ခင်စန္ဒာမြင့် ● မျှော်လင့်ရင်း မဝေးစေချင်

October 18, 2016

ခင်စန္ဒာမြင့် ● မျှော်လင့်ရင်း မဝေးစေချင်
(Education Digest / မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၆

“မီဒီယာက အစ်မခင်ဗျာ၊ ကျွန်တော်က အဝေးကြီးကနေလာပြီး ဆရာတွေပြောတာကို လာနားထောင်တာပါ၊  နောက်တခါ ဒီလိုဆွေးနွေးပွဲလုပ်ရင် ဆရာတွေပြောတဲ့ အချိန်ကို အကြာကြီးထားပေးပါခင်ဗျာ၊ ကျွန်တော် အားရပါးရ နားထောင်ချင်လို့ပါ”။

ခန်းမပြည့် တက်ရောက်ခဲ့ကြသည့် ပရိသတ်များ
Education Digest “ အလွန် မြန်မာ့ပညာရေးကို ဆွေးနွေးခြင်း” ပညာရေး စကားဝိုင်း
(အောက်တိုဘာ ၄၊ ၂၀၁၆ ခုနှစ် ၊ Orchid ဟိုတယ်၊ ရန်ကုန်မြို့)


ကျွန်မတို့ရဲ့ Education Digest ဂျာနယ်က အောက်တိုဘာ ၄ ရက်နေ့က လုပ်တဲ့ “၂၁ ရာစုပင်လုံအလွန် မြန်မာ့ ပညာရေး ဆွေးနွေးပွဲ” ကို လာရောက်နားထောင်တဲ့ ပရိသတ်တွေထဲကတယောက်က အခမ်းအနားပြီးလို့ စင်မြင့်ပေါ်ကနေ အောက်ကို ဆင်းလာတဲ့ ကျွန်မကို တကူးတက လာပြောသွားတဲ့စကားတွေပါ။

(ဓာတ်ပုံ ယာ မှ ဝဲ အစဉ်လိုက်)
ဦးဆောင်ဆွေးနွေးသူများ -မောင်ဒီပ (ပညာရေး) ၊ ဒေါက်တာသိန်းလွင် (NNER) ၊ ဦးစောမျိုးမင်းသူ (သပြေ ပညာရေး ဖောင်ဒေးရှင်း) ၊ ဦးအောင်သူငြိမ်း (မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ အင်စတိကျု)
(စီစဉ်သူ နှင့် ကြားခံ မေးမြန်းသူ) ခင်စန္ဒာမြင့် (ပညာပဒေသ ဂျာနယ်)
Education Digest “၂၁ ရာစု ပင်လုံ အလွန် မြန်မာ့ပညာရေးကို ဆွေးနွေးခြင်း” ပညာရေး စကားဝိုင်း
(အောက်တိုဘာ ၄၊ ၂၀၁၆ ခုနှစ် ၊ Orchid ဟိုတယ်၊ ရန်ကုန်မြို့)


ပွဲကြီးတခုလုံး အောင်မြင်စွာပြီးဆုံးနိုင်ဖို့အတွက် အောက်ခြေသိမ်းကနေစလို့ အစစအရာရာ စီမံခန့်ခွဲနေရတဲ့ ကျွန်မမှာ စော စောက ပွဲကို လာနားထောင်တဲ့ သူရဲ့ မချိတင်ကဲပြောတဲ့စကားကို ကြားလိုက်ရတော့ နောက်ပွဲတွေမှာ ကျွန်မ ဒီထက်ပိုပြီး ကောင်းအောင်စီမံပါ့မယ်လို့ သူ့ကိုနှစ်သိမ့်လိုက်ရပေမယ့် စိတ်ထဲမှာတော့ ငါတို့နိုင်ငံသားတွေဟာ ပညာရေးအပြောင်းအလဲ အပေါ်မှာ အများကြီး မျှော်လင့်နေကြပါလားဆိုတဲ့စိတ်နဲ့ ပွဲခင်းထဲကအခြေအနေကို မေ့လျော့ပြီး ခဏတာအတွေးတွေနဲ့ မင်သက်သွားခဲ့ရပါတယ်။

စာရွက်ထဲမှာပဲ အဆင်ပြေတဲ့စီမံကိန်းတွေ အမျိုးမျိုးချမှတ်ပြီး အစမ်းသပ်ခံပညာရေးစနစ်ထဲမှာသာ တ၀ဲလည်လည်ဖြစ်နေရ တဲ့ ပညာရေးကိုသင်ယူခဲ့ရတဲ့ ကျွန်မအပါအ၀င် နိုင်ငံသားတွေအားလုံးမှာ ပညာရေးပြောင်းလဲဖို့ကို ဘယ်လောက် ငတ်မွတ် နေကြသလဲဆိုရင် ကျွန်မမျှော်လင့်ထားတာထက်ပိုပြီး စကားဝိုင်းဆွေးနွေးပွဲကို လာတက်ကြတဲ့ ရာနဲ့ချီတဲ့ ပရိသတ်အရေ အတွက်၊ စောစောက ကျွန်မကို စကားလာပြောခဲ့တဲ့သူမျိုးနဲ့ အင်တိုက်အားတိုက် ပါဝင်ဆွေးနွေးမှုတွေက သက်သေပြု နေပါတယ်။

တချိန်က အရှေ့တောင်အာရှမှာ နာမည်ကျော်ကြားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ ၁၉၆၂ ခုနှစ်က စပြီး ပညာရေးစနစ် တခုလုံး စနစ်တကျ အကွက်ချဖျက်ဆီးတာကို ခံခဲ့ရပြီးတဲ့ နောက်ပိုင်းမှာတော့ ဘွဲ့လက်မှတ်တွေထုတ်ပေးတဲ့ စက်ရုံတရုံ အဖြစ်လောက်သာ တင်စားစရာအဖြစ် ကျန်ခဲ့တာကို ဒီစနစ်ဆိုးထဲမှာ ဖြတ်သန်းခဲ့ရသူတိုင်း မြန်မာပြည် တိုင်းသူပြည်သားတိုင်း ခံစားမိကြ သိကြမှာ ရင်နဲ့အပြည့်ဖြစ်တာမို့ “ပညာရေး” ဆိုတာနဲ့ အခုလို အားတက်သရော စိတ်ဝင်တစား အားပါးတရာ ပူးပေါင်းပါဝင်ကြတာဟာ နားလည်စရာပါပဲ။

ဒီပွဲကို စီစဉ်ပြီး ဒီစာကိုရေးနေတဲ့ ကျွန်မရဲ့ ပုဂ္ဂလိက အတွေ့အကြုံအရဆိုရရင်လည်း ငယ်စဉ်က ပညာရေးမှာ ဘယ်လောက်ပဲ ကြိုးစားအားထုတ်ခဲ့ပါစေ၊ မမျှတတဲ့စနစ် အုပ်ချုပ်မှုတွေကြောင့် ဖြစ်လာရတဲ့ မတည်ငြိမ်တဲ့နိုင်ငံရေး အခြေအနေတွေကြား ထဲမှာ အမြဲပြောင်းလဲနေတဲ့ မတည်ငြိမ်တဲ့ ပညာရေးမူဝါဒစနစ်၊ ပြဋ္ဌာန်းစာမျိုးစုံကြားမှာ ကြီးပြင်းပညာသင်ခဲ့ရသူတယောက်မို့ ဒီအခြေအနေတွေကို ကျောနဲ့ရင်း ဖြတ်သန်း ခါးသီးမှုမျိုးစုံ ကြုံတွေ့ခဲ့ရပါတယ်။

အသက်ငါးနှစ်မပြည့်ခင် ကျောင်းနေချင်လွန်းလို့ သူငယ်တန်းတက်ခဲ့တဲ့ ကျွန်မဟာ တနှစ် တတန်း မှန်မှန်အောင်ပြီး အ သက်ငယ်ငယ်နဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်နိုင်ခွင့်ရှိနေလျက်သားနဲ့ ၁၉၈၈ ခုနှစ်မှာဖြစ်တဲ့ နိုင်ငံရေး အခြေအနေတွေ ကြောင့် ကျောင်းတွေပိတ်ပြီး လေးတန်း စာမေးပွဲကို နှစ်ခါပြန်ဖြေခဲ့ရပါတယ်။  အလယ်တန်းကျောင်းသူဘဝ ဖြတ်သန်းခဲ့ရတဲ့ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီး တည်ဆောက်အံ့” ဆိုတဲ့ နဝတတပ်မတော် အစိုးရလက်ထက် မှာလည်း ဆောင်ပုဒ်တွေသာ  ကောင်းခဲ့ပါတယ်၊ သတင်းစာထဲမှာပဲ ခေတ်မီဖွံ့ဖြိုးခဲ့ပါတယ်။  လက်တွေ့မှာတော့ ကျောင်း သား/သူ၊ ကျောင်းနဲ့ ပညာရပ်ဝန်းကတော့ ကျွန်မ မူလတန်းကျောင်းသူဘဝ မ-ဆ-လ ခေတ်ထက်တောင် ဆိုးရွားလို့ သွား ခဲ့ပါတယ်။

အထက်တန်းကျောင်းသူဘ၀မှာလည်း ဘာသာရပ်တွေကို တွဲလိုက်၊ ခွဲလိုက်၊ ဘာသာရပ် ၆ ခုဖြစ်လိုက် ၉ ခု ဖြစ်လိုက်နဲ့  လူ ကြီး တဦးတက်လာတိုင်း တမျိုး စိတ်ကြိုက်လုပ်နေတဲ့ ပညာရေးစနစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်အောင်ဖြေဆိုခဲ့ရပြန်ပါတယ်။  နတ်ဆိုးမွှေပြီး ကပ်ဆိုးဆိုက်နေတဲ့ ကျွန်မတို့ရဲ့ နိုင်ငံရေးအခြေအနေက တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့တဲ့ ကျွန်မတို့ကို မျက်နှာသာ မပေးခဲ့ပြန်ပါဘူး။ ဘယ်လောက်ပဲ ပညာတွေဆက်သင်ချင်နေတဲ့ ဆန္ဒတွေပြင်းပြ နေပါစေ နောက်ဆုံးမှာတော့ ဘ၀အိမ်မက်တွေ ရည်မှန်းချက်တွေနဲ့ ဆယ်တန်းအောင်ဖို့ကြိုးစားခဲ့ရတဲ့ ကျွန်မအပါအ၀င် ကျောင်းသားတွေအားလုံးကို မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေအရ သုံးနှစ်လောက်ကြာအောင်ပိတ်ထားတဲ့ ကျောင်း တံခါးတွေကပဲ ဆီးကြိုနေခဲ့ပါတယ်။  ဒီလိုအခြေအနေနဲ့ ဒီလိုပညာရေးကို ရေပေါ်ဆီလူတန်းစားနဲ့ အုပ်စိုးသူ လူတစုရဲ့ သားသမီးတွေကလွဲရင် ကျွန်မအပါအ၀င် အောက်ခြေလူတန်းစားမှာရှိတဲ့ ကျောင်းသားလူငယ်တွေအားလုံး ရရှိ ဖြတ်သန်း ခံစားခဲ့ရတာပါ။

ကျွန်မတို့ရဲ့ နောက်မျိုးဆက်သစ်တွေမှာလည်း ဒီအတိုင်းပါပဲ။ တနိုင်ငံလုံးမှာ မေးခွန်းတစုံသာရှိတဲ့ ဆယ်တန်းစာမေးပွဲဟာ ပြည်နယ်နှင့်တိုင်းအလိုက် မေးခွန်းထုတ်ရတဲ့စနစ်ကို ပြောင်းသွားလိုက်၊ ပြန်ပြီး မေးခွန်တစုံတည်း ဖြစ်လိုက်၊ တက္ကသိုလ်စာ သင်နှစ်တွေကလည်း ၄ နှစ်ကနေ သုံးနှစ်ဖြစ်လိုဖြစ်နဲ့ မူဝါဒအပြောင်းအလဲအမျိုးမျိုးတွေရဲ့ဒဏ်ကိုသာ ခံစားခဲ့ကြရပါတယ်။

Education Digest ပညာရေးစကားဝိုင်းမှာ ဆရာဒေါက်တာ သိန်းလွင် (NNER) ပြောခဲ့တဲ့ စကားကို ပြန်ပြောရမယ်ဆိုရင် ကျွန်မတို့နိုင်ငံမှာ “ကျောင်းသားတွေအတွက် ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်တဲ့ ပတ်ဝန်းကျင်ကောင်း၊ အခြေအနေကောင်းဟာ ၁၉၆၂ ခုနှစ်ကစလို့ ယနေ့အချိန်အထိ မရှိသေးဘူး” ဆိုတာပါပဲ။  စာသင်လိုသူတယောက် ပညာကောင်းစွာလေ့လာဆည်းပူးနိုင်ဖို့ဆိုတာဟာ စနစ်ကောင်းရုံတင်မဟုတ်၊ ပတ်ဝန်းကျင်အခြေအနေပါ ကောင်းရမယ်ဆိုတာကို ဆရာကထောက်ပြပြော သွားတာပါ။

 ယခင် အစိုးရဟောင်းလက်ထက်မှာ ပညာရေးကို ပြုပြင်ပြောင်းလဲဖို့အတွက် ကျောင်းသားတွေလမ်းမထွက် ဆန္ဒပြ၊ သက် ဆိုင်ရာ အဖွဲ့အစည်းတွေက ဖိအားပေး စတာတွေလုပ်ခဲ့လို့ ပညာရေးဥပဒေသစ် ရေးဆွဲဖို့တွေဖြစ်လာခဲ့သော်လည်း တကယ် တမ်း လက်တွေ့မှာတော့ မြွေမသေ တုတ်မကျိုး အခြေအနေနဲ့ ပညာရေးကဏ္ဍကြီးရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ ယနေ့ အစိုးရသစ်လက်ထဲကို ရောက်သွားခဲ့ပြန်ပါတယ်။


ပြည်သူက ယုံကြည်လို့ အားကိုးရွေးချယ်ခဲ့တဲ့ အစိုးရသစ်ဟာလည်း ပြောင်းလဲဖို့အချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ အစိုးရသစ်တရပ်ကို ဖွဲ့စည်းနိုင်ခဲ့သော်လည်း၊ သက်တမ်း ၆ လတာကာလအထိ ပညာရေးနှင့်ပက်သတ်ပြီး ပုံစံမျိုးစုံ အဖွဲ့အ စည်းမျိုးစုံသာ ဖွဲ့စည်းနေတာတွေကလွဲလို့ အားရလောက်တဲ့ ပြောင်းလဲမှုတွေကို လက်တွေ့လုပ်ဆောင်ပြပေးသွားတာမျိုး ကြီးကြီးမားမား မတွေ့ရသေးပါဘူး။  မလိုလားအပ်တဲ့ သဘောဆောင်နိုင်တဲ့ အလုပ်တချို့သာ သိသာ ထင်ရှားမြင်ခဲ့ရပါတယ်။

ဒါ့အပြင် အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ ဦးစီးဌာန ကိုးခုမှာပါဝင်လာတဲ့ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) နဲ့ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (သုတေသန) ဆိုတဲ့ ဌာနနှစ်ခုဟာ ၂၀၁၅ခုနှစ်မှာ ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်သည့်ဥပဒေနဲ့မညီညွတ်ဘဲ ဖွဲ့စည်းထားတဲ့ အဖွဲ့နှစ်ဖွဲ့ဖြစ်နေပါ တယ်။

နောက်တခုက နိုင်ငံတော်အဆင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေ ဖွဲ့စည်းရာမှာ အခြေခံပညာအဆင့် ကျွမ်းကျင်သူ၊ အ တွေ့အကြုံများသူများကို ထည့်သွင်းခြင်းမရှိဘဲ ချန်လှပ်ထားနေဆဲ ဆိုပြီး ပညာရေးကဏ္ဍ လေ့လာစောင့်ကြည့်သူများက ထောက်ပြကြပါတယ်။  ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို လက်တွေ့ အကောင်အထည်ဖို့ အလုပ်ဖြစ်တဲ့ နည်းဥပဒေ တွေ စနစ်တကျ ထွက်လာနိုင်ဖို့ လိုနေတာမျိုးအပြင် အဲဒီလိုပြောင်းလဲပြီးသား ပညာရေးဥပဒေကို မျက်ကွယ်ပြုပြီး အဖွဲ့ အစည်းတွေ စိတ်ကြိုက်ဖွဲ့စည်းနေတာတွေဟာ ဒီမိုကရေစီ ပြည်သူ့အစိုးရအတွက် ပညာရေးကဏ္ဍ တိုးတက်ပြောင်းလဲစေရေး မှာ အနုတ်လက္ခဏာ ဆောင်နေပါတယ်။

နောက်တခုကလည်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ တနိုင်ငံလုံးမှာရှိတဲ့ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးခဲ့တဲ့ ကျောင်းပေါင်း ၃၁၉ ကျောင်းအတွက် ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြဆရာတွေကို အောက်တိုဘာလမှာ တကျောင်းကို ၇ ဦးနှုန်းနဲ့ ဆရာ၊ ဆရာမ ၂,၂၃၃ ဦးကို ခန့်ထားပေးဖို့ အောက်တိုဘာ ၃ ရက်ကပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။  ဒီဆုံးဖြတ်ချက်ကို မကျေနပ်လို့ အောက်ခြေဝန်ထမ်းတွေကအစ ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။  ဒါဟာဘာကို ပြနေသလဲဆိုရင် ပြည်သူကရွေးချယ်တဲ့ အစိုးရသစ်လက်ထက်မှာ ပြည်သူ့ဆန္ဒမပါဘဲ လုပ်နေသေးတယ်ဆိုတာကို တွေ့နေရတာပါပဲ။

ဒါပေမယ့် ခန္တီပါရမီနဲ့ ပြည့်စုံတဲ့ ကျွန်မတို့ ပြည်သူတွေမှာတော့ ကိုယ်ရွေးချယ်ခဲ့တဲ့ အစိုးရသစ်ဆီက ပညာရေးအတွက် အပြောင်းအလဲဆိုတာကြီးကို တနေ့တော့ရလာနိုးဆိုတဲ့  ကြီးမားတဲ့မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေနဲ့ တောင့်တနေကြ၊ မျှော်လင့်နေကြဆဲပါ။  နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံရေး လှုမှုရေးအခြေအနေတွေဟာ အဲ့ဒီနိုင်ငံမှာရှိနေတဲ့ နိုင်ငံသားတွေရဲ့ ပညာရည်ပြည့်ဝမှုနဲ့ တိုက်ရိုက်ဆက်နွယ်မှုရှိပါတယ်။

ယနေ့ ကျွန်မတို့နိုင်ငံမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးဆိုတာဟာလည်း ပညာရေးနဲ့ ဆက်နွယ်မှုရှိနေပါတယ်။  ဒါကြောင့် တိုက်ပွဲတွေရပ်ဖို့ ငြိမ်းချမ်းစွာ အတူတကွနေထိုင်နိုင်ဖို့ဆိုတာဟာ ပညာရပ်ဝန်းကနေ အစပြုလုပ်ဆောင်နိုင်တယ်ဆိုတာကို အစိုးရသစ်အနေနဲ့ အမြော်အမြင်ကြီးစွာ လုပ်ဆောင်မည်ဟု ယူဆထားခဲ့သော်လည်း ပညာသင်နှစ်အစ ကျောင်းတွေ ပြန် ဖွင့်ချိန်ရောက်မှ ပြင်းထန်ကျယ်ပြန့်စွာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားဒေသက ကလေးငယ်တွေရဲ့ ပညာရေးအတွက် ပညာရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ ရာစီမံကိန်းမှာ ထည့်သွင်းစဉ်းစားဖော်ပြပေးခြင်း မရှိခဲ့တာကိုသာ ၀မ်းနည်းဖွယ်ရာအဖြစ် မြင်တွေ့ခဲ့ရပြီးပါပြီ။

ငြိမ်းချမ်းရေးလို့ တဖက်ကပြောနေပေမယ့် အခြားတဖက်မှာတော့ တိုက်ပွဲခေါ်သံတွေကသာ ပြင်းထန်နေပါသေးတယ်။  ဒီလို အခြေအနေမျိုးမှာ ကျွန်မတို့ နိုင်ငံရဲ့ နယ်စပ်ပိုင်း တောင်ပေါ်ဒေသက ကလေးငယ်တွေအတွက် ပညာသင်ယူနိုင်တဲ့ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင် ဘယ်လိုဖြစ်လာနိုင်ပါ့မလဲ။ မငြိမ်းချမ်းမှုတွေကြောင့် ပညာသင်ယူနိုင်ခွင့်မရှိတဲ့ ကလေးငယ်တွေ၊ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကရော ဘယ်လို သုခချမ်းသာ ရနိုင်ပါတော့မလဲ။

နောက်တခုကတော့ အစိုးရသစ်လက်ထက်မှာ KG+12 ဆိုတဲ့စနစ်နဲ့ သင်ရိုးသစ်တွေကို သူငယ်တန်းကစပြီး တဆင့်ချင်းစီပြောင်းဖို့ပြုလုပ်ခဲ့တာပါ။  ဒီလို ရေးဆွဲပြန်တော့လည်း တိုင်းရင်းသားဒေသက ကလေးတွေနဲ့ ကိုက်ညီဆီလျော်တဲ့ သင်ခန်းစာ တွေ ပါဝင်လာဖို့မပြောနဲ့ မြေပြန့်ဒေသက ကလေးငယ်တွေအတွက်တောင် အံဝင်ဂွင်ကျမဖြစ်တဲ့ သင်ခန်းစာတွေ၊ သင်ကြားမှု ပုံစံတွေကြောင့် ကျောင်းသားမိဘတွေနဲ့၊ တတ်သိနားလည်တဲ့ ပညာရှင်တွေရဲ့ ဝေဖန်မှုတွေကိုသာကြားနေရပြန်ပါတယ်။

တကယ်တော့ ပညာရေးစနစ်ကြီး တခုလုံး ပြောင်းလဲဖို့ဆိုတာဟာ ပေါ်လစီတွေပြောင်းရုံ၊ သင်ရိုးတွေ ပြောင်းလိုက်ရုံနဲ့ ပြီး ဆုံးသွားနိုင်မည်မထင်ပါ။  အောက်ခြေမှာ တကယ်လိုအပ်နေတဲ့ အရာတွေ၊ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြောင်းလဲမှုတွေ၊ စီမံခန့်ခွဲမှုပုံစံတွေကို ပြောင်းလဲနိုင်ဖို့ တတ်သိနားလည်တဲ့ ပညာရှင်တွေ၊ အောက်ခြေမှာ လက်တွေ့လုပ်ဆောင်နေရသူတွေ အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုနိုင်အောင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အစိုးရပိုင်းက စေတနာပါပါ ကြီးကြပ် လုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။  ပေါ်လစီချမှတ်သူ အစိုးရကောင်းတရပ်ဟာ လူထုထဲက အသံတွေရော၊ တတ်သိ ပညာရှင်တွေရဲ့ အသံတွေရော နားထောင်ပြီး လက်တွေ့ကျတဲ့ မူဝါဒနဲ့ချဉ်းကပ်မှုမျိုးကို အပေါင်းလက္ခဏာအပြည့်နဲ့ ဆောင် ရွက်ပေးနိုင်ရပါမယ်။

ပန်းချီကားတချပ်ကို တန်းဝင်တဲ့အဆင့်ဖြစ်လာဖို့ဆိုတာဟာ ဒီပန်းချီကားကို ပုံပေါ်အောင်ရေးဆွဲနေတဲ့ ဖန်တီးသူပေါ်အများ ကြီး မူတည်ပါတယ်။  ဖန်တီးသူရဲ့ သူ့ပန်းချီကားပေါ်ထားတဲ့ စူးနစ်မှုနဲ့ သူ့ပရိသတ်ကို ပေးချင်တဲ့ သူ့ရဲ့ အနုပညာစေတနာ အတိမ်အနက်ပေါ်မူတည်ပြီး ဒီပန်းချီကားရဲ့ တန်းဝင်မှုဟာလည်း ကွာခြားသွားရတာပါ။

ဒီသဘောအတိုင်းပါပဲ အစမ်းသပ်ခံပညာရေးစနစ်ထဲမှာ ပညာသင်ကြားလာရသူတွေဖြစ်တဲ့ ကျွန်မအပါအ၀င် အောက်ခြေက ပြည်သူတွေမှာ ပညာရေးစနစ်ကြီး သိသာမြင်သာစွာ ပြောင်းလဲလာတာကို မြင်ချင်ကြသလို၊ ကိုယ့်ရဲ့မျိုးဆက်တွေအတွက် အဆင့်မီတဲ့ပညာရေးနဲ့ ငြိမ်းချမ်းစွာ ပညာသင်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။  နိုင်ငံရေးစနစ် အပြောင်းအလဲကြီးဖြစ်ဖို့ တာ ဝန်ကျေပေးခဲ့ကြတဲ့ ပြည်သူတွေဟာ သူတို့ယုံကြည်ကိုးစားတဲ့ အစိုးရသစ်လက်ထက်မှာ မြေပြန့်တောင်ပေါ်၊ ပြည်မ တောင် တန်း မခွဲခြားပဲ တန်းတူမျှတ သင်ယူနိုင်ခွင့်ရှိတဲ့ ပညာရေးအပြောင်းအလဲဖြစ်လာမည့် တနေ့ကို မျှော်လင့်လျက်ရှိနေပါကြောင်း …..။ ။

ခင်စန္ဒာမြင့်
အောက်တိုဘာ ၇၊ ၂၀၁၆

(Education Digest (ပညာပဒေသာ) အပတ်စဉ်ထုတ် ဂျာနယ် အတွဲ (၅)၊ အမှတ် (၄၀) ၊ အောက်တိုဘာ ၁၃၊ ကြာသပတေး နေ့ထုတ်တွင် မူလ ပုံနှိပ်ခဲ့ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခင်စန္ဒာမြင့်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments