အားနက်ဟယ်မင်းဝေး – လက်မရွံ့လူသတ်သမားများ (ဒေါက်တာကျော်တင့် ဘာသာပြန်သည်)

August 25, 2016

အားနက်ဟယ်မင်းဝေး – လက်မရွံ့လူသတ်သမားများ 
ဒေါက်တာကျော်တင့် (မိုးမခ၊ သြဂုတ် ၂၅၊ ၂၀၁၆)

‘ဟင်နရီစားသောက်ဆိုင်’၏ တံခါးများပွင့်လာပြီး လူနှစ်ယောက် ဝင်လာသည်။ သူတို့က ကောင်တာရှေ့တွင် ဝင်ထိုင်လိုက်ကြသည်။
“ဘာသုံးဆောင်ကြမလဲခင်ဗျာ” ဟု ဂျော့ ကမေးလိုက်သည်။
“မသိဘူးကွ”ဟု တယောက်က ဖြေသည်။ “အယ်လ်၊ နင်ဘာစားမှာလဲ”
“ငါလည်း မသိဘူး”ဟု အယ်လ်ဆိုသူက ဖြေသည်။ “ငါဘာစားချင်မှန်းငါမသိဘူး”
အပြင်ဘက်မှာတော့မှောင်စပြုပြီ။ လမ်းမီးများလင်းလာသည်ကို ပြတင်းပေါက်မှဖြတ်၍မြင်ရသည်။ ကောင်တာတွင် ထိုင်နေသောလူနှစ်ယောက်က မီညူကိုဖတ်နေကြသည်။ သူတို့ကို ကောင်တာ၏ တဖက်ထိပ်မှနေ၍ နစ်က် အဲဒမ်စ် က ကြည့်နေ၏။ သူတို့ဝင်လာသည်အထိ နစ်က်က ဂျော့နှင့် စကားပြော၍နေခဲ့သူဖြစ်သည်။
“ငါက ဝက်သားကင် ပန်းသီးနှစ်ဆန်းဟင်းနဲ့ အာလူးမွှေစားမယ်”ဟု ပထမလူကဆိုသည်။
“အဲဒါက မရသေးဘူးဗျ”
“ဒါဖြင့် ဒီကပ်ပြားပေါ်မှာ ဘာလို့ နင့်တို့ရှည်ပြီးရေးထားရတာလဲ၊ ငရဲအိုးထဲထည့်ကြော်ဖို့လား”
“အဲဒါက ညစာအတွက်ပါ”ဟု ဂျော့ကရှင်းပြသည်။ “၆ နာရီထိုးမှ စရောင်းမှာပါ”
ဂျော့က နောက်ပြန်လှည့်ကာ ကောင်တာနောက်က ထရံတွင်ချိတ်ထားသော နာရီကိုကြည့်ရင်းပြောသည်။
“အခု ၅ နာရီထိုးပြီ”
“နာရီက ၅ နာရီမိနစ်၂၀ ကိုပြနေတယ်” ဟုဒုတိယလူက ထောက်သည်။
“နာရီကိုမိနစ်နှစ်ဆယ်မြန်ထားတယ်”
“နာရီနဲ့အတူဇောက်ထိုးပဲ ခုန်ဆင်းလိုက်ကြပါတော့”ဟု ပထမလူကဆိုသည်။“ကဲဒါဆို အခုစားဖို့ မှာလို့ရတာဘာရှိလဲ”
“အသားညှပ် ဆင်းဒ်ဝစ်ခ်ျတွေအားလုံး ဘာမဆိုစီစဉ်ပေးနိုင်ပါတယ်။ ဟမ်နဲ့ကြက်ဥကြော်၊ ဝက်ပေါင်သားချောက်နဲ့ကြက်ဥ၊ အသည်းကြော်နဲ့ဝက်ပေါင်ချောက်၊ ဒါမှမဟုတ် ဘိစတိတ်”
“ငါ့အတွက် ကြက်သားလုံးကြော်ရယ် ပဲစိမ်းပြုတ်ရယ်ကို ကရီမ်ဆန်းပြီး အာလူးမွှေနဲ့လုပ်ပေးပါ”
“အဲဒါကလည်း ညစာအချိန်မှပဲ ရမှာပါ”
“ငါတို့စားချင်တာတွေမှန်သမျှက ညစာတွေချည်းပဲ ဟုတ်လား။ မင်းကဒီလိုပဲလုပ်တတ်လား”
“ကျွန်တော်က ရနိုင်တာတွေပြောတာပဲ ဟမ်နဲ့ကြက်ဥ၊ ဝက်ပေါင်သားချောက်နဲ့ကြက်ဥ၊ အသည်းနဲ့…”
“ငါ့ကို ဟမ်နဲ့ကြက်ဥကြော်လုပ်ပေး”ဟု အယ်လ်ဟုဆိုသူက ပြောသည်။ သူက အမည်းရောင် ဒါဗီဦးထုပ်မာမာဝိုင်းဝိုင်းကို ဆောင်းထားပြီး ကုတ်အင်္ကျီအနက်ရောင်ဝတ်ထားကာ ရင်ဘတ်ကြယ်သီးများကို တပ်ထားသည်။ သူ့မျက်နှာပေါက်က သေးကွေးပြီး ဖြူဆွတ်ကာ ပိရိသော နှုတ်ခမ်းများရှိသည်။ ပိုးသားမာဖလာကို လည်တွင်ပတ်ထားပြီး လက်အိပ်ကိုလည်း စွပ်ထားသည်။
“ငါ့ကို ဝက်ပေါင်ချောက်ကင်နဲ့ကြက်ဥကြော်လုပ်ပေး”ဟု နောက်တယောက်ကမှာသည်။ သူ့အရွယ်အစားမှာ အယ်လ်လောက်သာရှိသည်။ သူတို့မျက်နှာတွေက မဆင်ကြပေမည့် အဝတ်အစားကိုတော့ အမွှာညီအကိုတွေအလား တူအောင်ဝတ်ထားကြသည်။ အပေါ်ဝတ်ကုတ်အင်္ကျီတွေကလည်း နှစ်ယောက်စလုံးအတွက် အလွန်ကိုကြပ်ကြပ် သပ်သပ်နှင့်။ သူတို့တတောင်ဆစ်များကို ကောင်တာပေါ်တွင်ထောက်ကာ ကိုယ်တပိုင်းကို ရှေ့သို့ယိမ်းရင်း ထိုင်နေကြသည်။
“သောက်စရာတခုခု ရှိလား” ဟု အယ်လ် ကမေးသည်။
“ဆင်းလ်ဗားဘီယာ၊ ဗက်ဗိုအချိုရည်၊ ဂျင်းဂျား အေး”ဟု ဂျော့က ဖြေသည်။
“မင့်ဆိုင်မှာ သောက်စရာတခုခု ဘာရမလဲလို့မေးတာကွ”
“ခုန ကျွန်တော်ပြောတာတွေပဲရမယ်”
“ဒီမြို့က တော်တော်ပူတာပဲ” ဟု နောက်တယောက်ကဆိုသည်။ “ဘာမြို့လို့ခေါ်ကြလဲ”
“ဆမ်မစ်မြို့”
“နင်ကြားဘူးလား”ဟု အယ်လ်က သူ့မိတ်ဆွေကိုလှမ်းမေးသည်။
“မကြားဖူးဘူး” ဟုသူ့မိတ်ဆွေက ပြောသည်။
“ဒီမှာညဘက်ညဘက်ဆို လူတွေဘာတွေလုပ်ကြလဲ” ဟု အယ်လ်က မေးသည်။
“သူတို့ ညဘက်ဆို ညစာစားကြတာပေါ့ကွ”ဟု သူ့မိတ်ဆွေက ဝင်ဖြေသည်။ “အကုန်လုံး ဒီဆိုင်ကိုလာပြီး ညစာကို တခမ်းတနားစားကြတာ”
“ဟုတ်ပါ့ဗျား”ဟု ဂျော့ကပြောသည်။
“ဒါကို မင်းကအဟုတ်လို့ထင်တယ်”ဟု အယ်လ်က ဂျော့ကိုမေးသည်။
“သေချာတာပေါ့”
“မင်းတော်တော့်ကို ဉာဏ်ထက်တဲ့ ဉာဏ်ကျယ်လေးပဲ”
“သေချာတာပေါ့” ဟု ဂျော့က ပြောသည်။
“မဟုတ်တာကွာ၊ မင်းဉာဏ်မကောင်းပါဘူး”ဟု တခြားလူက ဆိုသည်။ “သူတကယ်ထက်လို့လား အယ်လ်ရ”
“ထက်ပါဘူး၊ ဒီကောင် ငတုံးပါ” ဟု အယ်လ်ကပြောသည်။ ၎င်းနောက် နစ်က်ဘက်သို့လှည့်လိုက်သည်။ “မင့်နာမယ်ဘယ်လိုခေါ်လဲ”
“အဲဒမ်စ်”
“ဉာဏ်ကျယ်လေးနောက်တယောက်”ဟု အယ်လ်က ပြောသည်။ “သူလဲ လူတော် ဉာဏ်ကျယ်လေးပဲ မဟုတ်ဘူးလားဟေ့ မက်စ်”
“ဒီတမြို့လုံး ဉာဏ်ကျယ်လေးတွေ နေရာတကာမှာ ရှိတယ်” ဟု မက်စ်ကပြောသည်။
ဂျော့က ပန်းကန်နှစ်ချပ်ကိုကောင်တာပေါ် တင်လိုက်သည်။ တချပ်မှာ ဟမ်နှင့်ကြက်ဥကြော်၊ နောက်တချပ်မှာ ဝက်ပေါင်ချောက်ကင်နှင့် ကြက်ဥကြော်ပါသည်။ အရံဟင်းအဖြစ်ပေးသော အာလူးချောင်းကြော်နှစ်ပွဲကို ဘေးနားမှာချပေးပြီး ဂျော့က မီးဖိုမှဟင်းထုတ်သည့် ဂိတ်ပေါက်ကို ပိတ်လိုက်သည်။
“ နင်က ဘယ်ဟာမှာထားတာလဲ ” ဟု အယ်လ်ကမေးသည်။
“ဒါတောင်မမှတ်မိဘူးလား”
“ဟမ်နဲ့ကြက်ဥ”
“အတော် မှတ်ဉာဏ်ကောင်းတဲ့ကောင်”ဟု မက်စ်က ပြောသည်။ သူကရှေ့ကိုတိုးလာပြီး ဟမ်နှင့်ကြက်ဥကြော်ပွဲကို ယူသည်။ သည်လူနှစ်ယောက်စလုံး လက်အိပ်တွေ မချွတ်ဘဲစားကြသည်။ ဂျော့က သူတို့စားနေတာကို ကြည့်မိသည်။
“ဘာကြည့်နေတာလဲ”ဟု မက်စ်ကဂျော့ကို ပြန်ကြည့်ရင်းပြောသည်။
“ဘာမှ မကြည့်ပါဘူး”
“ငရဲကောင်၊ နင်ငါ့ကို ကြည့်နေတာ”
“ကောင်လေးက ဟာသတခုသဘောနဲ့ကြည့်တာ ဖြစ်ရင်ဖြစ်မှာပါ မက်စ်ရာ”ဟု အယ်လ်ကပြောသည်။
ဂျော့က ရယ်လိုက်သည်။
“ရီမနေနဲ့”ဟု မက်စ်ကဂျော့ကိုပြောသည်။“နင်လုံးဝကို မရီရဘူး၊ ဟုတ်ပီလား”
“ကောင်းပါပြီ”ဟု ဂျော့ကပြောသည်။
“ကဲ ကြည့်ပါအုံး၊ သူက ဒါကို ကောင်းတယ်လို့ထင်တယ်”ဟု မက်စ်က အယ်လ်ဘက်သို့ လှည့်ကာပြောသည်။ “သူကဒါကို အကောင်းလို့ထင်တာတဲ့။ တကယ့် ပျက်လုံးကောင်းပဲ”
“အို့ သူက အတွေးအခေါ်သမားလေးမို့ပါ”ဟု အယ်လ်ကပြောသည်။ ဒီနောက်သူတို့ ပြီးအောင် ဆက်စားခဲ့ကြသည်။
“ကောင်တာဟိုဘက်ထိပ်က ဉာဏ်ကျယ်လေးရဲ့နာမယ်က ဘာတဲ့”ဟု အယ်လ်က မက်စ်ကိုမေးသည်။
“ဟေ့ ဉာဏ်ကျယ်လေး”ဟု မက်စ်က နစ်က်ကိုလှမ်းပြောသည်။ “မင်းလဲ မင့်သူချင်းနဲ့အတူ ကောင်တာရဲ့အတွင်း ဘက်ကိုသွားနေစမ်း”
“ဘာစိတ်ကူးရှိလို့လဲ”နစ်က်က မေးသည်။
“ဘာစိတ်ကူးမှရှိလို့မဟုတ်ဘူး”
“မင်းသူပြောသလို သွားလိုက်တာပိုကောင်းမယ်”ဟု အယ်လ်ကဆိုသည်။ နှစ်က်က ကောင်တာနောက်ဖက်ထဲသို့ ကွေ့ဝင်သွားခဲ့သည်။
“ဘာလုပ်မလို့လဲ”ဟု ဂျော့ ကမေးသည်။
“နင်တို့ သောက်ကိစ္စမဟုတ်ဘူး”ဟု အယ်လ်က ဟန့်သည်။ “ဟိုဘက် မီးဖိုချောင်ထဲမှာတော့ ဘယ်သူရှိလဲ”
“အမဲ”
“အမဲလို့ဆိုတော့ ဘာဆိုလိုတာလဲ”
“အမဲကပ္ပလီ စဖိုမှူး”
“သူ့ကို ဒီလာခဲ့ဖို့ခေါ်လိုက်”
“ဘာလုပ်မလို့လဲ”
“ခေါ်လိုက်စမ်းပါ”
“ခင်ဗျားတို့ အခုဘယ်များရောက်နေတယ်ထင်လို့လဲ”
“ငါတို့ရောက်နေတဲ့နေရာ ငါတို့ကောင်းကောင်းသိသမှ ဟိုဘက်တောင်လွန်သေး”ဟု မက်စ်ဟုခေါ်သူက ပြောသည်။“ငါတို့ကို ငတုံးတွေလို့ထင်လို့လား”
“နင်စကားပြောပုံက ငတုံးနဲ့တူနေတာ”ဟု အယ်လ်က သူ့ကို ပြောသည်။“ဒီကလေးလေးနဲ့ နင်မို့အချေအတင် ငြင်းနေတယ်၊ ဒီမှာနားထောင်”ဟု ဂျော့ကို လှမ်းပြောသည်။ “အဲဒီ ငမဲကို ဒီထွက်လာဖို့လှမ်းသာခေါ်လိုက်”
“သူလာရင် ခင်ဗျားတို့က ဘာလုပ်ကြမလို့လဲ”
“ဘာမှမလုပ်ဘူး။ နင့်ခေါင်းကို သုံးစမ်းပါဉာဏ်ကျယ်လေးရဲ့။ ငါတို့က ငမဲတကောင်ကိုများ ဘာလုပ်ရမှာမို့လဲ”
ဂျော့က စေ့ထားသောအပေါက်ကိုဟကာ နောက်ဖက်သို့ကြားအောင် လှမ်းအော်လိုက်သည်။ “ဆမ် ရေ၊ ဒီကိုခဏ ထွက်လာခဲ့ပါအုံး”
မီးဖိုချောင်တံခါးပွင့်လာပြီး နီဂရိုးအမည်းတယောက် ထွက်လာခဲ့သည်။ “ဘာဖြစ်လို့လဲ”ဟု သူကမေးသည်။ ကောင်တာတွင်စောင့်နေသောလူနှစ်ယောက်က သူ့ကို လှမ်းကြည့်သည်။
“ဟုတ်ပီ ငမဲကောင်ရေ။ နင် အဲဒီမှာရပ်နေ”ဟု အယ်လ်ကခိုင်းသည်။
ဆမ်ဟုခေါ်သည့် ကပ္ပလီအမည်းကိုယ်ပေါ်၌ ထမင်းဟင်းချက်စဉ်ဝတ်ရသည့် အပရွန်သင်ပိုင်းကို ဝတ်ထားပြီး ကောင်တာရှေ့တွင်ထိုင်နေသော လူနှစ်ဦးကိုကြည့်လိုက်သည်။ “ဟုတ်ကဲ့ပါဆရာ”ဟု သူကပြောသည်။ အယ်လ်က သူထိုင်နေသောခွေးချေပေါ်မှ ဆင်းလိုက်သည်။
“ငါက ငမဲနဲ့ဉာဏ်ကျယ်လေးကိုခေါ်ပြီး မီးဖိုချောင်ထဲကိုပြန်ဝင်မယ်” ဟု သူကပြောသည်။ “ငမဲရေ၊ မီးဖိုချောင်ထဲ ပြန်ဝင်ကွာ။ ဉာဏ်ကျယ်လေး မင်းလဲသူနဲ့အတူလိုက်သွား”ဟုဆိုပြီး သူက နစ်က်နှင့်ဆမ်တို့နောက်မှလိုက်သွားလေသည်။ သူတို့ဝင်သွားပြီးနောက် တံခါးလည်းပိတ်သွားသည်။ မက်စ်ဟုခေါ်သည့်လူက ကောင်တာရှေ့၌ ဂျော့နှင့်မျက်နှာချင်းဆိုင်ကာ ထိုင်နေသည်။ သူက ဂျော့ကိုမကြည့်ဘဲ ကောင်တာနောက်ဘက်က နံရံတလျှောက်ကပ်ထားသော မှန်ကြီးထဲသို့သာစိုက် ကြည့်နေသည်။ ဟင်နရီစားသောက်ဆိုင်ခန်းမှာ မူလက ဆံပင်ညှပ်ဆိုင်ကို မွမ်းမံပြင်ဆင်ပြီး ဖွင့်ထားခဲ့ခြင်းသာ ဖြစ်သည်။
“ကဲ၊ ဉာဏ်ကျယ်လေးရေ”ဟု မက်စ်ကမှန်ထဲကို မျက်ခြေမပြတ်ကြည့်ရင်းပြောသည်။ “စကားလေးတခွန်းတလေ မပြောတော့ဘူးလား”
“အခု ဘာတွေဖြစ်နေတာလဲ”
“ဟေ့-အယ်လ်” မက်စ် ကလှမ်းခေါ်သည်။ “ဉာဏ်ကျယ်လေးက အခုဘာတွေဖြစ်နေတာလဲ သိချင်လို့တဲ့ကွ”
“မင်း ပြောပြလိုက်ပါလားကွ” မီးဖိုဘက်မှအယ်လ်အသံထွက်လာသည်။
“ဘာတွေဖြစ်နေတယ်ထင်လဲ”
“ကျွန်တော် မသိဘူး”
“မင်းဘယ်လိုထင်လဲ”
မက်စ်ကစကားပြောရင်း မှန်ထဲကိုသာမပြတ်ကြည့်နေသည်။
“မပြောချင်ဘူး”
“ဟေ့-အယ်လ်၊ ဉာဏ်ကျယ်လေးကပြောတယ်၊ အခုဘာဖြစ်နေတယ်လို့ သူထင်တာတောင်မပြောချင်ဘူးတဲ့”
“ငါကောင်းကောင်းကြားရတယ်ဟေ့”ဟု အယ်က မီးဖိုချောင်ဆီမှ လှမ်းပြောသည်။ သူက မီးဖိုမှဟင်းပန်းကန် ထုတ်သွင်းသည့် မောင်းချတံခါးဂိတ်ပေါက်တွင် ခရမ်းချဉ်နှစ် ကက်ချပ်ပုလင်းတလုံးကို ကန့်လန့်ထောင်ထားကာ ဟနေအောင် လုပ်ထားပြီးပြီ။ “ဟေ့- ဉာဏ်ကျယ်လေး”ဟု သူကမီးဖိုချောင်ထဲမှနေ၍ ဂျော့ကို လှမ်းပြောသည်။ “အရက်ပုလင်းစင်ကနေ ခပ်ဝေးဝေးခွာရပ်စမ်းကွာ။ မက်စ်ရေ မင်းကတော့ ဘယ်ဘက်ကို နည်းနည်းထပ်ရွှေ့ပေးပါအုံး” သူက အုပ်စုနဲ့ဓာတ်ပုံရိုက်ခံတော့မည့်လူများကို အနေအထားစီစဉ်ပေးသည့် ဓာတ်ပုံဆရာတယောက်ကဲ့သို့ ညွှန်ကြားနေသည်။
“ငါ့ကို အဖက်လုပ်ပြောပါအုံး ဉာဏ်ကျယ်လေးရ၊” မက်စ်ကပြောသည်။ “ဘာဖြစ်လာတော့မယ် မင်းထင်လဲ”
ဂျော့က ဘာတခွန်းမှမပြော။
“ငါပြောပြမယ်၊” မက်စ်ကပြောသည်။ “ငါတို့က ဆွီဒင်ကောင်တယောက်ကို သတ်တော့မလို့။ လူကောင်ကြီးကြီးနဲ့ ဆွီဒီကြီး အိုးလေး အန်ဒါဆင် ဆိုတဲ့သူကို မင်းသိလား”
“ဟုတ်ကဲ့”
“ညတိုင်း စားဖို့သောက်ဖို့ရာ သူဒီကိုလာတယ်။ ဟုတ်တယ်မဟုတ်လား”
“တခါတလေ သူဒီလာပါတယ်”
“၆ နာရီမှာ သူဒီကိုလာတယ်။ ဟုတ်ဘူးလား”
“သူလာတဲ့နေ့ဆိုရင်”
“အဲဒါတွေ အကုန်လုံးငါတို့သိပြီးသားပဲ ဉာဏ်ကျယ်လေးရေ့”ဟု မက်စ်ကပြောသည်။ တခြားအကြောင်းတခုခု ပြောရအောင်။ ရုပ်ရှင်သွားကြည့်ဖူးလား”
“တခါတရံပါ”
“မင်း ရုပ်ရှင်ပိုများများကြည့်ဖို့ကောင်းတယ်။ ရုပ်ရှင်ကားတွေဟာ မင်းလိုဉာဏ်ကောင်းတဲ့သူတွေ အတွက် အတော်ကောင်းမယ်”
“အိုးလေးအန်ဒါဆင်ကို ဘာလို့သတ်မှာလဲ။ သူက ခင်ဗျားတို့ကို ဘာလုပ်ခဲ့လို့လဲ”
“ငါတို့ကို တခုခုလုပ်နိုင်ဖို့ သူ့မှာအခွင့်အလမ်း မရှိခဲ့ပါဘူး။ သူ ငါတို့ကို မြင်တောင်မမြင်ဘူးဘူး”
“ပြီးတော့ သူဟာ ငါတို့ကို တခါထဲပဲတွေ့ဖူးတော့မှာ” အယ်လ်က မီးဖိုချောင်မှ ပြောသည်။
“ဒါဆို သူ့ကို ဘာလို့သတ်ကြမှာလဲ”ဟု ဂျော့က မေးသည်။
“ငါတို့မိတ်ဆွေတယောက်အတွက် သူ့ကိုသတ်မှာ။ မိတ်ဆွေစစ်အတွက် သိတတ်ရတဲ့ဝတ္တရားပေါ့၊ ဉာဏ်ကျယ်ရာ”
“တိတ်တော့” အယ်လ်က မီးဖိုချောင်မှ ပြောသည်။ “မင်းဟာ သောက်စကားကိုရှည်တယ်”
“ဟုတ်တယ်လေ၊ ငါ့မှာ ဉာဏ်ကျယ်လေးကို ပျော်အောင်ထားရတယ်။ ဟုတ်ဘူးလား ဉာဏ်ကျယ်ရယ် နော” အယ်လ်က မီးဖိုချောင်မှ ပြောသည်။ “မင်းဟာ သောက်စကားကို ရှည်လွန်းတယ်”
“မင်းဟာ စကားကိုများလွန်းတယ်”ဟု အယ်လ်ကဆိုသည်။ “ဟောဒီမှာ ငမဲကောင်နဲ့ ငါ့ဉာဏ်ကျယ်လေးတို့ကတော့ သူတို့ဘာသာ အပျင်းတော်ဖြေနေကြတယ်။ ငါက သူတို့ကိုပူးတွဲချီထားလိုက်တာ ကွန်ဗင့်ကျောင်းသူလေးတွေ တွဲထားလိုက်သလိုပဲ”
“မင်းက ကွန်ဗင့်ကျောင်းနေဘူးသလိုလိုပေါ့”
“ဘယ်သိနိုင်ပါ့မတုံး”
“မင်းက ကိုရှာကွန်ဗင့်မှာပဲ နေခဲ့တာကွ။ မင်းနေခဲ့တဲ့ကျောင်းဆိုတာက အဲဒါ”
ဂျော့က နာရီကိုမော့ကြည့်လိုက်သည်။
“တကယ်လို့ တယောက်ယောက်များဝင်လာခဲ့ရင် စဖိုမှူးအလုပ်မလာဘူးလို့ မင်းပြောရမယ်။ ဒါမှ သူတို့က ဆက်စစ်နေခဲ့ရင် ငါလည်း ပြန်တော့မယ်၊ ကိုယ့်ဟာကိုယ်သာ ချက်စားကြတော့လို့ မင်းပြောလိုက်။ သဘောပေါက်လား ဉာဏ်ကျယ်”
“ကောင်းပါပြီ”ဟု ဂျော့က ပြောလိုက်သည်။ “ပြီးတဲ့အခါကျတော့ ကျွန်တော်တို့ကို ဘယ်လိုလုပ်အုံးမှာလဲ”
“အခြေနေအရပဲ”ဟု မက်စ်က ပြောသည်။ “ဒါမျိုးက အဲဒီအချိန်အခါမရောက်သေးရင် သိနိုင်တာမျိုး မဟုတ်ဘူး”
ဂျော့ကနာရီကိုလှမ်းကြည့်သည်။ ခြောက်နာရီတမတ်ကျော်ပြီ။ လမ်းဘက်ကအဝင်တံခါးပွင့်လာသည်။ ထရော်လီလိုင်းကားမောင်းသမားကြီးဝင်လာသည်။
“ဟယ်လို ဂျော့ဂျီရေ၊ ကိုယ့်ညစာအတွက်များ မှာနိုင်မလားလို့”
“ဆမ် အပြင်သွားနေလို့”ဟု ဂျော့ကပြောသည်။ “သူကနောက်နာရီဝက်လောက်ဆို ပြန်ရောက်မှာပါ”
“ဒါဆိုလည်း လမ်းထိပ်ကဆိုင်မှာပဲဝယ်လိုက်တော့မယ်”ဟု လိုင်းကားမောင်းသမားကြီးကပြောသည်။ ဂျော့က နာရီကိုလှမ်းကြည့်သည်။ ခြောက်နာရီမိနစ်နှစ်ဆယ်။
“သိပ်ဟုတ်တာပဲ၊ ဉာဏ်ကျယ်လေးရေ”ဟု မက်စ်ကပြောသည်။ “မင်းကတော့ တကယ့်ကိုအမှန်အကန် လူကြီးလူကောင်းစစ်စစ်ကလေးပါပဲ”
“ငါက သူ့ခေါင်းကို ပစ်ခွဲလိုက်မှာသိလို့ပါ” မီးဖိုဘက်မှအယ်လ်က ပြောသည်။
“မဟုတ်ပါဘူး”ဟု မက်စ်ကပြောသည်။ “အဲလိုမဟုတ်ဘူး။ ဉာဏ်ကျယ်လေးက တော်ပါတယ်။ အင်မတန်တော်တဲ့ ချာတိတ်ပါ။ ငါ သူ့ကိုအရမ်းသဘောကျတယ်”
ခြောက်နာရီငါးဆယ့်ငါးမိနစ်၌ ဂျော့ကပြောသည်။ “သူမလာတော့ပါဘူး”
တခြားလူနှစ်ယောက်တော့ ဆိုင်ထဲကိုရောက်လာကြသည်။ တကြိမ်မှာ လူတယောက်က ဟမ်နဲ့ကြက်ဥကြော် ညျပ်ဆင်းဒ်ဝစ်ခ်ျကို ဆိုင်ထဲမှာမစားပဲ ပြန်သယ်သွားလိုသည်ဆို၍ ဂျော့က မီးဖိုချောင်ကိုဝင်ပြီး လုပ်ပေးလိုက်ရ သေးသည်။ မီးဖိုထဲက ဟင်းထုတ်ပေးသည့်အပေါက်အနီး၌ ခွေးခြေပေါ်ထိုင်ပြီး ပြောင်းတွေတိုအောင် ဖြတ်ထားသည့်သေနတ်ကို ဘောင်ပေါ်တင်စောင့်နေသည့် အယ်လ်နဲ့ပက်လက်လှန်ချထားသည့် သူ၏ဒါဗီဦးထုပ်ကို မြင်ရသည်။ နစ်က်နဲ့စဖိုမှူးကိုမူ ကြောချင်းကပ်ကာချီထားပြီး သူတို့ပါးစပ်တွေကို တဘက်တွေနဲ့ ပိတ်စည်းထားသည်။ ဂျော့က ဆင်းဒ်ဝစ်ခ်ျလုပ်အပြီး ဆီခံစက္ကူနှင့်ပတ်ကာ အိပ်တွင်ထည့်ပြီးထုတ်ယူလာခဲ့သည်။ သည့်နောက် လာဝယ်သူက ကျသင့်ငွေရှင်းပြီး ယူထွက်သွားလေတော့သည်။
“ဉာဏ်ကျယ်လေးက ဘာမဆိုလုပ်တတ်တယ်”ဟု မက်စ်ကပြောသည်။ “အချက်အပြုတ်လည်းတတ်တယ်၊ ဘာမဆို လုပ်တတ်တယ်။ နင်ကတော့ ကောင်မလေးတယောက် ယောက်ကို မယားကောင်းဖြစ်အောင် လုပ်ပေးနိုင်မဲ့လူပါပဲ ဉာဏ်ကျယ်ရာ”
“ဟုတ်တယ်”ဟု ဂျော့ကပြောသည်။ “ခင်ဗျားမိတ်ဆွေကြီး အိုးလေးအန်ဒါဆင်ကတော့ ပေါက်လာမှာ မဟုတ်တော့ဘူး”
“သူ့ကို ဆယ်မိနစ်ထပ်အချိန်ပေးမယ်”ဟု မက်စ်ကပြောသည်။
မက်စ်က မှန်ကို၎င်း၊နာရီကို၎င်း၊စောင့်ကြည့်လျက်ရှိသည်။ နာရီလက်တံက ခုနှစ်နာရီကိုညွှန်သည်။ ပြီးတော့ ခုနှစ်နာရီကိုငါးမိနစ်ကျော်လာသည်။
“ဟေ့- အယ်လ်၊ ထွက်ခဲ့တော့”ဟု မက်စ်ကပြောသည်။ “တို့သွားကြစို့။ သူလာမှာမဟုတ်တော့ဘူး”
“သူ့ကို နောက်ငါးမိနစ်ထပ်ပေးရအောင်”ဟု အယ်လ်က မီးဖိုထဲမှပြောသည်။
ငါးမိနစ်ကာလအတွင်းတွင် လူတယောက်ဝင်လာ၍ ဂျော့က စားဖိုမှူးနေမကောင်း၍မလာကြောင်းရှင်း ပြသည်။ “သောက်ပြဿနာဘဲ။ တခြားစဖိုမှူး မခေါ်ဘူးလား” ဟုထိုလူကမေးသည်။ “စားသောက်ဆိုင် ဖွင့်ထားတာ မဟုတ်ဘူးလား”ဟုပြောရင်း ပြန်ထွက်သွားသည်။
“အယ်လ်-ထွက်ခဲ့တော့”ဟု မက်စ်ကပြောသည်။
“ဉာဏ်ကျယ်လေးနှစ်ယောက်နဲ့ ငမဲကိုကောဘယ်လိုလုပ်ကြမလဲ”
“သူတို့မှာပြဿနာမရှိပါဘူး”
“မင်းကအဲသလိုပဲ ထင်လို့လား”
“အေးပေါ့။ ခုပဲ ငါတို့ကိုယ်တိုင် တွေ့လိုက်ကြရပြီပဲ”
“ငါလုံးလုံး မကြိုက်ဘူး၊ အတော့်ကိုရှော်တာပဲ။ မင်းကလည်းစကားက များလွန်းတယ်”ဟု အယ်လ်ကဆိုသည်။
“အိုး၊ သောက်ပြဿနာဘဲ”ဟု မက်စ်ကပြောသည်။ “တို့က ပျော်တော်ဆက်ပေးရမှာပဲဥစ္စာ။ ဟုတ်ဘူးလား”
“မင်း၊ စကားကိုများတယ်၊ အမြဲတမ်းဒီလိုချည်းပဲ” ဟု အယ်လ်ကပြောသည်။ သူကမီးဖိုချောင်တံခါးမှ ထွက်လာခဲ့သည်။ သေနတ်ပြောင်းတွေကို တိုအောင်ဖြတ်ထားပေမည့် အလွန်ကျပ်တည်းလှသော သူ၏အပေါ်ကုတ်အင်္ကျီ၏ခါးအောက်ဝယ် အနည်းငယ်ထောင်ထွက်နေသဖြင့် အင်္ကျီတွန့်နေသည်ကို မြင်ရသည်။ သူက လက်အိပ်စွပ်ထာသည့်လက်ဖြင့် အင်္ကျီအတွန့်ကို ဖြေလိုက်သည်။
“ကဲ-သွားတော့မယ် ညာဏ်ကျယ်လေးရေ” ဟု သူကဂျော့ကိုပြောသည်။ “မင်းအတော်ကြီးကို ကံကောင်းတာပဲ”
“အဲဒါ၊ ဟုတ်တယ်ကွ”ဟု မက်စ်ကပြောသည်။ “မင်း မြင်းပွဲတောင်သွားလောင်းသင့်တယ် ဉာဏ်ကျယ်ရေ”
သူတို့နှစ်ယောက် တံခါးအပြင်သို့ထွက်သွားကြသည်။ ဂျော့ကသူတို့ကို ပြတင်းပေါက်မှကြည့်နေခဲ့ရာ လမ်းမီးတိုင်အောက်မှဖြတ်ပြီး လမ်းတဖက်သို့ကူးသွားကြသည်ကိုမြင်ရသည်။ သူတို့ဝတ်ထားသည့် ကုတ်အင်္ကျီကြပ်ကြပ်သပ်သပ်နှင့် ဒါဗီဦးထုတ်ကိုယ်စီဆောင်းထားပုံကိုကြည့်ရသောအခါ ပြဇာတ်ထဲကလူတစု လမ်းလျှောက်နေသလားတောင် ထင်ရသည်။ ဂျော့က ဟနေသောတံခါးမှ မီးဖိုချောင်ထဲသို့ပြန်ဝင်ကာ နစ်က်နှင့်ဆမ်ကို ကြိုးဖြည်ပေးလိုက်သည်။
“ကျုပ်တော့ဒါမျိုးထပ်မကြုံချင်တော့ဘူး”ဟု စဖိုမှူးဆမ်ကပြောသည်။ “ဒါမျိုးထပ်ကို မလိုချင်တော့ဘူး”
နစ်က်က မတ်တတ်ရပ်လိုက်သည်။ သူသည်အရင်ကတခါမှ တဘက်စ ပါးစပ်ထဲထည့်ခံရဖူးသူမဟုတ်။
“ကိုင်း-”ဟု သူကပြောသည်။ “အရှင်လတ်လတ်ငရဲလား”ဟုဆိုရင်း တဘက်ကိုဖြုတ်ဘို့အားထုတ်သည်။
“သူတို့က အိုးလေး အန်ဒါဆင်ကို သတ်ကြမလို့”ဟု ဂျော့ကပြောသည်။ “သူညစာစားဘို့ဝင်လာတာနဲ့ သူ့ကို ပစ်သတ်ကြမှာ”
“အိုးလေး အန်ဒါဆင်ကို”
“ဟုတ်ပါ့”
စဖိုမှူးက သူ့ပါးစောင်ဘေးတွေကို သူ့လက်မနှစ်ခုဖြင့်ဖိစမ်းကြည့်နေသည်။
“သူတို့ပြန်သွားကြပြီလား”ဟု သူကမေးသည်။
“အေး”ဟု ဂျော့ကပြောသည်။ “အခု မရှိကြတော့ဘူး”
“ကျုပ်မကြိုက်ဘူး”ဟု စဖိုမှူးကပြောသည်။ “ကျုပ် နည်းနည်းကလေးမှ မကြိုက်ဘူး”
“ဒီမှာ”ဟု ဂျော့က နစ်က်ကိုပြောသည်။ “မင်းက အိုးလေးအန်ဒါဆင်ကို သွားတွေ့ချေ”
“ဟုတ်ကဲ့”
“ခင်ဗျားတို့ ဘာတခုမှဝင်မပါတာ ပိုကောင်းမယ်ထင်တယ်”ဟု စဖိုမှူးဆမ်ကပြောသည်။ “ခင်ဗျားတို့ခပ်ဝေးဝေးရှောင်နေတာကောင်းလိမ့်မယ်”
“မင်းမသွားချင်ရင်လဲ မသွားပါနဲ့”ဟု ဂျော့ကပြောသည်။
“ဝင်ရှုပ်လို့လည်း အပိုပဲ၊ ဘာမှထူးမှာမဟုတ်ဘူး”ဟု စဖိုမှူးကပြောသည်။ “ဝေးဝေးကရှောင်ကြပါ”
“ကျွန်တော် သွားတွေ့မယ်”ဟု နစ်က်က ဂျော့ကိုပြောသည်။ “သူဘယ်မှာနေလဲ”
စဖိုမှူးက လှည့်ထွက်လိုက်သည်။
“ဒီကောင်လေးတွေက သူတို့လုပ်ချင်တာလောက်သာသိတာ”ဟု သူကပြောသည်။
“သူ ဟိုနားက ဟာ့ခ်ျရဲ့အိမ်ခန်းမှာ ငှားနေတယ်”ဟု ဂျော့ကနစ်က်ကို ပြောသည်။
“ကျွန်တော်သွားလိုက်မယ်”
အပြင်လမ်းမ၌ ဓာတ်မီးတိုင်၏အလင်းရောင်က သစ်ကိုင်းရိုးတွေကြားမှ ဖြာကျနေသည်။ နစ်က်က ထရော်လီသံလမ်း ဘေးမှ ကပ်လျှောက်လျက်မြောက်ဘက်သို့ တက်သွားပြီး နောက်မီးတိုင်တခုအနီးက လမ်းသွယ်တွင်းသို့ ချိုးချလိုက်သည်။ အတွင်းဘက်သုံးအိမ်မြောက်မှာ ဟာ့ခ်ျ၏ငှားစားသော အိမ်ဖြစ်၏။ နစ်က်က နှစ်ထစ်တက်လိုက်ပြီး လူခေါ် ခေါင်းလောင်းကို နှိပ်လိုက်သည်။ အမျိုးသမီးကြီးတယောက်က တံခါးပေါက်ထိ ထွက်လာသည်။
“အိုးလေးအန်ဒါဆင် ရှိလား”
“သူ့ကိုတွေ့ချင်တာလား”
“ဟုတ်ကဲ့၊ သူရှိနေရင်ပေါ့”
“အင်း၊ ရှိပါတယ်”
နစ်က်က အမျိုးသမီးကြီးနောက်မှလိုက်ကာ လှေကားတထပ်တက်လာပြီး ကော်ရစ်ဒါအဆုံးဒေါင့်ခန်းအထိ လျှောက်ခဲ့သည်။ အမျိုးသမီးက တံခါးကိုခေါက်လိုက်သည်။
“ဘယ်သူလဲ”
“ဒီမှာ တယောက်က ရှင့်ကိုတွေ့ချင်လို့တဲ့ မစ္စတာ အန်ဒါဆင်ရဲ့”ဟု အမျိုးသမီးကြီးကပြောသည်။
“နစ်က် အဲဒမ်စ်ပါခင်ဗျာ”
“ဝင်ခဲ့”
နစ်က်က တံခါးကိုဖွင့်ကာအခန်းတွင်းသို့ဝင်လိုက်သည်။ အိုးလေးအန်ဒါဆင်သည် သူ့အဝတ်အစားအပြည့်အစုံ ဝတ်ထားကာ အိပ်ရာပေါ်တွင်လှဲနေသည်။ သူက ဟဲဗီးဝိတ်လက်ဝှေ့ လောင်းကြေးစားကြေး ထိုးစားသူဖြစ်ပြီး၊ ဤအိပ်ရာအတွက် သူ့အရပ်အမောင်းမှာ ရှည်လွန်းနေသည်။ ခေါင်းအုံးနှစ်လုံးဆင့်ကာ အုံးထားပြီး၊ သူက နစ်က်ကို လှည့်မကြည့်။
“ဘာကိစ္စလဲကွ”ဟု သူကမေးသည်။
“ကျွန်တော်က ဒီညနေ ဟင်နရီစားသောက်ဆိုင်ကို ရောက်နေခဲ့တယ်”ဟု နစ်က်က စပြောသည်။ “တစိမ်းနှစ်ယောက်ရောက်လာပြီးတော့ စဖိုမှူးနဲ့ကျွန်တော်ကို ကြိုးနဲ့တုတ်တယ်။ ပြီးတော့ သူတို့က ခင်ဗျားကို သတ်မလို့လာတာလို့ ပြောတယ်”
သူပြန်ပြောပြသည့်အခါ ကပေါက်တိကပေါက်ချာနိုင်သလိုကြားရသည်။ အိုးလေး အန်ဒါဆင်ကတော့ ဘာမှမပြော။
“သူတို့က ကျွန်တော်တို့ကို မီးဖိုချောင်ထဲမှာ ထည့်ထားတယ်” နစ်က်က ဆက်ပြောသည်။ “ခင်ဗျားညစာလာစားရင် သူတို့က သေနတ်နဲ့ပစ်ဖို့ပဲ”
အိုးလေး အန်ဒါဆင်က နံရံကိုသာကြည့်နေကာ ဘာမှမပြော။
“ဂျော့ကတော့ ကျွန်တော်သွားပြီး ခင်ဗျားကို အသိပေးသင့်တယ်လို့ထင်တယ်”
“ဒီကိစ္စ ငါက ဘာတတ်နိုင်လိမ့်မတုံး”ဟု အိုးလေးအန်ဒါဆင် ပြောသည်။
“သူတို့ဘယ်လိုပုံပန်းသဏ္ဍာန်မျိုးလဲဆိုတာ ကျွန်တော် ပြောရဦးမယ်”
“သူတို့ ဘယ်လိုပုံဖြစ်ဖြစ် ငါမသိချင်ဘူး”ဟု အိုးလေးအန်ဒါဆင်ကပြောသည်။ သူက နံရံကိုကြည့်လိုက်သည်။ “ငါ့ကို အခုလိုလာပြောဖော်ရလို့ ကျေးဇူးတင်တယ်”
“ရပါတယ်”
နစ်က်က ဒီလူကောင်ကြီး အိပ်ရာပေါ်လှဲနေတာကို ကြည့်လိုက်သည်။
“ခင်ဗျားအတွက် ကျွန်တော် ပုလိပ်ကိုသွားတိုင်ပေးရမလား”
“မလုပ်နဲ့”ဟု အိုးလေးအန်ဒါဆင်က ပြောသည်။ “ဘာမှ အကျိုးမထူးဘူး”
“ကျွန်တော် ဘာမှ လုပ်နိုင်တာမရှိဘူးလား”
“မရှိဘူး၊ ဘာမှမရှိတော့ဘူး”
“လာခြောက်တာသက်သက်လဲဖြစ်နိုင်တယ်”
“မဟုတ်ဘူး ခြောက်ရုံသက်သက်မဟုတ်ဘူး”
အိုးလေးအန်ဒါဆင်က နံရံဘက်သို့စောင်းလိုက်သည်။
“တခုပဲရှိတယ်”ဟု သူက နံရံဘက်ကိုလှမ်းပြောနေသည်။ “ဒီနေ့အပြင်ကိုထွက်ဖို့ ငါစိတ်ကို မပါခဲ့ဘူး။ တနေ့လုံးဒီမှာပဲရှိနေတာ”
“ဒီမြို့ကနေထွက်သွားရင်ကော”
“မသွားချင်ပါဘူး”ဟု အိုးလေးအန်ဒါဆင်က ပြောသည်။ “ပတ်ပြေးရတဲ့အလုပ်တွေအကုန်လုပ်ပြီးပြီ”
သူက နံရံကိုကြည့်လိုက်သည်။
“လတ်တလောလုပ်စရာ ဘာမှမရှိဘူး”
“တနည်းတဖုံ ပြင်လို့ဆင်လို့မရနိုင်တော့ဘူးလား”
“မရတော့ဘူး။ ငါမှားခဲ့တာ” သူက အသံကိုအတက်အကျမရှိ ပြောနေသည်။ “ဘာမှ လုပ်နိုင်တာမရှိတော့ဘူး။ သိပ်မကြာခင်မှာ ငါလည်း အပြင်ထွက်ဖို့ စိတ်ပြန်လည်လာမှာပါ”
“ကျွန်တော် ဟိုကိုပြန်ပြီး ဂျော့နဲ့သွားတွေ့လိုက်ဦးမယ်နော်”ဟု နစ်က်က ပြောသည်။
“သွားတော့လေ”ဟု အိုလေးအန်ဒါဆင်က ပြောသည်။ “တကုတကလာခဲ့လို့ကျေးဇူးတင်တယ်”
နစ်က်ကထွက်လာခဲ့သည်။ သူတံခါးပိတ်ပေးတော့ အိုးလေး အန်ဒါဆင်က သူ့အဝတ်အစားအပြည့်နှင့် ဘေးစောင်းအိပ်နေပြီး နံရံကိုကြည့်လျက်ကျန်ခဲ့သည်။
“သူက တနေ့လုံးဘယ်မှ မထွက်ဘူး”ဟု အောက်ထပ်အရောက်တွင် အိမ်ရှင်အမျိုးသမီးကြီးက ဆိုသည်။ “သူ နေသိပ်မကောင်းဘူးထင်ပါရဲ့။ ကျမက မစ္စတာအန်ဒါဆင် အခုလိုရာသီဥတုသာယာတဲ့ ဆောင်းဦးပေါက်နေ့မျိုးမှာ ရှင် လမ်းလေးဘာလေးလျှောက်ဖို့ သင့်တယ် ပြောပါတယ်။ ဒါပေမဲ့ သူစိတ်ပါပုံမရဘူး”
“သူအပြင်ကိုမထွက်ချင်ဘူး”
“သူနေမကောင်းဖြစ်တာ စိတ်မကောင်းပါဘူး”ဟု အမျိုးသမီးကြီးကဆိုသည်။ “သူက အရမ်းကိုသဘောကောင်းတာ။ ကြိုးဝိုင်းထဲမှာ လုပ်စားခဲ့တဲ့သူလေ၊ သိတယ်မဟုတ်လား”
“ကျွန်တော်သိတယ်”
“သူ့မျက်နှာကို သေသေချာချာသာမကြည့်ရင် သိနိုင်မှာမဟုတ်ဘူး”ဟု အမျိုးသမီးက ပြောသည်။ သူတို့သည် အိမ်ထွက်ပေါက်တံခါးအတွင်းဘက်တွင် ရပ်ရင်းစကား ပြောနေခြင်းဖြစ်သည်။ “အင်မတန်မှယဉ်ကျေးသိမ်မွေ့တဲ့သူကိုး”
“ဟုတ်ကဲ့၊ ကဲ ကျွန်တော်လည်း ဒီညတော့နှုတ်ဆက်ခဲ့ပါရစေ၊ မစ္စက် ဟာ့ခ်ျရေ”ဟု နစ်က် ကပြောသည်။
“ကျမ မစ္စက်ဟာ့ခ်ျ မဟုတ်ဘူး။ သူက ဒီအိမ်ပိုင်ရှင်၊ ကျမက သူ့ကိုယ်စား လာစောင့်ရှောက်ပေးနေတာပါ။ ကျမနာမယ် မစ္စက် ဘဲလ်” ဟု အမျိုးသမီးကြီးကရှင်းပြသည်။
“ကောင်းပါပြီ၊ ကဲ ကျွန်တော့်ကိုခွင့်ပြုပါ”ဟု နစ်က်ကပြောသည်။
“ဂွတ်ဒ်နိုက်”ဟု အမျိုးသမီးကြီး ကပြောသည်။
နစ်က်က လမ်းမှောင်မှောင်ကိုလျှောက်ခဲ့ပြီးမှ မီးတိုင်အောက်လမ်းထောင့်သို့ ရောက်သည်။ ထို့နောက် ထရော်လီသံလမ်းတလျှောက် ဆက်လျှောက်ကာ ဟင်နရီစားသောက်ဆိုင်သို့ ပြန်ရောက်သည်။ ဂျော့ က ကောင်တာနောက်၌ စောင့်နေသည်။
“အိုးလေးကိုတွေ့ခဲ့လား”
“တွေ့ခဲ့တယ်”ဟု နစ်ကဖြေသည်။ “သူ့အခန်းထဲမှာပဲ။ ဘယ်ကိုမှထွက်မှာမဟုတ်ဘူး”
နစ်က်၏အသံကိုကြား၍ စဖိုမှူးက မီးဖိုချောင်တံခါးကိုဖွင့်ထွက်လာသည်။
“ကျုပ် လုံးဝကိုမကြားဘူး”ဟု ဆိုကာ တံခါးပိတ်ပြီးပြန်ဝင်သွားသည်။
“အကျိုးအကြောင်း သူ့ကိုပြောခဲ့လား”ဟု ဂျော့ကမေးသည်။
“ပြောတာပေါ့။ ဒါပေမဲ့ သူက အကုန်သဘောပေါက်နေပြီးသား”
“အဲတော့ သူဘာလုပ်မတဲ့လဲ”
“ဘာမှမလုပ်ဘူး”
“သူတို့က လာသတ်ကြအုံးမှာ”
“ကျွန်တော်လည်း ပြန်လာသတ်ကြမယ်ပဲထင်တယ်”
“ချီကာဂိုဘက်မှာ သူ တခုခုဝင်ရှုတ်ခဲ့လို့နေမှာပေါ့”
“ကျွန်တော်လည်း ထင်တယ်”ဟု နစ်က်ကပြောသည်။
“ကြောက်စရာလန့်စရာကြီး”
“အတော့်ကို ရင်ထဲမကောင်းတာ” နစ်က်ကပြောသည်။
ခဏ သူတို့ဘာမှ မပြောကြ။ ဂျော့က ခုံအောက်မှ တဘက်စကို ထုတ်ယူကာ ကောင်တာကိုသုတ်နေလိုက်သည်။
“သူ ဘာတွေမကောင်းတာလုပ်ခဲ့လဲ စဉ်းစားနေတာ” နစ်က်က ပြောသည်။
“တယောက်ယောက်ကို သစ္စာဖောက်ခဲ့လို့နေမှာ။ အဲဒါမျိုးတွေကြောင့်လူတွေအသတ်ခံကြရတာ”
“ကျွန်တော်လည်း ဒီမြို့ကနေထွက်ပြေးတော့မယ်” နစ်က်ကပြောသည်။
“ကောင်းတယ်”ဟု ဂျော့က ပြောသည်။ “အဲဒါလုပ်သင့်တာပဲ”
“တနေ့မှာဒီအဖြစ်ကိုရောက်လာမှာသိနေရဲ့နဲ့ အခန်းထဲကနေ စောင့်နိုင်တဲ့သူမျိုးကို ကျွန်တော်ဖြင့် စဉ်းစားလို့ကိုမရဘူး။ အင်မတန်စုတ်ပဲ့တဲ့ကိစ္စပဲ”
“ကောင်းပြီလေ၊ ဒါဆိုလည်း ဒီကိစ္စကိုမစဉ်းစားတာ ပိုကောင်းတာပေါ့”ဟု ဂျော့က ပြောသည်။
***

စာပေနိုဘယ်ဆုရ အမေရိကန်စာရေးဆရာ အားနက် ဟယ်မင်းဝေး Earnest Hemingway (1899-1961) ၏ ၁၉၂၆ ဝတ္ထုတို The Killers ကိုပြန်ဆိုပါသည်။

ဒေါက်တာကျော်တင့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်