အောင်လွင် ( ကံပေါက်သား ) – ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ

September 30, 2016
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles


အောင်လွင် ( ကံပေါက်သား )  – ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ

(Dawei Watch, တနလာင်္ရီ အပတ်စဉ်) မိုးမခ၊ စက်တင်ဘာ ၃၀၊ ၂၀၁၆

(ပြည်တွင်းမှာ အသရေဖျက်မှုနဲ့ တရားစွဲ အရေးယူခံရတဲ့ ဆောင်းပါးကို လေ့လာနိုင်ရန် ကူးယူ တင်ဆက်လိုက်ပါတယ်။ ခွင့်ပြုချက် ကြိုတင် မတောင်းခံနိုင်တာ ခွင့်လွှတ်ပါ)

နေဟာခြစ်ခြစ်တောက် ပူနေတယ်။

ကျွန်တော် နေထိုင်ရာ ရေချောင်းရဲ့ အထက်ဖက် သတ္တုတွင်းလုပ်ငန်း စီမံကိန်း တစ်ခုက လွှတ်ချလိုက်တဲ့ စွန့်ပစ်နုန်း အနှစ်တွေဟာ ရေစီးနဲ့အတူ ကျွန်တော့် ကိုယ်လုံးပေါ်မှာ စက္ကန့် မလပ်ဖြတ်သန်းစီး ဆင်းနေတယ်။ ကျွန်တော့်မျက်စိတွေဟာ နောက်ကျိနေတဲ့ နုန်းအနှစ်တွေအကြား မှာ အစာကို ကောင်းကောင်းမမြင်ရ တော့ဘူး။

ကျွန်တော်အသက်ရှူရတာ လည်း မလွတ်လပ်တော့ဘူးဗျ။
ကျွန်တော်ဟာ ငါးတစ်ကောင်ဖြစ် တယ်။ ငါးရံ့။ ပင်လယ်ငါးရံ့တော့ မဟုတ်။ ငါးကန်ထဲမှာ မွေးလာတဲ့ မွေးမြူရေး ငါးရံ့ လည်း မဟုတ်ပြန်ဘူး။ ကျွန်တော်က ရေချိုငါးရံ့။ ရေချောင်းကလေးတစ်ခု ထဲက သာမန်ငါးရံ့လေးတစ်ကောင်ပါ။

ကျွန်တော်က ထားဝယ်လိုနဲ့ ဒပ်ပုပ် လို့ ခေါ်တဲ့ ငါးရံ့ခေါင်းတို မဟုတ်ဘူးဗျ။ ကျွန်တော်တို့ ငါးရံ့မျိုးတွေဆိုတာ သိတဲ့အတိုင်း ကိုယ်လုံးက သွယ်သွယ်ဗျ။ ဒပ်ပုပ်တွေလို ခေါင်းတိုတိုမဟုတ်ဘဲ နှုတ်သီး နည်းနည်းပိုချွန်ပြီး အမြီးပိုင်း ဆီကို သွယ်သွယ်လျလျလေး သေးပြီး ဆင်းသွားတဲ့ ကိုယ်လုံးရှိတယ်ဗျ။ ငါးရံ့ မျိုးနွယ်တွေမှာ ကျွန်တော် အကြိုက်ဆုံး ကတော့ ကြည်လင်နေတဲ့ အကြေးခွံကို ဖောက်ပြီး မြင်ရတဲ့ အစိမ်းရင့် ရောင်ဘက် ကိုခပ်လုလု အရေပြားလှလှတွေပဲဗျ။

ဒါဟာ ကျွန်တော်တို့ ငါးရံ့မျိုး ငါးရံ့ နွယ်တွေရဲ့ အမှတ် လက္ခဏာဖြစ်သလို ကျွန်တော့်ကို ငါးရံ့တစ်ကောင်အဖြစ် ကိုယ့်ကိုကိုယ် ဂုဏ်ယူစေတဲ့ ဝိသေသ လည်း ဖြစ်တယ်။

ဒါပေမယ့်ဗျာ…။ ခုအချိန်မှာ ကျွန် တော့်မျိုးရိုး အစဉ်အဆက်ရှိခဲ့တဲ့၊ ကျွန် တော့်ကိုယ်ကျွန်တော် ငါးရံ့တစ်ကောင် အဖြစ် ဂုဏ်ယူ ဝင့်ကြွား နေစေခဲ့တဲ့ ကျွန် တော့်ငါးရံ့ အရေခွံဟာ အရင်လို ကြည် စိမ်းမနေတော့ဘူးဗျ။

သတ္တုတွင်းက ကျလာတဲ့ စွန့်ပစ်နုန်းအနှစ်တွေဟာ ကျွန်တော့် အကြေး ခွံတွေနဲ့ တစ်ကိုယ်လုံး မှာ ကျက်သရေကင်းမဲ့စွာ ကပ်ငြိ နေကြတယ်။

သေသွားတဲ့ ကျွန်တော့် မိဘနှစ်ပါး (နှစ်ကောင်)နဲ့ ကျွန်တော့် အမျိုးတွေသာ တမလွန်ဘ၀ကနေ ဒီအချိန်မှာ ကျွန်တော့်ကို ပြန်တွေ့ နိုင်ကြရင် “မင်းဟာ ငါးရံ့တစ်ကောင် မဟုတ်ဘူးကွ” လို့ ဧကန်မုချ သူတို့ ပြောကြလိမ့်မယ်လို့ ကျွန်တော်ထင် တယ်။ ကျွန်တော့်ကို ကျွန်တော်လည်း ငါးရံ့ တစ်ကောင်အဖြစ် တည်ရှိနေရခြင်း ကို မနှစ်မြို့တော့ဘူးဗျ။

ဒီလို ဘာကြောင့် ဖြစ်နေရသလဲ။

ကျွန် တော် ဒါကိုလူတွေကို ရှင်းပြချင်တယ်ဗျာ။ ကျွန်တော် မသေခင် ငါးရံ့တစ်ကောင်ရဲ့ ရင်တွင်း ခံစားချက် တွေကို လူတွေကို ပြောပြခဲ့ချင်တာပါ။

ကံပေါက်ဆိုတာ ရှေးနှစ်ပေါင်း များစွာ ကတည်းက သတ္တုတွင်းကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ ရွာကြီး တစ်ရွာဗျ။ ရွာတွင်းရွာပြင်တွေမှာ စီးဆင်းနေတဲ့ ချောင်းမြောင်း အင်းအိုင် ရေတံခွန်ကြီးငယ်တွေနဲ့ ရွာရဲ့ အရှေ့ တောင်ဘက် တောင်ပေါ်က ရေကန် တောင်လို့ခေါ်တဲ့ တောင်ပေါ် ရေကန် ကြီးမှာ ကျွန်တော်တို့ ငါးရံ့မျိုးတွေဟာ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ လိပ်၊ ဖွတ်၊ ငါးလင်ဗန်း အစရှိတဲ့ အခြားသော ရေချိုနေ သတ္တဝါတွေနဲ့ နှစ်ပေါင်းများစွာ အသက်ရှင်သန် နေထိုင်ခဲ့ကြတယ်။ ကျွန်တော်တို့ ဘိုးဘေး ငါးရံ့တွေ လက် ထက်ကတည်းက သတ္တုတူးဖော်တဲ့ လုပ်ငန်း တွေ လုပ်ခဲ့ပေမယ့် ကျွန်တော်တို့ ငါးရံ့မျိုးတွေ မျိုးမတုန်းခဲ့ကြဘူးဗျ။

သိပ်ဆိုးသွားတာက ကျွန်တော့်မိဘ ငါးရံ့တွေရဲ့ လက်ထက် ၂၀၁၀ အစပိုင်း ကပဲဗျ။ အရင်က မရှိခဲ့ဖူးတဲ့ ဘူဒိုဇာ တွေနဲ့ တောင်တွေကိုဖြို၊ သတ္တုသန့် စင်စက်ရုံ အကြီးကြီးတွေ ဆောက်၊ ထွက် လာတဲ့ စွန့်ပစ်ရေတွေကို ကျွန်တော်တို့ နေထိုင်ရာ ချောင်းထဲကို စွန့်ပစ် လိုက်ကြ တယ်ဗျာ။

ဒီတော့ ကျုပ်တို့ ငါးမျိုး ငါး နွယ်တွေ နေထိုင်ကျက်စားရာ နေရာတွေ ပျောက်ကုန်တော့တာပေါ့။ ဒီလို စည်းမဲ့ ကမ်းမဲ့ လုပ်တာ နှစ်ပေါင်း များစွာ ကြာ လာတော့ ကျွန်တော်နေတဲ့ ချောင်းထဲက ငါးမျိုးစိတ် အတော်များများ သုန်းကုန် တယ်ဗျ။ ကျွန်တော့်ဖေဖေ ငါးရံ့ကြီး ပြောပြခဲ့တဲ့ လိပ်တွေ၊ ငါးလင်ဗန်းတွေ၊ ငါးဇင်ရိုင်းနဲ့ ငါးသလဲတိုးတွေ၊ ပုစွန်နဲ့ ကဏန်းမျိုးစိတ်တွေဆိုတာ ဒီချောင်း ထဲမှာ တကယ်နေခဲ့ကြတယ်ဆိုတာ ခုအချိန်မှာ ကျွန်တော့်အတွက် ပုံပြင် တစ်ပုဒ်လိုပဲ။

တကယ်တော့ ဒီအကြောင်းတွေကို ပြောပြခဲ့တဲ့ ကျွန်တော့်ဖေဖေ ငါးရံ့ ကြီးသေသွားတာကလဲ ပုံပြင်တစ်ပုဒ်လို ပါပဲလေ။

လွန်ခဲ့တဲ့ နှစ် နှစ်လောက်က နွေရာသီရဲ့ နေ့တစ်နေ့ပေါ့။ ကျွန် တော်ရယ်၊ ကျွန်တော့်မေမေ ငါးရံ့မကြီး ရယ်၊ ကျွန်တော့်ဖေဖေ ငါးရံ့ကြီးရယ်၊ ပြီးတော့ ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန် တော့်ရဲ့ ငါးရံ့ ညီမလေး နှစ်ကောင်ရယ် ပေါ့။ သတ္တုတွင်းက တစ်ချိန်လုံး လွှတ်ချနေတဲ့ စွန့်ပစ်နုန်း ရေတွေကနေ လွတ်ရာ မြောင်းငယ် လေးကနေထွက်ပြီး ကျွန် တော်တို့ မိသားစု ချောင်းမကြီးထဲကို အစာရှာ ထွက်နေကြတဲ့ အချိန်ပေါ့။ ဝေါကနဲဆို ချောင်းရဲ့ အပေါ်ဘက်ကနေ နုန်းရေ ထုကြီး အလုံးအရင်းနဲ့ စီးဆင်း လာ တယ်။

” ငါ့သား . . .ပြေး”

အဲဒီလို အော် လိုက်တဲ့ ကျွန်တော့်မေမေ ငါးရံ့မကြီးရဲ့ အသံ ကျွန်တော့်နားထဲ ခုထိကြားနေဆဲ။ မြောင်းငယ်လေးထဲကို ကျွန်တော် ခုန် ထွက် လွတ်မြောက်သွားပေမယ့် ကျွန်တော့် မိသားစုကတော့ ဒီရေမတက် တဲ့ချောင်းမှာ နွေခေါင်ခေါင်ပြီး ၄ ပေ လောက်မြင့်တက်လာတဲ့ သတ္တုတွင်းက ဖောက်ချလိုက်တဲ့ စွန့်ပစ်နုန်းရေစီးနဲ့အတူ မျောပါသွားခဲ့တယ်။ အဖြစ်အပျက်ဟာ နာရီဝက်လောက်ပါပဲ။ ရေပြန်ကျ သွား တယ်။ ကျွန်တော် မိသားစုအတွက် စိတ်ပူစွာနဲ့ ချောင်းဘက်ကို စေ့ငုကြည့် တော့ ကမ်းပေါ်မှာ တင်ကျန်နေခဲ့တဲ့ငါး တွေ၊ ပုဇွန်တွေ။ ခုန်ဆွ ခုန်ဆွ။ ဖျပ်ဖျပ် လူး။ အသက်ထွက်ကြ။ ခဏနေတော့ တဝေါဝေါရေသံကြောင့် လူတွေရောက် လာကြ။ သေတဲ့ငါးတွေကို ကောက်ကြ။ မသေမရှင်တွေကို ထုသတ်ယူဆောင် သွားကြ။

လူတွေဟာ သူတို့ချစ်တဲ့ မိသားစု တွေသေရင် ဒါမှမဟုတ် သူတို့မိတ်ဆွေ တွေ ချစ်တဲ့သူတွေ သေရင် ငိုကြတယ်လို့ ကျွန်တော်ကြားဖူးတယ်ဗျ။ ခု ကျွန် တော့် မိသားစု သေပြီ။ ကျွန်တော်ချစ်တဲ့ ငါးမျိုး နွယ်စုတွေ သေကြပြီ။ ကျွန်တော် ငိုခဲ့ တယ်။ ဒါပေမယ့် ကျွန်တော့်လို ငါးရံ့ တစ်ကောင်ရဲ့ မျက်ရည်ကို လူတွေ မြင် ကြမှာမှ မဟုတ်ဘဲလေ။

ကျွန်တော်ဟာ သတ္တုတွင်းက နေ့ စဉ်နီးပါး လွှတ်ချနေတဲ့ စွန့်ပစ်နုန်းရေ တွေနဲ့လွတ်ရာ မိသားစုနဲ့အတူ ခိုအောင်း ခဲ့ရာ မြောင်းငယ်လေးထဲမှာပဲ ချစ်တဲ့ သူတွေကို စွန့်လွှတ်လိုက်ရတဲ့ ဝေဒနာ ကို ကုစားရင်းနေခဲ့တယ်။

တစ်ခါတစ်လေ တော့လည်း ချောင်းမကြီးထဲကို စိတ်ပြေ လက်ပျောက် အရဲစွန့်ပြီး ထွက်တာပေါ့။ ပြီးခဲ့တဲ့ မိုးကုန်ခါနီးမှာ သတ္တုတွင်းက စဉ်းစား ဥာဏ်မဲ့ဆောက်ထားတဲ့ စွန့်ပစ် နုန်းစစ် ရေကန် ပေါက်ကျသွားတယ်ဗျ။ ကလေး ငယ်တစ်ယောက်သေခဲ့တယ်။ လူတွေ ရာချီနေရာရွှေ့ခဲ့ရတယ်။ အိမ် တွေပြို။ လူတွေ ဒုက္ခရောက်ပေါ့။ လူ တွေလူတွေ သတ္တုတွင်းကုမ္ပဏီကို ဆန္ဒပြတဲ့အထိ ဖြစ်ကြတယ်။

တချို့ကလဲ သတ္တုတွင်းဘက်က ရပ်တည်ကြတယ်။ တချို့ ကတော့ စည်းကမ်းမဲ့တာတွေ ရပ် တန့်ပြီး ဥပဒေနဲ့အညီလုပ်ဖို့ တောင်း ဆိုကြတယ်။ တချို့ကတော့ ကောက်ရိုး မီးလို ထလောင်ကြတယ်။ ဆင်ဖမ်းမယ် ကျား ဖမ်းမယ်ပြောပြီး ရေရှည်ဆွေးနွေးပြီး ဥပဒေကြောင်းအရ လုပ်ရကိုင်ရမယ်ဆို တော့ နောက်တွန့်ကုန်ကြတယ်။ ထားပါ တော့လေ။ ဒါတွေက လူတွေကိစ္စ။ ကျွန်တော့်က ငါးရံ့တစ်ကောင်ဆိုတော့ အဲဒီလောက်အထိလဲ ဥာဏ်မမီ။ ကျွန် တော်တို့ ငါးတွေ ဒုက္ခရောက်ကြတော့ လူတွေက အဲဒီလောက်လည်း အရေး လုပ်ကြ တာမှမဟုတ်ဘဲ။

သူတို့က ကျွန်တော်တို့ကိုဖမ်းပြီးချက်ပြုတ်စားသောက်ဖို့လောက်သာ သိကြတာ။ အဲ .. သူတို့မစဉ်းစားမိတာလား မေ့နေကြတာလား မသိတဲ့အချက်က ကျွန်တော်တို့ငါးတွေ မရှိရင် သူတို့ ဖမ်းစား စရာမရှိဘဲ ဖြစ်မယ်ဆိုတာပဲ။ ခုတောင် ကျွန်တော်တို့ငါးတွေ ကုန်သ လောက်ဖြစ် သွားလို့ အရင်လို ချောင်းထဲ မှာ အလကား ဖမ်းပြီးစားရမယ့်အစား ဈေးကြီးကြီး ပေးပြီး ဝယ်စားနေကြ ရပြီ လေ။

ထားပါတော့။

ကျွန်တော်က သတ္တုတွင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ချောင်းထဲက ငါးရံ့တစ်ကောင်ဖြစ်တော့ သတ္တုတွင်း အကြောင်းဆက်ပြောမယ်ဗျာ။

နုန်းကန်ပြိုသွားပြီး နောက်ပိုင်း ရွာသား တွေက ကုမ္ပဏီကို နုန်းကန်ကို ခိုင်မာ အောင်ပြန်ဆောက်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်အောင် ဆက်မ လုပ်ဖို့၊ ဥပဒေတွေအတိုင်းဆောင်ရွက်ဖို့၊ ရွာသားတွေနဲ့ သတ္တုတွင်း ကုမ္ပဏီအကြား သဘောတူညီမှုတွေလုပ်ဖို့ အကြိမ်ကြိမ် ညှိုနှိုင်းတောင်း ဆိုခဲ့တယ်။

ရွာသားတွေက သနားစရာပဲဗျ။ အချိန်ကုန်၊ လူပမ်း၊ ငွေကုန်ကြေးကျခံပြီး ကြိုးစားကြပေမယ့် တာဝန်ရှိတဲ့အစိုးရ အရာရှိ တွေရော သတ္တုတွင်း ကုမ္ပဏီဘက်ကရော သူတို့တောင်းတာ ဘာမှ မလုပ်ပေးခဲ့။ ဘုရားစူး ရပ်မိရပ်ဖတစ်ဖွဲ့နဲ့ပေါင်းပြီး ဟန်ပြကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း တချို့ လုပ်ခဲ့တယ်။

ဒါဟာ ရွာသားတွေအချင်းချင်း သွေးကွဲအောင်၊ အချင်းချင်း စည်းလုံးမှုမရှိတော့ဘဲ သူတို့ကို ပေါင်းပြီး နောက်ထပ်တင်းကျပ်တဲ့ တောင်းဆိုမှုတွေ ဆက်မလုပ်နိုင်တော့ အောင် တမင်လုပ်တယ်ဆိုတာ ကျွန်တော့်လို ငါးရံ့တစ်ကောင်ကတောင် နားလည်တယ်ဗျာ။ ဒါပေမယ့် ကျွန်တော်ဟာ ငါးတစ်ကောင်မျှဖြစ်တော့ ဒါကို ဘာမှ ဆက်မဆွေးနွေးလိုတော့။

ကျွန်တော်နေတဲ့ ချောင်းဘေးက လူတွေကတော့ အစိုးရ အဟောင်းဟာ သက်တမ်းကုန်တော့မယ့်လို့ ပြောတယ်။ ဒါကြောင့် ဒီသတ္တုတွင်း ကုမ္ပဏီကိစ္စ ထဲထဲဝင်ဝင် ဘာမျှ မလုပ်လိုတော့ တာတဲ့။ သူတို့ သက်တမ်းကုန်ခါနီးလေး ခေါင်းအေးအေး နေချင်တာလား၊ သတ္တုတွင်း ကုမ္ပဏီနဲ့ အပေးအယူရှိတာလားဆိုတော့ ငါးရံ့တစ်ကောင် ဖြစ်တဲ့ကျွန် တော်နားမလည်ပါ။

လူတွေကတော့ အသစ်တက်လာတဲ့ အစိုးရကို သိပ်မျှော်လင့်တာဗျ။ ကျွန်တော်လဲ ငါးမှတ်ပုံတင် မရှိသေး ပေမယ့် မြန်မာနိုင်ငံမှာပဲ မွေးဖွား ကြီးပြင်းလာတဲ့ငါးရံ့ တစ်ကောင်ဖြစ် တော့ ဒီနိုင်ငံသားတွေနဲ့အတူ အစိုးရအသစ်ကို မျှော်လင့်မိတယ်ဗျာ။

ငါးရံ့တစ်ကောင်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ကတော့ ကျွန်တော် နေထိုင်တဲ့ ချောင်းထဲကို သတ္တုတွင်းကနေ စွန့်ပစ်ရေဆိုးတွေ ဘယ် တော့မှ ထပ်မကျလာတော့ဖို့ပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်