နိုင်ဝင်းသီ ● ဗိုလ်ဇင်ယော်လမ်း

September 23, 2016

● ဗိုလ်ဇင်ယော်လမ်း
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆

(တစ်)
အလင်းရောင်ပင် ကောင်းစွာ မရောက်တတ်သေး။ ခပ်လှမ်းလှမ်းမှ ဓမ္မဂီတသံဟာ အာရုံကိုကုတ်ခြစ်ပြီး တိုးဝင်လာခဲ့။ ပြ တင်းတံခါးတရွက်ကို တွန်းဖွင့်မိ။ သစ်ရွက်တွေပေါ် တဖောက်ဖောက်ကျနေတာဟာ နှင်းရေစက်တွေများလား။ ချိုးချိုးချွတ် ချွတ်နှင့် အသံဗလံတွေဟာ သူနှင့် ခပ်လှမ်းလှမ်းမှာ။ ပန်းချီရေးတဲ့ကဗျာဆရာဟာ သူ့လိုပဲ စောစောစီးစီး နိုးထလာခဲ့ပြီလား။ ဒီလိုပါပဲဗျာ ကျွန်တော်တို့အရပ်ဟာ။ တခါတခါ စိတ်ကြည်နူးဖို့ကောင်းတယ်။ တခါတခါ သိပ်စိတ်ပျက်ဖို့ ကောင်းတယ်။ ရပါတယ်ဗျာ။ ကိစ္စမရှိပါဘူး။ ပန်းချီဆရာရဲ့မျက်လုံးတွေဟာ အမှောင်ထဲမှာ ငြိမ်သက်ငေးရီနေ။ တခါတခါမှာ အဲဒီပန်းချီ ဆရာဟာ မြို့ပြထဲကနေ သူ့ဆီကိုပြေးထွက်လာတတ်။ တခါတခါမှာ ပန်းချီဆရာတယောက်တည်း ခိုအောင်းနေတဲ့ အောင် ဇေယျအိမ်ယာက ဝပ်ကျင်းလေးဆီ သူ ညသွား အိပ်တတ်။ တကယ်တော့ ဒါတွေဟာ ဘဝထဲက လေးလံဖိစီးမှုတွေကို ရှင်းထုတ်နေတာပေါ့ဗျာ။ သူ့ဆီမှာလား ကိုယ့်ဆီမှာလား။ အပြင်းသောက်တုန်းပြောတာလား။ အပျော့သောက်တုန်းပြော တာလား။ သူပြောတာလား။ ကိုယ်ပြောတာလား။ အဖြစ်အပျက်တွေဟာ အစီအစဉ်တကျ ဖြစ်ခဲ့တာလား။ ဖြစ်ချင်တဲ့နေရာမှာ ထထဖြစ်ပြီး ပျက်ချင်တဲ့နေရာရောက်ရင် ထထ ပျက်တာလား။ အားလုံးဟာ သိစိတ်ထဲမှာ တုန်ခါပြေးလွှား။ ကြယ်လေးတွေ ချစ်စရာအပြာရောင်ကောင်းကင်မှာ။ ခင်ဗျားဟာ ခင်ဗျား ချစ်ရင် ချစ်။ ကျုပ်ကိုတော့ တလုံးချင်း တပွင့်ချင်း ကြည့်မခိုင်းနဲ့။ မူးလွန်းလို့။ အခုတောင် ခေါင်းထဲမှာ မူးလှပြီ။ အာရုံမှာကပ်ငြိနေခဲ့တဲ့ လသာည။ ဟိုဖက်နှစ်တွေထဲမှာ ကျန်ရစ်ခဲ့ပြီ။

(နှစ်)
မိန်းမတွေဟာ ယောက်ျားလုပ်တဲ့လူဘာလို့ အရက်သောက်ရတာလည်းဆိုတာကို မသိကြဘူးကွ။ အထူးသဖြင့် ယောက်ျား တွေဟာ မိန်းမနဲ့အဆင်ပြေရင် နည်းနည်းပဲသောက်ပြီး မိန်းမနဲ့အဆင်မပြေရင်ခပ်များများသောက်တတ်တာကို မိန်းမတော် တော်များများက မသိကြဘူးကွ။

သူ့မျက်လုံးတွေဟာ အတိတ်ထဲမှာပဲလား။ ဒါမှမဟုတ် ညနေခင်းထဲမှာပဲလား။

သဲသဲကွဲကွဲ မရှိလှပါ။ တချိန်တုန်းကတော့ လွန်ခဲ့သော နှစ်သုံးလေးဆယ်လောက်တုန်းက ဇာတ်ကြီးဆယ်ဘွဲ့ဟာ သူ့ဘဝ ဖြစ်ခဲ့ဖူးသည်။ ငါးရာ့ငါးဆယ်နိပါတ်တော်တွေဟာ သူ့ဘဝထဲမှာအရေးပါသော ဇာတ်ဝင်ခန်းတွေ ဖြစ်ခဲ့ဖူးသည်။ ဝေသန္တရာ လား။ တေမိလား။ ဇနက္ကလား။ ဒါမှမဟုတ် မဟော်သဓာလား။ တည်ငြိမ်သော သူ့စုတ်ချက်တွေအောက်မှာ ဇာတ်ရုပ်တွေဟာ သက်ဝင်လှုပ်ရှားလို့နေသည်။

အဲဒီရက်စွဲတွေတုန်းကတော့ သူဟာ ကြယ်ပွင့်တပွင့်လိုဝင်းပလို့။ ပြောမည်ဆိုလျှင် သူ့ဘဝအတွက် ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များ။ အဲဒီရက်စွဲတွေထဲမှာ ဘယ်လောက်တောင် ဝင်းပ တောက်ဖြာခဲ့သလဲဆိုတာ သူ့ကိုယ်သူတောင် ဂရုမပြုမိ။ ဂရု ပြုမိတဲ့အချိန်ကိုရောက်တော့ သူဟာ ဗိုလ်ဇင်ယော်လမ်း ကလပ်ကို ရောက်ရှိနေလေပြီ။

တခုခုတော့အသေအချာကို မှားယွင်းသွားခဲ့ပြီ။ လူတွေဟာ အနုပညာအပေါ် တိမ်းမူးမှုမရှိတော့ဘူးလား။ ဇာတ်ကြီးဆယ်ဘွဲ့ ဟာ နေမှုဘဝထဲမှာ မလိုလားအပ်သော ရုပ်ပုံကားချပ်များ ဖြစ်နေခဲ့ပြီလား။ ဗိုလ်ဇင်ယော်လမ်းကလပ်လေးထဲမှာ ညနေခင်း တိုင်း နာကျင်စွာသူတွေးလေ့ရှိသော အမေးပုစ္ဆာများ၊ ကြာတော့လည်း အဆင်မပြေမှုတွေရော၊ ရှုံးနိမ့်မှုတွေရော အရာရာဟာ သူနှင့် အသားကျသွားခဲ့ပါသည်။ အဲဒီလို အသားကျသွားတဲ့အချိန်မှာပဲ “ဇေ” ဆိုတာဟာ သူ့ဘဝအတွက် မရှိမဖြစ် ခန်းဝင် ပစ္စည်း ဖြစ်လာပါတော့သည်။ ဇေတပိုင်းလောက်သောက်ဖို့ သိပ်အဝေးကြီးသွားနေစရာမလို။ သူတို့လမ်းလေးထဲမှာပဲ ဗိုလ် ဇင်ယော်လမ်းကလပ် ရှိသည်။

အိမ်ဆိုင်လေး (သို့မဟုတ်) သေတင်းကုပ်လေး (သို့မဟုတ်) ဗိုလ်ဇင်ယော်လမ်းကလပ်လေးဟာ သူတို့လို ဘိုဟီးမီးယန်းတွေ စုဝေးရောက်ရှိရာ အဝန်းအဝိုင်းလေးဖြစ်သည်။

သူ့အတွက်တော့ ဗိုလ်ဇင်ယော်လမ်းကလပ်ဟာ အိမ်ခြေ လေးဆယ့်နှစ်လုံးရှိသော ဗိုလ်ဇင်ယော်လမ်းတိုလေး၏ တခုတည်း သော ဂုဏ်ထူးဆောင် အဆောက်အအုံလေးဖြစ်လေသည်။

(သုံး)
ဝင့်ဝင့်ကြွားကြွားရှိလှသော ကိုယ်နေဟန်ထားကို စမြင်ကတည်းက ထိုလူကြီးကို သူသတိပြုမိခဲ့သည်။ ပြောပုံဆိုပုံ။ လက် ဟန်ခြေဟန်။ ခေါင်းကလေး ငဲ့စောင်းသွားပုံ။ မျက်နှာကိုချီထားတဲ့ပုံ။ သူထင်ထားသည့်အတိုင်းဖြစ်သည်။ ကျွန်ုပ်ကား ကူဗ လိုင်ခန်ပင်ဖြစ်တော့သည်တဲ့။ ဘုန်းတော်ကြီးမားလှသော ကူဗလိုင်ခန်ဘုရင်မင်းမြတ်ကို ဗိုလ်ဇင်ယော်လမ်းကလပ်လေး ထဲမှာ သူစတွေ့စဉ်က မြွက်ကြားခဲ့သော စကားဖြစ်သည်။

ထိုညနေခင်းက ကူဗလိုင်ခန်ဟာ ဇေတစ်ပိုင်း မှီဝဲပြီးစအချိန်ဖြစ်သည်။ မင်းမြတ်ကို ဂါရဝပြုသည့်အနေနှင့် ဇေတစ်ပိုင်း ထပ် တိုက်လိုက်သည်။

ကူဗလိုင်ခန် လည်ထွက်သွားရုံတင်မက ဥသြပါဆွဲသွားသည်။ ရွာသာကြီးမှ ယူနစ်တူးကို ရောက်ဖူးခဲ့သော သူ့အတွက်တော့ ကူဗလိုင်ခန်တင် ဘယ်ကလိမ့်မှာလဲ။ ဂျင်ဂျစ်ခန်တို့၊ နပိုလီယန်တို့၊ ဗလာဒီမာ ပူတင်တို့၊ ဂျော့ဘုရှ်တို့နှင့်ပါ ရင်းနှီးပြီးသား ဖြစ်နေလေရာ ဗိုလ်ဇင်ယော်လမ်းမှ ကူဗလိုင်ခန်ဟာ သူ့ အတွက် အခက်အခဲသိပ်မရှိလှပါ။ ထိုလူကြီးဟာလည်း ဟိုဖက် ကာလ အမှောင်ခေတ်တွေတုန်းက ဘုန်းမီးနေလတောက်ခဲ့ဖူးသော နယ်စားပယ်စားတယောက် ဖြစ်ခဲ့ဖူးသည်။

ဘလက်လေဘယ်လ်၊ ဂျက်ဒင်နီယယ်နှင့် ချီးဗက်စ်တို့မှလွဲ၍ တော်ရုံအရက်ကို အနံ့ပင် မခံနိုင်သူတဦး၏ ဇေနှင့်နှစ်ပါးသွား ခန်းကို ရှူစားရလေသောအခါ။

“ဇေ” ၏အခြားတဖက်မှာလည်း ဆိုက်ကပ်စရာ ဘူတာမရှိလေသောအခါ သူအတော့်ကို စိတ်လေသွားခဲ့ပါသည်။

“အဲဒီ အချိန်တွေတုန်းက “ဟိတ်” လို့ တလုံးတည်းသာ အော်လိုက်။ လူတွေတင် ဘယ်ကလိမ့်မှာလဲ။ ခွေးတွေ၊ ကြောင်တွေ၊ ကျီးကန်းတွေ၊ အိမ်မြှောင်တွေ၊တောက်တဲ့တွေတောင် ကျုပ်ရဲ့အသံအောက်မှာ ပြားပြားဝပ်ဆင်းပြီး ငြိမ်ကျသွားရတာဗျ”

“တချိန်တုန်းကဆိုလို့ ပြောပြလိုက်ဦးမယ်။ စုတ်တံကို ဆေးခွက်ထဲနှစ်ပြီး နံရံကိုပက်ချလိုက်ရင် ခင်ဗျား သွားကြည့်စရာမ လိုဘူး။ အဲဒါ သုဝဏ္ဏသာမပဲ။ နောက်တစခါပက်လိုက်မယ်။ အဲဒါ မဟော်သဓာပဲ။ နောက်တချက်။ အဲဒါဘူရိဒတ်နဂါးမင်း ရုပ်ဗျ ကိုယ့်လူရ”

တခါတရံ သူတို့နှစ်ယောက်ဟာ အတိတ်တွေထဲမှာ မြူးကြွားဝင်းပလို့။ အဲဒီလိုညနေခင်းမျိုးဆိုရင် စကားလုံးတွေ ချိတ်ဆက် ရုံတင်သာမက အရက်ခွက်တွေရော ချစ်ခြင်းမေတ္တာတွေပါ သူတို့ နှစ်ယောက်ကြားမှာအချိတ်အဆက် မိနေတတ်သည်။

ဇာတ်ကြီးဆယ်ဘွဲ့နှင့် ကူဗလိုင်ခန်။ ကူဗလိုင်ခန်နှင့် ဇာတ်ကြီးဆယ်ဘွဲ့။ ဇေကို တနေကုန် တစိမ့်စိမ့်နှင့် သောက်လေ့ရှိသူ နှစ်ဦး (သို့မဟုတ်) မိသားစုဘဝ၏ အဆင်မပြေမှုများကို “ဇေ” နှင့် ခုခံချေမှုန်းရင်း ရှေ့ဆင့်နောက်ဆင့် ကျဆုံးသွားရရှာသော ဗိုလ်ဇင်ယော်လမ်းရဲ့အယ်လ်ကိုဟော အိုင်ကွန်များ။

(လေး)
ခြံတံခါးကို ဖွင့်ပြီး အပြင်ဘက်ကိုထွက်လာတော့ နှင်းဖြူတွေဟာ ထူထူထဲထဲ သိပ်သိပ်သည်းသည်း။ နှင်းဖြူတွေကြားထဲမှာ ကန့်ကော်၊ ခရေ၊ စွယ်တော်၊ တမာ၊ ဗာဒံပင်တွေဟာ မှုန်မှုန်ရီရီနှင့် ဝေဝေဝါးဝါး။

ပန်းချီဆရာဟာ နှင်းရေစက်တွေကြားထဲမှာ အေးစက်ငြိမ်သက်နေတဲ့လမ်းတိုလေးကို ငေးကြည့်နေရင်း သိပ်မကြာခင်ရောက် ရှိလာမယ့် နေခြည်နုအမျှင်အတန်းတွေကို တွေးကြည့်နေပုံရတယ်။ နံနက်ခင်း နေခြည်နုအောက်က ဗိုလ်ဇင်ယော်လမ်းကို ဂိုသစ်ဟန်အစက်အပြောက်ကလေးတွေနဲ့ မှုန်းခြယ်ချင်နေသလားမဆိုနိုင်ဘူး။ မိုနေးဟာ  ရိုအင်ဘုရားကျောင်းတော်ကြီးကို ဂိုသစ်ဟန်အနုအရွတွေနဲ့ စုတ်ချက်တင်ခဲ့ဖူးတယ် မဟုတ်လား။ မိုနေးကို အားကျပြီး နေရောင်အောက်က ဗိုလ်ဇင်ယော်လမ်း ဆိုပြီး ဆွဲချင်ဆွဲမှာပေါ့။ ဒါကလည်း ဒီလမ်းလေးထဲမှာ သူ မနေဘူးလို့ပါ။ မနက် ခုနှစ်နာရီလောက်ဆိုရင် ဘယ်ကမှန်းမသိတဲ့ ဆိတ်အုပ်တအုပ်ဟာ ဆူညံအော်ဟစ်ပြီး ဗိုလ်ဇင်ယော်လမ်းကို ဖြတ်သွားလိမ့်မယ်။

ညနေငါးနာရီလောက်ဆို သူတို့ပြန်သွားလိမ့်မယ်။ ဆိတ်ကောင်ရေ သုံးဆယ်လောက်တော့ရှိလိမ့်မယ်။အသွားရော အပြန် ရော တလမ်းလုံး တွေ့သမျှ အကုန်ဝါးသွားတာပဲ။

ဆိတ်အော်သံ တပဲပဲကြားလို့ကတော့ ကိုယ့်အိမ်ရှေ့ ကိုယ်ထွက်ပြီး ဆိတ်ကင်းစောင့်ပေတော့ပဲ။ နို့မဟုတ်ရင် မြင်မြင်ကရာ အကုန်လုံးကို တပြတ်ပြတ်နဲ့ ဝါးသွားမှာပဲ။ ပန်းချီဆရာသာ ကင်းဗတ်စပေါ်မှာ စိတ်ရောက်နေလို့ကတော့ အောက်မှာချထား တဲ့ ဆေးဘူးတွေ၊ စုတ်တံတွေကို တချောင်းမကျန် ဝါးသွားမှာပဲ။ ရေလည်ဝါးတဲ့ကောင်တွေ။

(ငါး)
လမ်းလေးထဲကို ပြောင်းလာကာစတုန်းက အတော့်ကို ကိုးရိုးကားယားနိုင်လှသည်။ လူတွေဟာ သူတို့ ကိုယ်သူတို့ ပဉ္စမရိပ် သာလမ်းထဲမှာ နေနေတယ်လို့များ အထင်ရောက်နေသလားမသိ။ ခြံတံခါးတွေကို သော့အကြီးကြီးနှင့် အထပ်ထပ်ခတ်ပြီး ကိုယ့်ကိုကိုယ် အကျဉ်းချကြ။ ပဲပြုတ်သည်လာလို့ ပဲပြုတ်ဝယ်လျှင်တောင် သော့ခတ်ထားတဲ့ ခြံတွေထဲကနေ ဝယ်ကြ။ တအိမ်နှင့်တအိမ် စကားပြောလျှင် သော့ခတ်ထားတဲ့ခြံဝင်းတွေထဲက ပြောကြဆိုကြ။ အိမ်တိုင်း အိမ်တိုင်းက အဲကွန်းတွေဟာ အမြဲတမ်းလိုလို တရှပ်ရှပ်နှင့် လည်ကြ။ အိမ်တော်တော်များများမှာ အသွေးအရောင်အစုံစုံသော ခွေးတွေကိုမွေးကြ။ နေ့ခင်း နေ့လည်ဆို အဲကွန်းတွေ ဖွင့်ပြီး လူရော ခွေးတွေပါ ဇိမ်ရှိရှိနဲ့ အိပ်ကြ။

မီးပျက်တဲ့နေ့မျိုးဆိုရင် ပူလွန်းလို့ လူရောခွေးရော တအီအီနှင့် အော်ဟစ်ညည်းတွားကြ။

ရောက်စတုန်းက အစပ်အဟပ် သိပ်မတည့်ခဲ့သော်လည်း ကြာလာတော့ လမ်းကလေးရဲ့အရိပ်တွေ၊ အရောင်တွေဟာသူ့ရဲ့ ခန္ဓာကိုယ်ထဲကို ရောထွေးစိမ့်ဝင်သွားခဲ့သည်။ ဟောဒီ လေးငါးနှစ်အတွင်းမှာ သူဟာ ဗိုလ်ဇင်ယော်လမ်း။ ဗိုလ်ဇင်ယော်လမ်း ဟာ သူ။ အကြောင်းတစုံတရာကြောင့် တနေရာရာကို ရောက်သွားခဲ့ပြီလား။ အဲဒီတနေရာရာမှာ သုံးလေးရက်လောက် ကြာမြင့်သွားခဲ့လေပြီလား။ အဲဒါဆိုရင်တော့ …. ……

လမ်းကလေးဟာ တညလုံးကြွေကျထားတဲ့ ခရေရနံ့တွေနဲ့ နံနက်စောစောပိုင်းတွေမှာ မွှေးရီနေလေ့ရှိတာ။ လင်းမြွေတ ကောင်နဲ့တူတဲ့ရထားဟာ ဗိုလ်ဇင်ယော်လမ်းဘေးက တနေ့သုံးကြိမ် လှုပ်အိ လှုပ်အိနဲ့ ဖြတ်ဖြတ်သွားတတ်တာ။ အထည်ချုပ် စက်ရုံက အလုပ်သမလေးတွေရဲ့ချွေးစက်လေးတွေဟာ ဖယ်ရီပေါ်ကနေ လမ်းမထက်ကို လွင့်ကျလာတတ်တာ။ မှောင်ရီ သမ်းလာပြီဆိုရင် ကွေးလိမ်နေတဲ့ မီးပွင့်တွေဟာ တဖျပ်ဖျပ်နဲ့ ဖြူလင်းလာတတ်တာ။ ဗိုလ်ဇင်ယော်လမ်းကလပ်လေးဟာ ညနေခင်းရောက်ရင် ဘဝသမားတွေနဲ့ အမြဲတမ်း ပြည့်နှက်နေတတ်တာ။

ဇာတ်ကြီးဆယ်ဘွဲ့နဲ့ ကူဗလိုင်ခန်ဟာ တယောက်ခါးကိုတယောက်ဖက်ပြီး ဆိုင်လေးထဲက ထွက်လာတတ်တာ။ လမ်း က လေးဟာ ညဘက်ဆို ဂီတသံတွေနဲ့ ပူနွေးလာပြီး တော်တော်နဲ့ အိပ်လေ့မရှိတာ။

ကြယ်ပွင့်တွေ မျက်ခွံလေးလာပြီး မျက်တောင်တွေ စင်းကျသွားတော့မှ ဗိုလ်ဇင်ယော်လမ်းဟာ အိပ်ဖို့သတိရလာတာ။ အာ ရုံဟာ အိပ်မောကျနေတဲ့ ဗိုလ်ဇင်ယော်လမ်းကလေးဆီဖျပ်ခနဲ ဖျပ်ခနဲ ခုန်ခုန်ကူးသွားတာ။ ။

နိုင်ဝင်းသီ
၃ ၊ ၈ ၊ ၂၀၁၆
ညနေ ၄း ၂၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်