ထွန်းဝင်းငြိမ်း – သူ့စာများကပြောတဲ့ သခင်အုန်းမြင့်

August 27, 2016

 

ထွန်းဝင်းငြိမ်း – သူ့စာများကပြောတဲ့
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ သြဂုတ် ၂၇၊ ၂၀၁၆

လေး ရှည်မှ နိုင်ငံရေးအကျဉ်းသား
စာရေးလျှင် တိုးတက်ရေးအုန်းမြင့်ဟု ကလောင်အမည် ရေးထိုးတတ်သည့် သခင်အုန်းမြင့်ကို ၁၉၉၁ ခုနှစ်လောက်က အင်းစိန် အကျဉ်း ထောင်ထဲတွင် စတင်တွေ့ဖူးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သခင်အုန်းမြင့်အား န၀တစစ်အစိုးရက နိုင်ငံရေးပုဒ်မဖြင့် ထောင် ၅ နှစ်ချကာ အင်းစိန်အကျဉ်းထောင်၏ လေးရှည်ဟုခေါ်သော တိုက်တွင်ထားသည်။ ကျွန်တော်က လေးတိုဟုခေါ်သည့် တိုက်တွင် နေခဲ့ရသည်။

ထိုစဉ်က အင်းစိန်ထောင်၏ တိုက်ဝင်းတွင် တိုက်အမှတ် ၁ မှ ၆ အထိရှိသည်။ ကြိုးတိုက်က သပ်သပ်ရှိသည်။ ၄ တိုက်ကို အခန်း ၁ မှ ၂၀ အထိ လေးရှည်ဟု ခေါ်၍ အခန်း ၂၁ မှ ၃၀ အထိ အခန်း ၁၀ ခန်းကို အကန့်သပ်သပ် ခွဲထားကာ လေးတို ဟုခေါ်သည်။ ထောင်ဝင်စာ တွေ့ရသောရက်များတွင် နိုင်ငံရေး အကျဉ်းသားများသည် တိုက်အသီးသီးမှ ထွက်လာကြကာ အချိန်အနည်းငယ်တွေ့ခွင့်ရကြသည်။ ထောင်ဝင်စာတွေ့ရန် လူစုနေသော အချိန်နှင့် ထောင်ဝင်စာတွေ့သည့်အခန်းသို့ အသွားအပြန်အချိန်များတွင် ပြင်ပအခြေအနေများ၊ တိုက် အချင်းချင်း အနေအထားများကို အပြန်အလှန် သတင်းဖလှယ်ကြသည်။ တဦးချင်း ကျန်းမာရေး၊ လူသစ်ရောက်ရှိမူ၊ အဖွဲ့အသီးသီး၏ လက်ရှိနိုင်ငံရေး သဘောထား စသည် ဖြင့် ခပ်သုတ်သုတ် ပြောဖြစ်ကြသည်။ ထိုအချိန်များတွင် အဘသခင်အုန်ုးမြင့်အား စတင်တွေ့ဖူးခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်ကပင် အဘသခင်အုန်းမြင့်မှာ အသက် ၇၀ ကျော် အဘိုးအိုတဦး ဖြစ်နေလေပြီ။ အရပ်မနိမ့်မမြင့်၊ ခပ်ပိန်ပိန်ပါးပါး၊ တခေါင်းလုံး ဖြူဖွေး နေသော ဆံပင်များကို နောက်သို့ လှန်၍ ဖီးတတ်သည်။ ဘိုင်ဖိုကယ်ထည့်ထားသော ကော်ကိုင်းမျက်မှန်အောက်မှ စူးရှသောမျက်လုံးအစုံက အခြားသူ၏ ရင်တွင်းသို့ ဖောက်တွင်း မြင်နေရသည့်နှယ်။ အဘသခင်အုန်းမြင့်မှာ ပင်ကိုယ်စကားနည်းသည်။ ပြောတာထက် နားထောင်တာ ပိုများသည်။ ပြောလျှင်လည်း တိုတိုရှင်းရှင်းပြောသည်။ အားမနာတတ်။ တုတ်ထိုးအိုးပေါက် ပြောတတ်သည်။ သို့သော် စာနာစိတ်ရှိသည်။ တဖက်သားကို ကူညီ ရိုင်းပင်းဖို့ အသင့်ရှိတတ်သူဖြစ်သည်။

၁၉၉၁ ခုနှစ် နှစ်ကုန်ခါနီးတွင် အဘသခင်အုန်းမြင့်သည် ကျန်းမာရေး အခြေအနေကြောင့် ထောင်တွင်းဆေးရုံတက်ရသည်။ ကျွန်တော်လည်း ၉၁ ခုနှစ် ဒီဇင်ဘာလတွင် တောင်ငူထောင်သို့ ပြောင်းရွှေ့ခံရသည်။ အင်းစိန်ထောင်ထဲတွင် အဘသခင်အုန်းမြင့်နှင့် တွေ့ခဲ့ရသောကာလမှာ အလွန်တိုတောင်းပါသည်။ မြင်ခဲ့ဖူးရုံသာ ရှိပါသည်။ တောင်ငူထောင်သို့ရောက်သောအခါ လေးရှည်ထဲတွင် အဘနှင့် အနီးကပ်နေခဲ့ရသော ရဲဘော်များမှတဆင့် အဘအကြောင်းကို ကြားသိနေခဲ့ရသည်။ ကျွန်တော် တောင်ငူထောင်ရောက်ပြီး ၃ နှစ်နီးပါးကြာသောအခါ အဘလွတ် သွားကြောင်း ကြားရပါသည်။

အဘက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် မဟုတ်သော်လည်း NLD ၏ လူမူထောက်ကူရေး အဖွဲ့တွင် ဒုဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ နိုင်ငံရေးအကျဉ်းသားများအတွက် ကူညီထောက်ပံရေးကို ဆောင်ရွက်သည်။ စစ်အစိုးရ၏ ပြင်းထန်သော ဖိနှိပ်မှုများကြောင့် နိုင်ငံရေး အကျဉ်းသားများ ထောင်ထဲတွင် အလွန်ဆင်းရဲဒုက္ခရောက်ကြရကြောင်း သခင်အုန်းမြင့် အသိဆုံးဖြစ်သည်။ သို့အတွက် ထောင်က ထွက် သောအခါ နိုင်ငံ ရေးအကျဉ်းသားများကို ကူညီနိုင်ရာ ကူညီနိုင်ကြောင်း နည်းလမ်းရှာဖွေ ဆောင်ရွက်သည်။ ဘယ်နိုင်ငံရေးအကျဉ်းသားကို ဘယ်ထောင်မှာ ဘယ်လိုထား၍ ဘယ်ပုံအရေးယူ အပြစ်ပေးထားသည်။ ဘယ်သူတို့ကို နောက်မှု ထပ်ကပ်လိုက်သည်။ ဘယ်အကျဉ်း သားတွေကို ဘယ်ထောင်ရွှေ့လိုက်သည် စသည့်သတင်းများကို အဘသည် လေလှိုင်းက အင်တာဗျူးတွင် ဖွင့်ချနေသည်ကို ကြားနေရသည်။

တကယ်တော့ အဘဦးအုန်းမြင့်သည် ခေတ်အဆက်ဆက်ဖြတ်သန်းလာသော နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ခံစားမူ၊ စာနာမူများဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရှိသောပါတီကြီး၏ ဆောင်ရွက်ရမည့် တာဝန်ကို မျှယူ ကူထမ်းခဲ့ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် နိုင်ငံရေးအကျဉ်းသားများ လူမှုထောက်ကူရေးအဖွဲ့ဟု အဖွဲ့ငယ်တခုဖွဲ့ပြီး နိုင်ငံရေးအကျဉ်းသားတို့၏ လိုအပ်ချက် ၊ ဖိနှပ်ခံရမှုများကို စနစ်တကျ စာရင်းဇယားပြုစုကာ ကမ္ဘာသို့တင်ပြခဲ့ခြင်းဖြစ်သည်။ ထိုစာရင်း ဇယားများသည်ပင်လျှင် နောင်အခါတွင် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအဖွဲ့အတွက် အသုံးဝင်မည့် အချက်အလက်များဖြစ်မည်ဟု ယူဆမိပါသည်။

ထို့နောက် ၁၉၉၆ နိုဝင်ဘာ ကျောင်းသားအရေးအခင်းတွင် အောင်သပြေစစ်ကြောရေးစခန်းမှာ ၃ပတ်ခန့် ထိန်းသိမ်းခံရကြောင်း ကြားရ သည်။ ၁၉၉၈ ခုနှစ် ဇန်န၀ါရီလ၌ တကသ၊ ဗကသ ကျောင်းသားသမိုင်းပြုစုရာတွင် ကူညီခဲ့မူကြောင့် စစ်အစိုးရက ထောင် ၇နှစ် ချခံ ရ ကြောင်း ကြားရပြန်ပါသည်။ တဖက်က နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ရေးကို ဆောင်ရွက်၍ တဖက်တွင် ၀ါရင့်နိုင်ငံရေးသမား ကြီးများ အဖွဲ့၌ ပါဝင်ဆောင်ရွက်ကာ မြန်မာနိုင်ငံရေး အခင်းအကျင်းတွင် စစ်အစိုးရ၏ဖိနှိပ်မှုများကိုအံတုပြီး အရေးပါသည့် သဘောထား၊ ရပ်ခံမှုများ ထုတ်ပြန်ခဲ့သည်ကို အမှတ်ရမိပါသည်။

ကျော်လင်းစာပေ ကျွန်းပြန်ကြီး
အဘနှင့် လူချင်းမတွေ့ခင်ကတည်းက သူ့ကြောင်းကို ကြားခဲ့ရ ဖတ်ခဲ့ရဖူးသည်။
ဂျာနယ်ကျော်မမလေးရေးသော “သူလိုလူ” တွင် ဂျာနယ်ကျော် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ကြောင်း ဖတ်ခဲ့ရသည်။ ထိုအချိန်က ဦးချစ်မောင်မှာ ဂျာနယ်ကျော်တွင် အလုပ်မဆင်းနိုင်သေး။ မြန်မာအလင်းတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူနေချိန်။ ထားဝယ်သွားသည့် အဒမ်မ်ဆင် သဘောင်္ကြီးအနီး ဗုံးပေါက်ကွဲသည့် သတင်းနှင့် ပတ်သက်၍ အင်္ဂလိပ်အစိုးရက ဖြေရှင်းချက်ထည့်ခိုင်းရာ မထည့်ဘဲ အဖြစ်မှန်ကို ဖုံးကွယ်သည့် အလုပ်မလုပ်နိုင်ဟုဆိုကာ အယ်ဒီတာချုပ် အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ထိုအခါမှ ဂျာနယ်ကျော်တွင် အချိန်ပြည့် ဦးစီးဆောင်ရွက် နိုင်ခဲ့သည်။ သခင်အုန်းမြင့်လည်း တိုးတက်ရေး သတင်းစာတွင် ၀င်လုပ်နေရာမှ နောက်ပိုင်းတွင် သူ့ဆရာနှင့်အတူ ဂျာနယ်ကျော်တွင် ဆောင်ရွက်ခဲ့ပုံများကို “သူလိုလူ” တွင်တွေ့ရသည်။

ဆရာကျော်မြင့်လွင် ရေးသည့် “ မြန်မာလူသန်ဇော်ဝိတ်ကြီး” စာအုပ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသများသမဂ္ဂ၏ ပုသိမ်ညီလာခံ သို့ ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း)၊ ကိုဗဟိန်း(သခင်ဗဟိန်း)၊ ကိုလှရွှေတို့နှင့်အတူ ကိုအုန်းမြင့်လေး (ကျော်လင်းစာပေ)လည်း လိုက်ပါခဲ့သည်။ ညီလာခံကျင်းပသည့်ပုသိမ်မှ ဇီးချိုင်ရွာဖက်သို့ အစိုးရစုံထောက်များကို မျက်ခြေဖြတ်ကာ ဦးဇော်ဝိတ်က ကာယဗလပြပြီး ကိုအောင်ဆန်းတို့က တရားပွဲကျင်းပခဲ့ပုံ၊ လျှို့ဝှက်ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြရာတွင် အဘ သခင်အုန်းမြင့် ပါဝင်ခဲ့သည်ကို ဖတ်ခဲ့ရသည်။ သခင်အုန်းမြင့်သည် တိုးတက်ရေးနှင့် မြန်မာ့အလင်းသတင်းစာတို့တွင် သတင်းထောက် လုပ်နေစဉ်က ၃၇လမ်း အလယ်ဘလောက်မှ တိုက်ခန်းတွင် ဆရာဇ၀နနှင့် အခန်းချင်းကပ်လျက်နေရပုံ၊ ဆရာဦးချစ်မောင် အိမ်ထောင်ကျ သွားသည့်အခါတွင် ဆရာဇ၀နအခန်း၌ နေခဲ့ရပုံ၊ သခင်သန်းထွန်း နေ့စဉ်လာတတ်ပုံနှင့် သခင်အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များနှင့်အတူ လက်ပွန်းတနှီး နေခဲ့ကြပုံများကို “ဇ၀န၏ ဇ၀န” တွင်တွေ့ရသည်။

အဘ သခင်အုန်းမြင့်သည် ၁၉၅၁ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ကျော်လင်းစာပေကိုထူထောင်၍ လက်ဝဲနိုင်ငံရေး စာအုပ်အများအပြား ထုတ်ဝေ ခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် ဖဆပလအစိုးရ၏ မျက်မုန်းကျိုးသူများစာရင်းတွင် ပါဝင်ခဲ့သည်။ ဖဆပလထဲမှ တည်မြဲအုပ်စုက ပို၍အငြိုးထား သည်။ ထို့ကြောင့် တည်မြဲအုပ်စုနှင့် ပြေလည်သော ဗိုလ်ချုပ်နေ၀င်းအိမ်စောင့်အစိုးရ တက်သောအခါ မြေပေါ်ရှိလက်ဝဲသမားများကို ဖမ်းဆီး ကာ ကိုကိုးကျွန်းသို့ ပို့ပစ်လေတော့သည်။

၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့စွဲဖြင့်ထုတ်ဝေသော ပြည်ထောင်စုနေ့စဉ်သတင်းစာ၏ မျက်နှာဖုံးသတင်းတွင် “ နံနက် ၄ နာရီ အဖမ်း အဆီးများ၊ ပမညတ၊ ရဲဘော်နှင့် လူငယ့်တပ်ဦးမှ ပါဝင်ကြခြင်း” ခေါင်းစဉ်ဖြင့် “ ဗိုလ်ချုပ်နေ၀င်းအစိုးရသည် အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ၀န်ကြီးချုပ်ဟောင်းဦးနုလက်မှ အာဏာလွှဲပြောင်းယူခဲ့သော်လည်း ပါလီမန်လုပ်ငန်းစဉ်များနှင့် ရင်ဆိုင်ခဲ့ကြသဖြင့် လုပ်ငန်း အရပ်ရပ်ကို ထိရောက်စွာမဆောင်ရွက်နိုင်ဘဲရှိခဲ့ရာမှ ပါလီမန်အစည်းအဝေးကျင်းပပြီးသည်နှင့်တပြိင်နက် ကုန်ဈေးကျဆင်းရေးအတွက် စီးပွားရေး သောင်းကျန်းမူများကို ပြင်းပြင်းထန်ထန် စတင်နှိပ်ကွပ်ခဲ့သည်ကို တွေ့ရကြောင်း၊ ထိုမှတဖန် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်၎နာရီ အချိန်တွင် ငြိမ်ဝပ်ပိပြားရေးအတွက် နိုင်ငံရေးလောက ၊ ကျောင်းသားလောကနှင့် သတင်းစာ လောကမှ ပုဂ္ဂိုလ်အချို့ကို စစ်စုံစမ်းထောက်လှမ်းရေး ဌာန၊ အင်းစိန်စုံထောက်ဌာန၊ အထူးသတင်းထောက်လှမ်းရေးဌာနတို့ ပူးပေါင်းပြီး ဖမ်းဆီးလိုက်သည်ကို တွေ့ရပြန်ကြောင်း၊ ဖမ်းဆီးခြင်း ခံရသူများ မှာ လက်ဝဲကွန်မြူနစ်ဝါဒသမားများဖြစ်သည်ကို တွေ့ရကြောင်း”၊ ဆက်လက်ပြီး “ အဖမ်းခံရသူများ ”ဟု ခေါင်းစဉ်ငယ် အောက်တွင် “စစ် ဘက်ရဲတို့မှ ဖမ်းဆီးလိုက်သောပုဂ္ဂိုလ်များမှာ ပမတညအထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မြသွေး၊ ပမတညသဘာပတိ အဖွဲ့ဝင် ပြည်သူ့ ဒီမိုကရေစီပါတီအတွင်းရေးမှူး သခင်ဘမောင်၊ ပြည်သူ့ရဲဘော်ပါတီအထွေထွေအတွင်းရေးမှူး ဗိုလ်အုံးတင်၊ အလင်းရောက် ရဲဘော်များ ထိန်းသိမ်းရေးအဖွဲ့ဝင် အတွင်းရေးမှူး ဗိုလ်မျိုးမြင့်၊ လမ်းစဉ်အယ်ဒီတာချုပ် ဦးစောလွင်၊ ကျော်လင်းပုံနှိပ်တိုက်ပိုင်ရှင် ဦးအုန်းမြင့်၊ သတင်းစာ ဆရာဟောင်းနှင့် လူငယ့်တပ်ဦး ဥက္ကဋ္ဌဟောင်း ဦးကိုကိုလေး၊ ရှမ်းပြည်နယ်ကျောင်းသားခေါင်းဆောင် ကိုလှမင်း၊ လူငယ်တပ်ဦးမှ ကိုဝင်းထွဋ်၊ လူငယ့်တပ်ဦးအသေခံတပ်မှ ကိုစိန်လှနှင့် ကိုမြင့်အောင်၊ မုတ္တမကုမ္ပဏီအုပ်ချုပ်ရေးမှူး သခင်ဗတင်တို့ဖြစ်ကြောင်း” ဖော်ပြ ထားသည်ကို တွေ့ရသည်။

သခင်အုန်းမြင့်နှင့်အတူ နိုင်ငံရေးသမား အယောက် ၁၀၀ ကျော် ကျွန်းပို့ခံရပုံများကို မြင့်ကျော်ရေးသည့် “ကိုကိုးကျွန်းမှ ဇာတ်လမ်းများ” ၊ ကိုကိုလေး၏ “ဘာလဲဟဲ့ ကိုကိုးကျွန်း” စသည့်စာအုပ်များတွင် ဖတ်ခဲ့ဖူးပါသည်။ မိမိယုံကြည်ရာကို မစွန့်လွှတ်ဘဲ ပြည်မနှင့် ရေမြေ တဆက် တည်း မရှိသော၊ အနီးဆုံးကမ်းခြေနှင့် မိုင်ရာချီဝေးသော ပင်လယ်ထဲမှ ကျွန်းတခုသို့ ပို့ခံရသည့်တိုင် တိုင်းပြည်အတွက်၊ ပြည်သူ လူထု အကျိုးစီးပွားအတွက် ဆက်လက်ရပ်တည်ခဲ့ကြသည့် တိုင်းချစ် ပြည်ချစ်ပုဂ္ဂိုလ်များကို ပြည်သူတရပ်လုံးက မမေ့နိုင်ကြသည်မှာ သဘာဝ ကျပါသည်။ မိမိပါတီ၊ မိမိအဖွဲ့အစည်း၊ မိမိပုဂ္ဂိုလ်ရေးအတွက် အာဏာကို အလွဲသုံးစားပြုကာ အကြမ်းဖက်ဖိနှိပ်ညှင်းပန်းနှိပ်စက်သူများကို သမိုင်းကခွင့်လွှတ်လေ့မရှိဟု မြင်မိပါသည်။ သမိုင်းအတွက် အမှန်တရားဆိုသည်မှာ အာဏာရှိသူတို့ တဖက်သတ်ဝါဒဖြန့်ချီနေမူများအတွက် ရှေ့နေလိုက်ပေးသည့်အရာ မဟုတ်ပေ။ အဖိနှိပ်ခံနေရသော တိုင်းသူပြည်သားများအတွက် စွန့်လွှတ်အနစ်နာခံဝံ့သူများ၏ အကြောင်းအရာ များကိုသာ သမိုင်းကချီးမြှောက်ဂုဏ်ပြုကြပေလိမ့်မည်ဟု ယူဆမိပါသည်။

ဂျာနယ်ကျော်နှင့် ထောင့်အရသာ
အဘသခင်အုံးမြင့်က လက်ပံတန်းဇာတိဖြစ်သည်။ ၁၉၁၈ ခုနှစ် ဧပြီလ ၂၈ရက်တွင် လက်ပံတန်းမြို့ အစိုးရအထက်တန်းကျောင်း၌ တို့ဗမာ အစည်းအရုံးကြွေးကြော်သံစာရွက်များဖြန့်ဝေခြင်းဖြင့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကို စတင်ခဲ့သူဖြစ်သည်။ ဂျာနယ်ကျော် ဦးချစ်မောင် မှာ သူ၏ဆရာဖြစ်သည်။ ၁၉၃၄ ခုနှစ်မတ်လတွင် လက်ပံတန်းမြို့အစိုးရအထက်တန်းကျောင်းမှ ဆယ်တန်းအောင်ခဲ့ရာ ဆေးတက္ကသိုလ်သို့ စာရင်းသွင်းပြီး မတက်ဖြစ်တော့ဘဲ ရန်ကုန်သတင်းစာလောကသို့ ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ သူ၏ ပထမဆုံးသတင်းစာဆောင်းပါးမှာ “မြန်မာ့အလင်း” တွင် ၁၉၃၆ခုနှစ်၌ ဖော်ပြခဲ့သော “မမြန်မမာသော နှေးပျော့များ” ဆောင်းပါးဖြစ်သည်။ ထိုအချိန်က ရေကျော်ရပ် နှင်းပန်း လမ်းတွင် ဂျာနယ်ကျော် ဦးချစ်မောင်နှင့်အတူနေထိုင်ကာ ဆယ့်နှစ်ရာသီပြုံး၊ မြင့်အုန်းကလောင်အမည်များဖြင့် အခန်းဆက်ဝတ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၃၇ ခုနှစ် ဧပြီလ မန္တလေးမြို့တွင် ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း ဦးစီးကျင်းပသည့် ဒုတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား သမဂ္ဂများကွန်ဖရင့်သို့ တက်ရောက်ခဲ့သည်။ ၁၉၃၈ ခုနှစ် ဇွန်လတွင် တိုးတက်ရေးသတင်းစာအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ သည်။ သခင်အမည်စတင်ခံယူခဲ့ပြီး ဦးချစ်မောင်နှင့်အတူု ထုတ်ဝေသူနာမည်ခံ၍ ဂျာနယ်ကျော်ကိုထုတ်ဝေခဲ့ကာ ဂျာနယ်ကျော်တွင် နိုင်ငံရေး သတင်းများ ရေးသားခဲ့သည်။ ၁၉၃၉ ခုနှစ် ဇန်န၀ါရီလတွင် ဆီမီးခွက်ကလောင်အမည်နှင့်ရေးသားခဲ့သော “ ရန်သူများကို ကလဲ့စား ချေကြ လော့” ဆောင်းပါးကြောင့် တိုးတက်ရေးသတင်းစာကို အာမခံငွေ သုံးထောင်ကျပ် တောင်းခံရသည်။ ထိုနှစ်တွင် တို့ဗမာအစည်းအရုံး ဌာနချုပ် အမှုဆောင်အဖြစ် အရွေးခံရသည်။

၁၉၃၉ ခုနှစ်တွင် ဂျာနယ်ကျော်က “ ထောင့်အရသာ” ဆိုသည့် စာအုပ်တအုပ်ထုတ်ဖူးသည်။ သခင်ကိုကိုလေး၊ သခင်စံထွန်းလှ၊ သခင် ဧကြည်၊ သခင်သန်းထွန်း၊ သခင်သင်၊ သခင်မျိုးညွန့် ၊ သခင်လှမောင်တို့၏ ထောင်အတွေ့အကြုံများကို ဖော်ပြထားသည်။ စာအုပ် ရှေ့ ပိုင်းအဖွင့်တွင် ဂျာနယ်ကျော်ဦးချစ်မောင်က အမှာရေး၍ စာအုပ်နောက်ဆုံးတွင် သခင်အုန်းမြင့်က အမှာရေးထည့်ထားသည်။ သခင်အုန်းမြင့် အမှာစာ၌“ရှေ့အဘို့တွင် လူငယ်ပေါင်းမြောက်မြားစွာ ထောင်ထဲသို့သွားကြရမည်ကိုလည်း ကြိုတင်စဉ်းစားမိကာ ထောင် ထဲတွင်ရသင့် ရထိုက်သော အခွင့်အရေးအတွက် တိုက်နည်းခိုက်နည်း၊ ထောင်အစေခံတို့၏ ပရိယာယ်တို့အား တိမ်းနည်းတို့ကို စောစောစီးစီးသိနှင့် ကြားနှင့်မှ ၎င်းတို့ထောင်ကျသောအခါ လက်နက်ကောင်းပါသွားနိုင်မည်ဟု တထစ်ချယုံကြည်မိကာ ရဲဘော်သခင်သန်းထွန်းတို့ လူစုတောင်မှ ထောင်မှ ထွက်လာသည့်အခါ ၎င်းတို့၏ ထောင်မှတ်တမ်းတစောင် ထုတ်ဝေရန် သန္နိဋ္ဌာန်ချလိုက်မိပေ၏” ဟူ၍ ပြင်းပြသော တိုက်ပွဲဝင် စိတ် ဖြင့် အမှာရေးခဲ့သည်ကို တွေ့ရသည်။

၁၉၄၀ ခုနှစ် မတ်လ ၁၂ရက်နေ့တွင် အိန္ဒိယပြည်လုံးဆိုင်ရာအမျိုးသားကွန်ဂရက်ကြီး၏ ဖိတ်ကြားချက်အရ ရမ်းဂါးညီလာခံသို့ တို့ဗမာ အစည်းအရုံးကိုယ်စားလှယ်အဖြစ် သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်တင်မောင်၊ သခင်ဗ၊ သခင် ခင်အောင်၊ သခင် အုန်းဖေ(၀ါးခယ်မ)တို့နှင့် အတူ တက်ရောက်ခဲ့သည်။ ထိုအကြောင်းကို စပယ်ဖြူမဂ္ဂဇင်း (၁၉၉၅၊ ဖေဖော်ဝါရီလ) ထုတ်တွင် “ဗိုလ်ချုပ် အောင်ဆန်းနှင့် အိန္ဒိယအမျိုးသားကွန်ကရက်” ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။ အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင် ပြုလုပ်သော ညီလာခံခရီးစဉ်တွင် ကွန်ကရက်ခေါင်းဆောင်များအဖြစ် ပဏ္ဍစ်နေရူး၊ မဟတ္တမဂန္ဒီကြီးတို့နှင့် တွေ့ခွင့်ရခဲ့သလို အိန္ဒိယနယ်စပ် ကိုင်ဘာတောင်ကြားလမ်းအနီး အုဒ်မန်ဇေဟုခေါ်သော တောင်ပေါ်ရွာကလေးမှ နယ်ခြားဂန္ဒီကြီးဟုခေါ်ကြသည့် ပထန်လူမျိုးခေါင်းဆောင် အဗ္ဗဒူဂူဖါးခန်နှင့်တွေ့ခဲ့ပုံ၊ သခင် အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ အင်တာဗျူးကြပုံများကို သခင်အုန်းမြင့်က ဤသို့မှတ်တမ်းတင်ခဲ့သည်။

“အပြန်လမ်းတလမ်းလုံး နယ်ခြားဂန္ဒီကြီးရဲ့ရှပ်နီတပ်အကြောင်းကို စစ်စစ်ပေါက်ပေါက်မေးကြ၍ မစ္စတာ ဇဖူလာခန်က ခန်အဗ္ဗဒူ ဂူဖားခန်ဟာ အဲ့ဒီ ရွှံ့မံထားတဲ့ အိမ်ထဲမှာပဲနေကြောင်း ၊ အိမ်ထောင်ပရိဘောဂ၊ စားပွဲ၊ ကုလားထိုင်၊ ဘီရိုစသည်ဖြင့် တခမ်းတနား အဆောင်အယောင် ဘာ မှ မရှိ။ သူ့အဖို့ ကိုယ်ပိုင်ပစ္စည်း ပစ္စယ အထူးအထွေမရှိ။ ငွေကြေးလဲမရှိ၊ မက်မောမှုလဲမရှိ၊ အချိန်ကျလျှင် သူ့နောက်လိုက်များက လာပေး တာ စားကြောင်း၊ စားတော့လည်း ထောပတ်၊ ပဲဟင်း၊ ဟင်းသီးဟင်းရွက်၊ ခရမ်းချဉ်သီ်း၊ ဆလပ်ရွက်၊ ဂိုဘီ(ဂျုံကြမ်း ချပါတီလို) အရွယ်အစား (ဗမာမုန့်လေပွေခန့်) အချိုမုန့်များသာ ဖြစ်တဲ့အကြောင်း ၊ အသားလဲ စားတဲ့အကြောင်း ၊ ရိုးရိုးလူများ၊ အမျိုးသားများစားတာ ထက်မပို ကြောင်း၊ ၀တ်ရုံတောင် အပိုတစ်ထည်ပဲရှိကြောင်း၊ (အခန်းနံရံတွင် ချိတ်ထားတာတွေ့ရှိခဲ့ရသည်။) သူ့ရှပ်နီတပ်သားတွေဟာ အချက်ပေး လိုက်တာနဲ့ နာရီပိုင်းအတွင်း သောင်းနဲ့ချီပြီးစုလို့ရကြောင်းတို့ကို ပြောပြသဖြင့် သိရှိရပါသည်။

သခင်အောင်ဆန်းက ကျွန်တော်တို့ တွေ့ခဲ့ရတဲ့၊ တည်းခဲ့ရတဲ့ ကွန်ကရက်ခေါင်းဆောင်တွေရဲ့ အဆင့်အတန်း၊ မြင့်လှတဲ့အနေအထိုင်၊ အစား အသောက်၊ ခမ်းနားလှတဲ့တိုက်ကြီး၊ အိမ်ကြီးတွေနဲ့ ခန်အဗ္ဗဒူဂူဖားခန်ရဲ့ နဂိုဘ၀မမက်ဘဲ ရိုးရိုးစင်းစင်း၊ မထယ်မ၀ါ၊ ဟိတ်ဟန်မကြီးဘဲ သူ့လူ တွေနဲ့ ထူးမခြားနား၊ စည်းစိမ်မယစ်ဘဲ၊ ဒီလိုနေလို့၊ စားလို့၊ သူ့လူတွေ (ရှပ်နီတွေ)က သူကသေဆိုရင် အသေခံကြမှာ မုချဘဲဟု ပြောလည်း ပြော၊ သူ့ဘာသာသူ ခေါင်းတငြိမ့်ငြိမ့်နဲ့ လုပ်နေတာပါပဲ” ဟုရေးသားခဲ့သည်။

မြန်မာ့သမိုင်းတွင် အင်္ဂလိပ်ကိုတော်လှန်ရန် ဂျပန်နှင့်ပေါင်း၍ စစ်ပညာသင်ခဲ့သူများသည် ရဲဘော်သုံးကျိပ်ဟု ထင်ရှားခဲ့သလို ဂျပန်ကို တော် လှန်ရန်အတွက် အင်္ဂလိပ်သို့ စစ်သင်တန်းသွားတက်ခဲ့သော သူများလည်းရှိသည်။ ထိုသူတို့သည်လည်း အယောက် ၃၀ ရှိသည်။ ပြည်တွင်း သို့ လျှို့ဝှက်ပြန်ဝင်လာကာ လေထီးနှင့်ဆင်းခဲ့ကြသဖြင့် ဖက်ဆစ်တော်လှန်ရေးလေထီးသမားများဟုလည်း ခေါ်ဆိုကြသည်။ ထိုအထဲတွင် ပြည် မင်းပြား ၊ ပေါက်တော၊ မြေပုံနယ်ဘက်မှ ခြင်္သေ့အဖွဲ့ဟုအမည်ပေးထားသည့် ဗုံပေါက်သာကျော် ဦးဆောင်သော အဖွဲ့တဖွဲ့ရှိသည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးတပ်များနှင့်တွဲပြီး တာဝန်ထမ်းဆောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။ ဗိုလ်မောင်ကလေး၊ ဗိုလ်စံသာကျော်၊ ဗိုလ်သာ ကျော်တို့ ဦးဆောင်ခဲ့ကြသည်။ ထိုအကြောင်းကို သခင်အုန်းမြင့်က “ ဖက်ဆစ်တော်လှန်ရး လေထီးသမား” အမည်ဖြင့် မိုးဂျာနယ် (၁၉၉၅၊ မေ)တွင် ရေးခဲ့သည်။

ထိုအထဲတွင် ဗိုလ်စံသာကျော်ကဲ့သို့ ဖက်ဆစ်တော်လှန်ရေးပြီးသောအခါ ပြည်သူ့ရဲဘော်ထဲဝင် ၊ ပြီးတော့ တပ်မတော်ထဲရောက် ၊ ၁၉၄၉ ဇွန်လတွင် အစိုးရတပ်ထဲကနေ တောခိုပြီး ၁၉၅၈မှာ ဥပဒေဘောင်ထဲပြန်ရောက်ခဲ့၊ ထို့နောက်ဘယ်နိုင်ငံရေးပါတီမှာမှ မပါဝင်တော့ဘဲ အစိုးရ၀န်ထမ်းဘ၀ဖြင့် ပင်စင်ယူခဲ့သူဖြစ်ပြီး အင်္ဂလိပ်နှင့် ဂျပန်လက်ထက်တွင် အရာရှိခန့်စဉ်မှာလည်း ရာထူးယူခဲ့သူ မဟုတ်ဘဲ တော်လှန်ရေးမှာ ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ၊ တောခိုစဉ်ကအကြောင်းတွေကို ယူကျုံးမရငြီးတွားတာတို့၊ အပြစ်ဖို့တာတို့ လုံးဝမပြောတဲ့သူဖြစ်ကြောင်း တင်ပြခဲ့သည်။ ဆောင်းပါး၏ နောက်ဆုံးအပိုဒ်တွင် နိုင်ငံရေးလောကဓံကို ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ရသည့် ဗိုလ်စံသာကျော်၏ ပြောစကားလေးတစ်ခွန်းဖြင့် အဆုံးသတ်ထားသည်။ “ အခုလို အေးအေးချမ်းချမ်း လိပ်ပြာသန့်သန့်နေရတာ ဘယ်လောက်ကောင်းသလဲဗျာ” ဟုဆိုသည်။

နိုင်ငံရေးလောကဓံကို ကြံ့ကြံ့ခိုင်နိုင်ခြင်းမှာ ဗိုလ်စံသာကျော်၏ ရိုးသားမှု၊ နှိမ့်ချမှု၊ ရောင့်ရဲမှုများနှင့် သာမန်ပြည်သူလူထုဘ၀၌သာ တဆက် တည်းနေထိုင်နိုင်ခဲ့မူများက သူ့အတွက် အေးအေးချမ်းချမ်းနှင့် လိပ်ပြာသန့်သန့် နေနိုင်စေခဲ့ခြင်းဖြစ်မည်ဟု တွေးထင်မိပါသည်။ အဘက ထိုသို့ စံပြုထိုက်သော တော်လှန်ရေးသမား၊ နိုင်ငံရေးသမားကြီးများ အကြောင်းကို တခုတ်တရရေးလေ့ရှိသည်။

သခင်ဗစိန်၊ သခင်လေးမောင်၊ သခင်သိန်းမောင်ကြီးတို့ အကြောင်းကို ရေးထားသော “ကျောင်းသားနှင့်တို့ဗမာ” ပန်မဂ္ဂဇင်း (၁၉၈၇၊ အောက် တိုဘာလ)။ ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်း၏ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်အပြီးတွင် ကျောင်းသားများ အားပြန်ဖြည့်ပြီး ရှေ့နှစ်တွင် ဥက္ကဋ္ဌဆောင်ရွက်ရာ၌ အောင်ဆန်းသော်လည်းကောင်း ပြုတ်ရမည်၊ အလုပ်သော်လည်းကောင်း အောင်ရမည်ဟု ပြောဆိုမှုကို ဖော်ပြခဲ့သည့် “လွန်ခဲ့သောနှစ်ငါးဆယ်က သတင်း၊ ကိုအောင်ဆန်းရဲ့ ကြုံးဝါးသံ” စံပယ်ဖြူ (၁၉၈၈၊ မတ်)။ ၁၃၀၀ပြည့် အရေးတော်ပုံအပြီးမှာ လွတ်လပ်ရေးကို တောင်းယူလို့မရ၊ လက်နက်ကိုင်တိုက်ယူမှ ရတော့မည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ တပ်ပေါင်းစုကြီးဖွဲ့စည်းပြီး တော်လှန်မှ ဖြစ်မယ်လို့ သုံးသပ်ဆုံးဖြတ်ပြီး ကွန်မြူနစ်ပါတီကို လျှို့ဝှက်ဖွဲ့စည်းကာ သခင်အောင်ဆန်း အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက် လှုပ်ရှားခဲ့ကြပုံများကို “မြေအောက်တော်လှန်ရေးအစ သခင်အောင်ဆန်းက” ဆိုပြီး စံပယ်ဖြူ (၁၉၈၈၊ မေ) တွင် ရေးသားခဲ့သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းတည်းဖြတ်သော ဗိုလ်ချုပ်အောင်ဆန်းအထုပ္ပတ္တိစာအုပ်တွင် သခင်အုန်းမြင့်က ဗိုလ်ချုပ်ကျဆုံးစဉ်က ခံစားမှု များကို သူနှင့်အတူ ဖြတ်သန်းခဲ့သော ဗိုလ်ချုပ်၏ ပုံရိပ်များနှင့် တွဲဆက်ဖော်ပြထားပုံမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ “တိမ်ဖုံးသော လပမာ” ဟု အမည်ပေးထားသည့် ထိုဆောင်းပါးအစတွင် သခင်အုန်းမြင့်အကြောင်းကို ယခုလို ညွှန်းသည်။ “`ဤဆောင်းပါးရှင် ဦးအုန်းမြင့်မှာ ကွယ်လွန် သူ ဗိုလ်ချုပ်အောင်ဆန်း၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်သည်။ ဦးအုန်းမြင့်နှင့် သခင်တင်ဦးတို့မှာ သခင်ဘ၀ကပင် ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီကလေးက ကျင်းပခဲ့သော သတင်းစာဆရာများ အစည်းအဝေးတွင် ဦးအောင်ဆန်းက သခင်အုန်းမြင့်အား နှုတ်ဆက်ရင်း “ ကျုပ် အကြောင်း ကျုပ်တို့ နှစ်ယောက်သာ ကောင်းကောင်းသိတယ်” ဟုပြောဆိုခဲ့ဖူးသည်။

ကျွန်တော်ထောင်က လွတ်လာပြီး (၂၀၀၁၊ မတ် ၂၉) နောက်ပိုင်း ကိုမိုးဝင်းနှင့် အစ်မ မဒုံတို့ လိုက်ပို့သဖြင့် အဘသခင်အုန်းမြင့်ဆီ ရောက်ဖြစ် ပါသည်။ အဘနှင့် မကြာခဏ ခရီးအတူ သွားဖြစ်သည်။ အဘလည်း အမေလူထုဒေါ်အမာမွေးနေ့တိုင်း မန္တလေးသို့ သွား၍ ဆရာဒဂုန်တာရာ ၏ မွေးနေ့တိုင်း အောင်ပန်းမြို့သို့ ရောက်သည်။ အချို့သောနှစ်များတွင် ကျွန်တော်က မရောက်နိုင်ခဲ့သော်လည်း အဘကတော့ ရောက်ဖြစ် အောင်သွားသည်။ အမေလူထုဒေါ်အမာ ကွယ်လွန်စဉ်ကလည်း ကားငှား၍ မန္တလေးသို့သွားရန် ဦးစွာဆော်သြသူမှာ အဘပင်ဖြစ်သည်။ ကျွန် တော်တို့က “ အဘကျန်းမာရေး အခြေ အနေက ခရီးထွက်လို့ အဆင်ပြေပါ့မလား” ဆိုပြီး မေးဖြစ်တော့ “ လမ်းမှာပဲ သေသေဗျာ၊ သွားဖြစ် အောင်သာ မြန်မြန် စီစဉ်ကြစမ်းပါ ” ဟု ဆိုသည်။ အဘသခင်အုန်းမြင့်သည် လူထုဒေါ်အမာကို သူ့စာများတွင်လည်း ၁၃၀၀ပြည့် အရေးတော် ပုံမှ သပိတ်မှောက်ကျောင်းသူအဖြစ်၊ သတင်းစာ ဆရာမကြီးအဖြစ်၊ စာရေးဆရာမကြီးအဖြစ် အလွန်လေးစားသည်။ လူထု သတင်းစာကို အောင်မြင်အောင် ထုတ်ဝေနိုင်ခဲ့သော လူထုဦးလှနှင့် ဒေါ်အမာကို သတင်းစာပညာတွင်သာမက နိုင်ငံရေး၊ လူမှုရေးအရပါ အထူးလေးစား သည်ကို တွေ့ရသည်။ ဆရာလူထုဦးလှအတွက် အမှတ်တရ ထုတ်ဝေခဲ့သော “လူထုချစ်သမျှ လူထုဦးလှ” စာအုပ်တွင် သခင်အုန်းမြင့်က “ကိုလှကို ခင်မင်သတိရလို့” ခေါင်းစဉ်ဖြင့်ရေးခဲ့သော ဆောင်းပါး၌ ဤသို့ တွေ့ရသည်။

၁၉၃၄ လောက်ကတည်းက လူထုဦးလှနှင့် ခင်မင်ရင်းနှီးခဲ့ပုံ ၊ ထိုစဉ်ကလူထုဦးလှ၏ လူငယ်များကြီးပွားရေးအသင်းတွင် ကြီးပွားရေးမဂ္ဂဇင်း ထုတ်ဝေခဲ့ပုံ၊ ဦးလှနှင့်အပေါင်းအသင်းများ၏ ကျေးလက်တောရွာပြုပြင်ရေးအကြောင်း ၊ ဦးလှ၊ ကိုဆောင်း၊ ကိုဘကြင်၊ ကိုခင်မောင်၊ ကိုဇင် (နှောင်တွင် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌဖြစ်လာသူ သခင်ဇင်) တို့နှင့် ဇာတ်သဘင်ကို ည၀က်သာကသည့် စနစ်အသုံးပြုဖို့ တီထွင် ဆောင် ရွက်ခဲ့ပုံ၊ လူထုဦးလှက ကောလိပ်ကျောင်းသူ မအမာထံ ရန်ကုန်မြိ့မှ မန္တလေးမြို့သို့ တနေ့လျှင် ရည်းစားစာ ၂ စောင်ထည့်၍ သမာဓိပိုး ပိုးပုံ များကို အလွန်ခင်မင်ရင်းနှီးစွာ ရေးထားသည်ကို တွေ့ရသည်။ လူထုဦးလှ၏ ကြီးပွားရေးမဂ္ဂဇင်းသည်လည်း ၁၃၀၀ပြည့်အရေးတော်ပုံ ပေါ်ပေါက်လာပြီးနောက်တွင် ပြုပြင်ရေးအဆင့်မှ ကျောင်းသားထုအရေး၊ လွတ်လပ်ရေးတိုက်ပွဲဝင် ဆောင်းပါးများ စတင်ပါဝင်လာကြောင်း ရေးသည်။ ဦးလှသည် ဒေါ်အမာနှင့် အကြောင်းပါ၍ မန္တလေးသို့ လိုက်ပါနေထိုင်ကာ လူထုသတင်းစာထုတ်ဝေခဲ့သည်။ ၁၉၅၀ ခုနှစ်လောက် က လူထုသတင်းစာ၏ ငြိမ်းချမ်းရေးလုပ်ငန်းများအပေါ်အလေးထားဆောင်ရွက်ပုံကို သခင်အုန်းမြင့်က ယခုလိုရေးခဲ့သည်။

“၁၉၅၀ ခုနှစ်ပိုင်းမှာ အနုမြူဗုံးဆန့်ကျင်တားဆီးရေး၊ ကမ္ဘာငြိမ်းချမ်းရေးလုပ်ငန်းကို ကျောင်းသားလူငယ်၊ အလုပ်သမား၊ စာပေသမား၊ ပန်းချီ ပန်းပုအနုပညာရှင်များ လူတန်းစားအလွှာ အသီးသီးမှပုဂ္ဂိုလ်များစုပေါင်းဆော်သြလှုံ့ဆော်ဆောင်ရွက်ကြပါတယ်။ မန္တလေးအခြေခံပြီး အထက် ဗမာပြည်ဘက်မှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးတရပ် ပေါ်ထွန်းလာတော့တာပါပဲ။ ၁၉၅၁ ခုနှစ်ပိုင်းမှာ လူထုသတင်းစာက ထူးထူးခြားခြား ငြိမ်းချမ်းရေးအာဘော်ကို အထူးပြုအားပေးလှုံ့ဆော်ရေးသားပေးတဲ့ အတွက် တပြည်လုံး ငြိမ်းချမ်းရေးဖြစ်ပြီး ပြည်သူလူထုက အထူးလေးစား ဖတ်ရှုအားပေးတဲ့ ထိပ်တန်းသတင်းစာကြီးတစောင်အဖြစ်ထင်ရှားလာပါတယ်။” ဟုတွေ့ရသည်။

လူထုဦးလှရေးသားခဲ့သော တိုင်းရင်းသားပုံပြင်များသည်လည်း တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို အထောက်အကူပြုနိုင်ဖို့ ရည်ရွယ် ရေးသားခဲ့တာဖြစ်ကြောင်း တင်ပြခဲ့ပါသေးသည်။ ထိုဆောင်းပါး၏ နောက်ဆုံးအပိုဒ်တွင် လူထုဦးလှကိုအကြောင်းပြု၍ ညီညွတ်ရေး၊ ငြိမ်းချမ်း ရေး တည်ဆောက်ရာတွင် ၀ိုင်းဝန်းပါဝင်ကြရန် နှိုးဆော်ထားပုံမှာ –

“ကိုလှ အလွန်လိုလားတောင့်တ ဆန္ဒပြင်းပြလှတဲ့ တိုင်းရင်းသားပေါင်းစုံ မြန်မာတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ကျွန်တော်တို့ ၀ိုင်းဝန်း ကြိုးပမ်းအားထုတ်ပြီး ကိုလှ အစဉ်တစိုက် မျှော်မှန်းတောင့်တ ကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းတည်ဆောက်ရာမှာ ကိုယ်တိုင် တတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်ကြပါစို့” ဟုရေးသားထားပါကြောင်း တင်ပြရင်းနိဂုံးချုပ် လိုက်ရပါသည်။

ထွန်းဝင်းငြိမ်း
(၈၊ ၁၀၊ ၂၀၁၃)
True News Journal ၁၂၊ ၁၀၊ ၂၀၁၃ နေ့ထုတ်မှ

စာကိုး
၁။ ထောင့်အရသာ ဂျာနယ်ကျော်တိုက်ထုတ် ၊ ၁၉၃၉
၂။ ကိုလှကိုခင်မင်သတိရလို့ လူထုချစ်သမျှလူထုဦးလှ လူထုစာအုပ်တိုက်၊ ၁၉၈၄
၃။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အိန္ဒိယအမျိုးသားကွန်ကရက် စံပယ်ဖြူမဂ္ဂဇင်း၊ ၁၉၉၅၊ ဖေဖော်ဝါရီ
၎။ ဖက်ဆစ်တော်လှန်ရေးသမား ဗိုလ်စံသာကျော် မိုးဂျာနယ်၊ ၁၉၉၅၊ မေ
၅။ တိမ်ဖုံးသော လပမာ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ၊ ၁၉၄၈
၆။ မြေအောက်တော်လှန်ရေးအစ သခင်အောင်ဆန်းက စံပယ်ဖြူ၊ ၁၉၈၈၊မေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ထွန်းဝင်းငြိမ်း, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်