အောင်ကို ဆေးရုံပို့ဖို့ စီစဉ်ရတော့တယ်။ ဒီအချိန်မှာပဲ မြင့်အောင်က အန်ချင်တယ်ပြောလို့ ..သူကိုပွေ့ထူးပြီး အန်စေပါတယ်။

မြေကြီးပေါ်ကို အန်ချစေချင်ရင်ရရဲ့သားနဲ့ ကျနောလည်း ထူပူပြီး မလိုအပ်ဘဲ သူ့ပါစပ်းနေရာမှာ လက်ခုတ်နဲ့ခံထားမိတယ်။ တကယ်ကျတော့ အန်ဖတ်တွေက ပါးစပ်ကထွက်လာတာမဟုတ်ဘဲ သူ့ရဲ့ ပါးပေါက်ဒဏ်ရာက ထွက်ကျလာတာပါ။ နောက် တော့ ဆေးရုံပို့ဖို့ မြင့်အောင်ကို ထမ်းပြေးရတာပေါ့…။

မြင့်အောင်ကိုဆေးရုံပို့…ခင်မောင်အေးကိုလူနာစောင့်ထား…ကိုယ့်လူမသေဘူးဆိုလို့ ပင်ပမ်းမှန်းမသိ။

ဝမ်းသာပေါ့ပါးတဲ့စိတ်တွေနဲ့ပြန်လာတဲ့ကျနော်..စခန်းအနောက်ဘက်ခြမ်းမှာရှိတဲ့ ဇော်လွင်မြင့်တို့ဘန်ကာဘက်ရောက်တဲ့အခါမှာတော့ ရင်ဆို့ပါပြီး။ မြင့်အောင်နဲ့အတူ လက်နက်ကြီးကွဲတာကိုလာကြည့်တဲ့မင်းကျော်ရဲ့အလောင်းကို ရေမိုးချိုးပြီး စစ်ဝတ်စုံအသစ် ဖိနပ်အသစ်တွေနဲ့အလောင်းပြင်ထားတာကို တွေ့ရတော့တာပဲ။

(ကျနော်မြင့်အောင်ကိစ္စနဲ့လုံးပမ်းနေချိန်မှာ ..ပျောက်ဆုံးနေတဲ့မင်းကျော်ကို ကျန်တဲ့သူတွေက လိုက်ရှာပါ သတဲ့။ မင်းကျော် ရဲ့မျက်မှာဟာ မီးဟတ်ထားတာရော သဲတွေဖုန်တွေ ပေနေတာကြောင့် ဘယ်သူမှ မမှတ်မိပါဘူး။ နောက်ဆုံးမှာ မင်းကျော်ရဲ့ တွဲဘက်သူငယ်ချင်း အောင်မိုးက မင်းကျော်ခြေဖနောင့်မှာ သူကိုယ်တိုင်ကပ်ထားပေးခဲ့တဲ့ ဆေးပလာစတာကို မှတ်မိပြီး..ရင်ဘတ်က ကျောင်းသားတပ်မတော် တံဆိပ်ကိုတွေ့မှ မင်းကျော်ကျဆုံးသွားမှန်း သိကြတာပါ.) ကျနော်လည်း မင်းကျော်ဟာ သေပြီဖြစ်တဲ့အတွက် သူ့ကိုဝတ်ပေးထားတဲ့ စစ်ဝတ်စုံအသစ်ကို ပိုင်ရှင်တွေပြန်ယူဖို့ပြောပေမဲ့လည်း ဘယ်သူမှာပြန် မယူကြပါဘူး။

(ဒါကိုလည်း ရဲဘော်ရဲဘက်စိတ်လို့ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ..အဲ့ဒီအချိန်မှာ တပ်စိတ် တစိတ်မှာ ထိုင်းဘတ်ငွေ ငါးဘတ်ရှိဖို့တောင် အနိုင်နိုင်ပါ။ ဒီစစ်ဝတ်စုံနဲ့ ဖိနပ်အသစ်ဟာ ထိုင်းဘတ်ငွေ ၂၀၀ ပတ်ဝန်းကျင်လောက်ရှိပြီး..ဒီငွေတွေရဖို့ သူတို့တတွေ ရန်သူလက်နက်ကြီးတွေ ပစ်နေတဲ့ကြားက သက်စွန့်ဆံဖျား မီးသွေးဖုတ်..အိမ်ဟောင်းတွေ ခွာရောင်းထားတဲ့ ပိုက်ဆံမို့ပါ)

ကဲ ..ဒီလိုဆိုတော့ အလောင်းထည့်ဖို့ခေါင်းလိုလာပြီ။ ဘယ်သူခေါင်းရိုက်တတ်သလဲလို့ မေးမြန်းလိုက်တော့… ရုပ်ရှင်မင်းသမီးမို့မို့မြင့်အောင်တို့ရွာ..သက္ကလရွာက တောခိုလာတဲ့ ဇော်လွင်မြင့်ဆိုသူက …ရွာမှာနေတုန်း က လက်သမားလုပ်လာတဲ့ အတွက် သူလုပ်ပေး မယ်လို့ ပြောလာပါတယ်။

(ယခု Australia ရောက်တော့လည်း လက်သမားအလုပ်ပဲ ဆက်လုပ်နေတယ်ဆိုလို့ ..ငါထောက်ခံ စာရေးပေးရအုံးမလားလို့ ဇော်လွင်မြင့်နဲ့ဆုံတုန်း မေးလိုက်ပါသေးတယ်)

ဒါနဲ့ပဲ ဇော်လွင်မြင့်နဲ့ ခေါင်းလုပ်မယ့်အဖွဲ့ကိုထားခဲ့ပြီး..ကျနော်နဲ့ ရဲဘော် ၄ ယောက်လောက်က ကျင်းတူးဖို့ စခန်းအလယ် လောက်မှာရှိတဲ့ သင်္ချိုင်းကို ထွက်လာလိုက်ပါတယ်။ သင်္ချိုင်းမြေနေရာရောက်လို့ကြည့်လိုက်ပြန်တော့လည်း ကျောက်ခဲရှိတဲ့ မြေကြီးတွေကြီးပဲ။ ဒီကြားထဲ ရန်သူက လက်နက်ကြီးနဲ့တဖုန်းဖုန်းပစ်နေတော့ သစ်ပင်အောက်မှာ ပုန်းနေရပြီး အပစ်ရပ်တာနဲ့ တယောက် တလဲပြေးတူးရတာပေါ့။ ပေါက်တူးကလည်း တလက်ထဲရှိ…မြေကြီးကလည်းမာ…လက်နက်ကြီးကလည်း မကြာမကြာပစ်နေတော့… နေ့လည်လောက်ကထဲက တူးလိုက်တာ ညနေ ၄ နာရီလောက်ကျတော့ ခေါင်း တခုချရုံ မြေကျင်း ရပြီဖြစ်တဲ့အတွက် အလောင်းရှိရာကိုပြန်လာခဲ့ကြတယ်။ ပြန်ရောက်လို့ မင်းကျော် အလောင်းနဲ့ခေါင်းကို ကြည့်လိုက်တော့…ဘုရား..ဘုရား…ဘီဒိုကိုလှဲချပြီး မင်းကျော်ကို ထည့်ထားသလိုပါပဲ။ မင်းကျော်အပြင် နောက်နှစ်ယောက်လောက် ထပ်ထဲ့ လို့ရအောင် ခေါင်းက ကျယ်ပါတယ်။

(ဇော်လွင်မြင့်လည်း ရတဲ့သစ်ကို လက်သမားပစ္စည်း မစုံမလင်နဲ့ လုပ်ရတာမို့ပါ)..ခေါင်းကိုပြင်ဖို့ အချိန် မရှိတော့ပါဘူး။ ဒါနဲ့ပဲ အခေါင်းထမ်းမယ့် ကျနော်အပါအ၀င် လူ ၆ ယောက်ကိုရွေး၊ သေနတ် ၄ လက်ယူပြီး…ခေါင်းထမ်းထွက်လာ လိုက်တော့တာပဲ။ (လက်နက်ကြီးတွေ ပစ်နေတုန်းမို့… လူအများကြီးလိုက်လို့ မသင့်ဘူး။ တခုခုဖြစ်ရင် တပူပေါ် နှစ်ပူဆင့် သွားမယ်)

ခေါင်းထမ်းလို့ထွက်လာတာ မကြာသေးဘူး..လက်နက်ကြီးတလုံးထွက်လာတာကို ကြားရပါပြီ။ တကယ်လိုများ ခေါင်းထမ်း လာတာမဟုတ်ဘဲ ..ဆက်သွယ်ရေးမြောင်းမရှိတဲ့ဒီလမ်းကို တခြားကိစ္စ တခုနဲ့လာခဲ့မယ်ဆိုရင် ကျနော်တို့အားလုံး ခုချိန် လောက်ဆိုရင် သစ်ပင်တွေအောက်မှာ ၀င်ပုန်းနေလောက် ပါပြီ။ အခုတော့…ဘယ်ခေတ်က ဘယ်သူတွေပြောထား မှန်မသိ တဲ့ ..ခေါင်းကို စထမ်းချိန်ကစပြီး သင်္ချိုင်း မရောက်ခင် လမ်းမှာမချရဆိုတဲ့ အတွေးအခေါ်က ကျနော်တို့အားလုံးရဲ့ အတွေးမှာ ၀င်နေတော့ ..ခေါင်းကို ချပြီး သစ်ပင်အောက်မပြေးရဲ။ ခေါင်းထမ်းပြီး ဒီအတိုင်း ထိုင်ချ လိုက်မယ်ဆိုရင်လည်း…စက္ကန့် ၂၀ လောက် အလေးခံပြီး ငုပ်တုတ်ထိုင်နေရမယ်။ ခေါင်းကကြီးပြီး တအားလေးတဲ့အပြင် လက်နက်ကြီးရန် လည်း ကြောက် နေရတော့ အားလုံးက သင်္ချိုင်းကို အမြန်ရောက်ချင်နေကြပြီ။

ဒီလိုနဲ့ပဲ ဆက်ထမ်းလာလိုက်တာ…လက်နက်ကြီးဖြတ်လာသံ တရွီရွီကြားမှာပဲ ခေါင်းကြီးထမ်းပြီး ထိုင်ချ လိုက်တော့တယ်။ ကျနော်တို့ဘက်အခြမ်းက လျှင်မြန်တာလား ..လက်နက်ကြီးရန်ကို အကြောက်လွန်နေ လားတော့မသိဘူး..ထိုင်ချတာ အခြားဘက်အခြမ်းထက် နည်းနည်းစော သွားတယ်။ ဒီတော့ ဘာဖြစ်လဲ ဆိုတော့….ခေါင်းအကျယ်ကြီးထဲမှာ လဲလျှောက် နေရတဲ့ မင်းကျော်ရဲ့အလောင်းဟာ…ခေါင်းကြီးထဲမှာ လိမ့်ပြီး..ကျနောတို့ဘက်အခြမ်းမှာ လာပိနေ တော့တာပဲ။ အရင်က ထဲက လေးလှပါတယ်ဆိုမှ အခုလို လာပိတော့ ခေါင်းကို ပစ်ချချင်စိတ်ပါ ပေါက်လာတယ်။

ဒါနဲ့ပဲ လက်နက်ကြီးကွဲတာကိုစောင့်၊ ကွဲသံကြားတာနဲ့..ကျနော်လည်း လျှင်လျှင်မြန်မြန်ပဲ ထပစ်လိုက်တယ်။ ဒီတော့မှပဲ ခေါင်းစောင်းသွားတဲ့အတွက် မင်းကျော်ရဲ့အလောင်းဟာ ခေါင်းရဲ့အလယ်ကို ရောက်သွားပါတော့တယ်။ ဒီလိုနဲ့ ဆက်ထမ်း လာလိုက်တာ..မကြာပါဘူး လက်နက်ကြီးတလုံး ပစ်ပြန်ပါပြီ။

ကျနော်တို့လည်း ဆက်ထမ်း..လက်နက်ကြီးဖြတ်သံကြားရင် ထိုင်ချ..။ ဒါပေမဲ့ ဒီတခါတော့ ကျနော်တို့ဘက် အခြမ်းက လည်သွားပါပြီ။ စောပြီး မထိုင်တော့ပါဘူး။ ဒီတော့ စောထိုင်မိတဲ့တဖက်ခြမ်းကို မင်းကျော်ရဲ့ အလောင်းက လိမ့်ပြီး သွားပိပြန်လေရော။ အလောင်းမပိတော့တဲ့ ကျနော်တို့ဘက်အခြမ်းကတော့ ပေါ့ပေါ့ပါးပါးပေါ့။ နောက်.လက်နက်ကြီးကွဲ သံကြားတော့ ဟိုဘက်အခြမ်းက ကျနော်တို့အခြမ်းထက်စောပြီး မြန်မြန် ထလိုက်တဲ့ခင်ဗျာ့။ အလောင်းလည်း ပုံမှန်နေရာ ရောက်သွားတာပေါ့။ ဒီလိုနဲ့ ဆက်ထမ်းပြန်ပေါ့လေ။…လာပြန်ပြီ နောက်ထပ် လက်နက်ကြီးတလုံး။

ဒီတခါတော့ ကျနော်တို့ ဟိုဘက်အခြမ်းကို စောင့်သေးတယ်ခင်ဗျ။ သူတို့ထိုင်ဖို့ကြာနေတာနဲ့ ကျနော်တို့ အခြမ်းက ထိုင်ချလိုက်ရော။ ဒီတော့ အလောင်းက ကျနော်တို့ဘက်ပိပြန်ရော။ ဒါနဲ့ လက်နက်ကြီးကွဲသံ ကြားတာနဲ့ ကျနော်တို့ဘက် အခြမ်းက မြန်မြန်ထပြန်။ အလောင်းကပုံမှန်နေရာ ပြန်ရောက်၊ ဆက်ထမ်းပြန်၊ လက်နက်ကြီးက နောက်ထပ်တခါလာပြန်၊ ဒီတခါတော့ ကျနော်တို့ နှစ်ဖက်ခြမ်းလုံး လည်သွားပါပြီ။ လက်နက်ကြီးဖြတ်သွားသံကြားလည်း သူအရင်ထိုင်နိုး ကိုယ် အရင်ထိုင်နိုးနဲ့စောင့်ရင် မထိုင်ဖြစ်ကြတော့ ပါဘူး။ အနီးအနားမှာ လက်နက်ကြီးကွဲမှာသာ ဒူးကွေးရုံ ထိုင်ကြပါတော့တယ်။ ကျနော်တို့အားလုံး လက်နက်ကြီးထိမှာမကြောက်ဘဲ အလောင်းပိမှာ ကြောက်နေကြပါပြီ။ နောက်ဆုံးမှာ လက်နက်ကြီးဖြတ် သွားသံကြားလည်း ကျနော်တို့ မထိုင်ကြတော့ပါဘူး။ အနားမှာ ကျကွဲနိုင်တယ်လို့ထင်မှ ရပ်ရုံသာ ရပ်ကြ ပါတော့တယ်။

အခုလို အလောင်းပိမှာကြောက်ပြီး မထိုင်ကြတော့ သင်္ချိုင်းကို မြန်မြန်ရောက်သွားတာပေါ့။ ကဲ တွေ့ပြန်ပါပြီ။ နောက်တမှု။ ကျနော်တို့က .ပုံမုန်ခေါင်းအရွယ်လောက်ပဲထင်ပြီး ကျင်းကို တူးထားတော့. .ခေါင်းနဲ့ဆို ကျင်းကသေးနေပြန်ရော။ ဒါနဲ့ပဲ ကျင်းကို ပြန်ချဲ့ရပြန်ရော။ မြေကလည်းမာ. .ပေါင်တူးက တလက်ထဲရှိ၊ လူတွေကလည်း ပင်ပမ်း.. အချိန်က လည်း မှောင်တော့မယ်ဆိုတော့..ခေါင်းဝင်ရုံလေးပဲ ကျင်းကိုချဲ့နိုင်တော့တယ်။ (ကျနော်လည်း တညလုံးမှာမှ တနာရီလောက်ပဲ အိပ်ရသေး..တနေ့လုံးလည်း ဘာမှမစားရသေး၊ ကျန်တဲ့ ရဲဘော်တွေလည်း ခေါင်းထမ်းရ..ကျင်းတူးရနဲ့ တော်တော်ပင်ပမ်း နေကြပါပြီ)

(မင်းကျော်ရဲ့အသုဘကို သင်ခန်းစာယူပြီး…နောင် ကျနော်တို့ရှေ့တန်းထွက်တဲ့အခါ… အတူသွားတဲ့ ရဲဘော်တွေကို ကျနော်ပြောထားပါတယ်..ငါများ တိုက်ပွဲမှာကျခဲ့ရင်… တူးပြီးမြှုပ်မနေနဲ့။ ချောက် (ဂျောက်) နီးရင် ဂျောက်ထဲပစ်ချ။ ချောင်း နားနီးရင် ချောင်းထဲပစ်ချလို့)။

ဒါနဲ့ပဲ ခေါင်းကြီးကိုကျင်းထဲထည့်..မ၀င်တဲ့နေရာဆို၊ ခေါင်းကြီးကို အတင်းနင်းချ။ အမိန့်စာပြန်…သေနတ်ဖောက်အလေးပြု။
အသုဘအခန်းအနားပြီးဆုံး။ စိတ်ထဲကတော့ မင်းကျော်ကိုတောင်းပန်းခဲ့ပါတယ်။ မင်းအသုဘမှာ တို့တတွေအမှားလုပ်ခဲ့မိရင် ခွင့်အလွှတ်ပါလို့……..။

စိုးလွင် (၀မ်ခ) (၂၁၁)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်