ညိုထက်ညို ● အလကားကျော်စွာ

September 15, 2016

● အလကားကျော်စွာ
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၆

တနေ့က ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးနှင့် ဒါရိုက်တာ စင်ရော်မောင်မောင်တို့ ပြဿနာတက်ကြသောသတင်းကို ကျွန်တော် ဖတ်လိုက်ရပါသည်။

ထိုသတင်းကိုပင် အင်တာနက်တနေရာတွင် မိတ်ဆွေတယောက်က ‘ဖွေးဖွေးနဲ့ အလင်္ကာကျော်စွာနဲ့’ ဟူသော ခေါင်းစဉ်ငယ် ဖြင့် ဖြန့်ဝေထားပါသည်။ ထိုအခါကျမှ ကျွန်တော် မျက်လုံးမျက်ဆံပြူးသွားပြီး အင်တာနက်ပေါ်တွင် သိလိုသော သတင်း အချက်အလက်ကို ကပျာကယာ လိုက်ရှာရပါသည်။

ကျွန်တော်သိလိုသောသတင်းကို အခန့်သင့်ပဲ တွေ့ပါသည်။

၂၀၀၆ ခုနှစ် လွတ်လပ်ရေးနေ့တွင် ဒါရိုက်တာ စင်ရော်မောင်မောင်၊ တေးရေး ဟင်္သာတမြင့်ငွေနှင့် ဒါရိုက်တာ ပန်းချီစိုးမိုး တို့အား နိုင်ငံတော်သမ္မတဦးသိန်းစိန်က ‘အလင်္ကာကျော်စွာ’ ဘွဲ့ ချီးမြှင့်လိုက်သည်တဲ့…။ ထို့ကြောင့် ဤဆောင်းပါးကို ကျွန် တော် ရေးရပါသည်။
……………………………………………   ………………………………………    ……………………………………………

အလင်္ကာကျော်စွာ ဘွဲ့၏မြစ်ဖျားခံရာကို ပြန်လည်ခြေရာခံကြည့်တော့ ၁၉၅၀ ခုနှစ် ဖြစ်နေပါသည်။ ထိုစဉ်က လွတ်လပ်ရေး ရပြီးကာစ ဖဆပလအစိုးရ လက်ထက်ဖြစ်ရာ ၁၉၅၀ ခုနှစ် လွတ်လပ်ရေးနေ့မှအစပြု၍ သက်ဆိုင် ရာနယ်ပယ်အသီးသီးတွင် ထူးချွန်သောနိုင်ငံသားများအား ထူးချွန်သလို အသိအမှတ်ပြုရေးအတွက် ဘွဲ့ထူးဂုဏ်ထူးများတီထွင်၍ စတင် ချီးမြှင့်ခဲ့ပါ သည်။ ထိုသို့ချီးမြှင့်ရာတွင် ထူးချွန်သူဝန်ထမ်းများအတွက် စည်သူ၊ သရေစည်သူ၊ မဟာသရေစည်သူ စသည်ဖြင့်လည်း ကောင်း၊ ပညာရှင်များအပါအဝင် အခြားထူးချွန် ဂုဏ်သရေရှိသူများအတွက် ‘ဝဏ္ဏကျော်ထင်’ ဘွဲ့ကိုလည်းကောင်း၊ စာပေ အနုပညာနယ်ပယ်တွင် ထူးချွန်ပေါက်မြောက်သူများအတွက် ‘အလင်္ကာကျော်စွာ’ ဘွဲ့ကိုလည်းကောင်း စတင် ချီးမြှင့်ခဲ့ပါ သည်။ ထိုအခါ ၁၉၅၀ခုနှစ် လွတ်လပ်ရေးနေ့တွင် အလင်္ကာကျော်စွာဘွဲ့ကို ပထမဆုံးအနေဖြင့် ဦးဦးဖျားဖျား ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ချီးမြှင့်လိုက်ပါသည်။ ထို့နောက် ဆုချီးမြှင့်ခံရသော ဆရာကြီး၏ဂုဏ်ဒြပ်နှင့်လျော်ညီစွာ ‘အလင်္ကာ ကျော်စွာ’ ဘွဲ့ကို တခေတ်တယောက် ထွန်းပေါက်သောပုဂ္ဂိုလ်များကိုသာချီးမြှင့်ရန်နှင့် ပေးရာတွင်လည်း နှစ်ပေါင်းများစွာကြာ မှသာ တယောက်တလေပေးရန် မူအားဖြင့် သဘောတူခဲ့ကြပါသည်။

သို့သော် နောက်ပိုင်းတွင်မူ ‘အလင်္ကာကျော်စွာ’ ဘွဲ့ကိုချီးမြှင့်ရန်အတွက် သတ်မှတ်ချက်ကို မူလရည်မှန်းချက်အတိုင်း ကြပ် ကြပ်တည်းတည်းမထားတော့ဘဲ စာပေအနုပညာအတွက်သာမက အခြားသောအနုပညာ နယ်ပယ်အသီးသီးမှ ထူးချွန်သူ အနုပညာသည်များကိုပါ ချီးမြှင့်ပါတော့သည်။ မူလက ‘တခေတ်တယောက်’ ဆို အပ်သောပုဂ္ဂိုလ်များကိုသာ ရည်ရွယ်ထား ရာမှ တခေတ်တယောက်မဟုတ်သော်လည်း အနုပညာနယ်ပယ်အသီးသီးတွင် ထူးချွန်ပြောင်မြောက်သူများကိုပါ ထပ် ဆောင်းချီးမြှင့်ပါသည်။ ထိုအခါ စာပေအပြင် အခြားအနုပညာနယ်ပယ်အသီးသီးမှ ထူးချွန်သူများပါ ‘အလင်္ကာကျော်စွာ’ ဘွဲ့ ရကြပါသည်။  ထိုမှတဆင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းအပြင် အခြားအလင်္ကာကျော်စွာဘွဲ့ရသူများအကြောင်းကို ကျွန် တော်လက်လှမ်းမီသလောက် အင်တာနက်တွင် ရှာဖွေမိပါသည်။

ကျွန်တော် ထပ်မံတွေ့ရှိရသည်မှာ အလင်္ကာကျော်စွာ မြို့မငြိမ်းဟူ၍ ဖြစ်ပါသည်။ ထို့နောက် အလင်္ကာကျော်စွာ ဦးဘဂျမ်း (ကာတွန်းဦးဘဂျမ်း) ဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ရွှေပြည်အေးဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ဒေါ်စောမြ အေးကြည် (အဆိုတော် ဒေါ်စောမြအေးကြည်) ဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာစောင်းဦးဘသန်းဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ဦးဟန်ပ (ဆိုင်းဆရာရွာစားကြီးစိန်ဗေဒါနှင့်ခေတ်ပြိုင်ကျော်ကြားခဲ့သော ဆိုင်းဆရာဦးဟန်ပ) ဟူ၍ ဖြစ်ပါသည်။ အလင်္ကာ ကျော်စွာ ဒဂုန်ဆရာတင် (တေးရေး ဒဂုန်ဆရာတင်) ဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ဦးဘမောင် (ဆိုင်း ဦးဘမောင်) ဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ဦးသုခ (စာရေး ဆရာ၊ ဒါရိုက်တာ ဦးသုခ) ဟူ၍ ဖြစ်ပါသည်။ ထို့ပြင် အခြား အလင်္ကာကျော်စွာ ဘွဲ့ ရသူများလည်း ကျန်ရှိဦးမည် ဖြစ်ပါသည်။

အထက်တွင် ကျွန်တော်ဖော်ပြထားသော အလင်္ကာကျော်စွာ ဘွဲ့ရသူများစာရင်းကိုကြည့်လိုက်ရုံနှင့် ဆရာကြီး သခင်ကိုယ် တော်မှိုင်းကဲ့သို့အလုံးစုံသောဂုဏ်တို့နှင့် ပြည့်စုံခြင်းမရှိသော်လည်း သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် အခေါင်အထွတ် ဟုဆိုရမည့် အနုပညာသည်များဖြစ်သည်ကို စာဖတ်သူတို့ အလွယ်တကူတွေ့မြင်နိုင်ပါသည်။ ဂီတစာဆိုမြို့မငြိမ်း၏ဂုဏ်ဒြပ်တို့ကိုလည်းကောင်း ကာတွန်းဦးဘဂျမ်း၏ တခေတ်တယောက်ဆိုရ မလောက်ပြောင်မြောက်ခဲ့သော ကာတွန်းများအကြောင်း ကိုလည်းကောင်း ကျွန်တော်က အကျယ်ဝိတ္တာရ ချဲ့စရာမလိုတော့ဘဲ စာဖတ်သူများ သိရှိကြပြီး ဖြစ်ပါသည်။

သို့သော် ဤမျှအကျော်ဒေးယျ ထိုထိုပုဂ္ဂိုလ်တို့ကိုချီးမြှင့်ခဲ့သော ‘အလင်္ကာကျော်စွာ’ ဘွဲ့၏ ဂုဏ်ဒြပ် ကျက်သရေတို့သည် ယခု ၂၀၁၆ ခုနှစ် လွတ်လပ်ရေးနေ့တွင် စင်ရော်မောင်မောင်နှင့် ဟင်္သာတမြင့်ငွေတို့ကို ချီးမြှင့်လိုက်ရာမှ တသက်လုံးမွေးလာ ခဲ့သောကြက်ကို တစ်ချက်တည်းနှင့် ရိုက်ချက်စားလိုက်သည့်ပမာ ပျက်စီးသွားခဲ့ပါတော့သည်။

ဤနေရာတွင် ရုပ်ရှင်ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် တေးရေးဟင်္သာတ မြင့်ငွေတို့၏ အုပ်ချုပ်သူ စစ်အစိုးရအကြိုက် ဝါဒ ဖြန့်ဇာတ်ကားများ၊ တေးသီချင်းများကို ရိုက်ကူးခဲ့ကြရေးစပ်ခဲ့ကြ ပြည်သူတွေကို မှိုင်းတိုက်ခဲ့ကြသည့်အကြောင်းကို စာဖတ် သူတို့ သိပြီးဖြစ်ပါသည်။ သို့သော် ထို့အတွက်ကြောင့် သက်သက် ‘အလင်္ကာကျော်စွာ’ ဘွဲ့နှင့် မထိုက်တန်ဟု ကျွန်တော် စွပ်စွဲလိုခြင်း မရှိပါ (အမှန်တော့ အလင်္ကာကျော်စွာ ဘွဲ့ရသည့်သူမှန်သမျှ အာဏာရှင်အစိုးရနှင့် ကင်းရှင်းသင့်လှသည်)။ သို့သော် ‘အလင်္ကာကျော်စွာ’ ဘွဲ့ချီးမြှင့်ရလောက်အောင် မည်သည့်အနုပညာ စွမ်းဆောင်မှုများ ထူးထူးချွန်ချွန်ဆောင်ရွက်ခဲ့ပါသနည်းဟူသော မေးခွန်းကိုတော့ ကျေလည်အောင် ဖြေဆိုရပါမည်။

ဒါရိုက်တာ စင်ရော်မောင်မောင်သည် ဒါရိုက်တာ ဦးသုခကဲ့သို့ ပြောင်မြောက်သောအနုပညာလက်ရာ ရုပ်ရှင်ကားများကို ဖန် တီးခဲ့ပါသလောဟူသော မေးခွန်း ပေါ်လာပါသည်။

တေးရေးဟင်္သာတမြင့်ငွေသည် ဂီတစာဆို မြို့မငြိမ်း၏ဆယ်ပုံတစ်ပုံမျှ ဂီတအားဖြင့်သော်လည်းကောင်း စာသားအားဖြင့် သော်လည်းကောင်း အရည်အသွေးရှိသော တေးသီချင်းတို့ကို ရေးစပ်ခဲ့ပါသလောဟူသော မေးခွန်းပေါ်လာပါသည်။

အဖြေကိုတော့ စာဖတ်သူများ သိကြပြီး ဖြစ်ပါသည်။

ထို့ပြင် ဤနေရာတွင် နောက်ထပ်တင်ပြစရာရှိသည်မှာ လွတ်လပ်ရေးနေ့တိုင်းတွင် ချီးမြှင့်နေကြဖြစ်သော ထိုထို ဤဤ ဘွဲ့ ထူးဂုဏ်ထူးများသည် မဖြစ်မနေ ချီးကိုချီးမြှင့်ရမည့် ဘွဲ့ထူးများမဟုတ်ပါ။ သင့်လျော်သူရှိပါက ချီးမြှင့် ရန်ဖြစ်ပြီး သင့်လျော် သူမရှိပါက မချီးမြှင့်ဘဲနေရန်သာ ဖြစ်ပါသည်။

နောက်တခု တင်ပြလိုသည်မှာ ထိုဆုများကိုချီးမြှင့်သော ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏တာဝန်ရှိမှု ဖြစ်ပါသည်။ ကျွန်တော်နားလည်သလောက် ဆုချီးမြှင့်သင့်သောပုဂ္ဂိုလ်များကို အောက်ခြေအဖွဲ့အစည်းများက စိစစ်ရွေးချယ်၍ နိုင်ငံတော် သမ္မတထံ တင်ပြရပါသည်။ နိုင်ငံတော်သမ္မတက တဖန် သင့်မသင့်လျော်မလျော် ကြည့်ရှု၍ အတည်ပြုဆုံးဖြတ်ရခြင်း ဖြစ်ပါသည်။ သို့သော် အားလုံးသိကြပြီးသည့်အတိုင်း ဦးသိန်းစိန်တွင် သင့် မသင့် လျော်မလျော် စဉ်းစားဆုံးဖြတ် နိုင်စွမ်း လည်းမရှိ၊ အဂတိတရားလိုက်စားပြီး တင်ပြလာသည့် အလင်္ကာကျော်စွာဘွဲ့အတွက် အလောင်းအလျာများဖြစ်ကြသော စင်ရော်မောင်မောင်နှင့် ဟင်္သာတမြင့်ငွေအား သမ္မတ၏ အခွင့်အာဏာနှင့် ပယ်ချရဲသောသတ္တိလည်း မရှိ၊ သူ့ကိုယ်နှိုက်က လည်း အဂတိတရားမကင်းစင်လေရာ စင်ရော်မောင်မောင်နှင့် ဟင်္သာတမြင့်ငွေတို့မှာ ‘အလင်္ကာကျော်စွာ’ ဘွဲ့ ရသွားကြပါ တော့သည်။

စင်စစ် ဦးသိန်းစိန်မှာ စာဖတ်သူတို့ ကြားဖူးကြမည်ဖြစ်သော တေးရေးကိုလေးလွင်ရေးသည့် သီချင်း ခေါင်းစဉ် ပမာပကာသန အစိုးရအဖွဲ့ကိုဦးစီးသော ပကာသနဇာတ်ပျက်သမားတယောက်မျှသာ ဖြစ်နေပါသည်။ ပကာသနဆန်ဆန် အပေါ်ယံရှပ်ရှပ် အလုပ်များကိုသာ လုပ်နိုင်စွမ်းရှိသူဖြစ်၍ စစ်အစိုးရကို မိမိပုဂ္ဂလိက အကျိုးစီးပွားအတွက် အစွမ်းကုန်အကျိုးပြုခဲ့ကြသည့် ‘စင်ရော်မောင်မောင်’ နှင့် ‘ဟင်္သာတမြင့်ငွေ’ တို့အား သူ သမ္မတ အဖြစ် အာဏာရှိနေဆဲဖြစ်သော နောက်ဆုံးအခိုက်အတန့်တွင် ပကာသနနောက်လိုက်၍ ဘွဲ့ထူး ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ထိုသို့ချီးမြှင့်လိုက်ခြင်းကား ရှေးအထက်ကျော်ကာရီက ‘အလင်္ကာကျော်စွာ’ ဘွဲ့ကို ရခဲ့ကြသော ပညာ ရှင်ကြီးများ၏မျက်နှာအား အိုးမည်းသုတ်လိုက်ခြင်းပင် ဖြစ်ပါသည်။ သို့သော် ဆုမှာ ချီးမြှင့်ခဲ့ပြီး ဖြစ်ရာ ယခုကျမှ ပြန်လည် ရုပ်သိမ်းရန်မှာလည်း ခဲယဉ်းခဲ့ပြီ ဖြစ်ပါသည်။

သို့သော် ထိုသို့ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းခဲ့ရသော ‘အလင်္ကာကျော်စွာ’ ဘွဲ့၏ ဂုဏ်အသရေကို ပြန်လည် အဖတ်ဆည်နိုင် မည့် နည်းတနည်းတော့ရှိပါသည်။ ထိုနည်းမှာ နောင်အခါတွင် မိမိ၏စစ်မှန်သော အရည်အချင်း ကြောင့် ဘွဲ့ချီးမြှင့်ခံရမည့် ရုပ်ရှင်ဒါရိုက်တာ တယောက်ယောက်ကသော်လည်းကောင်း၊ ဂီတစာဆို တယောက် ယောက်ကသော်လည်းကောင်း အလင်္ကာကျော်စွာဘွဲ့ကို လက်ခံခြင်းမပြုဘဲ မထိုက်တန်သောသူများကို ချီးမြှင့်ခဲ့ဖူးခြင်းရှိသောကြောင့် လက်ခံခြင်းမပြုလိုပါဟု ငြင်းပယ်လိုက်သည့်နည်း ဖြစ်ပါသည်။

သို့သော် ထိုသို့ငြင်းပယ်ရဲသည့် ပညာရှင်တယောက်ယောက် ပေါ်မည်မပေါ်မည်ကို ကျွန်တော် အမှန် မပြောနိုင် ပါ။ သို့သော် ထိုသို့မငြင်းပယ်သမျှကာလပတ်လုံးလည်း ‘အလင်္ကာကျော်စွာ’ ဘွဲ့၏ဂုဏ်သရေမှာ ညှိုးနွမ်းနေမည် ဖြစ်ပါသည်။ ဥပမာ အားဖြင့် ယခုကာလတွင်သာ စာဖတ်သူ တို့သည် စင်ရော်မောင်မောင် နှင့် ဟင်္သာတမြင့်ငွေ တို့အလင်္ကာကျော်စွာဘွဲ့နှင့်မထိုက်တန်မှန်းသိကြသော်လည်း နောင် နှစ်ပေါင်းငါးဆယ် တစ်ရာအကြာတွင်မူ နောင်လာနောက်သားများက မှတ်တမ်းများ ကိုသာဖတ်ရှု၍ စင်ရော်မောင်မောင်နှင့် ဟင်္သာတမြင့်ငွေတို့အား အလင်္ကာကျော်စွာဘွဲ့နှင့် ထိုက်တန်သူများသဖွယ် ထင်မိ မှားလိမ့်ကြမည် ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ယခု ကျွန်တော်တို့ပရိသတ်များပြုလုပ်နိုင်သော နည်းတနည်းတော့ ကျန်ရှိနေပါသေးသည်။ ဤနေ ရာတွင် နာမည်ကျော်ကာတွန်းဇာတ်ကောင် သမိန်ပေါသွပ်၏ဖန်တီးရှင် ယခုကွယ်လွန်ခဲ့ပြီဖြစ်သော ကာတွန်း မောင်ဝဏ္ဏကို စာဖတ် သူများ မှတ်မိကြမည် ထင်ပါသည်။ သမိန်ပေါသွပ်နှင့် တွဲဖက်၊ မောင်ဝဏ္ဏ၏အခြား ဇာတ်ကောင်တကောင်ဖြစ်သော အာ တာလွတ်မြို့စားကြီး၏သူရဲကောင်း ‘အလကားကျော်စွာ’ ကိုလည်း စာဖတ်သူများ မှတ်မိကြမည်ထင်ပါသည်။

စင်စစ် ‘အလကားကျော်စွာ’ ဟူသည် ‘အလင်္ကာကျော်စွာ’ ဟူသော စကားလုံးအား လှလှပပပုံဖျက်၍ ဖန်တီးလိုက်သော အပြောင်အပြက်စကားလုံး ဖြစ်ပါသည်။ အဓိပ္ပါယ်မှာလည်း ထိမိလှပါသည်။

ထို့ကြောင့် ‘အလင်္ကာကျော်စွာ’ အစား ‘အလကားကျော်စွာ’ ဟုပြောင်းလဲ၍ စင်ရော်မောင်မောင်နှင့် ဟင်္သာတ မြင့်ငွေတို့အား ခေါ်ဝေါ်လိုပါက ခေါ်ဝေါ်ကြရန် ဖြစ်ပါသည်။

စင်ရော်မောင်မောင်ကော ဟင်္သာတမြင့်ငွေပါ ‘အလကားကျော်စွာ’ ဟူသောဘွဲ့အမည်နှင့်တော့ ထိုက်တန်လိမ့်မည်ဟု ကျွန် တော် ယူဆမိပါသတည်း။ ။

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ညိုထက်ညို ● အလကားကျော်စွာ

  1. Yoeyar Myay on September 16, 2016 at 2:16 pm

    ကောင်းတယ်ဗျာမတန်မရာကို ပေးသူကပေးတယ် ယူရဲသူတို့ကလည်းယူ(…………)ရှက်မရှိဘူး

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်