သာထက်အောင် ● ပျင်းတယ်ဆိုတာ မွေးရာပါရောဂါမဟုတ်ပါ

August 29, 2016

 

သာထက်အောင် ● ပျင်းတယ်ဆိုတာ မွေးရာပါရောဂါမဟုတ်ပါ
(မိုးမခ) သြဂုတ် ၂၉၊ ၂၀၁၆

တိုင်းပြည်နဲ့ လူမျိုး တကယ်ကြီးပွားတိုးတက်ချင်တယ်၊ ဆင်းရဲတွင်းက လွတ်ချင်တယ်ဆိုရင် ခေတ်ဟောင်းစနစ်ဟောင်းက လွဲမှားစွာ ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ ပညာရေးစနစ်တွေကို ရဲရဲကြီး ပြင်ရပါလိမ့်မယ်။ ထို့အတူပဲ ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်နေတဲ့၊ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ အကျင့်ဆိုး၊ စရိုက်ဆိုးတွေကိုလည်း ပြတ်ပြတ်သားသား ဖယ်ရှားရပါလိမ့်မယ်။ ကနေ့အထိ ရွှေမြန်မာတွေ ပျော်ပျော်ကြီး လုပ်နေတဲ့ တွေ့တဲ့နေရာ အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ၊ လူပုံအလယ် ဆေးလိပ်တို အားရပါးရကြီး သောက်နေတာ၊ ကားကို ရပ်ချင်သလိုရပ်နေကြတာ စတဲ့ စည်းမရှိ၊ ကမ်းမရှိ ဖြစ်နေတာ တွေအပြင် စိတ်ပျက်ဖို့ကောင်းတဲ့ အကျင့်ဆိုးတခုကတော့ “အချိန်မလေးစားခြင်း”ပါပဲ။ မမှားဘူးထင်လို့ ထပ်ရေးပါရစေ။ ရွှေမြန်မာအတော်များများ အချိန်ရဲ့ တန်ဖိုးမသိသလို အချိန်ကို လေးစားရကောင်းမှန်း မသိကြ ပါဘူး။

ရွှေပြည်ကြီးဟာ ဟိုတုန်းက တံခါးအလုံပိတ်ခေတ်မဟုတ်တော့တာမို့ ရွှေမြန်မာတွေ ပြည်ပခရီး ကဒီးကဒီး ထွက်နေကြပါပြီ။ ဘန်ကောက်၊ စင်ကာပူလောက်ကတော့ အိမ်ဦးနဲ့ ကြမ်းပြင် သြစတြေးလျက ဆစ်ဒနီ ကိုလည်း အဆိုတော်တွေ၊ အငြိမ့်တွေ၊ စာပေဟောပြောပွဲတွေ ကျင်းပကြပြီး ရွှေပြည်ကြီးက နာမည်ကြီး တွေလာကြပါတယ်။ ဒါ့အပြင် ၈လေးလုံး အမှတ်တရတို့၊ ဦးဝင်းတင်အောက်မေ့ဖွယ်နေ့တို့၊ ဒေါ်စုမွေးနေ့တို့ စသဖြင့် အခါအားလျော်စွာ ကျင်းပလေ့ရှိပါတယ်။ ဘာအခမ်းအနား၊ ဘယ်ပွဲပဲကျင်းပ၊ ကျင်းပ ရွှေမြန်မာပွဲတွေ မှာ ဘယ်တော့မှ ကြေညာထားတဲ့အချိန် မစဖြစ်ပါဘူး။ တနာရီလောက် နောက်ကျတယ်ဆိုတာ ပုံမှန်ပါ။ တခါတလေ ၆ နာရီစမယ်ပြောပြီး ၇ နာရီထိုးတာတောင် တုတ်တုတ်မှ မလှုပ်သေးတဲ့ ပွဲတွေလည်း ရှိပါတယ်။ အဲဒီ အခါမျိုးမှာ “မြန်မာစံတော်ချိန်လေ ဟဲ-ဟဲ” ဆိုတဲ့ ရယ်စပါ၊ ငိုစရာလား မသိတတ်နိုင်တဲ့ အသံမျိုးတွေ ထွက်လာတတ်ပါတယ်။

ပွဲတွေ၊ လမ်းတွေ၊ အခမ်းအနားတွေမှ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ချင်း အချိန်းအချက် လုပ်ကြ ရင်လည်း အချိန်ကိုလေးစားသောအားဖြင့် ကွက်တိ ရောက်လာတဲ့သူက နည်းပါတယ်။ အချိန်မီရောက်မလာနိုင် တဲ့ အကြောင်းတစုံတရာရှိခဲ့ရင် (လမ်းပိတ်လို့၊ ကားပျက်လို့) ကာယကံရှင်ကို ဖုန်းဆက်ပြီး တောင်းပန် အကြောင်းကြားရမယ့် ၀တ္တရားကိုလည်း နားလည်ကြပုံမပေါ်ပါဘူး။ ခုနေခါ လူမှန်ရင် မိုဘိုင်းဖုန်းတလုံးတော့ ကိုယ်စီရှိကြတာမို့ ဆက်သွယ်ရတာ အခက်အခဲမရှိတော့ပါဘူး။ ရှိတဲ့အခက်အခဲက “လူကြီးလူကောင်းကျင့်ဝတ်” ဆိုတာကို နားမလည်တာပါ။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆစ်ဒနီကို အငြိမ့်ပွဲတခုလာပါတယ်။ ဦးဝင်းတင်အမှတ်တရလို့ ခေါင်းစဉ် တပ်ထားလို့ ပွဲမစခင် ဟောဖို့ပြောဖို့ ကျွန်တော့်ကိုဖိတ်ပါတယ်။ ပွဲမစခင် နာရီဝက်နီးပါး ကျွန်တော်ကြိုရောက်ပါ တယ်။ ကြည့်လိုက်တော့ ပရိသတ်က ကျီးနဲ့ဖုတ်ဖုတ်ပဲ ရှိပါသေးတယ်။ ပွဲတကယ်စတော့ ည ၇နာရီကျော်နေ ပါပြီ။ ရွှေပွဲလာပရိသတ်က ကျွန်တော်ဟောတာကို နားထောင်ဖို့ လာတာမဟုတ်သလို ဦးဝင်းတင်ကိုလည်း သိပ် စိတ်ဝင်စားကြတာမဟုတ်ပါဘူး။ သူတို့ကြည့်ချင်တာက အငြိမ့်၊ လူရွှင်တော် ပြက်လုံး။ အလိုက်သိစွာပဲ ၁၀ မိနစ် လောက်ဟောပြီး ဆင်းခဲ့ပါတယ်။ နောက်တော့ ကျင်းပရေးအဖွဲ့ဥက္ကဋ္ဌတို့ ဘာတို့ရဲ့ လေရှည်ပေများနေတာတွေ? လူရွှင်တော်များက နဂါးနီသီချင်းဆိုလိုက်၊ တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်… ဗိုလ်အောင်ဆန်းတို့ အာဇာနည် တွေရယ်××× ဘာ-ညာ စတဲ့ သီချင်းတွေ ဆိုပြလိုက်နဲ့…အငြိမ့်ခင်းထွက်တော့ ည ၁၀ နာရီထိုးနေပါပြီ။ ပွဲကြည့် ပရိသတ်တချို့လည်း နောက်နေ့အလုပ်ဆင်းရမယ့်သူတွေက လစ်ကုန်ပြီ။ ကျွန်တော်လည်း ညဥ့်သိပ်နက်ရင် ရထားမရှိတော့မှာမို့ နှစ်ပေါင်းများစွာ မကြည့်ဖြစ်ခဲ့ရတဲ့ အငြိမ့်ကို ကြည့်ချင်လျက်နဲ့ နှုတ်ဆက်ထွက်ခွာခဲ့ရပါ တယ်။

ရွှေမြန်မာတွေ အချိန်မလေးစားတာ မွေးရာပါဗီဇကြောင့်လား၊ ပတ်ဝန်းကျင်ကြောင့်လား၊ စနစ်ကြောင့် လား၊ ခေတ်ကြောင့်လား။ အိပ်မပျော်တဲ့ ညများမှာ ကျွန်တော်စဉ်းစားကြည့်ဖူးပါတယ်။ ကျွန်တော် ဉာဏ် မီသလောက် သုံးသပ်ရရင်တော့ သမိုင်းကြောင်းနဲ့ ချီရလိမ့်မယ် ထင်ပါတယ်။

ကျွန်တော်တို့ရွှေပြည်ကြီးဟာ စိုက်ပျိုးရေးကို အခြေခံပြီး လူဦးရေရဲ့ ၇၀% လောက်က တောင်သူ လယ်သမားများသာဖြစ်ပြီး ကျန်တဲ့ အသက်မွေးမှုဖြစ်တဲ့ ကုန်သည်၊ ဈေးသည်၊ ခေါင်းရွက်ဗျပ်ထိုး၊ အစိုးရ ၀န်ထမ်းနဲ့ ကြုံရာကျပန်း အလုပ်သမားများပဲ ဖြစ်ကြပါတယ်။ ဆိုလိုတာက စက်မှုမဖွံ့ဖြိုးတော့ စက်ရုံ၊ အလုပ်ရုံရယ်လို့ ပြစရာများများစားစား မရှိဘူး။ စက်ရုံမရှိတော့ စက်ရုံလုပ်သား၊ ကုန်ထုတ်လုပ်သားရယ်လို့ လည်း များများစားစားမရှိဘူး။

ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာက စက်မှုဖွံ့ဖြိုးတိုးတယ်။ လူဦးရေအတော်များများဟာ စက်ရုံတွေမှာပဲ ကာယလုပ်သား၊ ဉာဏလုပ်သားအဖြစ်နဲ့ အသက်မွေးကြရတယ်။ စက်ရုံတွေရဲ့ ထုံးစံ၊ အလုပ်သမားတွေရဲ့ လုပ်ခကို တနာရီဘယ်လောက်ဆိုတာနဲ့ တွက်ချက်ပြီးရှင်းပေးတယ်။

ဥပမာဆိုပါတော့။ ဆစ်ဒနီမှာ စက်ရုံ အလုပ်သမားတယောက်ဟာ တနေ့ကို ၈ နာရီအလုပ်လုပ်ရတယ်။ တပတ် ၅ ရက် (တနင်္လာနေ့ ကနေ သောကြာနေ့ အထိ) နာရီ ၄၀၊ ထမင်းစားချိန် နာရီဝက်ကို အလုပ်က ကျခံမပေးတဲ့ အတွက် ၅ ရက်စာ ၂ နာရီခွဲနှုတ်၊ လက်ဖက်ရည်ချိန် ၁၅ မိနစ်ကိုတော့ ကုမ္ပဏီက ကျခံပေးပါတယ်။ ဆိုလိုတာက အချိန်ပြည့် အလုပ်သမားတယောက် တပတ်လုပ်ရင် ၃၇ နာရီခွဲဖိုးရပါတယ်။ တနာရီ ၁၀ ဒေါ်လာပေးတဲ့ စက်ရုံဆိုရင် တပတ်လုပ်ရင် ၃၇၅ ဒေါ်လာပါ။ တနာရီ ၂၀ ရရင် တပတ် ဒေါ်လာ ၇၅၀၊ အခွန်နှုတ်၊ ပိုတာတပတ်တခါ ကိုယ့်ဘဏ်စာရင်းထဲ ငွေဝင်လာပါလိမ့်မယ်။

မနက် ၇ နာရီစ၊ ညနေ ၃ နာရီပြီးတဲ့အလုပ်မှာ ၇ နာရီထိုးပြီးလို့ ၅ မိနစ်မှ ရောက်လာရင် ၁၅ မိနစ်ဖိုးဖြတ်ပါတယ်။ ၁၅မိနစ်ကျော် နောက်ကျရင် နာရီဝက်ဖိုးဖြတ်ပြီး၊ နာရီဝက် ကျော်ရင်တော့ တနာရီဖိုးဖြတ်ပါတယ်။ အလုပ်အ၀င်တံခါးဝမှာ ကိုယ့် ID ကို စက်ကလေးထဲ ထိုးလိုက်တာနဲ့ ကိုယ်ဘယ်အချိန်အလုပ်ရောက်တယ်ဆိုတာ လစာပေးဌာန Pay Roll Office ကသိပြီးသားပါ။ ကားပျက်လို့ လမ်းယာဉ်ကြော ပိတ်နေလို့၊ ရထားပျောက်သွားလို့၊ ကလေးဆေးခန်းပို့နေရလို့ စတဲ့ ဘာဆင်ခြေကိုမှ သူတို့လက်ခံလိမ့်မည် မဟုတ်။ အလုပ်စတဲ့အချိန်အမီရောက်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားဖို့က ကိုယ့်တာဝန်။

အဲ…ပိုက်ဆံဖြတ် ချင်ဖြတ်ပါစေ၊ နောက်ကျချင်တိုင်း ခဏခဏ ကျလို့ကတော့ မကြာခင် WARNING ဆိုတာကြီး လာပါလိမ့်မယ်။ ဆိုပါတော့ လူ ၅ ယောက်နဲ့ လုပ်ရတဲ့ အလုပ်မှာ ကိုယ်တနာရီနောက်ကျတဲ့အတွက် လူ ၄ယောက်နဲ့ လုပ်ရပြီ ဆို လုပ်ငန်းမှာ မတွင်မကျယ်အခက်အခဲတွေ တွေ့ရတဲ့အတွက် ဘယ်အလုပ်ရှင်ကမှ မကြိုက်ပါဘူး။ ဒါကြောင့် အချိန်ကို မလေးစားချင်လို့ မရတော့ပါဘူး။

စက်ရုံတွေက တပတ်တခါ ပိုက်ဆံရှင်းပြီး ဟိုတယ်တွေကတော့ နှစ်ပတ် တခါ ပေးပါတယ်။ လုပ်အားခကိုနာရီနဲ့တွက်ပြီး ပေးတဲ့အတွက်ကြောင့် နာရီတိုင်း၊ မိနစ်တိုင်းဟာ ပိုက်ဆံနဲ့ ပတ်သက်နေပါတယ်။ ကနေ့ကိစ္စရှိလို့ဆိုတဲ့ တလကုန်မှ တခါရှင်းတဲ့ ၀န်ထမ်းတွေကျ လုပ်လည်း ဒီလောက် မလုပ်လည်း ဒီလောက်။ ကြိုးစားတဲ့သူလည်း ဒီလခ၊ အီယောင်ဝါးလည်း ဒီလခ ဆိုတော့။ ကြာတော့ ရုံးတွေမှာ ၀တ်ကြေ၀တ်ကုန် မလုပ် မရှုပ်မပြုတ်ဆိုတဲ့ လူတန်းစားတွေ ပေါ်လာတော့တာပါပဲ။

ရေးနေရင်းနဲ့ မှတ်မိတာလေးတခု ရေးပြပါရစေ။ ရန်ကုန်မြို့လယ် ခြောက်ထပ်ရုံးက အခြေခံပညာ ဦးစီးဌာနကရုံးတခုမှာ ကျွန်တော့်အသိ ကဗျာဆရာ နှစ်ယောက်ရယ်၊ ပန်းချီဆရာ တယောက်ရယ် အလုပ်လုပ် ကြပါတယ်။ ခြောက်ထပ်ရုံးဘက်ရောက်ဖြစ်ခဲ့ရင် ကျွန်တော်သူတို့ဆီ ၀င်လေ့ရှိပါတယ်။ ဘယ်တော့မှ ၃ယောက် စုံစုံညီညီတွေ့ရတယ်မရှိပါဘူး။ ပန်းချီဆရာရှိရင် ကဗျာဆရာ နှစ်ယောက်က လက်ဖက်ရည်ဆိုင်မှာပါ။ ကဗျာဆရာ တယောက်ထိုင်နေရင် ကျန်တဲ့ပန်းချီဆရာနဲ့ ကဗျာဆရာက ဘယ်ရောက်နေမှန်း မသိပါဘူး။ ရုံးက လာချင်တဲ့ အချိန်လာလို့သလို ပြန်ချင်တဲ့အချိန် ပြန်လို့လည်း ရပါတယ်။

န၀တခေတ်တုန်းက ကျွန်တော့် အသိ ရုံးဝန်ထမ်း အမျိုးသမီးတယောက်ဆိုရင် သိမ်ကြီးဈေး D ရုံမှာရှိတဲ့ သူ့မိဘအထည်ဆိုင်မှာ တချိန်လုံး ဈေးရောင်းနေတာပါ။ လခကိုတော့ ထုတ်ရက်မှာ သူ့တပည့်လေးတယောက်က လာပို့ပေးပါတယ်။ မဆလခေတ်က ဆောက်လုပ်ရေးဝန်ကြီးဌာန တိုင်းဆောက် (၁၁) က SAE တယောက်ဆိုရင် ငွေစက္ကူအထပ် လိုက်ကိုင်ပြီး ရန်ကုန်မြို့တခွင် ပြဲပြဲစင်အောင် ကျနော့်ကားငှားပြီး နေချင်သလိုနေခဲ့တာပါ။ ဒီလိုနိုင်ငံမျိုး ကျဆုံးသွားတယ်ဆိုတာ တကယ်တော့ မဆန်းပါဘူး။ နိုင်ငံခြားမှာတော့ အလုပ်ကို မရိုသေချင်လို့ မရပါဘူး။

အာရှသားချင်းအတူတူ ကနေ့ဖွံ့ဖြိုး ချမ်းသာနေတဲ့ ဂျပန်ကို ကြည့်ပါ။ သူတို့အလုပ်လုပ်တာမြင်ရင်… “အို့ဟိုး…ဒါကြောင့်ကိုး” လို့ သဘောပေါက်သွားပါလိမ့်မယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က ဆစ်ဒနီရောက်စ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဂျပန်ဟိုတယ်ကြီးတခုရဲ့ မီးဖိုချောင်မှာ အလုပ်လုပ်ဖူးပါတယ်။ ခိုင်းသမျှလုပ်ရတဲ့ ဘ၀ ဆိုတော့ အားရတယ်မရှိပါဘူး။ ရွှေပြည်ကြီးမှာ စာလေးမဖြစ်စလောက်ရေးလိုက်၊ လက်ဖက်ရည်ဆိုင်ထိုင် လေမုန်တိုင်းတိုက်လိုက်၊ ညနေ အရက်ဆိုင်ထိုင် လေကန်လိုက်လုပ်နေတဲ့ကောင်၊ ဂျပန်တွေနဲ့ ပြိုင်အလုပ်လုပ် ရတော့ ဘာပြောကောင်းမလဲ ထွက်ပြေးချင်စိတ်တောင် ပေါက်ပါတယ်။ တနေ့တော့ လုပ်ဖော်ကိုင်ဖက် ဂျပန် လေးတယောက်က ဒို့ထမင်းစားပြန်တက်ရင် Meeting(အစည်းအဝေး) ရှိတယ်လို့ လာပြောပါတယ်။ ကျွန်တော် တော်တော်ဝမ်းသာသွားပါတယ်။ နားရချည်သေးပေါ့။ အစည်းအဝေးဆိုတော့ ကိုယ်မျက်စိထဲ မြင်ဖူးတာက ကျွန်းကုလားထိုင်ကြီးပေါ် မိန့်မိန့်ကြီးထိုင်၊ ရှေ့မှာ ဓာတ်ဘူးနဲ့ ဖန်ရေချိုင့်နဲ့ သဘာပတိမိန့်ခွန်းနဲ့ မကြာပါဘူးဗျာ။ ၂-၃ နာရီ။ ခုလည်း ဘာပြောပြော အစည်းအဝေးဆိုမှတော့ နာရီဝက် ၄၅ မိနစ်တော့ နားရမှာပဲ လို့ ထင်နေတာ။ ထမင်းစားပြီးပြန်တက်ကြတော့ စုဝေးတဲ့ အလုပ်သမားတွေရှေ့ လူကြီးဆိုသူကြီး ရောက်လာပါ တယ်။ ဂျပန်ထုံးစံ အပြန်အလှန် ဦးညွတ်ခါးကိုင်း သူပြောချင်တာတွေပြောပြီး ဟိုက်၊ ဟိုက်နဲ့ ဦးညွတ်ခါးကိုင်း၊ လက်ခုပ်သုံးချက်တီးပြီး အစည်းအဝေးကြီး ပြီးဆုံးသွားပါတယ်။ လွန်ရော ၅ မိနစ်ထက် ပိုကြာမထင်ပါဘူး။ အဲဒါသာလျှင် ဂျပန်ဖြစ်တော့သည်လို့ ပြောရမယ်ထင်ပါရဲ့။

ပြီးခဲ့တဲ့နှစ် ဧပြီလထဲ မိသားစု ဂျပန်အလည်သွားတော့ တိုကျို၊ ကျိုတို၊ ဟီရိုရှိးမားဆိုတဲ့ မြို့တွေ ရောက် ခဲ့ပါသေးတယ်။ သူတို့ရဲ့ ကျည်ဆန် ရထားဆိုတာကြီး အချိန်တိကျပုံကလည်း လက်ဖျားခါလောက်ပါတယ်။ အလုပ်၊ အချိန်၊ လုပ်အားခဆိုတာတွေဟာ တခုနဲ့ တခုဆက်စပ်နေပြီး မိသားစုဘ၀မှာရော တိုင်းပြည်ရဲ့ ကြီးပွားရာကြီးပွားကြောင်းမှာ သိပ်အရေးပါပါတယ်။ ကျွန်တော်စက်ရုံမှာ လုပ်စဉ်က တချို့ရာသီ တချို့ရက်တွေမှာ အလုပ်ပါးလို့ရှိရင် အလုပ်ကြီးကြပ် Supervisor က အလုပ်သမားတွေကို ဘယ်သူပြန်ချင်လဲ၊ ပြန်ချင်ပြန်လို့ ရတယ်ဆိုပြီး မေးလေ့ရှိပါတယ်။ သဘောကတော့ လုပ်အားခကို ချွေတာချင်တဲ့သဘောပါပဲ။ တနာရီ ဘယ် လောက်ဆိုတဲ့ နာရီနဲ့ ရတဲ့အလုပ်သမားတွေကိုတော့ ပြန်ရင် ပိုက်ဆံမရမှာစိုးတော့ ဘယ်သူမှပြန်မယ်မပြော ပါဘူး။ အကယ်လို့ နာရီစားမဟုတ်ဘဲ လခစားဆိုရင်တော့ အားလုံးထပြန်ကြမယ့်သူချည်းပဲပေါ့။ ဒါကြောင့် စနေ၊ တနင်္ဂနွေရက်မျိုး အချိန်ပို Overtime ခေါ်ရင် နှစ်ဆ ရမှာမို့ ပင်ပန်းတဲ့ကြားကပဲ မျက်တွင်းဟောက်ပက်နဲ့ အလုပ်ဆင်း တယ်ဆိုတာ မက်လောက်တဲ့ လုပ်အားခကြောင့်ပါ မပျင်းရဲကြပါဘူး။

လူတယောက်အလုပ်ကို လေးစားတယ်၊ မလေးစားဘူး။ အချိန်ကို ရိုသေတယ်၊ မရိုသေဘူးဆိုတာ တနာရီ လုပ်အားခနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ နိုင်ငံတကာ စံနှုန်းမဟုတ်တောင် အာဆီယံနှုန်းလောက် လုပ်ခရရင်တောင် မြန်မာတွေ ပျော်ပျော်ကြီး ကြိုးစားကြမှာပါ။ ခုကတော့ တရက်လုပ်ခက ပြည်တွင်းထွက် ဒူးရင်းသီးတလုံးဖိုးတောင်မရှိတော့ ပျင်းတယ်၊ အချိန်မလေးစားဘူးပြောလည်း ခံရရုံလွဲလို့ ဘယ်သူကဘာများ တတ်နိုင်မှာလဲ။

ခုဒီစာရေးနေရင်းမှာပဲ သတင်းတပုဒ်ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ မင်္ဂလာဒုံစက်မှုဇုန်နယ်မြေ မှာရှိတဲ့ ထိုင်ဝမ်တရုတ်ပိုင် Tah Shin အထည်ချုပ်စက်ရုံက အလုပ်သမား ၁,၈၀၀ လောက် ဆန္ဒပြပါသတဲ့။ ဆန္ဒြုပရတဲ့ အကြောင်းက အလုပ်ချိန်၊ မနက် ၇ နာရီစ၊ ည ၇ နာရီပြီးရမှာကို နာရီဝက် အလုပ်ချိန်တိုးပြီး ၇နာရီခွဲအထိ ခိုင်းပါသတဲ့။ နာရီဝက်ပိုလုပ်ရပေမယ့် လုပ်ခကျ တိုးမပေးလို့ ဆန္ဒပြကြတာပါ။ ကြားလို့မှ ကောင်းကြသေးရဲ့လားဗျာ။ ဒါ ၂၁ ရာစုပါ။ ၁၈ ရာစုခေတ်က ငွေဝယ်ကျွန်တွေလို မတရားခိုင်းပြီး လုပ်အားကို ခေါင်းပုံဖြတ်နေတာ သိသိကြီးနဲ့ ခေတ်အဆက်ဆက် ဘယ်အစိုးရမှ တာဝန်ယူဖြေရှင်းမပေးနိုင်ခဲ့ကြပါဘူး။ နောက်ပြီး လုပ်အားခတရက်ကို မြန်မာကျပ်ငွေ ၃၆၀၀ ကျပ်၊ လုပ်ချိန် ၁၂ နာရီ၊ တနာရီကျပ်ငွေ ၃၀၀ ဆိုတာ တကယ်တော့ လက်ဖက်ရည်တခွက်ဖိုးပဲ ရှိပါတယ်။ တနေကုန် ၁၂ နာရီလုံးလုံး ပြဲနေအောင် လုပ်လို့ရတဲ့ လုပ်အားခက (လမ်းစရိတ်၊ မုန့်ဖိုး မနှုတ်နဲ့ဦး) ဒန်ပေါက်တပွဲသာသာဖိုးပဲ ရှိပါတယ်။ ကြက်သား ၃၀ သား ဖိုး လောက်ရတဲ့ ပိုက်ဆံကို (လမ်းခရီးမှာကြာတဲ့အချိန်ကပါ) ၁၂ နာရီအချိန်ပေးပြီး လုပ်မှရတယ်ဆိုတာ ကမ္ဘာမှာ ဘယ်မှာမှရှိတော့မယ်မထင်ပါဘူး။ အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ ကုန်လုပ်ဆက်ဆံရေးပါ။

ဒီလိုပင်ပန်းကြီးစွာလုပ်မှရတဲ့ အသပြာလေးအနည်းငယ်နဲ့ မိသားစုဝမ်းမ၀ခါးမလှတဲ့အခါ ဖြစ်ချင်ရာဖြစ် ဆိုပြီး ပြည်ပသွား ကျွန်ခံကြတာ၊ ခုဆို အရွယ်ကောင်း မြန်မာနိုင်ငံသား ၄.၅ သန်းလောက် ပြည်ပနေရာက်နေပါပြီ။ ကာတွန်းဆရာတယောက် ရေးသလို ရတဲ့လခလေး ဟိုဟာဆပ်၊ ဒီဟာပေးနဲ့ နောက်ဆုံး ငွေစက္ကူစည်း ထားတဲ့ သားရေပင်လေးပဲ လက်ထဲမှာ ကျန်တော့တယ်ဆိုတာ လက်ရှိ ရွှေပြည်ကြီးက အခြေခံလူတန်းစားတွေ ရဲ့ ဘ၀သရုပ်အမှန်ပါ။

ဒီဘ၀က လွတ်အောင် ဘယ်သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များမှလည်း ကယ်တင်နိုင်မယ့်ပုံ မပေါ်သေးပါဘူး။ ။

သာထက်အောင်
သြဂုတ် ၂၃၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သာထက်အောင်, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်