လှကျော်ဇော – ကျွန်မ နောင်တ

October 12, 2016

လှကျော်ဇော – ကျွန်မ နောင်တ
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆

၂၀ဝ၉ ခုနှစ်၊ ဖေဖေအသက် ၉၀ ပြည့်အပြီးမှာ ဆီးချုပ် ဝမ်းချုပ်ဖြစ်ပြီး ကယောင်ကတမ်းတေ ပြောလာလို့ ဆေးရုံတင်ရပါတယ်။ ဆေးရုံရာက်တော့ သွေးစစ်ကြည့်ပြီး Acidosis ဖြစ်တယ်ဆိုပြီး အသက်အရွယ်ကလည်း ကြီးရင့်မှုကြောင့် ဆရာဝန်တွေက ICU ထဲ သွင်းလိုက်ကြပါတယ်။ ဖေဖေ ပထမဆုံးအကြိမ် ICU ထဲဝင်ရတာပါ။ အဲဒီထဲ ဖေဖေ ၂ ရက်လောက် မျောနေပါတယ်။ သတိကောင်းကောင်း ရလာတဲ့အခါ အနားမှာ ကျမကမရှိ၊ လူစိမ်းတွေချည်းဖြစ်၊ စကားကလည်း မပေါက်ဆို တော့ ဖေဖေက သူ့တကိုယ်လုံး တပ်ဆင်ထားတဲ့ ပိုက်တွေ၊ အပ်တွေ ဆွဲဖြုတ်ပြီး သောင်းကျန်းပါတော့တယ်။ ဒီတင် ဆရာဝန်များ က ကျမကို ဖုန်းဆက်ပြီး ဖေဖေ့ကို အခြေအနေ လာရှင်းပြပေးပါလို့ ခေါ်ပါတယ်။ အောက်ဆီဂျင်ပေးထားတဲ့ ပိုက်တွေ၊ ဆေးသွင်း ထားတဲ့အပ်တွေ၊ ဆီးပြွန်တွေကို အကုန်ဆွဲဖြုတ်ပစ်လို့ လက်တွေခြေတွေ ကြိုးနဲ့တုပ်ထားရပါတယ်လို့လည်း ကြိုရှင်းပြထားပါ တယ်။

ကျမ ဆေးရုံကို ကမန်းကတမ်းရောက်သွားတော့ ဖေဖေက ကျမကိုတွေ့တာနဲ့ – “သမီးက ဖေဖေ့ကို ပစ်ခဲ့တယ်ဟုတ်လား၊ သမီးက မကြည့်နိုင်တော့လို့ ဖေဖေကို ဒီမှာ လာပစ်ထားတာလား”ဆိုပြီး မျက်ရည်လည်ရွှဲနဲ့ ရန်တွေ့ပါတယ်။ ကျမလည်း ရင်ထဲ ဆို့နင့်သွားပြီး “မဟုတ်ရပါဘူးဖေဖေရယ်။ ဖေဖေလွန်ခဲ့တဲ့ ၂ ရက်က သတိလစ်သွားလို့ ဒီ ICU ထဲ သွင်းရတာ။ ဒီထဲ ဘယ်သူမှ မဝင်ရဘူး။ အသက်ကယ်တဲ့ အခန်းလို့” ရှင်းပြရတယ်။

ဒီတော့ဖေဖေက -“ဖေဖေလည်း ထင်ပါတယ်။ ငါ့သမီးဟာ ငါ့ကို ဘယ်တော့ မှ ပစ်ထားမှာ မဟုတ်ဘူးလို့၊ အခု သမီးမတွေ့ရတော့ သမီးများ တခုခု ဖြစ်ပြီလား၊ ငါ့သမီးလေး အသက်နဲ့ကိုယ် ရှိပါသေးရဲ့လား၊ သွားရင်းလာရင်း ကားများတိုက်မိသလားဆိုပြီး ပူလိုက်ရတာ သမီးရယ်”လို့ မျက်ရည်တွေကြားက ပြောပါတယ်။

ဖေဖေကို အဲဒီနေ့မှာပဲ သွေးတွေစစ်ပေးပြီး စိတ်ချရပြီ၊ သာမန်လူနာဆောင်ကို ပြောင်းလို့ရပြီဆိုပြီး အခန်းပြောင်းပေးလိုက်ပါ တယ်။ ဖေဖေ့ကိစ္စအေးသွားပေမယ့် ကျမမှာတော့ ရင်ထဲ မချိအောင်ဆွေးသွားမိပါတယ်။ ၁၉၉၉ ခုနှစ်က ကွယ်လွန်သွားတဲ့ မေမေကလည်း မကွယ်လွန်ခင်၊ အချိန်တချိန်မှာ အခုဖေဖေလိုပဲ မျက်ရည်လည်ရွဲနဲ့ “မေမေ့နောက်ဆုံးအချိန်မှာ တစိမ်းတရံစာနဲ့ မနေပါရစေနဲ့ သမီးရယ်။ အချိန်လည်း သိပ်ကြာမှာ မဟုတ်တော့ပါဘူး”လို့ တောင်းပန်စကားဆိုခဲ့ဖူးပါတယ်။

ဖေဖေလို ယောကျာ်း ရင့်မကြီးတယောက်ကတောင် ဒီလောက်ပူဆွေးသောက ရောက်ခဲ့ရင် မေမေဆိုရင်တော့ ဘယ်လောက်ခံစားသွားခဲ့ ရမလဲဆိုတဲ့ အတွေးက ကျမရင်ကို လာဆောင့်နေပါတယ်။
မေမေ့ကို ဆေးရုံနောက်ဆုံးတင်ထားရတဲ့အချိန်မှာ ဖေဖေအူကျရောဂါရလို့ ခွဲစိတ်ရပါတယ်။ ဖေဖေနေကောင်းစဉ်ကတော့ ဖေဖေ့ကို အိမ်မှာ စာရေးနေရေး စီစဉ်ပေးပြီး ကျမက မေမေဆေးရုံကုတင်ဘေးမှာပဲ စောင့်ပေးပါတယ်။ မေမေ နည်းနည်း သက်သာလာ ရင်လည်း ရွှေလီမှာ ရှိတဲ့ ကျမမောင်အကြီး အောင်ကျော်ဇောတို့ ဇနီးမောင်နှံကိုခေါ်ပြီး သူတို့နဲ့ ကျမအလဲအလှယ်လုပ် ဆေးရုံနဲ့ အိမ် ပြေးလွှားပြုစုရပါတယ်။ သူတို့လည်း ၂ လ တကြိမ်၊ ၃ လ တကြိမ် ရွှေလီနဲ့ကူမင်း အသွားအလာ လုပ်နေရပါတယ်။ အဲဒီတုန်း က ကိုအောင်ကျော်ဇောသမီးလေး အေးမြကျော်ကလည်း ကျမတို့နဲ့နေပြီး ကူမင်းမှာ ကျောင်းတက်နေတာပါ။ ဒါကြောင့် ဖေဖေက မြေးကလေးကို အဖော်လုပ် အိမ်မှာ နေပါတယ်။

နောက်ပိုင်းဖေဖေက ခွဲစိတ်ရလို့ ရေရှည်ပြုစုဖို့လည်းလို၊ မေမေကလည်း နာလန်ထူလာဖို့ မျှော်လင့်ချက်လည်း ဝေး ဖြစ်လာ နေပါတယ်။ ဒီမှာတင် ကျမတို့တတွေကို ကြည့်ရှုကုသပေးနေတဲ့ဆရာဝန်က ကျမကို တနေ့ခေါ်ပြီး ဒီလိုပြောပါတယ်။

“မင်း အမေကြီးကတော့ အိပ်ရာပေါ် လဲသွားတော့မှာပဲ။ ရေရှည်ပြုစုရမှာ။ မင်းတို့ အခန်းဘေးက အဘွားကြီးဟာ ဒီလိုပဲ ပိုက်မျိုးစုံနဲ့ နေ နေတာ ၃ နှစ်ကျော်ပြီ။ မင်းတယောက်တည်း အမေရော အဖေရော ၂ ယောက်စလုံး မင်းပဲ ပြုစုဖို့ မဖြစ်နိုင်ဘူး။ မင်းအမေက ဆေးရုံပေါ်မှာ ဖြစ်တော့ တို့တတွေကြည့်ပေးနိုင်တယ်။ လူစောင့်တယောက် ရှာပြီး ထားခဲ့။ အိမ်က အဖေကို ဂရုစိုက်၊ ဒီလိုဇနီး မောင်နှံမျိုးဟာ တယောက်သွားပြီးရင် နောက်တယောက်က မကြာခင် လိုက်တတ်တယ်။ သတိထား”လို့ ပြောလာပါတယ်။

ဒီအချိန်မှာပဲ ကိစ္စတခု ဖြစ်ပျက်ပါတယ်။ အဲဒါကတော့ ကျမတို့မိတ်ဆွေ ဆရာဝန်လင်မယားမှာ ယောက္ခမ အမကြီး နှလုံး ရောဂါနဲ့ ဆေးရုံမှာ ရေရှည်နေနေရစဉ် မိသားစုတွေလည်း အဘွားကြီးပဲ ဝိုင်းဂရုစိုက်နေရချိန်မှာ အိမ်မှာတယောက်တည်း ကျန်ခဲ့တဲ့ အဘိုးကြီးက ချော်လဲပြီးပေါင်ရိုးကျိုးပါတယ်။ ဆေးရုံရောက်တော့ လည်ပင်းမှာပေါ်နေတဲ့ အကြိတ်ကိုတွေ့ရပြီး ဆက်လက်စစ်ဆေး တော့ အဆုပ်ကင်ဆာ ပျံ့နှံ့ပြီး နောက်ဆုံးအဆင့်ရောက်နေပါပြီ။ အဲဒီအဘိုးကြီးက အဘွားကြီးထက် ၆ လစော ဆုံးသွားပါတော့ တယ်။ သားသမီးများလည်း ဖအေကြီးကို ပစ်ထားခဲ့မိတယ် ဆိုပြီး တရရ ဖြစ်နေကြပါတယ်။

ကျမလည်း အလွန်တုန်လှုပ်သွားပြီး ဖေဖေ့ကို နည်းနည်းပြန်ဂရုစိုက်မှ ဖြစ်မယ်ဆိုပြီး မေမေ့ကို အစောင့်နဲ့ထားဖို့ စီစဉ်ပါတယ်။ ဒီအကျိုးအကြောင်း မေမေ့ကို ပြောပြတော့ မေမေက အထက်ပါအတိုင်း ကျမကို တောင်းပန်ပါတယ်။

ကျမက အဲဒီအချိန်မှာ ကိုကျော်ဇောဉီးရဲ့ ဇနီးကို သူ့ဆွေနီးမျိုးစပ် ကလေးမလေးတယောက် (ဗမာလိုရော၊ တရုတ်လိုရော ပြောတတ်တဲ့)ကို ခေါ်လာ ခိုင်းထားပြီးပါပြီ။ အဲဒီကလေးမလေးကို မေမေ့ကို စောင့်ခိုင်းပြီး ကျမက အိမ်မှာ ဖေဖေ့ကို ပြုစုရပါတယ်။ ကျမက ဖေဖေ နေ့လည်နေခင်း အိပ်ချိန်မှာသာ ဆေးရုံပြေးကြည့်ရပါတယ်။ တခါတလေ မေမေ အဖျားတက်ရင် ပြင်းထန်ရင်တော့ တနေ့ ၂ ခေါက် ဆေးရုံပြေးရပါတယ်။ တူမလေး ကျောင်းပိတ်ရက်များမှာတော့ အချိန်နည်းနည်းကြာကြာ ဆေးရုံမှာ နေနိုင်ပါတယ်။

မေမေက သူတောင်းပန်တာကို မလိုက်လျောခဲ့တဲ့အပေါ် အတော်စိတ်ထိခိုက်၊ စိတ်ခုသွားပုံရပါတယ်။ ကျမကိုရော တပတ် တစ်ကြိမ်၊ နှစ်ကြိမ်လိုက်ပြီး သူ့ကို ကြည့်တတ်တဲ့ ဖေဖေ့ကိုရော ဘာစကားမှ မပြောတော့ပါဘူး။ တခါတရံ ကျမတို့ကို မျက်လုံးစိမ်းစိမ်းကြီးနဲ့ ကြည့်နေတတ်ပါတယ်။ အဲဒီမျက်လုံးစိမ်းစိမ်းကြီးကို ကျမ မကြည့်ရဲပါဘူး။ “မေမေ့ကို ပစ်ထားရက်ကြတယ်နော်”လို့ ရန်တွေ့ နေသလိုပါပဲ။ တခါတရံလည်း ကျမကို ကျောပေး ပြီး မျက်ရည်တွေတွေ ကျနေတတ်ပါတယ်။ အထူးသဖြင့် ကျမတို့ ဆေးရုံ က ပြန်မယ်လို့ ပြင်ဆင်ချိန်များမှာ ဖြစ်ပါတယ်။
ကျမမှာလည်း ဖအေကြီးပြုစုဖို့ ဝတ္တရားရှိနေလို့သာ အိမ်ပြန်လာခဲ့ရတယ်။ တခါတလေ တလမ်းလုံး ငိုပြန်ခဲ့ရတာပါ။ စိတ်ထဲကလည်း မေမေ့ကို အကြီးအကျယ်တောင်းပန်နေမိပါတယ်။

မေမေဆုံးပြီး ဖေဖေက ၁၃ နှစ် နီးပါး၊ အတိအကျပြောရရင် ၁၂ နှစ် ၁၀ လ ၆ ရက်ကြာမှ ဆုံးပါတယ်။ တကယ်လို့များ မေမေက အိပ်ရာပေါ်လဲသွားတာ ၁ နှစ်နီးပါးလောက်ပဲကြာမယ်။ ဖေဖေကလည်း မေမေဆုံးပြီး အကြာကြီးနေနိုင်ဉီးမယ် ဆိုတာကိုများ ကျမ သိခဲ့ရင် မေမေကို ဒီလိုတစိမ်းတရံစာနဲ့ ပစ်မထားပါဘူး။ ဒါကြောင့်ပဲ ကျမမှာ နောင်တရ မဆုံးဖြစ်နေပြီး မေမေကိုလည်း ဒီလိုတောင်းပန်စကားတွေ အကြိမ်ကြိမ် ပြောမိနေပါတော့တယ်။

“မေမေရယ် … မေမေကို အစောင့်နဲ့ ပစ်ထားခဲ့ရပေမယ့် မေမေအင်မတန်ချစ်တဲ့ ဖေဖေ့ကို မေမေဆုံးပြီး တောက်လျှောက် တဖဝါးမခွာ ပြုစု စောင့်ရှောက်ပေးခဲ့ပါတယ်။ မေမေ့ကိုယ်စား တာဝန်ယူခဲ့ပါတယ်။ မေမေ့အပေါ် တာဝန်မကျေပေမယ့် ဖေဖေ့အပေါ် တာဝန်ကျေပါတယ်။ မေမေ ဒါကို ကျေနပ်ပါတော့၊ ခွင့်လွှတ်ပါတော့”

မေမေအဲဒီနောက်ဆုံးအခေါက် ဆေးရုံတက်နေစဉ်မှာပဲ သြစတြေးလျရောက်နေတဲ့ ကျမညီမ စန်းနဲ့ သူ့သမီးကြီးတို့ ၂ယောက် ကူမင်းကို ရောက်လာပါတယ်။ သူတို့ဗီဇာရတဲ့ ၂ ပတ်လုံး ဘယ်မှ မသွားဘဲ ဆေးရုံနဲ့အိမ် ကူးချည်သန်းချည်လုပ်ပါတယ်။ တနေ့တော့ စန်းက “မမလှရယ် တို့တတွေကလည်း ဖေဖေမှ ဖေဖေ၊ ဖေဖေ ဘာကြိုက်တတ်တယ်၊ ဖေဖေ့အတွက်ဘာ၊ ဖေဖေ့အ တွက်ညာနဲ့ မေမေကြီးကို ဘယ်တော့မှ ဉီးစားပေး မစဉ်းစားမိခဲ့ကြဖူး။ အခု ပြန်စဉ်းစားတော့ မေမေ့ကို သနားလိုက်တာ”လို့ ပြောပြီး ငိုပါတယ်။ သူလည်း နောင်တရတဲ့သူတွေထဲ တစ်ဉီးအပါပါပဲ။
သြော် .. ဒါကြောင့်ပဲ နောင်မှ တရလို့ နောင်တလို့ ခေါ်တာနေမှာ။

လှကျော်ဇော၊
မှတ်ချက် ၊၁၊ အလွမ်းစာပန်းခြင်းကလေး၊ (နေရီရီစာအုပ်တိုက်၊) မှ၊
၂ ၊၁၀-၁၀-၂၀၁၆၊ ဖေဖေကွယ်လွန်တာ (၄)နှစ်မြောက်- အထိမ်းအမှတ်အဖြစ် တင်ပါတယ်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လူများ၊ ရုပ်ပုံလွှာများ, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်