မောင်စွမ်းရည် – မှားတတ်တဲ့ စာလုံးပေါင်းတွေ

October 7, 2016

မောင်စွမ်းရည် – မှားတတ်တဲ့ စာလုံးပေါင်းတွေ
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၆

“ရေးထုံး”

“စာလုံးပေါင်း”

“သတ်ပုံ”

ကျောင်းမှာ ဆရာဆရာမများက “သတ်ပုံစစ်မယ်” လို့ ပြောလေ့ရှိတယ်။ အမှန်က “စာလုံးပေါင်း” စစ်တာပါ။ “သတ်ပုံ” ဆိုတာက “နသတ်”၊ “မသတ်”၊ “ကသတ်”၊ “ပတ်သက်” စသည် မှန်အောင်ရေးတတ်ရဲ့ လား ဆိုတာ စစ်တာပါ။

ဥပမာ-

ကျွန်မလို့ ရေးရမလား၊ ကျမ်မာလို့ ရေးရမလား။

မနူးမနပ်လို့ ရေးရမလား၊ မနူးမနတ်လို့ ရေးရမလား။

“စာလုံးပေါင်း”ဆိုတာကတော့ “အသက်” ထက်ပိုပါတယ်။

ဥပမာ-

ကြမ်းပြင်လား၊ ကျမ်းပြင်လား။

အဲဒါက “သတ်ပုံ”ကို ပြောတာမဟုတ်ဘူး။ “ပင့်၊ ရစ်” မှန်၊ မမှန် စစ်မေးတာ။ ကြမ်းပြင်ကို “ရရစ်” နဲ့ ရေးရတယ်။ ကျမ်းဂန်ကိုမှ “ယပင့်”နဲ့ ရေးရပါတယ်။

“စာလုံးပေါင်း” နဲ့ “ရေးထုံး” အဓိပ္ပာယ်အတူတူပါပဲ။ ဒါပေမဲ့ “ရေးထုံး” ဆိုတာ ထုံးတမ်းစဉ်လာ စာလုံးပေါင်းပုံကို ပညာရှိကြီးတွေက “အခန့်သုံး”တာလို့ပဲ ပြောရပါမယ်။ “လူတိုင်းပြောချင်လည်း ရပါတယ်။ အရပ်သားက “ရေးထုံး” လို့ ပြောခဲပါတယ်။ “စာလုံးပေါင်း” တဲ့။ “သတ်ပုံ” တဲ့။

ခုတလော စာနယ်ဇင်းတွေမှာ အများဆုံးမှားနေတာကို သတိပြုမိတာက “နေ့လယ်” ကို “နေ့လည်” လို့ ရေးနေကြတာပါ။ “လည်”က လည်ပတ်တာ။ “လှည့်” လို့ “လည်” တာကိုပြောတာပါ။ “လယ်” က “အလယ်” ကို ပြောတာ။ လက်ခလယ်၊ အလယ်လူ၊ မြို့လယ် စသည်ရေးရပါတယ်။

နောက်တစ်မျိုးမှားလေ့ရှိတာက “ရန်ပုံငွေ” ကို “ရံပုံငွေ” လို့ ရေးတာပါပဲ။ “ရန်” ဆိုတာ သွားရန်၊ လာရန် ဆိုသလို ရည်ရွယ်ထားတာကို ပြောတာပါ။ “သုံးရန်” ထားတဲ့ ငွေကို ရန်ပုံငွေလို့ ကျောင်းသားမှတ်နည်း မှတ်နိုင်ပါတယ်။

“ဒဏ်ရာ” ကိုလည်း အများက “ဒါဏ်ရာ” လု့ ရေးလေ့ရှိတာ အမှားပါ။ ဘာဖြစ်လို့ “ဒါဏ်” သလဲ မပြောတတ်ပါ။ ပါဠိမဟုတ်ဘူး။ ပါဠိ “ဒါဏ” ကလာရင်တော့ “ဒါဏ်” လို့ ရေးရမှာပါ။ “ဒဏ်ရာ”က ပါဠိက လာတာမဟုတ်ပါ။ မဒါဏ်ချင်ပါနဲ့။

နောက်-အမှားမနျားတာတစ်ခုက “ရုံးခန်း” ကို “ရုံးခမ်း” ဆိုပြီး ရေးနေတာပါ။ စာသင်ခန်း၊ ရုံးခန်း၊ ခန်းမ၊ အိပ်ခန်း အစရှိတဲ့ အကန့်အတာပါသမျှကို “နသတ်” နဲ့ “ခန်း” ရပါတယ်။ “အခမ်းအနား”၊ “ခမ်းခြောက်”၊ “ခမ်းနားသည်” ဆိုရင် “မသတ်”ပါ။

တက္ကသိုလ်မြန်မာစာဆရာမတစ်ဦးက “ဆန်းစစ်” ကို အမှတ်မထင် “စမ်းစစ်” လို့ ရေးတာ (ရေးခိုင်း တာ) တွေ့ရဖူးပါတယ်။ ဆန်းစစ်ဆိုတာ သက္ကတ “ဆန်ကျမ်း” နဲ့ အညီ စစ်ဆေးတာဖြစ်လို့ (ရှေးခေတ်က) “ဆန်းစစ်” တယ်လို့ မြန်မာပညာရှင်တွေက သုံးစွဲခဲ့တာပါ။ “စမ်းသပ်စစ်ဆေး” တာမဟုတ်ပါ။ ဒါ့ အပြင် “စမ်းစစ်မဟုတ်ပါ” ၊ “ဆန်းစစ်” ပါ။

မြန်မာစာဆရာမတစ်ဦးရဲ့ စာအုပ်မှာပဲ “လက်နက်စွဲကိုင် တော်လှန်တယ်” ဆိုတာကို မျက်စိလျှံလို့နဲ့ တူပါရဲ့။ “ဆွဲကိုင်” လို့ သုံးစွဲထားတာ တွေ့ရပါတယ်။ “ဆွဲဆောင်မှုရှိတယ်” ကိုတော့ “စွဲဆောင်” မှုတဲ့။  ဒီနေရာမှာ “ဆွဲ” ရမှာ။

မြန်မာစာဆရာမက အောက်သူရန်ကုန်သူ ဖြစ်ပါတယ်။ အများအားဖြင့် အောက်သူများက “စလုံး” နဲ့ “ဆလိမ်” ကို အသံပြောင်းပြန်ထွက်လေ့ရှိပါတယ်။ “စွဲကိုင်” ကို “ဆွဲကိုင်” လို့ အသံထွက်သလို “စက်ဆုပ်” ကို လည်း “ဆက်စုပ်” လို့ အသံထွက်လေ့ရှိပါတယ်။ အညာသူ အညာသားတချို့ မြို့ကြီးပြကြီး ရောက်သွားရင်လည်း မြို့ဆန်အောင်လို့ “ဆက်စုပ်” “ဆွဲကိုင်” စသည်-အသံပြောင်းပြီး သုံးစွဲနေတာကိုလည်း သတိထားမိပါတယ်။ စာအုပ်ထုတ်ဝေရေးကို ရန်ကုန်က လွှမ်းမိုးထားလေတော့ စာအုပ်တွေထဲက အမှားကို တစ်ပြည်လုံး လိုက်မှားကြတာလည်း ဖြစ်နိုင်ပါတယ်။ “အများညီ၊ ဤကို ဤဖတ် ” ဆိုပေမဲ့ “ဤက ကျွဲဖြစ်မလာ။

ဗိုလ်နေ၀င်းဟာ စာနဲ့ပေနဲ့ အလှမ်းဝေးတယ်ဆိုတာ လူတိုင်းသိပါတယ်။ သူက မကျက်တကျက် ပေါင်မုန့် မဟုတ်ပါ။ “မညက်တညက်” ဂျုံမှုန့်ပဲ ပြောရမလား။ ဒါပေမဲ့ သူက မြန်မာစာပေနဲ့ မြန်မာစကားမှာ “အသိဆုံး” ဖြစ်တဲ့ဆရာကြီးတစ်စုကို “မကျက်တကျက်” လို့ ပြောဆိုပြစ်မှားပြီး မြန်မာစာ အရေးကိစ္စမှာ “ဖိုးပါ ချင်” လုပ်ပါတယ်။ အများသိတဲ့ကိစ္စက “တ” ကို “တစ်ခိုင်း” တာပါပဲ။ အရင်က “တနှစ်သုံး” ဆိုရင် “တစ်-နှစ်-သုံး” လို့ ရေးတော့ တချို့က “၀မ်း-တူး-သရီး” လို့ အမှတ်မှားကုန်တာလား။ နေရာတကာ “တစ်ရမယ်ထင်ပြီး” “တခြား”နဲ့ “တချို့”တို့မှာလည်း “တစ်” လိုက်လုပ်ကြပါတယ်။ ခုထက်ထိ “တစ်” ရကြပါတယ်။ အမှန်က “အခြား” နဲ့ “အချို့” က ပြောင်းလာတဲ့ စကားဖြစ်လို့ ဂဏန်းအရေအတွက် “တစ်” နဲ့ မဆိုင်ပါ။ မတစ်ရပါခင်ဗျာ။

“ခြေကျင်” နဲ့ “ခြေလျင်” ဆိုရင်လည်း အတော်မှားတယ်။ ခြေထောက်နဲ့သွားတာကို “ခြေကျင်” ခေါ်တာ။ “ခြေလျင်” ဆိုတာ “အမြန်” သွားတာကို ဆိုလိုတာ။ “ခြေလျင်တပ်”၊ “ခြေမြန်တပ်” အတူတူပဲ။ “လျင်” ဆိုတာလည်း ဟထိုးမပါရဘူး။ “ရှ” သံထွက်မှ “ဟထိုး” ထည့်ရတယ်။ လမ်းလျှောက်၊ လမ်းတလျှောက်၊ လျှောက်လွှာ တိုကို လမ်း-ရှောက်၊ လမ်းတရှောက်၊ ရှောက်လွှာလို့ “ရှ”သံနဲ့ ပြောရတယ်ဆိုရင် “လျ” မှာ ဟထိုးထည့်ပေတော့။ အလျင်ရောက်တယ်၊ လျင်မြန်တယ်၊ အထိုက်အလျောက်၊ အနံအလျားစတဲ့ စာလုံးတွေဟာ “ရှသံ” မထွက်လို့ “ဟထိုး”မထည့်ရဘူးလို့ပဲ အလွယ်မှတ်ထားနိုင်ပါတယ်။

စာရေးဆရာတော်တော်များများက “ညည်းညူ” ကို “ငြီးငြူ” လို့ ရေးကြပါတယ်။ မှားပါတယ်။ “ငြိုငြင်” ကျတော့ “ညိုညင်” လို့ ရေးပြန်ရော။ မှားပြန်ရော။ “ငြီးငွေ့” ကိုလည်း “ညည်းငွေ့” လို့ ရေးပြန်ရော။ မှားပြန်ရော။ ပြီးတော့ “ညူစု” တဲ့။ မှန်ရဲ့လား။ မမှန်ဘူး။ “မငြုစု” လို့ ရေးရပါတယ်။

စာရေးဆရာတွေပဲ မှားလေ့ရှိတာက “ခေါင်းညိတ်” ကို “ခေါင်းညိမ့်” လို့လည်း ရေး၊ “ခေါင်းငြိမ့်” လို့လည်း ရေးကြတာပါ။ “ညိတ်” မှ မှန်ပါတယ်။ “ညိမ့်” အသုံးမရှိ။ “ငြိမ့်” ဆိုတာက တငြိမ့်ငြိမ့်စီးဆင်းတယ် ဆိုတာမျိုးပဲ သုံးပါတယ်။ “ငြိမ့်ညောင်း” သာယာတယ်လို့ “ညောင်း” နဲ့ တွဲတာလည်း ရှိပါတယ်။ “ငြိမ်” နဲ့ “ငြိမ့်” နဲ့ ဆက်စပ်ပြီး မှတ်နိုင်ပါတယ်။

ကဲ-ဟောဒီစာလုံးပေါင်းတွေ မှန်ပါရဲ့လား။ “အိပ်ရာ”၊ “အိမ်ရာ”၊ “အမူအရာ”။ အဲဒါတွေကိုလည်း စာရေးဆရာတွေက “ယာ”နဲ့ ရေးကြတယ်။ “ယာ” နဲ့ ရေးတာမှားတယ်။ “ရာ” မှ မှန်ပါတယ်။ “လယ်ယာ” နဲ့ “ကြင်ယာ”၊ “ကွမ်းယာ” တို့မှာ “ယာ” နဲ့ ရေးပါတယ်။ သတိထားပါလေ။

“ချစ်” ကလည်း မှားတတ်သဗျ။ “မီးချစ်”၊ “ဆူးချစ်”လို့ ရေးတယ်မဟုတ်လား။ အဲဒါတွေကို “မီးခြစ် ” “ဆူးခြစ်”လို့ ရေးပါမှ မှန်ပါတယ်။ အဲ-“တူးချစ်” သွားတယ်။ နေ:ချစ်ချစ်တောက်”ပူတယ်-ဆိုတဲ့ ပူတာ၊ လောင်တာ၊ ကျွမ်းတာတွေကို “ယပင့်”နဲ့ ချစ်ကြရပါတယ်။

“အပစ်အခတ်” မှာလည်း မှားတတ်ပြန်တယ်။ “ပြစ်ခတ်” လို့ မရေးပါဘူး။ ကဲ-“ပြစ်မှား” “ပြစ်ဒဏ်”၊ “ပြစ်မှု” ဆိုတာတွေ “ရရစ်”နဲ့ “ပြစ်”ရပါတယ်။

ပနဲ့ ပတ်သက်ရင် အမှားတွေ မှားတတ်ပါတယ်။ ပက်ကြားအက်ကို တချို့က ပက်ကျားအက် လို့ ရေးနေကြတာ များပါတယ်။ “ပတ်တီး”မှာ၊ “တသတ်”နဲ့ “ပတ်”တာမှန်ပေမယ့် “တီး”တာကို “တည်း”လို့ရေးရင် မှားပြန်ပါတယ်။ “ပတ်တီး”တဲ့။ ဗမာစကားစစ်စစ်မဟုတ်ဘူးဗျ။ သက္ကကလို့ ထင်ပါရဲ့။ နောက်တစ်ခုက “ပတ်ဝန်းကျင်”မှာ “ပါတ်ဝန်းကျင်”လို့ရေးတတ်တာလည်း အမှားပဲ။ “နမ်းဘား” ကို “နံပါတ်”လို့ ရေးခဲ့ကြတဲ့ အကျင့်ကြောင့် ဖြစ်ဟန်ရှိပါတယ်။ ကျွန်တော်ငယ်ငယ်က “နိဗ္ဗာန”ဆိုတဲ့ ပါဠိကလာလို့ “နိဗ္ဗာန်”လို့ ရေးတယ်။ “ဗာန”က “ဗာန်”၊ “တာန”က “တာန်”ဆိုပြီး ရေးချ ထည့်ရတယ်လို့ အသေမှတ်ထားဖူးတယ်။ “နံပါတ်”ကို “နံပါတ်”က လာတာလားလို့ ဆရာမကို မေးမိလို့ ထိပ်ခေါက်ခံရဖူးပါတယ်။ အဲဒီ နံပါတ်ကတော့ ဘယ် လိုဖြစ်လာတယ်မသိပါ။

မှားတတ်တာတွေ လေဆာက်မှတ်ရင်လည်း မှားတတ်ပါတယ်။ အကောင်းဆုံးကတော့ စာလုံး ပေါင်းအဘိဓာန်စာအုပ် ဆောင်ထားပါ။ ခု ကျွန်တော်လည်း အလွတရေးနေတာ မဟုတ်ပါ။ သေချာအောင် အဘိဓာန်လှန်ကြည့်ရေးတာပါ။ ခုရေးတာတွေဟာ ကျွန်တော် မှားတတ်တာတွေချည်းပါပဲ။ အကုန်မဟုတ် သေးပါ။ နောင်-ကြုံရင် ထပ်ရေးပါဦးမယ်။ အင်္ဂလိပ်စာကိုတော့ မှန်အောင်ရေးပြီး ဗမာစာကိုတော့ မှားမှာ မရှက် တတ်ရင် မကောင်းဘူးလေ။

မောင်စွမ်းရည်

2016 သြဂုတ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်