မင်းခိုင် ● အိုင်စတိုင်း၏ အလင်းပုံပြင် (သို့မဟုတ်) အမှုန်နှင့် လှိုင်းတို့၏ ဆုံချက် (မိုးမခ လောကဓာတ်ခန်း)

September 15, 2016

မင်းခိုင် ● အိုင်စတိုင်း၏ အလင်းပုံပြင် (သို့မဟုတ်) အမှုန်နှင့် လှိုင်းတို့၏ ဆုံချက် (မိုးမခ လောကဓာတ်ခန်း)
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၆

 

လွန်ခဲ့တဲ့ အနှစ် ၃၀၀ ကျော်လောက်တုန်းက အလင်းဆိုတာ အမှုန်၊ အလင်းဆိုတာ လှိုင်းဆိုပြီး ငြင်းကြခုန်ကြသတဲ့။

အမှုန်လို့ ဦးဆောင်ပြောတဲ့သူကတော့ နယူတန်ပါ။  သူက အလင်းဆိုတာ အမှုန်၊ သွားရင်လည်း အမှုန်လို Stright Line အတိုင်း သွားတယ်လို့ ဆိုတယ်။  အရောင်တွေ မတူတာ အလင်းအမှုန်လေးတွေရဲ့ အရွယ်အစားမတူလို့ပါတဲ့။  သူက အဲဒီ့အမှုန်သီအိုရီကို ကိုင်ဆွဲပြီး အလင်းပြန်ခြင်း (Reflection)၊ အလင်းယိုင်ခြင်း (Refraction) သဘောတွေကို ရှင်းခဲ့တယ်။

အယ်လ်ဘတ် အိုင်းစတိုင်း (၁၄ မတ် ၁၈၇၉ ဖွား – ၁၈ ဧပြီ ၁၉၅၅ ဆုံး)
ဂျာမဏီနိုင်ငံဖွား ရူပဗေဒ ပညာရှင်

အလင်းဆိုတာ လှိုင်းလို့ ဦးဆောင်ပြောတဲ့သူက ဟိုင်ဂန် (Huygen) ပါ။ သူကတော့ အလင်းသွားတာဟာ လှိုင်းလိုသွားတယ်၊ အရောင်တွေ မတူရတာဟာ လှိုင်းအလျားမတူလို့လို့ ဆိုပါတယ်။ ဟိုင်ဂန်က လှိုင်းသီအိုရီကို ကိုင်ဆွဲပြီး အလင်းပြန်ခြင်း၊ အလင်းယိုင်ခြင်းအပြင် အလင်းကွေ့ခြင်း၊ အလင်းလှိုင်းထပ်ခြင်းတို့ကို ရှင်းပြတယ်။

အမှုန်သမားတွေက မင့် အလင်းက လှိုင်းဆိုရင် နံရံအကွယ်က မီးကို မြင်ရမှာပေါ့လို့ စောဒကတက်တယ်။ (အဓိပ္ပာယ်က အလင်းသာ လှိုင်းဆိုရင် နံရံအကွယ်က အသံလှိုင်းကို ကြားရသလိုပဲ နံရံအကွယ်က အလင်းလှိုင်းကိုလည်း မြင်ရမှာပါ့လို့ ဆိုချင်တာပါ။ လက်တွေ့မှာ အလင်းက မျဉ်းဖြောင့် (rectinear motion)ပဲ သွားတာကိုး) တနည်းအားဖြင့် အလင်းဟာ (ဒီကိစ္စမှာ) အမှုန်လိုပဲ။

လှိုင်းသမားတွေကလည်း မင့်အလင်းက အမှုန်ဆို အချင်းချင်းတိုက်ကုန် ခက်ရချေရဲ့လို့ ပြန်ခနဲ့တယ်။ နောက် အလင်းဟာ အမှုန်ဆိုရင် အပေါက်သေးသေးလေးကို ဖြတ်သွားတဲ့အခါ တဖက်မှာ ပိုပြီး ပျံ့နှံ့စရာအကြောင်း မရှိဘူးလို့ ဆိုတယ်။ (တကယ်က ထရံပေါက်ကနေ ကျလာတဲ့ နေပျောက်လေးဟာ ထရံပေါက်ထက် ပိုကြီးတယ်) တနည်းအားဖြင့် အလင်းဟာ (ဒီကိစ္စမှာ) လှိုင်းလိုပဲ။

ပြည့်စုံအောင် ပြောရရင် နယူတန်က အလင်းပြန်ခြင်းကိုပဲ ရှင်းနိုင်ပါတယ်။ အလင်းယိုင်တာကို ရှင်းတာမှာ သူက အလင်းက ကြားခံနယ်ထဲမှာ ပိုမြန်မယ်လို့ ဆိုခဲ့လို့ မှားပါတယ်။

ဒါပေမဲ့ နယူတန် သြဇာကြီးတာကတကြောင်း၊ အမှုန်လို့ မြင်ရတာ ပိုပြီးထင်သာမြင်သာ ရှိတာကတကြောင်းကြောင့် အမှုန် ကို ပိုပြီးလက်ခံကြတယ်။ နယူတန်ရဲ့ ထီးရိပ်အောက်မှာ လှိုင်းသီအိုရီမှာ မှေးမိန်သွားခဲ့တာ .. ရာစုနှစ်တခုလောက် ကြာသွား ခဲ့တယ်။ ၁၈ ရာစု တခုလုံးဆိုပါတော့။ ဒါပေမဲ့ ၁၉ ရာစုမှာ အဲ့အခြေအနေက ပြောင်းပြန်ပြန်ဖြစ်သွားတယ်။

၁၈၀၁ မှာ ဒေါက်တာသောမတ်စ်ယန်းက သူ့ရဲ့နာမည်ကျော် Double Slit Experience စမ်းသပ်ချက်နဲ့ အလင်းကွေ့ ဆင်တွေကို ဖန်တီးပြခဲ့ပြီး အလင်းဟာ လှိုင်းလို့ သေချာစေခဲ့တယ်။ နောက် မက်စ်ဝဲလ် (Maxwell) တို့ကလည်း အလင်းနဲ့ လျှပ်စစ်သံလိုက်လှိုင်းဆိုတာ တမျိုးတည်းပဲလို့ သင်္ချာအီကွေရှင်းတွေနဲ့ ဖော်ပြနိုင်ခဲ့တယ်။ ဟက်ဇ်တို့ကလည်း လက်တွေ့စမ်း သပ်ပြနိုင်ခဲ့တယ်။

အဲလိုနဲ့ လှိုင်းသီအိုရီဟာ ရွှေရောင်ပြန်တောက်လာခဲ့တယ်။ အလင်းရဲ့ဖြစ်စဉ်ဖြစ်ရပ်တွေအားလုံးကို လှိုင်းသီအိုရီနဲ့ အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ခဲ့တယ်။ ဒါပေမယ့် လှိုင်းသီအိုရီဟာ ပြဿနာအသစ်တရပ်နဲ့ ရင်ဆိုင်ရပြန်တယ်။

၁၉ ရာစုဆိုတာ လျှပ်စစ်သံလိုက်နဲ့ ပတ်သက်တဲ့ လက်တွေ့စမ်းသပ်မှုတွေ အများအပြားလုပ်ကြ စူးစမ်းကြတဲ့ခေတ် .. ။ စမ်းသပ်မှုတခုက မျက်နှာပြင်တခုအပေါ် အလင်းနဲ့ ရိုက်ခတ်တဲ့အခါ အီလက်ထရွန်အမှုန်လေးတွေ ထွက်လာတာကို လေ့လာတယ်။ အလင်းရောင် အမျိုးမျိုးနဲ့ စမ်းသပ်ပစ်ခတ်ပြီး ထွက်လာတဲ့ အီလက်ထရွန်တွေကို လေ့လာကြည့်တယ်။ အဲဒီ့အခါ အလင်းရဲ့ပြင်းအားကို ပိုပေးလိုက်ရင် အီလက်ထရွန်တွေ ပိုထွက်လာတာကို တွေ့ရတယ်။ တနည်းအားဖြင့် အလင်းရဲ့စွမ်းအင်ဟာ အီလက်ထရွန်ရဲ့အရွေ့စွမ်းအင်အဖြစ် ပြောင်းသွားတယ်ဆိုပါတော့။ ဒါက ပြဿနာမဟုတ်ဘူး .. လက်ခံလို့ရတယ်။ ပြဿနာက ကျန်တဲ့အရောင်တွေနဲ့ ပစ်ရင် အီလက်ထရွန်တွေ ထွက်ပေယ့် အနီရောင်နဲ့ စမ်းတဲ့အခါ အီလက်ထရွန်တလုံးမှ မထွက်တော့ဘူး။ ပြင်းအားကို ထပ်ထပ်တိုးလည်း အီလက်ထရွန် နည်းနည်းမှ ထွက်မလာဘူး။ ပြဿ နာက အဲဒါပဲ … ။

ပြည့်စုံအောင်ပြောရရင် အရောင်တွေဟာ တခုနဲ့တခု စွမ်းအင်မတူပါဘူး။ အရောင်ခုနစ်ရောင်ထဲမှာဆို အနီက စွမ်းအင် အနည်းဆုံး အားအပျော့ဆုံး၊ ခရမ်းက အပြင်းဆုံးပါ။ အနီက စွမ်းအင်နိမ့်တာ မှန်ပေမယ့် ပြင်းအားများတယ်ဆိုတာ စွမ်းအင် ကို ပိုသုံးတာပဲ .. ။ ဆိုတော့ အနီရောင်ဖြစ်ပေမယ့် ပြင်းအားအများကြီးဆို စွမ်းအင်အများကြီးသုံးတာဖြစ်တဲ့အတွက် အီ လက်ထရွန်နည်းနည်းလောက်တော့ ထွက်လာသင့်တာကိုး..။

အနီရဲ့စွမ်းအင်တွေ ဘာဖြစ်ကုန်တာလဲ။ ဘာလို့ အီလက်ထရွန်ကို ကန်မထုတ်တာလဲ။ ပညာရှင်တွေ တော်တော်ခေါင်း ကိုက်သွားတယ် .. အနီဘာလဲ ဘယ်လဲပေါ့။

အဲဒီ့ပြဿနာကို အသက် ၂၆ နှစ်သာရှိသေးတဲ့ လူငယ်လေးတဦးက ဖြေရှင်းပေးလိုက်တယ်။ သူက အလင်းကို ကွမ်တမ် ဆိုတဲ့ စွမ်းအင်ထုတ်လို့ အပြတ်ယူလိုက်တယ် (နောက်တော့ အဲ့ဒီစွမ်းအင်ထုတ်ကို ဖိုတွန် (Photon)လို့ နာမည်ပေးခဲ့တယ်)။ လှိုင်းသီအိုရီအရ သိထားတာက အရောင်တမျိုးစီမှာ သတ်မှတ်ထားတဲ့ ကြိမ်နှုန်းတခုစီရှိတယ်။ အဲ့ဒါကို သူက အရောင်တမျိုးစီမှာ သတ်မှတ်ထားတဲ့ စွမ်းအင်ထုတ်တွေ ရှိတယ်လို့ ယူတယ်။ ရောင်စဉ်ခုနစ်သွယ်မှာ အနီရဲ့ကြိမ်နှုန်းက အငယ်ဆုံး၊ ခရမ်းရဲ့ကြိမ်နှုန်းက အမြင့်ဆုံး .. အဲလိုပဲ အနီရဲ့စွမ်းအင်ထုတ်က အငယ်ဆုံး၊ ခရမ်းက အကြီးဆုံးလို့ ယူလိုက်တယ်။ ဆိုတော့ ကျန်တဲ့အရောင်တွေနဲ့ ပစ်ရင် အီလက်ထရွန်ကို ကန်ထုတ်ပေမယ့် အနီရောင်နဲ့ မရတာက လုံလောက်တဲ့ စွမ်းအင်မရှိလို့လို့ ဆိုလိုက်တယ်။ နို့ ပြင်းအားကို တိုးသုံးရင်ရော … ဘာလို့မဖြစ်တာလဲဆို … ပြင်းအားကို များလိုက်တာဟာ စုစုပေါင်းစွမ်းအင်တော့များမှာ မှန်ပေမယ့် အနီရဲ့ စွမ်းအင်ထုတ်က ကြီးလာတာ မဟုတ်ဘဲ .. အထုတ်တွေ များလာတာလို့ ဆိုပါတယ်။

ဥပမာ … ဘောလုံးကွင်းထဲမှာ ဘောလုံးအကြီးကြီးတွေ အများကြီး … အဲဒါကို ကလေးတွေ လွှတ်ပြီး ကန်ခိုင်းရင် ကလေး တွေက သူတို့ကန်နိုင်သလောက် ကန်မှာပေါ့။ အဲ ဒါပေမဲ့ ကလေးတွေက ဘောလုံးကို မကန်နိုင်လောက်အောင် ငယ်နေမယ် ဆိုရင် အဲဒီ့ဘောလုံးတွေက ရွေ့မှာ မဟုတ်တော့ဘူးပေါ့။ နောက်ထပ် အဲလိုကလေးတွေ ထပ်လွှတ်လည်း ကလေးတွေ များသွားတာပဲ ရှိမယ် … ဘောလုံးကတော့ လှုပ်မှာ မဟုတ်ပါဘူး။ (ဘောလုံးကို လှုပ်ချင်ရင် သူ့ကို ကန်နိုင်လောက်တဲ့ သူမျိုး လွှတ်ပေါ့)

ပြဿနာက အဲဒီ့ကျမှ ပြီးတော့ပါတယ်။ ဒီပြဿနာကို Photoelectric Effect လို့ သိကြပြီး ဖြေရှင်းပေးတဲ့ လူငယ်လေးက အိုင်စတိုင်းပါ။ သူလည်း ဒီဖြေရှင်းချက်နဲ့ ရူပဗေဒနိုဘယ်လ်ဆုကို ရခဲ့ပါတယ်။

ဆိုတော့ အလင်းဟာ တချိန်တည်းမှာပဲ လှိုင်းလို ပြုမူသလို အမှုန်လိုပဲ ပြုမူပါတယ်။ သူသွားတာဟာ Wave Motion ဖြစ်ပေ မယ့် သူသယ်လာတာက စွမ်းအင်ထုတ် (အမှုန်)လေးတွေပါ။ ဒါပေမဲ့ ကျနော် ဉာဏ်မီသလာက် ပြောရရင် အိုင်စတိုင်းရဲ့ အမှုန်က နယူတန်ရဲ့အမှုန်နဲ့ မတူပါဘူး။ အိုင်စတိုင်းရဲ့အမှုန်က အမှုန်ဆိုတာထက် စွမ်းအင်အထုတ်လေးတွေလို့ မြင်ရင် ပိုသင့်ပါလိမ့်မယ်။ အလင်းကို စွမ်းအင်အထုတ်လေးတွေ သယ်လာသော လှိုင်းများလို့ … ဆိုရပါမယ်။ အိုင်စတိုင်းက အလင်းလှိုင်း သယ်လာတဲ့စွမ်းအင်ပမာဏ တနည်းအားဖြင့် အမှုန်ပေါင်း (ကွမ်တမ်အထုတ်ပေါင်း) ဘယ်လောက်ရှိမလဲဆိုတာ အလင်းလှိုင်ရဲ့ကြိမ်နှုန်းနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်ဆိုပြီး လှိုင်းသဘာဝနဲ့ အမှုန်သဘာဝကို လက်ချင်းချိတ်ပေး လိုက်ပါ တယ်။ သူ့အတွက် နာမည်ကျော်အီကွေးရှင်းက E = hf ပါ။ အလင်းရဲ့စွမ်းအင်ကို လိုချင်ရင် သူ့ရဲ့ကြိမ်နှုန်းနဲ့ h ကိန်းသေကို မြှောက်ရုံပါပဲ။

တကယ်က စွမ်းအင်အထုတ်လို့ စပြောတာ အိုင်စတိုင်း မဟုတ်ပါဘူး။ ပလန့်ပါ .. ။ (အထက်က အီကွေးရှင်းမှာပါတဲ့ h က ပလန့်ကိန်းသေပါ)

မက်စ်ပလန့် (၂၃ ဧပြီ ၁၈၅၈ ဖွား – ၄ အောက်တိုဘာ ၁၉၄၇ ဆုံး)
ဂျာမန် ရူပဗေဒ ပညာရှင်

ဒါပေမဲ့ သူက ဖြာထွက်ခြင်းတမျိုးတည်းအတွက်ပဲ စဉ်းစားခဲ့ပြီး အိုင်စတိုင်းကတော့ လျှပ်စစ်သံလိုက်လှိုင်းတွေအားလုံး အတွက် စွမ်းအင်အထုတ်လို့ ယူပြီး လက်တွေ့ဖြေရှင်းပြခဲ့ပါတယ်။

အဲ့ဒီ့ကစလို့ ကွမ်တမ်သီအိုရီ တော်လှန်ရေးကြီး စပါတော့တယ်။

မင်းခိုင်
စက်တင်ဘာ ၁၃၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်