စိုးလွင် (ဝမ်ခ) (၂၁၁) ● ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ငြိမ်းချမ်းရေးပွဲနဲ့ ကျနော်

October 17, 2016

  ● ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ငြိမ်းချမ်းရေးပွဲနဲ့ ကျနော်

(မိုးမခ) အောက်တိုဘာ ၁၇၊ ၂ဝ၁၆
=====
၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင် ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း မိုးမခ/သစ်ခက်သံလွင်အွန်လိုင်းမှ တဆင့် ရေးသားတင်ဆက်လိုက်ပါသည်။

စိုးလွင်
(၂၁၁) (ဝမ်ခ)
=====

K.N.U နယ်မြေက စွန့်ခွာလာရတဲ့ ကျနော်တို့တတွေ ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ကလလတ) နယ်မြေမှာ အခြေချရပါပြီ။ အလုပ်မယ်မယ်ရရမရှိဘဲ စားလိုက်အိပ်လိုက်နဲ့ တောတွင်း ဘဝဖြတ်သန်းနေတုန်း တလလောက် ကြာတော့ ဗဟိုက တာဝန်ရှိတဲ့သူတွေက ကျနော့်ကို တာဝန်ပေးပြန်တယ်။ ငြိမ်ချမ်းရေးရယူဖို့ လွိုင်ကော်သွားမယ့် ကလ လတအဖွဲ့နဲ့လိုက်သွားပြီး သူတို့ရဲဘော်တွေကို စစ်ရေးပြသင်ပေးဖို့ပါ။ ပထမတော့ ကျနော်နဲ့ ခင်စိုး (ဗဟိုစစ်ရုံး) ကို တာဝန် ပေးတယ်။ ဒါပေမဲ့ ခင်စိုးက ခရီးလွန်နေတဲ့အတွက် ကျော်ဆန်း (တပ်ရင်း ၂၁၂) နဲ့ အစားထိုးလိုက်တယ်။ ကျနော်တို့နှစ် ယောက်လည်း ကလလတဌာနချုပ်ကိုသွားပြီး သူတို့စစ်ဝတ်စုံနဲ့ သေနတ်အတိုတလက်ဆီ ထုတ်ကြပေါ့ဗျာ။

ကလလတ တာဝန်ရှိတဲ့သူတွေက ကျနော်တို့နှစ်ယောက်ရဲ့လျှို့ဝှတ်နာမည်ကို သူတို့ကိုပေးဖို့ပြောတော့ (ကျနော်တို့က ကျောင်းသားအနေနဲ့မဟုတ်ဘဲ ကလလတရဲ့စစ်ရေးပြတပ်ခွဲမှူးတွေအနေနဲ့ သွားရမှာ)။

ကျနော်လည်း ရုတ်တရက်ဆိုတော့ ဘာနာမည် ပေးရမှန်မသိတော့ဘူး။ နောက်တော့ “ကျနော်နာမည် ကျော်ကျော်” ဆိုတဲ့ ရုပ်ရှင်ကိုသတိရသွားပြီး ကျနော်နာမည် ကျော်ကျော် ဖြစ်သွားရောပေါ့ဗျာ။

ဒီလိုနဲ့နေ့လည်လောက်မှာ ကလလတ ဒုဥက္ကဋ္ဌဦးထွန်းကျော်ဦးဆောင်တဲ့ ကလလတအဖွဲ့နဲ့အတူ ကျနော်တို့လည်း ကုန်း ကြောင်း ချီတက်သွားတာ ည ၇ နာရီလောက်မှာ မယ်စဲ့ဆိုတဲ့မြို့လေးကို ရောက်သွားတယ်။

စစ်တပ်က ကျနော်တို့တဖွဲ့လုံးကို ရိပ်သာတခုမှာ နေရာချပေးပြီး ထမင်းကျွေးဧည့်ခံတယ်။ ဧည့်ခံတဲ့ရဲဘော်တွေက မကြာ ခဏ ကျနော့်ကို စကားလာပြောနေတော့ ငါ့ကိုများ ကျောင်းသားမှန်သိသွားလို့ လာထောက်လှမ်းနေလာလို့ စိတ်ထဲမှာ မင်္သ ကာ ဖြစ်မိတယ်။ (ကိုယ်ကလည်း ဟန်ဆောင်တာကိုမကြိုက် တခါမှလည်း ဟန်မဆောင်ဖူးတော့ အတော့်ကို နေရထိုင်ရ ကြပ်နေတယ်)

ဒါနဲ့ပဲ ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်တော့ သူတို့က သေနတ်အတိုတပ်ထားတဲ့အရာရှိထင်တဲ့သူတွေကို စကားရော ဖော်ရောလုပ်နေတာကိုး။ ကိုယ်လည်း သူတို့ကို ပညာပြရတော့တာပေါ့။

အကွယ်တနေရာကိုသွား …ပါလာတဲ့လုံချည်နဲ့ခါးကိုပတ်လိုက်တော့ ပစ္စတိုကိုအုပ်မိသွားပြီး ကိုယ့်ကို ဘာကောင်မှန်း သူတို့ မသိတော့ဘူး။ (ကျနော်တို့အားလုံးက စစ်ဝတ်စုံဆင်တူ၊ တာဝန်နဲ့ခွဲတဲ့ အပွင့်တွေ အရစ်တွေလည်းမရှိတော့ ရဲဘော်အားလုံးကြားမှာ ရောသွားတာပေါ့)

ကျနော်လည်း ရဲဘော်တွေကြားမှာ ရောနေလိုက်တော့ စကားလာပြောမဲ့သူ မရှိတော့ဘူး။

နောက်နေ့မနက်ကျတော့ စစ်ကားတွေနဲ့ လွိုင်ကော်ကို ထွက်ကြပြန်ရော။

ကားတန်းမထွက်ခင်မှာ ထောက်လှမ်းရေးက တာဝန်ရှိတဲ့သူတွေက ပြောတယ်။ အရပ်သား ကားတန်း မရှိတဲ့အတွက် အရေးကြီးကိစ္စနဲ့သွားစရာရှိတဲ့ခရီးသည်တချို့ကို ဒီကားတန်းနဲ့ ထည့်ပေးလိုက်မယ်တဲ့။ ကျနော်တို့ကားပေါ်ကို ယောက်ျားလေး ၃…၄ ယောက်တက်လာတယ်။ တက်လာတဲ့သူတွေထဲက ကျန်တဲ့သူတွေက သူပုန်တွေကြားထဲမှာ ခပ်ကုပ်ကုပ်နေပေမဲ့တယောက်ကတော့ ကျနော်တို့ထဲက အရာရှိလို့ ထင်တယ်သူတွေကို လိုက်မိတ်ဖွဲ့ပြီးစကားပြောတယ်။
ဒီလိုနဲ့ ဟိုလူပြောလိုက် ဒီလူပြောလိုက်နဲ့ပြောလာလိုက်တာ ကျော်ဆန်းဆီကို ရောက်လာတယ်။

ကား လေတိုးသံနဲ့ရော နည်းနည်းအလှမ်းဝေးနေတာရောကြောင့် ဘာတွေပြောနေတာလည်းမသိပေမဲ့ စကားတွေ ဖောင်ဖွဲ့နေတာတော့ တွေ့ရတယ်။ ကျော်ဆန်းနဲ့ပြီးတော့ ကျနော်ဆီရောက်လာပါလေရော။

“ကျနော်က ကျောက်ကုန်သည်ပါ။ ဗိုလ်ကြီးက ဘာတာဝန်တွေ ယူထားပါလဲ” ဆိုပြီး စကားလာပြောရော ဆိုပါတော့။ ကျနော်လည်း မေးတခွန်းပြောတခွန်းနဲ့ စိတ်ဝင်စားဟန်မပြတော့ တခြားသူတွေဆီ လှည့်သွားပြန်ရော။

ဒီလို သွားရင်းနဲ့ပဲ လွုင်ကော်မြို့ကို ရောက်သွားတော့ ကားရပ်ရပ်ချင်းပဲ အရပ်ဝတ်နဲ့လူတယောက် ကားနားရောက်လာပြီး ကျောက်ကုန်သည်လို့ ပြောတဲ့သူကို “ဟေ့ကောင်..အဘက မင်းကို လာတွေ့ဖို့ပြောနေတယ်၊ အခု သွားတွေ့လိုက်အုံး” ဆိုပြီး ပြောလာပါလေရော။ ကျောက်ကုန်သည်ဆိုတဲ့ သူလည်း မျက်စိမျက်နှာပျက်နဲ့ဆင်းသွားတော့တာပေါ့။

ကျနော်လည်း ပြုံးမိသွားတယ်။ ကျောက်ကုန်သည်က ကိုယ်ထင်ထားသလို ထောက်လှမ်းရေးဖြစ်နေလို့လေ။ ဒီနောက်တော့ စစ်ကားတန်းလည်း ကျနော်တို့ကို လွယ်နန်းဖ ဆိုတဲ့ရွာမှာ ပို့ထားခဲ့တယ်။

ရွာမှာစခန်းချနေစဉ်မှာ ကလလတရဲဘော်တွေကို အခြေခံစစ်ရေးပြကို ပြပေးခဲ့တယ်။ တခြားအထွေ အထူးအလုပ်မရှိဘဲ ပျင်းရိလေးတွဲ့နေတုန်း တရက်မှာတော့ ကလလတဒုဥက္ကဋ္ဌနဲ့သူ့အဖွဲ့က လွိုင်ကော် ကိုသွားဖို့ ကျနော်တို့နှစ်ယောက်ကို ခေါ်တယ်. လွိုင်ကော်ကိုရောက်တော့ ထောက်လှမ်းရေးရုံးကို သွားပြီး ထောက်လှမ်းရေးမှူးနဲ့သွားတွေ့ကြတယ်။

အားလုံး သွားဆင်းပြီးတွေ့ကြပေမဲ့ ကျနော်ကတော့ ကားပေါ်က မဆင်းဘူး။ ပြီးတော့ ငြိမ်းချမ်းရေး လုပ်မဲ့ စစ်ရေးပြကွင်း ကိုသွားကြပြန်တယ်။ အားလုံး ကားပေါ်က ဆင်းသွားကြပေမဲ့ ကျနော်က မဆင်းဘူး။ ဒကစမှူးနဲ့ ကလလတဒုဥက္ကဋ္ဌ စကားပြောနေရင်းကနေ ဒကစမှူးက ဒုဥက္ကဋ္ဌကိုပြောလိုက်တယ်။ “ကားပေါ်မှာ တယောက်ကျန်သေးတယ်..ခေါ်လိုက်လေဗျာ” တဲ့..ဒုဥက္ကဋ္ဌလည်း “ကိုကျော်ကျော် စစ်ရေးပြကွင်းကြည့်ဖို့ ခဏဆင်းလာလေ” ဆိုတော့ ကျနော်ဆင်းရတာပေါ့။

ဒီအချိန်မှာပဲ ဗိုလ်ကြီးတယောက်ကျနော့်ဆီရောက်လာပြီး “လာလေးဗျာ ကိုစိုးလွင်..sorry မှားသွားလို့၊ လာလေဗျာ့ ကိုကျော်ကျော်၊ ကျနော်တို့တွေ ညီအကိုတွေပဲဗျာ”ဆိုပြီး ကျနော့်ပခုံးကို ဖက်လိုက်တယ်။ကျနော်တို့နှစ်ယောက် ဒကစမှူးအရှေ့ရောက်သွားတော့ ဒကစမှူးက ပြုံးပြုံးကြီးကြည့်နေတယ်။

(သူက ဘယ်လိုသဘောနဲ့ပြုံးမှန်းမသိပေမဲ့…မင်းနာမည်စိုးလွင်..မင်း ကျောင်းသားအဖွဲ့ကမှန်း ငါတို့ သိတယ်ဆိုတဲ့ အောင်နိုင်သူရဲ့အပြုံးမျိုးလို့ ကျနော်က ထင်တယ်)။

ဟန်မဆောင်တတ်တဲ့ကျနော့်အဖို့တော့ အဲဒီအချိန်မှာ မျက်နှာပျက်နေမှာ ကြိမ်းသေးပဲ။

(စိတ်ထဲမှာလဲ တွေးနေမိတယ်။ ဘယ်သူသစ္စာဖောက်လို့ ငါ့အကြောင်း သိနေရာလဲဆိုတာ)။

ဒါနဲ့ပဲ ကျနော်တို့အဖွဲ့ စစ်ရေးပြကွင်းကြည့်ပြီး လွယ်နန်ဖကို ပြန်လာခဲ့လိုက်တယ်။

နှစ်ရက်လောက်နေတော့ ဒုဥက္ကဋ္ဌက ခေါ်တယ်ဆိုလို့သွားရပြန်ရော။

ကျနော်ရောက်သွားတာနဲ့ ဒုဥက္ကဋ္ဌက သူတို့တပ်ခွဲမှူးတယောက်မှာ သေနတ်လိုနေလို့ ကျနော့်သေနတ်ကို ခဏငှားဖို့ ပြောလာတယ်။ ကျနော့်စိတ်ထဲမှာ မကြေလည်ပေမဲ့ ဒီသေနတ်ဟာ သူတို့သေနတ်ပဲလေဆိုပြီး ပေးလိုက်ပါတယ်။

(လက်နက်ကိုင်ဖူးတဲ့သူတွေတော့ ကျနော့်ရဲ့စိတ်ခံစားချက်ကို နားလည်းမှာပါ။ ကိုယ်အမြဲကိုင်ထားတဲ့သေနတ် ကိုယ့်လက် ထဲမှာ မရှိတော့ရင် ကိုယ်အမြဲပေါင်းနေတဲ့မိန်းမ ကိုယ်နဲ့ ခွဲခွာသွားသလို ခံစားရတာပေါ့)

ဒီလိုနဲ့ ငြိမ်းချမ်းရေးအခန်းအနားကျင်းပမယ့်နေ့ကို ရောက်လာပါပြီ။ ကျင်းပရာကွင်းကို စစ်ကြောင်းပုံ ချီတက်ဖို့အတွက် ကျနော်တို့အဖွဲ့ကို လွိုင်ကော်မြို့ရဲ့ဘော်လုံးကွင်းမှာ စုလိုက်ကြတယ်။ ကျနော်လည်း ကျနော့်တပ်ခွဲကို စစ်ရေးပြလေ့ကျင့်နေ တုန်း ထောက်လှမ်းရေးဗိုလ်ကြီးတယောက်က လာ ကြည့်နေတယ်။ ဒီအချိန်မှာပဲ ကလလတရဲဘော်တယောက်က သေနတ် ကျည်ထိုးနေတာကိုတွေ့သွား တဲ့ထောက်လှမ်းရေးက “ဟာ…ဒီလိုအခမ်းအနားမျိုး သေနတ်ကျည်ထိုးလို့ မရဘူး လေး” ဆိုပြီး ကျနော့်ကိုလာပြောတယ်။

(သူတို့ကြောက်မှာပေါ့။ အခမ်းအနားကို ဗိုလ်ချုပ်ခင်ညွန့်တက်မှာလေ)..ကျနော်လည်း ဖြစ်သင့်မှန်း သိပေမဲ့…”ခင်ဗျား ကျနော်တို့ဒုဥက္ကဋ္ဌကို ကျည်မထိုးဖို့ကိစ္စပြောပြီးပြီလား”လို့ ပြန်မေးလိုက်တော့..”ကျနော် ခွင့်ပြုချက်ရခဲ့ပါပြီ” လို့ ပြန်ပြော တယ်။ ကျနော်လည်း ရဲဘော်တွေဘက်လှည့်ပြီး ကျည်ရှင်းလို့ အမိန့်ပေးလိုက်တယ်။ ထောက်လှမ်းရေးလည်း ကျေနပ်ပြီး ထွက်သွားတာပေါ့။

ဒါပေမဲ့ ကျနော့်ရဲဘော်တချို့ ကျည်ရှင်းပြီး တချို့မရှင်းတာ သူမသိလိုက်ဘူး။ ကျနော်လည်း မသိချင်ယောင် ဆောင်နေ လိုက်တယ်။

နောက်တော့ ဘော်လုံးကွင်းကနေ အခမ်းအနားလုပ်မဲ့ စစ်ရေးပြကွင်းကို ၄ ယောက်တန်းပုံစံ စစ်ကြောင်းပုံချီတက်ခဲ့ပေမဲ့ လမ်းဘေးဝဲယာက ပြည်သူတွေက ကြိတ် ကြိတ်တိုးကြိုဆိုတဲ့အတွက် စစ်ကြောင်းလည်း တယောက်တန်းပုံစံစစ်ကြောင်း ဖြစ်သွားတော့တယ်။

စစ်ကြောင်းရဲ့နောက်ဆုံးမှာတော့ ကျနော်တို့အရာရှိအုပ်စုတွေပေါ့။ ကျနော်အရှေ့ကို မျှော်ကြည့်လိုက်တော့ မြဝတီရုပ်သံတို့ ဗဟိုရုပ်ရှင်တို့ ရိုက်နေတာတွေ့လိုက်ရတယ်။ ကျနော့်ပုံကိုရုပ်သံမှာပါသွားမှာ စိုးတာရော(ထောက်လှမ်းရေးက သိနေပါပြီဆိုမှ မာန်က မချချင်သေးဘူး) ပြည်သူတွေလက်ဆောင်ပေးတဲ့မုန့်တွေ အချိုရည်ဗူးတွေနဲ့ ကိုးရိုးကာယားဖြစ်နေတဲ့ရဲဘော်တွေကို ကူညီချင်တာရောကြောင့်(ရဲဘော်တွေအားလုံးက သေနတ်ဘယ့်မြှင့်နဲ့ဆိုတော့ လက်မအားကြဘူး) ကျနော်ရဲဘော်ကြား ထဲကို ဝင်ရောလိုက်တယ်။ မုန့်တွေ အချိုရည်ဗူးတွေကို သူတို့ရဲ့ဘောင်းဘီအိတ် အင်္ကျီအိတ်တွေထဲကို ထည့်ပေး၊ ကင်မရာတွေအရှေ့ရောက်ရင် ခေါင်းကိုမသိမသာငုံပြီးရှောင်သွားနဲ့ စစ်ကြောင်းတခုလုံး အခမ်းအနားလုပ်မဲ့ ကွင်းထဲ ရောက်တဲ့အထိပဲ။ ကွင်းထဲရောက်လာတဲ့ကျနော်ကို တွေ့သွားတဲ့ ကလလတ တပ်ခွဲမှူးတယောက်က”ခင်ဗျားမှာ ဘာကြောင့်သေနတ်မပါရတာတုန်း”လို့မေးလာလို့၊ ဒီလိုဒီလိုအကြောင်းကြာင့် သေနတ်မရှိရကြောင်းပြောလိုက်တော့၊ “ဟာ…ကျနော် တို့တပ်ခွဲမှူးတိုင်း သေနတ်ရှိပါတယ်ဗျာ၊ ဘာပဲဖြစ်ဖြစ်လေ၊ အရာရှိဖြစ်ပြီး သေနတ်မပါရင် ဘယ်ကြည့်ကောင်း မလဲ..ရော့ ကျနော့် သေနတ်ယူသွား” ဆိုပြီး သူ့ပစ္စတိုသေနတ်ကို ကျနော့်ကိုပေးပါလေးရော။ ကျနော်လည်း သေနတ်မပါလဲ ကိစ္စမရှိ ကြောင်းပြောပေမဲ့လည်း အတင်းပေးနေတာကြောင့် ယူလိုက်ပြီး ခါးနောက်မှာ ထိုးထားလိုက်တယ်။

ကျနော်တို့အဖွဲ့က အရာရှိအားလုံး ဗိုလ်ချုပ်ခင်ညွန့်ရှိနေတဲ့အဆောက်အဦးရှေ့မှာ နေရာယူကြပေမဲ့ ကျနော်ကမနေချင်တာနဲ့ ကျနော့်တပ်ခွဲရဲ့နောက်မှာ နေရာယူလိုက်တယ်။ နောက်တော့ အခမ်းးအနား ထုံးစံအတိုင်း နှစ်ဖက်အဖွဲ့အစည်းတွေ တယောက်တလှည့် မိန့်ခွန်းချွေကြတော့တာပေါ့။

ကျနော်လည်း သူတို့ပြောတာတွေ စိတ်မဝင်စားပါဘူး။ ကိုယ့်အတွေးနဲ့ကိုယ် နေနေရင်းကနေ စိတ်ထဲမှာ မသင်္ကာတာနဲ့ နောက်ကိုလှည့်ကြည့်လိုက်တော့ အောင်မယ်မယ်…ဒီဒေသရဲ့အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့စစ်ဒေသမှူးက ကျနော့် အနောက် ခပ်လှမ်းလှမ်းကနေ ကျနော်ကိုကြည့်နေတာကိုး။

ကျနော်လည်း အံ့သြသွားတယ်။ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အနီးကပ်နေနေရမဲ့ စစ်ဒေသမှူးတယောက်က ကျနော့်အနောက်မှာ ဘာလုပ်နေလဲပေါ့။ ကျနော်လှည့်ကြည့်တော့လည်း သူက မျက်နှာလွဲသွားတယ်။ ကျနော်နှစ်ကြိမ်သုံးကြိမ်လောက် လှည့်ကြည့်တယ်။ လှည့်ကြည့်တိုင်းလည်း မျက်နှာလွဲသွားတယ်။ဘာကြောင့်မှန်းလဲ ကျနော်စဉ်းစားလို့ မတတ်တော့ဘူး။
နောက်တော့ မိန့်ခွန်းခြွေကြရင်း ဗိုလ်ချုပ်ခင်ညွန့်ပြောဖို့ အလှည့်ရောက်လာတယ်။

(သူပြောတာတွေအားလုံးမမှတ်မိပေမဲ့…ကလလတထဲမှာ ကျောင်းသားတွေပါတယ်။ ဒီကောင်တွေကို သတိထားကြရမယ် ဆိုပြီး ကလလတလူကြီးတွေကို သတိပေးသွားတာတော့ မှတ်မိတယ်။ သူ့ဆိုလိုရင်းက ကျောင်းသားတွေက လူဆိုးတွေပေါ့လေ)

ဗိုလ်ချုပ်ခင်ညွန့်မိန့်ခွန်းပြောပြီးတာနဲ့ ကလလတတာဝန်ရှိတဲ့သူတွေကိုနှုတ်ဆက်ဖို့အဆောက်အဦး အပြင်ကိုထွက်လာတဲ့ အခါ အဆောက်အဦးထဲမှာရှိနေတဲ့အရာရှိအားလုံး ဗိုလ်ချုပ်ခင်ညွန့်ရဲ့ပတ်ပတ်လည်မှာ နေရာယူပြီး ထွက်လာကြတယ်။

ကျနော်လည်း ဒီတော့မှ ရိပ်မိတော့တယ်။ သူတို့ဗိုလ်ချုပ်ခင်ညွန့်ကိုလုပ်ကြံမှာ ကြောက်နေကြတာကိုး။ အခုမှရိပ်မိတဲ့ကျနော်လည်းပြုံးလျက်နဲ့ နောက်ကိုလှည့်ကြည့်လိုက်တော့ ကျနော့်ကိုပြုံးကြည့်နေတဲ့ ဒကစမှူးကို တွေ့လိုက်ရတယ်။

(ကျနော်လည်း အခုမှ အလုံးစုံသဘောပေါက်လိုက်ပြီလေ။ …ထောက်လှမ်းရေးတွေက ကလလတ ဒုဥက္ကဋ္ဌကတဆင့် ကျနော့်သေနတ်ကိုမလိမ့်တပတ်နဲ့ သိမ်းခိုင်းလိုက်ကြတာ)

(ကျနော့်သေနတ်ကိုတော့ သိမ်းပြီး ကျနော်နဲ့အတူသွားတဲ့ ကျော်ဆန်းသေနတ်ကိုတော့ ဘာကြောင့်မသိမ်းရသလဲလို့စဉ်းစားလိုက်တော့ ကျနော် တပ်မဟာ ၃ မှာ လက်ပစ်ဗုံးနဲ့ရမ်းခဲ့တဲ့စနက်ကြောင့်ဖြစ်မယ်ထင်တယ်)

အခမ်းအနားပြီးဆုံးတော့ ကျနော်လည်း ကျနော့်တပ်ခွဲကိုခေါ်ပြီး ထမင်းသွားစားဖို့ ကြိုပို့လုပ်မယ့် စစ်ကားတန်းတွေဆီ လာတဲ့အခါမှာ ကျနော့်ကိုလက်ပြနှုတ်ဆက်ပြီး လာတွေ့ဖို့လုပ်နေတဲ့ ငယ်သူငယ်ချင်း ဒုရဲအုပ်တယောက်ကို ကားလမ်း တဖက်မှာ တွေ့လိုက်ရတယ်။

မထင်မှတ်ဘဲတွေ့လိုက်ရတော့ ကျနော်လည်း အံ့သြသွားတယ်။ ဒါပေမဲ့ ဒီအချိန်မှာ အတွေ့မခံချင်ဘူးလို့ဆုံးဖြတ်မိတာနဲ့၊ သူ လမ်းကူးဖို့ကားကြည့်နေတုန်း ကျနော်လည်း ကိုယ်ကိုနှိမ့်ချပြီး ရဲဘော်တွေ ကြားထဲမှာ ရောချလိုက်တယ်။ အကွယ်တနေ ရာရာက်လို့ သူငယ်ချင်းကိုပြန်ကြည့်လိုက်တော့ သူ့ခမျာ ကျနော့်ကို လိုက်ရှာနေတာ တွေ့လိုက်ရတယ်။ စိတ်မကောင်းပေမဲ့ မတတ်နိုင်ဘူးလေ။

ဒီလိုနဲ့ စစ်ကားတန်းတွေဆီ ရောက်သွားပြီး ထမင်းကလည်းဆာ ဘယ်ကားပေါ်တက်ရမှန်းမသိတာနဲ့ ကားတန်းဘေးမှာရပ် နေတဲ့ ဗိုလ်မှူးတယောက်ကို “ကျုပ်တို့က ဘယ်ကားစီးပြီး ဘယ်သွားရမှာလဲ”လို့ ခပ်မာမာမေးလိုက်တော့ “ကြိုက်တဲ့ကားပေါ် တက်ပါ..လူစုံတာနဲ့ ထမင်းစားမယ့်ကျောင်းကို ကျနော်တို့ ပို့ပေးမှာပါ” လို့ ရိုရိုကျိုးကျိုး ပြန်ဖြေတယ်(သူတို့လည်း ဗိုလ်ချုပ်ခင်ညွန့်က ဘယ်လောက်တောင်ပြောထားလဲမသိဘူး။ အတော့်ကို ရိုသေနေတာ။ တခြားအချိန်သွားပြောရင် ကိုယ့်ဒီလိုပြောပေါက်နဲ့ဆို နရင်း(နားရင်း)ရိုက်ခံထိမယ် ထင်တယ်)

ဒါနဲ့ပဲ ထမင်းကျွေးမယ့်အထက်တန်းကျောင်းတခုကို ရောက်သွားရော ဆိုပါတော့ဗျာ။

ဆရာ ဆရာမတွေက ကျနော်တို့ကို ဧည့်ခံရတာပေါ့။ စားသောက်ပြီးတဲ့အချိန်မှာ ကျနော့်ကို သေနတ်ပေးတဲ့ တပ်ခွဲမှူးကိုတွေ့ လို့ ကျေးဇူးတင်ကြောင်းပြောရင်း သေနတ်ပြန်ပေးလိုက်တယ်။(ဗဟိုဌာနချုပ်ပြန်ရောက်လို့ သူ့နဲ့ပြန်တွေ့တော့ “ခင်ဗျားကို သေနတ်ပေးလိုက်လို့ ကျနော့်ကို ကလလတ တာဝန်ရှိ တဲ့သူတွေက ဆူတယ်ဗျာ” လို့ ပြန်ပြောပြတယ်။

ကျနော့်ကို သေနတ်ဖြုတ်ဖို့ကိစ္စ..ထောက်လှမ်းရေးက ဒုဥက္ကဋ္ဌကိုပြောထားတာ သူမှမသိဘဲ)

နောက်တော့ ကျနော်တို့စခန်းချရာ လွယ်နန်ဖကို ပြန်လာခဲ့ကြတာပေါ့။

လွယ်နန်ဖမှာ နှစ်ရက်လောက်နေပြီး ကလလတဌာနချုပ်ရှိရာကို ပြန်လာခဲ့ကြတယ်။

အပြန်လမ်းမှာစဉ်းစားမိလာတာက ငါတို့ ABSDF အဖွဲ့ ကလလတနယ်မြေထဲမှာ ရန်သူကို လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲခွင့်မရတော့ဘူး ဆိုတာပါပဲ…။

စိုးလွင်(ဝမ်ခ)(211)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)