ဌေး​ဝင်း ● စာရေးဆရာရဲ့ ပီတိ

October 18, 2016

ဌေးဝင်း ● စာရေးဆရာရဲ့ ပီတိ
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂ဝ၁၆

ရန်ကုန်မြို့ တောင်ဥက္ကလာပ (၁ဝ) ရပ်ကွက် (၁ဝ) လမ်းထဲက နှစ်ထပ်အိမ်ကြီးတဆောင်ထဲကို ကိုစောနောင်ဟာ စာရေး ဆရာကြီး ဖိုးကျော့နဲ့အတူ အလည်ရောက်နေတယ်။ ဒီအိမ်ကြီးဟာ သူ့ ခြံစည်းရိုး အုတ်တံတိုင်းကို ဆေးအနီသုတ်ထားတယ်။ တလမ်းလုံးမှာ အနီရောင် ဆေးသုတ်ထားတာဆိုလို့ ဒီတအိမ်ပဲရှိတယ်။ အိမ်ကိုကြည့်ရတာ ၂၁ ရာစု ခေတ်သစ် အငွေ့ အသက်ထက် ၂ဝ ရာစု နှောင်းပိုင်းကာလက အရိပ်လက္ခဏာတွေကိုပဲ မြင်တွေ့ရတယ်။ ဒီနေ့ရန်ကုန်မြို့က တချို့နေရာမှာက အလွန်တရာခေတ်ဆန်တဲ့ အဆောက်အဦတွေ အိမ်သစ်ယာသစ်တွေကို မြင်တွေ့နိုင်သလို လွန်ခဲ့တဲ့ အနှစ်သုံးလေးဆယ်က မိဘဘိုးဘွားတွေ ဆောက်လုပ်ခဲ့တဲ့ ရှေးအိမ်မှာ ဆက်လက်နေထိုင်ဆဲလူတွေလည်း ရှိနေကြဆဲပါ။

ဆရာကြီးမောင်ပေါ်ထွန်း တမြတ်တနိုးတီးခတ်လေ့ရှိတယ် ပတ္တလားတူရိယာလေး

အိမ်အပေါ်ထပ်မှာ စာအုပ်များကို စီစီရီရီတင်ထားတဲ့ စာအုပ်စင်တခုရှိရဲ့။ အဘိဓာန်အကောင်းစား အထူစားကြီးတွေလည်း အဲဒီစာအုပ်စင်မှာ နေရာယူထားတယ်။ အဲဒီရှေ့တည့်တည့်မှာ ပိတ်စကို အခင်းလုပ်ထားတဲ့ ပက်လက်ကုလားထိုင်တလုံး ရှိနေသလို စာအုပ်စင်နဲ့မျက်နှာချင်းဆိုင်ဘက် နံရံနားမှာ ပတ္တလားတလုံးကိုလည်း တွေ့ရတယ်။ ဒီနေရာက အိမ်ဦးခန်းလည်း ဖြစ်သလို စာရေး စာဖတ်ခန်းလည်း ဖြစ်ဟန်တူပါရဲ့။ ဒီလမ်းဟာ မီလျံနာသူဌေးတွေနေတဲ့လမ်းမဟုတ်ပေမဲ့  မင်္ဂလာ တကယ် ရှိတဲ့လမ်း ဖြစ်တယ်လို့ သူတထစ်ချယုံကြည်တယ်။

ဘာလို့မင်္ဂလာရှိတာလဲလို့ မိတ်ဆွေက အမေးရှိရင် မြတ်စွာဘုရားက ပညာရှိသူတော်ကောင်းရှိရာ အရပ်ကို မင်္ဂလာရှိတဲ့အရပ် လို့ ဟောတော်မူခဲ့တယ် မဟုတ်လား။ အခု သူရောက်နေတဲ့အိမ်က အောင်မြင်လိုတဲ့ လူငယ် လူရွယ် အထောင်အသောင်းကို ဉာဏ်မျက်စိဖွင့်ပေးနေတဲ့ အသက်ရှစ်ဆယ်ကျော်အရွယ် သက်တော်ရှည် စာရေးဆရာကြီးရဲ့အိမ်လေ…။

ဒီစာဖတ်ခန်းကလေးက လူငယ်တွေရဲ့ အနာဂတ် ထွန်းလင်းတောက်ပစေဖို့အတွက်ရော.. အနှစ်တွေနဲ့ ပြည့်လျှမ်းနေတဲ့ ရသစာပေတွေကိုပါရေးသားလာတဲ့ ဆရာကြီးရဲ့စာရေးသက်ဟာ သူ့အသက်ထက်တောင် ပိုကြီးပါသေးတယ်။ ဆရာကြီးရဲ့ စာရေးသက်ကဘဲ အနှစ်ခြောက်ဆယ်ကျော်နေပြီ မဟုတ်လား။ ဒီအိမ်က စာရေးဆရာကြီး မောင်ပေါ်ထွန်းရဲ့အိမ်ပါ။

ဆရာကြီး မောင်ပေါ်ထွန်းရဲ့ စာအုပ်စင်

သူ့အသက်ထက် စာရေးသက် ပိုကြီးနေတဲ့စာပေပညာရှင်ကြီး နှစ်ယောက်နဲ့တွေ့ရချိန်ဟာ သူ့အတွက် တကယ်ကြီးကျယ်ခမ်း နားတဲ့ အခိုက်အတန့်တခု အမှန်ပါ။ အိမ်အောက်ထပ်က ဧည့်ခန်းမှာ အလ္လာပ သလ္လာပ ပြောနေကြရင်းမှာပဲ ဆရာကြီးမောင် ပေါ်ထွန်းက ….

“မတွေ့တာလည်း နှစ်ပေါင်းအတော်ကြာပြီ။ ကိုစောနောင်သတင်းကိုတော့ အမြဲတမ်း ကြားတယ်။ မကြာခင် ခင်ဗျားက ယိုး ဒယားကိုပြန်ဦးမှာဆိုတော့ ဘာပေးလိုက်ရမလဲမသိဘူး။ ကျွန်တော့်စာအုပ်တွေကလည်း တအုပ်မှကို အိမ်မှာမကျန်ဘူး။ တောကလူတွေလာရင် အကုန် မသွားကြလို့။ ဒါပေမဲ့ စာကြည့်ခန်းထဲမှာ သူများလက်ဆောင်လာပေထားတာတွေတော့ ရှိ တယ်။ ယူသွားလေ”

“ဟုတ်.. ဆရာကြီး။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်နည်းနည်းပါးပါး ယူသွားပါ့မယ်။ ဒါပေမဲ့ ကျွန်တော် ဆရာကြီးတို့ နှစ်ယောက်ဆီက တောင်းစရာရှိတယ်။ ဒါကြောင့် ဆရာ ကိုဖိုးကျော့ကိုပါ ဆရာ့အိမ်ကို အပါခေါ်ခဲ့တာ”

“ဟေ.. ဘာတောင်းမလို့လဲ.. ကျွန်တော်တို့က စာရေးဆရာဆိုတော့ မချမ်းသာဘူးလေ”

“ကျွန်တော်တောင်းမဲ့အမွေက စာပေပညာအမွေပါ။ အခု ကျွန်တော်ဂျာနယ်တွေမှာ စာတိုပေစလေးတွေ အလျဉ်းသင့်သလို ရေးနေပါတယ်။ ပြီးတော့ ဆရာသမားတွေ မိတ်ဆွေတွေတပည့်တွေ ပြောပြတာတွေကို ပြန်ပြောပြသူအနေနဲ့ Narrator လုပ်တဲ့သဘောမျိုး စာတွေရေးနေပါတယ်။ ဒါကြောင့် စာရေးဆရာကောင်းတယောက်ဖြစ်လာဖို့အတွက် ဆရာတို့နှစ်ယောက် ဆီက ပညာအမွေကို လက်ဆင့်ကမ်း ရယူချင်ပါတယ်”

ဆရာကြီးမောင်ပေါ်ထွန်းရဲ့ ရိုးရှင်းတဲ့ဘဝနေဟန်

“ကိုပေါ်ထွန်းက အရင်ပြောလိုက်ပါ။ ပြီးမှ ကျွန်တော်ပြောမယ်” လို့ ဆရာကြီး ဖိုးကျော့က ဆိုတယ်။

ဒီဆရာကြီးနှစ်ယောက် နည်းညွှန်လမ်းပြခဲ့တဲ့စကားလုံးတိုင်းဟာ ကလောင်ကောင်းတချောင်းအတွက် ကျိန်းသေ လိုက်နာ ကျင့်ကြံရမဲ့ နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ ဒီလမ်းညွှန်ပြောပြချက်တွေကို သူ့လိုဘဲ တခြားလူတွေလည်း သိခွင့်ရကြ ပါစေ.. ဆိုတဲ့စေတနာနဲ့ ဆရာကြီး မောင်ပေါ်ထွန်းပြောခဲ့သည့်အတိုင်း စာပြန်စီပြီး “စာရေးဆရာရဲ့ ပီတိ” လို့ ခေါင်းစဉ်တပ် ကာ ဝေမျှပေးလိုက်ပါတယ်။
=====

“ပထမစာရေးဆရာဖြစ်ချင်တဲ့ဆန္ဒ (Desire) ပေါ့။ ဆန္ဒဟာ ပထမဆုံး အရေးကြီးပါတယ်။ နောက် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှု (Confidence) လည်း ရှိရမယ်။ အဲဒီလို ပန်းတိုင်လည်း ထားရမယ်။ ပြီးရင် ဘာထပ်လုပ်ရမလဲဆိုရင် စာများများ ဖတ်ရမယ်။ ဝမ်းစာ သိပ်အရေးကြီးတယ်။ စာမရွေးပါနဲ့။ Read everything. ပန်းဖလက်ကလေး ကြော်ငြာစာရွက်ကလေးက အစ သတင်းစာကအစ ဆေးကြော်ငြာကအစ ဖတ်။ အဲဒီလိုဖတ်ရင် စကားလုံးတွေရတယ်။ ဗေဒင်စာအုပ် လက္ခဏာစာအုပ် အစုံပေါ့. . ဖတ်”

“ပယ်ပယ်နယ်နယ် အာဂုံရဆောင်ရအောင် အလွတ်ကျက်နေဖို့ မလိုဘူး။ ပုံမှန် စိတ်ဝင်တစား ဖတ်သွားရုံနဲ့ စကားလုံး လေး တလုံးရသွားရင် စာရေးဆရာအတွက် အဲဒါ ပတ္တမြားလေးတလုံးပဲ။ ဝေါဟာရလေးတလုံးရသွားရင် ဘာလို့ဆို right words in right place စာရေးတယ်ဆိုတာ နေရာမှန်ကို စကားလုံး မှန်ထည့်ပေးရတာ။ ဝါကျတခုမှာ သူများဖတ်လို့နားလည်အောင် အဆင်ပြေအောင် ဝါစာသီလိတ္ထဖြစ်အောင် အဲဒီလိုနားလည်လွယ်အောင် ဝေါဟာရကို နေရာမှန်ထည့်ပေးဖို့ လိုတယ်။ ဒီ တော့ ဝေါဟာရတွေ အများကြီးကြွယ်ရင်တော့ စာဟာ ပိုလှလာတာပေါ့။ ပိုပြီးရင် ကြွလာပြီး ရသပါလာတယ်။ ရသပါလာရင် စာဟာ..  စွဲတယ်ဖတ်လို့။ သုတက ဖတ်ပြီးရင် ပျောက်သွားတတ်တယ်။ ရသက စွဲကျန်ရစ်ခဲ့တယ်၊ အသည်းထဲနစ်ပြီး.. စူးဝင်ပြီးတော့.. ရသစာပေတွေကို ဖတ်ရင်လေ …”

ဆရာကြီးမောင်ပေါ်ထွန်းနှင့် ဆရာကြီးဖိုးကျော့တို့စကားလက်ဆုံ။

“တချိုက သုတချည်းပဲ ဖတ်တယ်။ သုတဖတ်တဲ့အခါ ဗဟုသုတတွေ အများကြီးရတယ်။ အချက်အလက်တွေ အ ကြောင်း ခြင်းရာတွေကို အများကြီးသိတယ်။ သူက ခေါင်းထဲပဲ ဝင်တယ်။ နှလုံးသားထဲကို မဝင်ဘူး။  နှလုံးသားထဲဝင်တဲ့ဟာက စွဲ ကျန်ရစ်တယ်။ ဘာဖြစ်လို့စွဲသလဲဆိုတော့ သူရေးတဲ့စာက ရသနဲ့ရေးထားတဲ့အခါ “ကြားယောင်.. မြင်ယောင် ..  နံယောင်.. ဖြစ်အောင်” ရေးထားတာမို့။ ဥပမာ ဟင်းချက်နည်းရေးတယ်ဆိုပါစို့။ ဝတ္ထုထဲမှာ ကောင်မလေး ဟင်းချက်နေတယ်။ တခါ တည်း အနံ့တွေ… ထွက်လာ။ စပါးလင်နံ့ကလေးသင်းလာ အဲဒီအတိုင်း။ ဥပမာ .. ငြိမ်းကျော်တို့ရေးတာ .. သစ်ရွက်ကလေး ကြွေကျလာတယ်။ ဟာ သစ်ရွက်ကလေးဟာ လေထဲမှာ ဝေ့ကာဝဲကာနဲ့ မြေအောက်ကို မကျသေးဘူး။ အဲဒီလို ရေးဖွဲ့တာ။ အဲဒါဟာ ရသပဲ။ အဲဒီလို ဖွဲ့နိုင်တာ”

“ဘာလို့ဆို ကျမ်းကြီးပဲရေးလာတဲ့အခါ စာဟာ မာသွားတယ်။ ဆရာသိန်းဖေမြင့်တို့ဆို ဘက်စုံ။ ကျမ်းလည်း.. တော်တယ်။ ရသလည်း တော်တယ်။ သူရေးတဲ့ဝတ္ထုဆိုရင် ညွှန့်နေတာပဲ။ ဘာလို့လဲဆိုတော့ စာစုံဖတ်ထားလို့။ သူ့မှာ ဝမ်းစာက အပြည့်။ ဒါကြောင့်မို့လို့ စာစုံဖတ်ပါ.. ပြောတာ” 

ဆရာကြီးမောင်ပေါ်ထွန်းနဲ့ စာရေးသူ

“စာရေးဆရာဖြစ်ချင်ရင် ရေးမှစာဖြစ်မှာကိုး။ မပျင်းနဲ့ဆိုတာက ပြောစရာမလိုဘူး။ ဝိရိယရှိဖို့ကတော့ ပြောစရာ မလိုပါဘူး။ ဝိရိယမပါရင် ဘာဖြစ်မလဲ။ ဘာမှမဖြစ်ဘူး။ ဟဲ.. ဟဲ.. ဆန္ဒရှိရုံနဲ့ မဖြစ်သေးဘူး။ ဝိရိယရှိဖို့လိုသေးတယ်။ ရေးဖြစ်အောင်ရေး။ ထိုင်နိုင်အောင်.. တတ်နိုင်ရင် နာရီမှတ်ပြီး ရေး။ ဥပမာ ဟဲမင်းဝေးဆိုရင် ခဲတံ ၁၂ ချောင်းကို ဖန်ခွက်မှာ ထည့်ထားတယ်။ ချွန်ပြီးသား .. ကုန်အောင်ရေး တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ ရှိတယ်နော်။ တချို့ဆိုရင် နာရီသတ်မှတ်ထားတယ်။ ဆရာကြီး မြသန်းတင့်ဆိုရင်လည်း အချိန်သတ်မှတ်ပြီး ရေးခဲ့တယ်။ သူက ဒါကို profession တခုလို သဘောထားတယ်။ amateur မဟုတ်တော့ဘူး။ သူက သက်မွေးဝမ်းကျောင်းအလုပ်လို့ သဘောထားတယ်။ အဲဒီလိုလုပ်ရင် ဖြစ်ကိုဖြစ်လာမယ်”

“နောက်ပြီး စေတနာပါဖို့လိုတယ်။ စာကို စေတနာနဲ့ရေးရမယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ငါပိုက်ဆံရဖို့ အတွက်ဆိုတဲ့ စိတ်နဲ့ ရေးရင် အဲဒီစာ ကောင်းကို မကောင်းဘူး။ ဒီစာအုပ်ကို ရောင်းလို့စွံအောင် လုပ်လိုက်မယ်။ ပေါက်သွားမယ်ဆိုတဲ့ စိတ်ကူးနဲ့လုပ်ကြည့် .အဲဒီစာဟာ မကောင်းဘူး။ ဖြစ်ရင်တောင် ခဏပဲဖြစ်မယ်.. တာရှည်မခံဘူး။ တကယ့် စေတနာကောင်း နဲ့ ဖတ်စေချင်တဲ့ ကိုယ်သိထားတာလေးကို မျှဝေပေးချင်တယ်။ ဒီဝတ္ထုကလေးကိုဖတ်ပြီး လူတွေဖတ်ရင် ဘယ်လို ခံစားရ မလဲ.. စိတ်ကောင်းရှိသလား စိတ်ကောင်းမရှိဘူးလားဆိုတဲ့ လူ့ရဲ့စိတ်စေတနာ အဆိုးအကောင်းတွေကို ပိုင်းခြား ဝေဖန် တတ်လာမယ်.. သူကိုယ်တိုင်..သူ့ဘာသာသူပေါ့။ ကိုယ်ကျင့်တရားတခုကို ပြုပြင်ပြီးဖြစ်လာမယ်ဆိုတဲ့ အယူအဆမျိုး စေ တနာလေးတွေ ရည်စူးလိုက်မယ်ဆိုရင် ကုသိုလ်ရတဲ့အလုပ်။ အလိုလို ကုသိုလ်ရလာမယ်။ စေတနာသာထား။ စေတနာ မပါရင် စာမရေးနဲ့လို့တောင် ပြောချင်တယ်။ စေတနာမပါရင် မရေးနဲ့”

ဆရာကြီးမောင်ပေါ်ထွန်း ဆရာကြီးဖိုးကျော့နှင့် စာရေးသူတို့စကားစမြည်

“ငါ.. အောင်မြင်ဖို့။ ကျော်ကြားဖို့ ဆုရဖို့စိတ်မျိုးနဲ့ လုံးဝမရေးနဲ့။ အဲဒါတွေက ကျွဲကူးရေပါ။ ဒါတွေ ပြောစရာတောင် မလိုဘူး။ ကျွန်တော်တို့က အဲဒီလို စိတ်နဲ့ရေးဖို့ ခဏထားပါဦး။ ပိုက်ဆံလည်း မရခဲ့ဘူး။ ပထမဆုံး ကျွန်တော်ရေးတဲ့စာအုပ်ကိုတောင် လက်ဆောင်မရခဲ့ဘူး။ ကိုယ်ရေးတဲ့စာအုပ်ကို ကိုယ့်ဘာသာ ဝယ်ဖတ်ခဲ့ရတယ်။ .. ဟဲဟဲ. ဟဲဟဲ …။ အခုဆိုရင် စာပေဗိမာန် ကိုယ်တိုင်က အဲသလိုလုပ်တာ။ သုတပဒေသာ လစဉ်ထုတ်။ အရင်က စာအုပ်ပေးတယ်။ အခု စာမူခပဲ ပေးတယ်။ အခု ပြီးခဲ့ တဲ့လက မပေးဘူး။ စာရေးဆရာ ကိုယ့်ဟာကိုယ် ဝယ်ဖတ်ရတယ်။ ဟ . ဟ . ဟ  အဲဒီလို… ဟာမျိုးတွေ ရှိတယ်။ ဒါကတော့ ထားလိုက်ပါတော့”

“ဆိုလိုချင်တာကတော့ ငွေအတွက် မရေးနဲ့။ ဒါတွေက သိပြီးသားနေမှာပါ။ အထူးပြောစရာ မလိုပါဘူး။ စာရေးတယ်ဆို ကတည်းက ရင်ထဲကခံစားချက်ကိုချရေးရတာ။  ကိုယ်က သုတကို ပေးချင်လို့ ရသကိုပေးချင်လို့ဆိုပြီး ကိုယ်သန်ရာလိုင်းကို ရေးကြတာပဲ။ ရေးသာရေး။ စေတနာနဲ့ရေးရင် အောင်ကို အောင်မြင်ရမယ်။ စေတနာနဲ့စာတပုဒ်ကို ရေးပြီးရင် ပီတိကို သေချာပေါက်ခံစားရမယ်။ အဲဒီပီတိကလည်း အင်မတန်မှ စိတ်ကို ငြိမ်းချမ်းစေတယ်။ စာရေးဆရာ လုပ်ရတာ သမ္မာအာဇီဝ အဖြစ်ဆုံး.. ဘဝမှာအကျေနပ်ဆုံး ကျွန်တော်ကတော့ သမ္မတရာထူးနဲ့မလဲဘူးဗျာ။ ကျွန်တော် အလကားပြောတာမဟုတ်ဘူး။ ငွေနဲ့လည်းမလဲဘူး။ ပုံပေး… မလိုဘူး။ စာရေးဆရာဖြစ်ဖို့ပဲ။ ကိုယ့်စာအုပ်ကို လူဖတ်တာ မြင်ဖို့ပဲ။ ဒါဘဲ။ ဒါအတွက် ကျွန် တော် နမူနာတခုပြောပြမယ်”
—-

ဆရာကြီး ဖိုးကျော့ နဲ့ စာရေးသူ

“ဒုတိယ ကမ္ဘာစစ်အတွင်းက ဆလုံး (Salone) ဆိုတဲ့ ပုဂ္ဂိုလ်။ သူ့နာမည်အရှည် အပြည့်အစုံတော့ မေ့နေပြီ။ အဲဒီအချိန်က အီ တလီမှာ နာဇီကိုပြန်တိုက်နေချိန်။ အီတလီ ယာယီအစိုးရအဖွဲ့မှာ သူက ပြန်ကြားရေးဝန်ကြီး။ ပြီးတော့ သူက စာရေးဆရာ။ စာအုပ် လေးငါးအုပ် ထွက်ပြီးပြီ။ နောက်ဆုံးထွက်တဲ့စာအုပ်နာမည်က Bread and Wine ပေါင်မုန့်နဲ့ဝိုင်အရက်..တဲ့။ အဲဒီစာ အုပ်က တအားရောင်းကောင်းတယ်။ တော်လှန်ရေးစာအုပ်ဆိုတော့ အရမ်းစွံတယ်။ အဲဒီအချိန်မှာ မီလန်မြို့မှာ နာဇီက ဗုံးကြဲတယ်။ ဗုံးကြဲတော့ လူတွေက ထွက်ပြေးကြတယ်။ အစိုးရအဖွဲ့လည်း ကစဥ့်ကလျား ပြေးကြရတယ်။ ကိုယ့်သေတ္တာ ကိုယ်ဆွဲ ကိုယ့်အထုပ် ကိုယ်ဆွဲပြီးတော့ပေါ့။ စစ်ပြေးတွေဟာ ကြုံရာရထားပေါ်တက်ပြီး ပြေးကြာတာပေါ့။”

“စက်သေနတ်တွေနဲ့ပစ်ကြခတ်ကြ။ ဗုံးတွေ ချနေတဲ့ကြားက မီးရထားတစီးဟာ မောင်းထွက်လာနေတယ်။ ဆလုံးလည်း အဲဒီရထားနဲ့ပဲ ပါလာတယ်။ သူ.. အဲဒီရထားပေါ်မှာထိုင်နေတာ သိပ်မကြာခင်မှာဘဲ မိန်းမကြီးတယောက် ဝတုတ်မကြီး။ ခြင်းလေးဆွဲပြီးတော့.. သူ့ရှေ့မှာ ဗြုန်းခနဲ ထိုင်ချလိုက်တယ်။ သူ ထိုင်ချလိုက်တဲ့အချိန်မှာပဲ စက်သေနတ်တွေကလည်း ဘန်း.. ဘန်း..။ ဗုံးတွေကလည်း ဝုန်းခနဲ.. အုန်းခနဲပေါက်ကွဲသံတွေ ဆူညံနေတယ်။ ဒီကြားထဲမှာ မီးရထားကလည်း ဆက် သွားနေတယ်”

“ဒီလိုဝရုန်းသုန်းကား ကသောင်းကနင်း ဖြစ်နေစဉ်မှာပဲ အဲဒီမိန်းမကြီးဟာ ခြင်းထဲက စာအုပ်တအုပ် ဆွဲထုတ်လိုက်တယ်။ အဲဒီလိုဆွဲထုတ်လိုက်တာကို ဟိုစာရေးဆရာ ပြန်ကြားရေးဝန်ကြီးက အသာလေးလှမ်းကြည့်လိုက်တယ်။ ခွေးနားရွက်ချိုး ထားတယ်။ ခွေးနားရွက်ချိုးထားတယ်ဆိုတာ စာမျက်နှာထိပ်ပိုင်းက ထောင့်ကိုခေါက်ပြီး မှတ်ထားတာကို ပြောတာ။ အဲဒီ ခေါက်မှတ်ထားတဲ့ စာမျက်နှာကိုလှန်ပြီး ဆက်ဖတ်နေတယ်။ အဲဒီလို သေနတ်ပစ်တာကိုလည်း ဂရုမစိုက်။ ဗုံးကြဲ တာကို လည်း ဂရုမစိုက်။ မီးရထားပေါ်ကို လူတွေ ကြိတ်ကြိတ်တိုးပြီးတက်လာတာကိုလည်း ဂရုမစိုက်။ စာအုပ်ကိုပဲ ဆက်ဖတ်နေ တယ်။ ဘာစာအုပ်များဖြစ်လို့ ဒီလောက် သည်းကြီးမည်းကြီး ဖတ်နေတာလဲလို့ စာရေးဆရာက လှမ်းကြည့်လိုက်တော့ သူ့ စာအုပ်ဖြစ်နေတယ်။ ဒီမိန်းမကြီးဟာ ဘေးပတ်ဝန်းကျင်ကို လုံးဝသတိမပြုမဘဲ စာအုပ်ထဲမှာ နစ်မြောနေတယ်။ ဒီအချိန်မှာ စာရေးဆရာဟာ အဲဒီစာအုပ်ကို ကျွန်တော်ရေးတာဗျ.. လို့ပြောပြချင်တဲ့ စိတ်တဖွားဖွားပေါ်လာနေတယ်”

ဆရာကြီးမောင်ပေါ်ထွန်း၊ ဆရာကြီးဖိုးကျော့နှင့် စာရေးသူတို့အမှတ်တရ

“ဒါပေမဲ့ သူ မပြောဖြစ်ခဲ့ဘူး။ မပြောခဲ့ဘူး။ သူဟာ အဲဒီမြင်ကွင်းလေးကို ကြည့်ပြီး တအားပီတီဖြစ်နေခဲ့တယ်။ အဲဒီပီတိကို  သူ ခံစားလိုက်တယ်။ အဲဒီပီတိကြောင့် စာရေးဆရာဟာ စစ်ဖြစ်နေတယ်ဆိုတာကို မေ့သွားစေခဲ့တယ်။ အဲဒါဟာ စာရေး ဆရာရဲ့ ပီတိပဲ။ နောက်.. ကျွန်တော့်ဆရာတယောက်လည်း ပြောဖူးတာ ရှိတယ်။ ဆရာ တက္ကသိုလ်ထင်ကြီး။ “ဟေ့ ကောင်.. စာရေးဆရာဟာ Show man မဟုတ်ဘူး.. တဲ့။ စာရေးဆရာဟာ ရုပ်ပြစားတဲ့ လူမဟုတ်ဘူး..တဲ့။ ရုပ်ရှင်မင်းသားတို့ ပြဇာတ် မင်းသားမဟုတ်ဘူး..တဲ့။ စာရေးဆရာဟာ သူ့စာကို လူဖတ်ဖို့ပဲ လိုတယ်။ စာရေးဆရာဆိုတာ ငါ့စာအုပ်ကို သူများဖတ်နေ တယ်ဆိုတာကို ချောင်းပြီးကြည့်ရတယ်”

“ငါ စာရေးဆရာဆိုပြီး ငါရေးတဲ့စာအုပ်ဆိုပြီး လက်မထောင်နေဖို့အလံထူနေဖို့ မလိုဘူး။ ကိုယ့်စာအုပ်ကို သူများဖတ်နေ တာမြင်ရင် ပီတိကို ခံစားရတယ်”
=====

ကိုစောနောင်ဟာ ဆရာကြီးပြောပြနေခိုက်မှာ စာပေပညာ ဘာသာရပ်အထူးပြုကျောင်းသားကြီးတယောက် ပါမောက္ခဆီရဲ့ လက်ချာကို အာရုံစိုက်သင်ယူသည့်အလား ဆရာကြီးစကားဆုံးတိုင်း ဟုတ်.. ဟုတ်.. ဟုတ်လိုက်ရင်း  နားစိုက်ထောင်နေခဲ့ တယ်။ ဆရာကြီးရဲ့လမ်းညွှန်ပြောပြချက် ပြီးဆုံးချိန်မှာ သူ့ရဲ့အသံဖမ်းစက်က ဆယ်မိနစ်တိတိ အချိန်ကြာမြင့်သွားတယ်လို့ပြ နေတယ်။ သူ့အဖို့မှာတော့ ကလောင်ကောင်းတချောင်းဖြစ်ဖို့ ဘာသာပြန်စာပေ ပါရဂူတယောက်ဆီက စာပေဝိညာဉ်တခုကို အမွေအဖြစ်ရယူလိုက်ပြီလို့ ခံစားမိပါရဲ့။

ဓာတ်ပုံများကို ၂ဝ၁၆ ဇူလိုင် ၁၂ ရက်နေ့က ဆရာကြီးမောင်ပေါ်ထွန်း နေအိမ်တွင် မှတ်တမ်းတင်ရိုက်ကူးပါသည်။


(စာရေးသူ -ဌေးဝင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်