မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် – အပိုင်း (၉)

September 25, 2016

မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် – အပိုင်း (၉)
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၆

● ပျော့ပြောင်းမှုနှင့် တန်းတူ ရည်တူ ရှိမှု
အစိုးရတာဝန်ရှိသူများအနေနှင့် UWSA နှင့်NDAA မိုင်းလားအဖွဲ့တို့အား ပျော့ပြောင်းစွာ ကိုင်တွယ်ခဲ့သည်။ ထို ၂ ဖွဲ့စလုံးမှ ခေါင်းဆောင်များသာမက လေ့လာရေးခေါင်းစဉ်ဖြင့် ဒေသခံလူငယ်များပါ ဖိတ်ခေါ်ခဲ့သည်။ ထို့အပြင် UWSA အဖွဲ့ ညီ လာခံမှ ထွက်ခွာသွားချိန်တွင် လိုက်လံတွေ့ဆုံရှင်းလင်းခြင်း ဦးသိန်းဇော်မှကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံခြင်းတို့ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ငြိမ်းချမ်းရေးဖြစ်စဉ်အားလေ့လာရန်အတွက်လာမည့်အောက်တိုဘာလ တောင်အာ ဖရိကခရီးစဉ်အတွက် ကိုယ်စားလှယ်တယောက်လိုက်ပါရန်ပင် ထပ်မံဖိတ်ကြားပြီး UWSA နှင့်ပတ်သက်၍ ပျော့ ပြောင်းမှုပြ သခဲ့သည်။

ငြိမ်းချမ်းရေးအတွက် ပျော့ပြောင်းမှုပြသခြင်းသည် ကောင်းသည့်ကိစ္စဖြစ်သည်။ ကြိုဆိုရမည့်ကိစ္စလည်းဖြစ်သည်။ သို့ရာ တွင် ထိုသို့ပျော့ပြောင်းမှုကို အဖွဲ့တိုင်းသို့ပြရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် UWSA ကိုသာ ပျော့ပြောင်းမှုပြသပါက လက်နက်ကိုင်အင်အားတောင့်သည့်အဖွဲ့ကိုသာ ပျော့ပြောင်းမှုပြသပြီး လက်နက်ကိုင်အင်အားနည်းပါးသည်တပ်ဖွဲ့ကို ပျော့ပြောင်းမှုမပြသပါက အခြားလက်နက်ကိုင်အဖွဲ့များ တလွဲအမြင်စောင်းနိုင်ပေသည်။ လက်နက်အင်အားတောင့်မှ လက်နက်ကိုင်အင်အားတောင့်မှ လူရာဝင်မည်၊ အစိုးရ၏ ပျော့ပြောင်းစွာ ဆက်ဆံခံရမည်ဟူသည့် အမြင်မျိုးဝင်သွားနိုင် သည်။ သို့ဆိုပါက အခြားလက်နက်ကိုင်တပ်ဖွဲ့များသည်လည်း အစိုးရ၏ အလေးထားမှုပျော့ပြောင်းမှုရရန်အတွက် လက် နက်ကိုင်အင်အား လက်နက်အင်အားတောင့်တင်းရန် ကြိုးပမ်းဖို့လိုသည်ဟူသည့် အတွေးဝင်သွားပြီး မလိုအပ်သည့် အကျိုးဆက် ပေါ်နိုင်ပါသည်။

လက်နက်ကိုင်သည်ဖြစ်စေ မကိုင်သည်ဖြစ်စေ လက်နက်ကိုင်အင်အားတောင့်တင်းသည်ဖြစ်စေ မတောင့်တင်းသည်ဖြစ်စေ နိုင်ငံရေးအရ တန်းတူရည်တူရှိမှုကို ဖေါ်ပြပေးရန်လိုသည်။ အားရှိသည့်အဖွဲ့ကို ပျော့ပြောင်းပြီး အားမရှိသည့်အဖွဲ့ကို မာမာ တင်းတင်းဆက်ဆံပါက ကျင့်သုံးသည့်ပေါ်လစီညီမျှမှုရှိမည်မဟုတ်ပေ။ ထို့ပြင် ထိုသို့ တန်းတူရည်တူထား၍ ဆက်ဆံခြင်း မပြုဘဲ အင်အားရှိသည့်အဖွဲ့ကိုသာ ပျော့ပြောင်းစွာဆက်ဆံပါက ပျော့ပြောင်းသည်ဟု အဓိပ္ပါယ်မရဘဲ အချိုသတ်သည် ဆို သည့် အနက်သာထွက်ပြီး ရလဒ်ကောင်းမည်မဟုတ်ပေ။

ချုပ်၍ဆိုရလျင် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ပျော့ပြောင်းသည်မှာကောင်းသည့်ကိစ္စဖြစ်သည်။ သို့သော် ထိုပျော့ပြောင်းမှုကို အဖွဲ့တိုင်းသို့ တန်းတူရည်တူ ပြသရန်လိုအပ်ပေလိမ့်မည်။

● ပြည်နယ်သစ်များပြဿနာ
ပထမအကြိမ်ညီလာခံတွင် တွေ့ရသည့်အကြောင်းအရာသစ်တခုမှာ ပြည်နယ်သစ်များဖွဲ့စည်းပေးရန်တောင်းဆိုခြင်းဖြစ် သည်။ ဝ ပြည်နယ်၊ တအန်းပလောင်ပြည်နယ်၊ ပအို့ဝ်ပြည်နယ်၊ ရှမ်းနီပြည်နယ်သစ်များဖွဲ့စည်းပေးရန်တောင်းဆိုခြင်းဖြစ် သည်။ တိုင်းရင်းသားလူမျိုးများအတွင်း ပညာတတ်များ အများအပြားပေါ်ထွက်လာပြီး နိုင်ငံရေးရေချိန်နှင့်အမျိုးသားစိတ် မြင့်တက်လာသည်မှာ သဘာဝကြပေသည်။ ဤအခြေခံအောက်တွင် မိမိလူမျိုးအခွင့်အရေး အဆင့်အတန်းအတွက် အသိ မှတ်ပြုရန် တောင်းဆိုလာကြသည်မှာ သဘာဝကျသည့်ကိစ္စဖြစ်သည်။

အမေရိကတွင်ဖြစ်စေ အိန္ဒိယတွင်ဖြစ်စေ လွတ်လပ်ရေးရပြီးနောက်ပြည်နယ်သစ်များ များစွာတိုးလာသည်။ မြန်မာပြည်တွင် လည်း လွတ်လပ်ရေးရပြီးနောက် ပြည်နယ်သစ်များတိုးလာခဲ့သည်သာဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ၏ စုဖွဲ့မှုအရ တူညီသောဘာသာစကား တူညီသော ယဉ်ကျေးမှုဓလေ့ ထုံးစံများရှိသည့်ပြင် လူဦးရေအရစုဖွဲ့မှုများအရ ၎င်းတို့၏အဆင့်အတန်းကိုဖေါ်ပြခြင်းအလို့ငှါ ပြည်နယ်သစ်ဖွဲ့စည်းရေး အကြောင်းအရာပေါ်ပေါက်လာသည်မှာ မထူးဆန်းလှပေ။

ပြည်နယ်သစ်ဆိုသည်ကို လူဦးရေ အကျယ်အဝန်းနှင့်ဆုံးဖြတ်မည်လော၊ သို့မဟုတ် တိုင်းရင်းသားလူမျိုးများ၏စုဖွဲ့မှုနှင့်ဆုံးဖြတ်မည်လောစဉ်းစားဘွယ်ဖြစ်သည်။ နောက်ဆုံး ပြည်နယ်အဆင့်သတ်မှတ်ပေးခဲ့သော ချင်းပြည်နယ်တွင် ဟားခါး ဖလမ်း မင်းတပ် ခရိုင် ၃ ခု မြို့နယ် ၉ ခု မြို့နယ်ခွဲ ၃ ခုနှင့် လူဦးရေ ၄ သိန်း ၇ သောင်းကျော် (၂၀၁၄) ရှိပါသည်။ လူဦးရေ စုဖွဲ့မှု အရဆိုလျင် ယခုပြည်နယ်သစ်တောင်းသူများက ချင်းနှင့် မတိမ်းမယိမ်း လူဦးရေရှိသူများလည်း ပါသည်။ လူဦးရေပိုများသူ များလည်းပါသည်ဟု ဆိုရပါမည်။

လက်ရှိပြည်နယ်သစ်တောင်းဆိုမှုများကိုကြည့်လျှင် ဝ တအန်း ပလောင်နှင့် ပအို့ဝ်တို့မှာ ရှမ်းပြည်နယ်တွင်ရှိပြီး ရှမ်းနီကတော့ ပြည်နယ်နှင့် စစ်ကိုင်းတိုင်းထဲတွင်ရှိသည်။ ဤနေရာတွင် လူဦးရေအရ များပြားသည်မှာ အမှန်ပင်ဖြစ်သော်လည်း ရော၏ထွေးယှက်တင်နေကြသည့်နေရာများက များပြားနေရာ သီးခြားစီခွဲထုတ်ရန် ခက်ခဲသည့်အခြေအနေများကိုလည်း တွေ့ရသည်။ ထိုအခြေအနေများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးသည့် ပူးတွဲကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများ အ ဖြစ် ဖွဲ့စည်းပါက သင့်တော်ခြင်း ရှိ/မရှိ ထည့်သွင်းစဉ်းစားရန် လိုအပ်ပေမည်။

မည်သို့ဆိုစေ ပြည်နယ်သစ်များတောင်းဆိုခြင်းနှင့်ပတ်သက်၍ ညီလာခံတွင် ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်ပြဿနာ တရပ်အဖြစ် သဘောထားရန်လိုအပ်ပြီး သင့်တော်သည့်ဖြေရှင်းမှုပြုလုပ်ပေးရန် လိုအပ်ပါသည်။

● မိုင်းဆတ်ဒေသ ပြဿနာ
လက်ရှိ ဝ ပြည်နယ်တောင်းဆိုသည့် သို့မဟုတ် UWSA ကချုပ်ကိုင်သည့် ပန်ဆန်းမိုင်းမောဒေသဒေသည် ဝ တို့၏မူရင်းဒေသ ဖြစ်သည့်အတွက် ပြဿနာမရှိသော်လည်း ကျိုင်းတုံ တာချီ လိတ်တောင်ဘက် မိုင်းဆတ်ခရိုင်တွင်းရှိ ထိုင်းမြန်မာနယ်စပ်တွင် ၁၇၁ စစ်ဒေသနှင့်ပတ်သက်၍မူ ရှမ်းများနှင့် အငြင်းပွားဖွယ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဒေသသည် မူရင်း ရှမ်းတို့ ၏ ဒေသဖြစ်ခြင်းကြောင့် ဖြစ်သည်။

၁၉၉၅ ခုနှစ်နောက်ပိုင်း ရှမ်းပြည်အလယ်ပိုင်းရှိ UWSA ဖယ်ရှားရန်အတွက်၎င်း ထိုင်းနယ်စပ်တွင် ထိုင်းနိုင်ငံ၏နောက်ခံဖြင့် အင်အားကြီး ထွားလာသည့် ခွန်ဆာဦးစီး MTA Mong Tai Army အား တိုက်ခိုက်ရန်အတွက်လည်းကောင်း၊ တချက်ခုတ် နှစ်ချက်ပြတ်ဖြင့် နဝတ စစ်ခေါင်းဆောင်များ၏ ခွင့်ပြုသဘောတူညီမှုဖြင့် မိုင်းဆတ်ခရိုင်တွင်းရှိ MTA စခန်းများအား UWSA တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် နေရာယူခဲ့ကြသည်။

အဆိုပါတိုက်ပွဲများအတွင်း UWSA တပ်ဖွဲ့များအရွှေ့အပြောင်းနှင့် လက်နက်ခဲယမ်းမီးကျောက်များကို နဝတ အစိုးရမှ အ ကူအညီပေးခဲ့သည့်အပြင် ဒဏ်ရာရ UWSA စစ်သည်များအားလည်း မင်္ဂလာဒုံစစ်ဆေးရုံထိပို့၍ ကုသမှုပေးခဲ့သည်။ ထို့ပြင် ထိုဒေသအား UWSA တပ်ဖွဲ့များသိမ်းပိုက်ပြီးနောက် MTA ရှမ်းတပ်ဖွဲ့များ ပြန်လည်အခြေမချနိုင်ရန် ဝ လူမျိုးအရပ်သား ၈ သောင်းခန့်အား ပြောင်းရွှေ့အခြေချရန် နဝတ စစ်ခေါင်းဆောင်များကသဘောတူခွင့်ပြုပေးခဲ့သည့်ပြင် ပြောင်းရွှေ့ရေးအား အကူအညီပေးခဲ့သည်။

သို့ဖြစ်ရာ ရှမ်းပြည်တောင်ပိုင်း မိုင်းဆတ်ခရိုင်အတွင်း မူလရှမ်းဒေသတွင် UWSA တပ်ဖွဲ့များနှင့် ဝ လူမျိုး တစ်သိန်းခန့် ပြောင်းရွှေ့အခြေချသည်မှာ အနှစ် ၂၀ ခန့်ရှိသွားပြီဖြစ်သည်။ အနှစ် ၂၀ ခန့်ကြာ အခြေစိုက်လာခဲ့သော UWSA နှင့် ဝ လူမျိုး များအဖို့ အခြေကျပြီဖြစ်နေသော သူတို့စစ်သည် အမြောက်အများ စတေး၍ရယူထားသည့်ဒေသမှ ဖယ်ပေးရန် ခက်ခဲနေ သကဲ့သို့ ရှမ်းတို့အဖို့လည်း သူတို့မူရင်းဒေသအား ပြန်လည်ရယူရန် ဆန္ဒရှိပေရာခက်ခဲစွာ ဖြေရှင်းရမည့် ပြည်တွင်းစစ်က ပေးသည့် ဆိုးမွေဟု ဆိုရပေမည်။

မူလက မြောက်ပိုင်းရှိ ဝ ဒေသအား ပြည်နယ်အဆင့်သတ်မှတ်ပေးလျှင် ၎င်းတို့ ၁၇၁ စစ်ဒေသဟုခေါ်သည့် မိုင်းဆတ်ခရိုင် အတွင်းမှ ဆုတ်ခွာပေးမည်ဟု UWSA ခေါင်းဆောင်တစ်ဦးက အလွတ်သဘောပြောဆိုမှုရှိသော်လည်း ယခုနောက်ပိုင်း တွင်တော့ မိုင်းဆတ်ခရိုင်တွင်းမှ ဆုတ်ပေးရန် မပြောတော့သည်သာမက ကျိုင်းတုံအပါ တောင်ပိုင်း ၄ မြို့နယ်အား ဝ ပြည် နယ်အတွင်းထည့်သွင်းရန် တောင်းဆိုလာသည်ကို တွေ့ရသည်။ ဤပြဿနာကား လွယ်မယောင်နှင့်ခက်၍ တိမ်မရောင်နှင့် နက်သည့်ပြဿနာဟု ဆိုရပေမည်။ UWSA တပ်များ အခြေချသည့်အချိန်ကြာလေ ဖြေရှင်းခက်လေ ဖြစ်မည့် ပြဿနာဟု ဆိုရပေမည်။

● ကဒူးလည်း တစ်ကျပ်
ပထမအကြိမ်ညီလာခံအတွင်း အားလုံးမှတ်မှတ်ရရ သတိထားမိကြသည့်စကားတခွန်းမှာ ကဒူးတိုင်းရင်းသား ကိုသန်းဇော် ဦးပြောသည့် ရှမ်းတစ်ကျပ် ဗမာတစ်ကျပ်ရရင် ကဒူးတွေအတွက်လည်း တစ်ကျပ်တောင်းခဲ့ပါဟူသည့်စကားပင်ဖြစ်သည်။ ဤစကားက မြန်မာပြည်တွင်း တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေး ရပိုင်ခွင့်တို့နှင့်ပတ်သက်၍ သတိပြုရန်လိုအပ် သည်ကို မီးမောင်းထိုးပြနေသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ ဝ/တအန်းပလောင်/ကိုးကန့်/ဓနု စသည့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၅ ခုအား ရှမ်းပြည် အတွင်း တွေ့ရ သည်။ ညီလာခံအတွင်း အခါနှင့် လီဆူးတို့အတွက် ကိုယ်အုပ်ချုပ်ရေးဒေသသတ်မှတ်ပေးရန် တောင်းဆို သည်ကိုလည်း တွေ့ရသည်။

အဓိကပြဿနာမှာ တိုင်းရင်းသားလူနဲစုများအတွက် အခွင့်အရေးမည်သို့သတ်မှတ်မည်ကို ထည့်သွင်းစဉ်းစားရန်လိုသည်။ လက်ရှိ ၂၀၀၈ ဥပဒေအရ လုဦးရေ ၁ သိန်းခန့် စုစုစည်းစည်းနေသည့်ဒေသရှိသည့် တိုင်းရင်းသားလူမျိုးများအား ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ဖွဲ့စည်းခွင့်ပေးထားသည်။ သို့သော် လူဦးရေနည်းပါးသည့် တိုင်းရင်းသားလူမျိုးများအတွက် အခွင့်အရေးကာကွယ်မှုများပေးမထားချေ။

ယခုအခါ ကချင်ပြည်တွင် ထရုံ လူမျိုးများပျောက်ကွယ်မတတ် ဖြစ်နေသကဲ့သို့ ခနုံလူမျိုးစုများမှာလည်း လူဦးရေလျော့ကျ နေပြီဖြစ်သည်။ ဥပမာ ပြည်နယ်တွင်လည်း ရခိုင်အပြင် မြို ခမွီ သက် စသဖြင့် တိုင်းရင်း သားလူနဲစုများရှိသကဲ့သို့ အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း တိုင်းရင်းသားလူနဲစုများရှိနေသည်ဖြစ်ရာ ၎င်းလူနဲစုတိုင်းရင်းသားများ အခွင့်အရေးအတွက် ဤညီလာခံမှ ပြဌာန်းပေးရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုတိုင်းရင်းသားလူနဲစုများသည် ဤညီလာခံတွင် တက်ခွင့်မကြုံ၍ ဖြစ်သည်။

ထို့ပြင်၎င်းတို့၏ အသံများနားထောင်နိုင်ရန် ဒေသအလိုက် အမျိုးသားအဆင့်ဆွေးနွေးပွဲများတွင် ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ ပါဝင်ရန်လိုအပ်ပေလိမ့်မည်။

● DDR နှင့် SSR
နိုင်ငံရေးဆွေးနွေးပွဲ၏ရလဒ်များပေါ်မူတည်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပတ်သက်၍ မည်သို့ကိုင်တွယ်မည် ကို ဆုံးဖြတ်ကြရမည်ဖြစ်သည်။ လက်ရှိ တပ်မတော်က လိုလားသည်မှာ DDR ဖြစ်သည်။ DDR ဆိုသည်မှာ Disarmament/ Demobilization /Reintegration ဆိုသည့် လက်နက်ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှနှုတ်ထွက်ခွင့်ပြုခြင်း၊ အရပ်သားများ အဖြစ် ပြန်လည်ပေါင်းစည်းရေးတို့ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးလိုလို (NCA ထိုးသူရောမထိုးသူပါ)က တင်ပြသည်မှာ SSR ခေါ် Security Sector Reform ဆိုသည့် လုံခြုံရေးဆိုင်ရာပြု ပြင်ပြောင်းလဲရေးဖြစ်သည်။

လွယ်လွယ်ကူကူပြောရလျှင် တပ်မတော်အနေနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံးအား လက်နက်ဖြုတ် သိမ်းလိုသည်။ တပ်မတော်အနေနှင့် ၎င်းတို့တွင်ရှိသည် ထောင်နှင့်ချီသော လက်နက်ကိုင်တပ်ဖွဲ့များအား လက်နက်ဖြုတ် သိမ်းခြင်း ပြည်သူ့စစ်အဖြစ်ပြောင်းလဲခြင်းများကို ပြုလုပ်လိုသည်။ တိုင်းရင်းသားများကတော့ သူတို့တပ်များကို ပြည်နယ် တပ်များအဖြစ် အသွင်ပြောင်းလိုသည်။ ဤအချက်နှင့်ပတ်သက်၍ နှစ်ဖက်ကွာဟချက်ကြီးမားသည်။

သို့ရာတွင် လက်ရှိကာလတွင် ဦးစားပေးလုပ်ရန်လိုအပ်သည်မှာ လက်နက်ကိုင်များ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးပြဿ နာများကို တဆင့်ချင်းဖြေရှင်းသွားရေးဖြစ်သည်။ သို့ဖြစ်ရာ DDR နှင့် SSR ပြဿနာသည် လက်ငင်းပြဿနာမဟုတ်ပေ။ နောက်ပြဿနာဖြစ်သည်။ ဦးစွာဖြေရှင်းရန်လိုအပ်သည့် နိုင်ငံရေးပြဿနာများကို အရင်ဖြေရှင်းပြီး ယုံကြည်မှုတည် ဆောက် နိုင်ပါမှ လက်နက်ကိုင်တပ်ပြဿနာကို ချောမွေ့စွာဖြေရှင်းနိုင်ပေလိမ့်မည်။

မလိုအပ်သေးသည့်အချိန်တွင် မလိုအပ်သေးသော ပြဿနာများအား နောက်ချန်ထားပြီး ရှေ့တန်းတင်၍ အရင်ဖြေရှင်းရမည့် နိုင်ငံရေးပြဿနာများကို ဦးစွာဖြေရှင်းမှသာ ပြဿနာများကို လွယ်ကူစွာဖြေရှင်းနိုင်ပေလိမ့်မည်။ ကိုယ်ဖြစ်ချင်သည့် ကိစ္စရပ် များအတွက် ဘက်အားလုံးက ဆန္ဒမစောကြရန် လိုအပ်ပေမည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments