Nyi Saw Lwin – Almost connected to the World

October 12, 2013

ကမ္ဘာကြီးနှင့် ငါတို့ ‘ချိတ်လု ချိတ်ခင်”
ညီစောလွင်၊ အောက်တိုဘာ ၁၂၊ ၂၀၁၃
လာအိုကို လွန်ခဲ့တဲ့ သုံးလေးနှစ်က နှစ်ခေါက်ရောက်ခဲ့တယ်၊ ဒီတခေါက် ပြန်ရောက်တော့ ဘာထူးလဲဆိုတော့ မြန်မာတွေ ဗီဇာမလိုတော့တာပါပဲ၊ အနောက်တိုင်းသားတွေ ဗီဇာဖောင်ဖြည့်၊ ဓာတ်ပုံကပ်နေတဲ့အချိန်မှာ ကိုယ်တို့ကတော့ ခေါင်းမော့ရင်ကော့လို့ပေါ့၊ ကိုယ်တို့က အာဆီယံ နိုင်ငံက လူတွေလေ၊ မြန်မာဖြစ်ရတာ ဒီတခါတော့ ဂုဏ်ယူလိုက်မိတယ်။ အာဆီယံ အဖွဲ့ဝင် ဖြစ်ရတာ လာအိုသွားတဲ့ ခရီးမှာတော့ ဂုဏ်ယူနေမိတယ်။
ကိုယ့်လိုပဲ ဂုဏ်ယူနေတဲ့ နောက်တယောက်ကတော့ ဖိလစ်ပိုင်က ချာတိတ်တယောက်။
သူက အသက် ၉ နှစ်ကတည်းက ထိုင်းကို မိဘတွေနဲ့ ရောက်နေတယ်။ အခု အသက် ၂၄ နှစ်၊ ထိုင်းစားကို ရေရေလည်လည်ပြောတယ်။ အင်္ဂလိပ်စကားကိုလည်း ကရားရေလွှတ်ပြောတယ်၊ ချင်းမိုင် မယ်ကျို့ တက္ကသိုလ်က ကျောင်းပြီးတယ်။ သူ့အဖေဆီက အင်္ဂလိပ်စာကို သင်တယ်တဲ့၊ သူ့အဖေက အင်္ဂလိပ်စာ ဆရာလေ၊ ထိုင်းမှာက ဖိလစ်ပိုင်က အင်္ဂလိပ်စာဆရာတွေ အတော်များသကိုး၊ ဖိလစ်ပိုင်ဆရာတွေက အနောက်တိုင်းသားတွေထက် စာရင် ဈေးပေါတယ်လေ၊ မြန်မာတွေလိုပဲ အောက်ခြေသိမ်း အလုပ်လုပ်တဲ့ ဖိလစ်ပိုင်တွေလည်း ရှိပါတယ်။ ရွှေမြန်မာတွေကတော့ ထိုင်းမှာ သန်းနဲ့ ချီသလို၊ ဖိလစ်ပိုင်တွေကတော့ သောင်းဂဏန်း၊ အလွန်ဆုံး သိန်းဂဏန်းလောက် ရှိပါတယ်။ အာဆီယံနိုင်ငံအချင်းချင်း လူတွေ၊ ကုန်စည်တွေ၊ ပညာတွေ ကူးလူး ဆက်ဆံနေကြတာ။ ကြာခဲ့ပါပြိ၊
လာအိုခရီးမှာ အံ့သြသွားတာက တယ်လီင်္ဖုန်း ကိစ္စဗျ၊ အရင်က ကျနော်တို့ လာအိုရောက်လို့ ထိုင်းဘက်ကို ဖုန်းခေါ်ချင်ရင် မြစ်ဘေးကို သွားရတယ်။ ဖုန်းက မိတချက် မမိတချက်ပေါ့၊ အခု အဲ့လို မဟုတ်တော့ပါဘူး၊ ထိုင်းဘက်ကနေ လာအိုဘက်ကို ကူးသွားတာနဲ့ ကိုယ့်ဖုန်းက Dtac ဖုန်းဆိုရင် မက်ဆေ့ဝင်လာမယ်။
” လာအိုက ကြိုဆိုပါတယ်။ Dtac ကို ဆက်သုံးနိုင်ပါတယ်။ မက်ဆေ့အ၀င်အတွက် ပိုက်ဆံပေးစရာမလိုပါဘူး၊ ပို့ရင်တော့ တစောင်ကို ၁၂ ဘတ် ကျပါတယ်။ အ၀င်ကောဆိုရင်တော့ တမိနစ် ၂၆ ဘတ်နဲ့ ထိုင်းဖုန်းခေါ်မယ်ဆိုရင်တော့ တမိနစ်ကို ၃၁ ဘတ်ကျပါတယ်” တဲ့။
လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက နယ်သာလန်က မိတ်ဆွေသတင်းထောက်တယောက်က ကျနော့်ကို နယ်သာလန်ကနေ ပြင်သစ်ကို သူ့ကားနဲ့ လိုက်ပို့ခဲ့တာကို သတိရသွားတယ်။ နို်င်ငံတနိုင်ငံ ကျော်ရင် ဖုန်းမက်ဆေ့တခါဝင်တယ်၊ ဈေးနှုန်းကတော့ မတူဘူးပေါ့၊ ဒါပေမယ့် ကိုယ့်ဖုန်းကိုပဲ သုံးနေလို့ ရတယ်၊ အခု ကျနော်ရောက်နေတာက လာအို၊ အရှေ့တောင် အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံ၊ ဒါပေမယ့် ဖုန်းထဲ မက်ဆေ့ဝင်လာပုံက ဘယ်လဂျီယံကနေ ပြင်သစ်နိုင်ငံထဲကို ရောက်သွားသလိုမျိုး၊ မယုံတ၀က်နဲ့ ညကျတော့ ထိုင်းဘက်က ဖုန်းခေါ်ကြည့်လိုက်တော့ ရနေတယ်။ ဒီလိုနဲ့ နောက်တနေ့ မနက်မှာ ဖိလစ်ပိုင်က ချာတိတ်ကို ပြန်တွေ့တော့ အားရ၀မ်းသာ ပြောလိုက်မိတယ်။
We are now connected!!
လာအိုမှာ ဒီတခေါက် ထူးတာက ဆောက်လုပ်ရေး လုပ်ငန်းတွေပဲ၊ ဟိုတယ်တွေ၊ ကုန်တိုက်တွေ ဆောက်လက်စတွေ နေရာအနှံ့မှာ တွေ့ရတယ်။ သူတို့ လမ်းတွေ အများကြီးကောင်းနေပါပြီ၊ တည်းခိုခန်းတွေမှာ WiFi ချိတ်ထားလိုက်ကြပြီ၊ စမတ်ဖုန်းဆိုရင် အင်တာနက်ချိတ်လိုက်ရင် တရက်ကို ၃၅၀ ဘတ် (ဆယ်ဒေါ်လာစွန်းစွန်း) ပေးရမယ်။ ကွန်မြူနစ်နိုင်ငံမှာ အခြေခံ အဆောက်အဦကို အကြီးအကျယ် ပြင်နေတာကို တွေ့ရတယ်။
လမ်းမှာ ကြုံတဲ့ တက္ကစီသမားကို မေးကြည့်တော့ ၀င်ငွေနည်းတဲ့နေ့ဆို အမေရိကန်ဒေါ်လာ ၁၀၀ လောက်ရပြိး ၀င်ငွေများတဲ့နေ့ဆိုရင် ဒေါ်လာ ၅၀၀ လောက်အထိ ရတယ်လို့ ပြောတယ်။ ကုန်ဈေးနှုန်းက တက်နေတော့ အဆင်ပြေလှတယ်လို့တော့ မဟုတ်ပါဘူးတဲ့။ မြို့တော် ဗီယန်ကျင်းမှာ ကားလမ်းတွေကတော့ ကျပ်သလောက် ကျပ်ပါတယ်။ ဒါပေမ့ယ် ရန်ကုန်မှာလောက်တော့ ဆိုးတာ မတွေ့ခဲ့ရပါဘူး။ ရန်ကုန်ခရီးမှာ တွေ့တဲ့ တက္ကစီသမားတွေ လောက် ဗီယန်ကျင်းက တက္ကစီသမားတွေ ညည်းတာ မကြားရပါဘူး။ မိုးကုန်ခါနီးဆိုတော့ သူတို့မှာ မျှော်လင့်ချက်တွေ ရှိနေတာ တွေ့ရတယ်ဗျာ၊ မိုးကုန်ရင် နိုင်ငံခြားသားတွေ ပိုများလာမှာပေါ့တဲ့။
အခုနောက်ပိုင်း စီးပွားရေးသမားတွေ၊ ရင်းနှီးမြှုပ်နှံသူတွေက ပိုများလာတယ်လို့ တက္ကစီသမားက ပြောတော့ ကျနော် စိတ်ဝင်စားသွားတယ်၊ ဘယ်လို သိတာလဲလို့ မေးတော့ သူ့ အဖြေက သဘာဝကျသလိုပဲ။ နိုင်ငံခြားသားတွေ အရောက်အပေါက်များတယ်၊ ရောက်ရင် ကိုယ်ပိုင်ကားနဲ့ သွားလာကြတာများတယ်၊ ဒီလိုတွေက စီးပွားရေးသမားတွေတဲ့။ အလည်လာတဲ့ လူတွေကတော့ တက္ကစီကိုပဲ သုံးကြတယ်တဲ့။ သူတို့ဆီမှာ လမ်းတွေ၊ လျပ်စစ်မီးတွေ၊ တယ်လီကွန်မြူနကေးရှင်းတွေ တိုးတက်လာလို ဆောက်လက်စ ပြင်လက်စတွေလည်း မိုးဦးကျ မှိုပေါက်သလို တွေ့ခဲ့ရတယ်။
လာအိုဆိုတာက ကွန်မြူနစ်နိုင်ငံ၊ ဒါပေမယ့် ညဘက် လမ်းပေါ်မှာ တယောက်တည်း ကင်မရာတလုံးနဲ့ လျှောက်သွားနေတဲ့ မျက်နှာစိမ်းတယောက်ကို ဘယ်သူမှ အရေးလုပ်နေမှာ မဟုတ်ပါဘူး၊ မေးရင်လည်း ညဘက်မောင်းတဲ့ တက္ကစီသမားတွေက “မိန်းကလေး လိုချင်လား။ ဆေးခြောက်ရူ့ချင်လား” လို့ ပဲ မေးမယ်။ မလိုချင်ဘူးလို့ ဖြေရင်တော့ ” ဒါဆိုရင် မေ့လိုက်တော့” လို့ ပြောပြီး ထွက်သွားမယ်၊ ဒီနေရာမှာတော့ ဗီယန်ကျင်းက ဘန်ကောက်နဲ့ ဘာမှ မကွာတော့ပါ ဘူး။
မကွာတဲ့အကြောင်းပြောရရင် အစားအသောက်ချင်းကလည်း ခပ်ဆင်ဆင်၊ ကျေးလက် သီချင်းကလည်း ခပ်ဆင်ဆင်၊ အ၀တ်အစား၊ ဘာသာစကား အားလုံး ထိုင်းနဲ့ ခပ်ဆင်ဆင်ပါပဲ၊ ထိုင်းစကားပြောပြီး ထိုင်းဘတ်သုံးလို့ ရတယ်၊
အာဆီယံ နိုင်ငံတွေဆိုတာက အီးယူနိုင်ငံတွေနဲ့ မတူပါဘူး၊ အီးယူက ပြောရရင် ခရစ်ယာန်က အများစု၊ ဒီမိုကရေစီနိုင်ငံတွေ၊ အာဆီယံက ဗျောက်သောက်၊ နိုင်ငံရေးစနစ်က မျိုးစုံ၊ ဒီမိုကရေစီ၊ အာဏာရှင်တပိုင်း ကွန်မြူနစ်၊ ဘုရင်စနစ်၊ စည်းမျဉ်းခံ ဘုရင်စနစ်၊ စသဖြင့်..။ ကိုးကွယ်တဲ့ ဘာသာကျတော့လည်း အမယ်စုံ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာ၊ တကယ်ကို အမယ်စုံတဲ့ နိုင်ငံတွေပါပဲ။ ဆင်းရဲချမ်းသာ ကွာဟမှုကလည်း ရှိပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေ ပေါင်းစည်းရေးမှာ အခက်အခဲတွေ ရှိမယ်ဆိုတာ စဉ်းစားကြည့်လို့ရပါတယ်။
ဒါပေမယ့် ကိုယ်တွေ့တခု ပြောရဦးမယ်။ ချင်းမိုင်ကနေ ဗီယက်ကျင်းကို သွားတဲ့ ခရီးမှာ ကားပေါ်မှာ ဥရောပသား တသိုက်လည်း ပါတယ်။ ခရီးအစမှာ တယောက်နဲ့ တယောက် မသိကြပါဘူး။ ဒီလိုနဲ့ ပြောရင်းဆိုရင်းနဲ့ ဗီယန်ကျင်း ရောက်တဲ့ အခါမှာတော့ အဖွဲ့နှစ်ဖွဲ့ မသိမသာ၊ သိသိသာသာ ကွဲသွားတယ်။ ဥရောပသားတွေက သူတို့ အချင်းချင်း ပိုစည်းလုံးသလို၊ အာရှသားတွေကလည်း အချင်းချင်း စည်းလုံးသွားတယ်။ ကားရပ်တဲ့အခါတိုင်း စားသောက်တဲ့ အခါ ကျနော်နဲ့ ဖိလစ်ပိုင်က ချာတိတ်နဲ့အတူ ဂျပန်အမျိုးသမီးတယောက်က လာထိုင်တယ်၊ ထိုင်းသံရုံးမှုာ ဗီဇာလျှောက်တော့လည်း တအုပ်စုတည်း။
ပြန်မယ့် နေ့ကျတော့လည်း ဗီယန်ကျင်းကနေ တက္ကစီကို အတူတူငှားစီးကြတယ်။ ထိုင်းဘက်က ကူးတော့လည်း အာရှသားသုံးယောက်က သက်သက်၊ ဥရောပသားအဖွဲ့က သက်သက်၊
နောင်ခိုင် (ထိုင်းဘက်) ကူးပြီး စောနေသေးတဲ့အတွက် AYa ခရီးသွားကုမ္မဏီရဲ့ မနီးမဝေးက စားသောက်ဆိုင်ထိုင်ကြတယ်။
အာရှသား သုံးယောက်မှာ ပြောစရာတွေက အများသား။ အထူးသဖြင့် မြန်မာ၊ ဖိလစ်ပိုင်နဲ့ ဂျပန်တို့ ပေါင်းမိတဲ့အခါ တရုတ်အကြောင်းပြောကြတယ်။ ဂျပန်နဲ့ တရုတ် သမိုင်းကြောင်း အရ ပြသနာတွေက အစ၊ တောင်တရုတ်ပင်လယ်ပြသနာ အလယ်၊ တရုတ် ရင်းနှီးမြှုပ်နှံမှု အဆုံးပေါ့။ တယောက်တလှည့် မကျေနပ်တာတွေကို ပြောကြတယ်။ နောက်ဆုံး စကားဝိုင်းသိမ်းခါနီး ကျတော့လည်း တရုတ်ကို ဘယ်လိုပဲ မကျေမနပ်ဖြစ်ဖြစ်၊ စီးပွားရေးအရ၊ ဘယ်လိုမှ ခွဲခြားလို့ မရဘူးဆိုတာကိုလည်း ပြောဖြစ်ကြတယ်။
“ဂျပန်ကိုရော ဘယ်လို မြင်လဲ” တဲ့။
ဂျပန်အမျိုးသမီးက အမှတ်မထင်မေးတယ်။
“ ဂျပန်တွေနဲ့ စစ်ဖြစ်ခဲ့တဲ့ သမိုင်းရှိပေမယ့် ဂျပန်တွေကို မြန်မာတွေက မမုန်းပါဘူး” လို့ ကျနော်က ဖြေလိုက်တယ်။
“ ဂျပန်တွေက ဖွံ့ဖြိုးရေး အကူအညီတွေ အများကြီး ပေးတယ်လေ”
“ အင်း”
“ ကမ္ဘာ့ဘဏ်မှာ တင်နေတဲ့အကြွေးကို ဂျပန်က ၀င်ဆပ်ပေးလို့ပေါ့.. မဟုတ်ရင်း မလွယ်ဘူး၊
“ ဟုတ်တာပေါ့”
‘ ဒါတင် ဘယ်ကဦးမလဲ”
ဂျပန် အမျိုးသမီးက ဆက်နားထောင်နေတယ်။
“ အမေရိကားကို ရောက်နေတဲ့ ကျနော့် မိတ်ဆွေတွေဆို ဆူရှီ ရောင်းပြီး တအားအဆင်ပြေတာ”
အတည်အခန့်တွေ ပြောနေရာကနေ အရွန်းဖောက်တဲ့စကားကို သူတို့နှစ်ယောက်စလုံး သဘောပေါက်လို့ တော်သေးတာပေါ့၊ ရယ်ကြတယ်။
မြန်မာပြည်က လည်ပတ်စရာနေရာတွေကို မေးလို့ ပြောပြရင်း ကားထွက်ချိန်နီးမှ AYa ခရီးသွားကုမ္မဏီရဲ့ ရုံးဘက်ကို ထွက်လာကြတယ်။
အာဆီယံ အလံတွေ တစုတစည်းတည်း စိုက်ထားတဲ့ အဆောက်အဦတခုကို တွေ့လို့ ဓာတ်ပုံ ရိုက်လိုက်သေးတယ်။ လျှောက်လာရင်နဲ့ အလည်အပတ်ခရီး ကြေညာဆိုင်းပုဒ်တခု တွေ့ပြန်တယ်။
ကျိုက်ထီးရိုးဘုရား၊ ရွှေတိဂုံ ဘုရား ပုံတွေနဲ့ ထိုင်းဘတ် ၂၂၉၀၀ ( ဒေါ်လာ ၁၀၀၀ ၀န်းကျင်) လို့ ရေးထားတယ်။ ဓာတ်ပုံ ရိုက်ပြီး ဆက်လျှောက်လာတယ်၊
လမ်းမှာ သော့မတ် ဖရိုင်းမင်းရဲ့စာသား “ဘုရားရေ.. ကမ္ဘာပြားသွားပြီပဲ” ဆိုတာကို သတိရတယ်။ တဆက်တည်း ဒီအကြောင်းစာရေးရင် ” ငါတို့ ချိတ်မိသွားပြီ” လို့ ခေါင်းစဉ်ပေးရင်ကောင်းမလား၊ဒါမှမဟုတ် ” ငါတို့ ချိတ်လု ချိတ်ခင်” လို့ ခေါင်းစဉ်ပေးရင် ကောင်းမလားဆိုတာလည်း စဉ်းစားလာတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Overseas Burmese

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်