ခင်လေး ● ဝင်းကြည်မ (ဝတ္ထုတို)

October 19, 2016

  ● ဝင်းကြည်မ (ဝတ္ထုတို)
(မိုးမခ မဂ္ဂဇင်း သြဂုတ်လ ထုတ်ပါ ဝတ္ထုတို)
အောက်တိုဘာ ၁၉၊ ၂၀၁၆

ရန်ကုန်မြို့ကြီးကိုတဲ့.. ယောင်လည်လည်.. ရောက်လာခဲ့တယ် …
မျဉ်းကြားမကူးလို့.. ရုတ်တရက်.. ဖမ်းကာ.. ဒဏ်ရိုက်ခံရတယ်
♬ ♪ ♩ ♭ ♫ ∮…
♬ ♪ ♩ ♭ ♫ ∮…

ဝင်းကြည်မ တယောက် သီချင်းလေး တအေးအေးဆိုပြီး ပူပြင်းတဲ့ ရန်ကုန်နွေကို အန်တုရင်းလမ်းလျှောက်နေမိတယ်။  ဒီလိုမှ စိတ်ကိုထွက်ပေါက်မရှာရင် နွေအပူထက်ပြင်းတဲ့ ၀င်းကြည်မရဲ့ဘ၀ နေပျော်စရာတောင်ရှိမယ်မထင်။  လင်သေလို့ ကလေးနှစ်ကောင်နဲ့ မုဆိုးမဘ၀ ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ တောမှာနေရာကနေ တကိုယ်တည်းနေတဲ့ ဦးလေးလုပ်သူကလှမ်းခေါ်လို့ ရန်ကုန်မြို့ကြီးကို ၀င်းကြည်မတို့သားအမိတွေ ရောက်လာခဲ့တယ်။

အဲ…..ရောက်ပြီးမကြာပါဘူး။  ဦးလေး လူမမာသယ်ကြီးကပါ သေပြန်ရော။  ကလေးနှစ်ကောင်ကိုဖက်ပြီး ၀င်းကြည်မ ငိုရပြီပေါ့။  ဒါပေမယ့် ကျောချစရာနေရလေး တခုတော့ ဦးလေးဆီကရလိုက်တယ်။  အထင်တော့ မကြီးလေနဲ့ လူချေးရော ခွေးချေးပါရောနေတဲ့ လူသွားလမ်းကျဉ်းနဲ့ အမွဲတကာ့ထိပ်ခေါင် ဖွတ်မင်းနောင်တွေချည်းနေကြတဲ့ ကျပန်းရပ်ကွက်ထဲက တဲနောက်မှာ အဖီထိုးထားတဲ့ နေရာလေးကိုငှားနေရတာ။  ငှားရတယ်ဆိုမှတော့ ငှားခလုံလောက်တဲ့ ၀င်ငွေရှိမှဖြစ်တော့မပေါ့။  ကွပ်ပျစ်တကွက်စာလောက် နေရာဆိုပေမယ့်လည်း ရန်ကုန်လိုမြို့ကြီးမှာ ဒီလောက်နေရာလေးရဖို့တောင် သိပ်လွယ်လှတာမဟုတ်။  ကိုယ့်လိုပဲ ဒီနေရာကို မျက်စောင်းထိုးနေသူတွေကအပုံကြီး။

ဒီတော့လည်းဦးလေးရှိစဉ်ကလိုပဲ အိမ်ငှားခမှန်မှန်ပေးနိုင်ဖို့နဲ့ စားဖို့အတွက်က တအိမ်ဝင် တအိမ်ထွက် အ၀တ်လိုက်လျှော်နေရုံနဲ့ မလွယ်ဘူးဆိုတော့ လင်တော်မောင် ဆင်ထားတဲ့ တခုတည်းသော နားကပ်တရံကိုသွားရောင်းပြီး အရင်းအနှီးလုပ်၊ သီရိမင်္ဂလာဈေးထဲက ကုန်စိမ်းတွေကိုဝယ်၊ အ၀တ်လျှော်တဲ့ သူဌေးရပ်ကွက်က ဈေးထဲ အခင်းလေးခင်းပြီးရောင်းရတော့တာပေါ့။  ဒါက လင်သေမုဆိုးမ ဆွေမရှိမျိုးမရှိတော့တဲ့ ၀င်းကြည်မရဲ့ ဘ၀အစ။

ဘာပဲပြောပြောဈေးလေးရောင်းနေတော့ အူစိုတာပေါ့။  ဈေးသည်ချင်းလည်း သိနေကြတော့ သားလေးငါးလေးကျန်နေရင် ပေါပေါပဲပဲနဲ့ ၀ယ်လာပြီးချက်ပြုတ်စားသောက်လို့ရတယ်လေ။ ဒါပေမယ့် ရင်းထားတဲ့ အရင်းအနှီးလေးတော့ မပျောက်ပျက်အောင် ၀င်းကြည်မတယောက် သတိထားနေရတာပေါ့။ ဒါသာပျောက်ရင် လမ်းဘေးရောက်ပြီးခွက်ဆွဲရတော့မယ်လေ။ ကိုယ့်မှာမွေးထားတဲ့ သမီးမိန်းကလေးကလည်းရှိသေးကိုး။

အခုလည်း မနက်ပိုင်းဈေးသိမ်းပြီးတော့ အိမ်နှစ်အိမ်ဝင် အ၀တ်လျှော်ပြီးပြန်လာတာ။  နာရီပြန် တချက်ခွဲလောက်တော့ ရှိရောပေါ့။  ဗိုက်ဆာလွန်းလို့ အူနံရံတွေကတောင် အသံတွေထွက်နေပြီ။  အိမ်မှာညိုမတယောက်တော့ ထမင်းတအိုးတည်ထားမှာပါလေ။  ခိုင်းသာခိုင်းရတယ် ညိုမအသက်က အခုမှ ၁၁ နှစ်ရယ်။  ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလိုပဲ သူ့ပဲခိုင်းရတော့တာပဲ။ ကျောင်းလည်းမထားနိုင်။  အငယ်ကောင်တော့ ၇ နှစ်ထဲဝင်ပြီဆိုတော့ ရပ်ကွက်ထဲက ဘုန်းတော်ကြီး ပညာသင်ကြားရေး ပို့ထားတော့ တော်သေးတယ်။  ညိုမကိုလည်း ထားပါတယ်။  ဟိုကအလကားသင်ပေးတာတောင်  ဒင်းက အတန်းထဲ အရွယ်ကြီးနေလို့ ရှက်တော်မူသတဲ့လေ။ အဲ့တော့လည်း မီးဖိုချောင်ဝင် ရေခပ်၊ အ၀တ်လျှော်ပေါ့။

ပြောရဦးမယ်တော်ရေ…။  ရန်ကုန်မြို့ကြီးသာဆိုတယ် ရေဒုက္ခက မသေးဘူး။  လူချမ်းသာတွေရှိတဲ့ နေရာမှာတော့ ပိုက်လိုင်းလေးဖွင့်လိုက်တာနဲ့ ရေကထွက်လာပေမယ့် ၀င်းကြည်မတို့လို လူနေရပ်ကွက်မှာတော့ အများသုံးကန်ကရေကို ခြစ်ခပ်ရတာတော်။  ခါးလည်လောက်ရှိတဲ့ ကျောက်စည်ဂွေတခုကို ဘုံပိုင်ခေါင်းတပ်ထားတာ၊ ကြွက်မြီးတန်းသလို တတောက်တောက်နဲ့ ကျနေတဲ့ရေကို ပလတ်စတစ်ပုန်းကြိုးတပ် တယောက်တလှည့်စီ ခြစ်ခပ်ပြီး ရေသယ်မယ့်ပုန်းထဲထည့်ရတာ။ တခါတခါတော့လည်း ရွာက ကြာကန်လွမ်းသား။ ကြည်စိမ်းနေတဲ့ရေမှာ ကြာပင်တွေ ကြာပန်းတွေနဲ့ ရွာကရေကန်က ညနေဆို ရေခပ်ဆင်းသူတွေနဲ့ သာယာလိုက်သမှ ပြောမနေနဲ့။

××××× ××××× ×××××

ဝင်းကြည်မလည်း တွေးရင်း၊ ဆိုရင်း လမ်းလျှောက်ရင်း ဖက်ကြမ်းဆေးလိပ်ဖွာရင်း ရွာကကြာရေကန်ကြီးကို သတိရနေပါတယ်။ သတိရလည်း ရချင်စရာ မြို့ကြီးပြကြီးက ပိုက်ဆံရှာရတာသာလွယ်တာ လူနေစရိတ်ကကြီးမှကြီး။  နေမှုထိုင်မှုမှာလည်း သက်တောင့်သက်သာမရှိလှ ရှာသလောက်ကုန်သလို၊ ကုန်သလောက်လည်း ရှာဖို့ အခွင့်အလမ်းတွေက ရှိနေတတ်တာမျိုး။ ရွာမှာသာ ၀င်းကြည်မအခုရသလောက်သာ ပိုက်ဆံရှာလို့လွယ်ရင် အတော်လေးစုမိဆောင်းမိမှာ။ အငယ်ကောင်ကိုလည်း ရှင်ပြုပေးနိုင်၊ ညိုမကိုလည်း နားလေးဖောက်ပေးနိုင်မှာ။  အခုတော့ ရရစားစားပဲ။ အရင်းလေးမပျောက်အောင်တောင် မနည်းရုန်းနေရတာ။

“ညိုမရေ အမေ ဒီမှာငါးခေါင်းတွေပါလာတယ်ဟေ့၊ ငရုပ်သီးတဆုံ ထောင်းထားအေ။ အမေ ငါးခေါင်းတွေခုတ်လိုက်ဦးမယ်”
ဝင်းကြည်မလည်း အိမ်ပေါက်ဝရောက်တာနဲ့ သမီးဖြစ်သူကို လှမ်းအော်ပြောလိုက်ပါတယ်။

ဝင်းကြည်မတို့ သားအမိလည်း ဗိုက်ကဆာလှပြီမို့ ခပ်မြန်မြန်ပဲ ချက်ပြုတ်တဲ့အလုပ်ကို လုပ်ပြီး ထမင်းဝိုင်းခင်း စားဖို့ပြင်လိုက်ပါတော့တယ်။  စားနေရင်း ညိုမက

“အမေ ဟိုဘက်အိမ်က အစ်မ မလုံးတင်ကပြောတယ်။ သူအလုပ် လုပ်တဲ့ စားသောက်တိုင်မှာ ပန်းကန်ဆေးဖို့လူလိုနေတယ်တဲ့။ အဲ့ဒါ လုပ်ချင်လားတဲ့ သမီးကိုမေးတယ်။ လုပ်ချင်ရင် ဒီညနေကနေ စပြီး လုပ်လို့ရပြီတဲ့..။”

“အမေလုပ်မှဖြစ်မှာပေါ့ ညိုမရယ်။ သမီးက လုပ်နိုင်မှာ မဟုတ်ပါဘူး”

“အို…. အမေကလည်း ကျုပ် အိမ်မှာလည်း ပိုက်ဆံမရဘဲ ပန်းကန်ဆေးနေရတာပဲဟာ။ ဟိုမှာက ပိုက်ဆံရမှာတော့်..”

အမလေး ညိုမတောင် ပိုက်ဆံစကားပြောတတ်နေပြီ။ အင်းလေ ကိုယ့်မလည်း မနက်စောစော ဈေးထွက်ရသေးတာဆိုတော့ ညဥ့်နက်ထိတော့ မလုပ်နိုင်ဘူးလေ။

“သမီးကရော လုပ်နိုင်ပါ့မလား..”

“ကျုပ် လုပ်နိုင်ပါတယ် အမေရယ်။ အမေတယောက်တည်း ပိုက်ဆံရှာရတာ ပင်ပန်းပါတယ်။ ကျုပ်လည်း ရှာပါ့မယ်..”

ညနေရောက်တော့ ညိုမတယောက် ဘေးအိမ်က မလုံးတင်နဲ့ ပါသွားလေရဲ့။  ၀င်းကြည်မလည်း ဘုန်းကြီးကျောင်းက ပြန်လာတဲ့ အငယ်ကောင် ဖိုးမောင်နဲ့အတူ မနက်ဈေးထွက်ဖို့ ကုန်စိမ်းလက်ကျန်တွေကို ပြန်စည်းနှောင်၊ အသစ်ဝယ်ရမယ် ကုန်စိမ်းဖိုး ပိုက်ဆံကိုဖယ်၊ ပိုတဲ့ ပိုက်ဆံတွေကို ရေတွက်ရင်း သမီးဖြစ်သူ ပြန်လာချိန်ကို စောင့်နေရှာပါတယ်။

အင်း… … ဒီနေ့တော့ မဆိုးပါဘူး အရင်းနဲ့ မနက်ဖြန်ဈေးဖိုးဖယ်ပြီး ငွေ ၃ထောင်လောက်ကျန်တယ်။  ၀င်းကြည်မလည်း ပိုက်ဆံ ၃ထောင်ကို ကျစ်နေအောင်လိပ်ပြီး အိမ်ခေါင်းရင်းထောင့်က ၀ါးဆစ်စုဗူးလေးထဲ ထည့်ထားလိုက်ပါတယ်။  နောင်နှစ်အိမ်ငှားခနဲ့ အငယ်ကောင် ရှင်ပြုဖို့ပေါ့။

ည ၁၁နာရီခွဲလောက်ရောက်တော့ ညိုမတယောက် မလုံးတင်နဲ့အတူ ပြန်ရောက်လာတယ်။ လက်ထဲမှာလည်း အထုပ် သုံး လေးထုပ်နဲ့။

“အမေ ဒါက ဆိုင်က ကျန်တဲ့ဟင်းတွေပေးလိုက်တာ။ ကျုပ်အိမ်အတွက် သယ်လာတာ။ ဒါက ဒီနေ့ရတဲ့ပိုက်ဆံ ၁ထောင်။  ပန်းကန်လေး ညနေပိုင်းတကြောထိုင်ဆေးတာ ၁ထောင်ကြီးများတောင်ရတယ် အမေရေ။ ကျုပ်တော့ ဒီအလုပ် မပြုတ်အောင်လုပ်ရမယ်။”

ညိုမကမ်းပေးတဲ့ ဟင်းထုပ်နဲ့ ပိုက်ဆံ ၁ ထောင်ကို ကိုင်ပြီး ၀င်းကြည်မတယောက် သတိမရစဖူး သေရွာက လင်တော်မောင်ကို သတိရမိလို့ ငြိမ်သွားပါတယ်။ လင်ဖြစ်သူသေပြီးကတည်းက တနေ့တနေ့ ရုန်းကန်လှုပ်ရှားနေရလို့ အသက်တောင်မနဲရှူနေရတဲ့ ၀င်းကြည်မ ကိုဘဦးကြီးကို သတိမရနိုင်တာတောင်ကြာခဲ့ပါပြီ။

“အဖေ့ကို သတိရတယ် အမေ။ သမီးယူလာတဲ့ဟင်းတွေ အဖေစားဖူးမှာမဟုတ်ဘူးနော်..”

” အမလေး ကိုဘဦးရဲ့….. ရှင့်သမီးအလိမ္မာကို လာကြည့်ပါဦး။ သေရွာကနေ ခဏတော့ ထလာလှည့်ပါဦး ရှင့်သမီးက ကျုပ်ကို ပိုက်ဆံတွေရှာပေးနေလေရဲ့။ မစားဖူးတဲ့ ဟင်းတွေလည်း ယူလာပေးလေရဲ့.. ရှင့်သမီးကလေ..”

ညိုမရဲ့စကားအဆုံး ပြောရင်းငိုချလိုက်တဲ့ ၀င်းကြည်မကို ညိုမနဲ့ ဖိုးမောင်ကပါဖက်ပြီး သားအမိတွေ တယောက်ကို တယောက်ဖက်ပြီး ငိုနေကြလေရဲ့။

မထိခလုပ် ထိခလုပ်နဲ့ ရိသဲ့သဲ့လုပ်ကြတဲ့ ပတ်ဝန်းကျင်ကိုရော၊ အရိုင်းဆန်တဲ့ လူယဉ်ကျေးမြို့တော်ကြီးကိုရော၊ ကျပ်ခိုးစင်လိုပူပြင်းလွန်းတဲ့ရာသီဥတုရော ဘာဆိုဘာကိုမှ  ၀င်းကြည်မ ဂရုစိုက်စရာမလိုတော့ဘူးထင်ပါတယ်။  ဒီလောက်လိမ္မာရေးခြားရှိတဲ့ သားနဲ့သမီးရှိယုံနဲ့တင် ၀င်းကြည်မအတွက် အင်အားတွေရှိနေပါပြီ။ လင်သေလို့ အားကိုးစရာမရှိတော့ဘူးဆိုတဲ့ လောကဓံကို ခါးစောင်းတင်ပြီး ဒီသား ဒီသမီးတွေအတွက် ကြိုးစားရန်းကန်ဖို့ ၀င်းကြည်မ အင်အားတွေရှိနေပြီမဟုတ်ပါလား။

××××× ××××× ×××××

“သံလမ်း မှတ်တိုင် ပါတယ်ဟေ့…”


မနက်ဝေလီဝေလင်းထဲက သီရိမင်္ဂလာဈေးကို ကုန်စိမ်းသွားဝယ်ပြီး မနက်ဈေးအမီရောင်းဖို့ ၀င်းကြည်မ ပြန်လာတာပါ။  ခါတိုင်းနေ့တွေထက် ဒီနေ့ ဟင်းရွက်တွေကိုပိုဝယ်လာတော့ ပြန်ရောက်မယ့်အချိန် မှန်းပြီး သားနဲ့သမီးကို လာကြိုခိုင်းထားတာမို့ မှတ်တိုင်မှာ သူတို့စောင့်နေမယ်ဆိုတဲ့အသိနဲ့ဝင်းကြည်မ အမောပြေသွားပါတယ်။

လွယ်အိတ်ထဲက အသုပ်ထုပ်လေး နှစ်ထုပ်ကိုလည်း ပါမပါ သေချာပြန်စစ်လိုက်ပါသေးတယ်။  အငယ်ကောင်က ဒီနေ့ကျောင်းပိတ်တော့ အစ်မနဲ့အတူ ၀င်းကြည်မကိုဈေးကြိုဖို့ လိုက်လာတာမို့ မောင်နှမနှစ်ယောက် သူတို့ကြိုက်တဲ့ အသုပ်ဝယ်လာတာသိရင် ၀မ်းသာနေကြမှာလို့ ၀င်းကြည်မတွေရင်း ကားပေါ်ကနေ ဟင်းရွက် ထုပ်တွေကို ဆွဲချလိုက်ပါတယ်။

ကျွီ…….. ဒုန်း ဒုန်း
အား ……. …….
ဟယ်…… …..


အာမေဋိတ်သံပေါင်းစုံကြောင့် ကားပေါ်ကဆွဲချတုန်းက ပြည်ကျကုန်တဲ့ ဟင်းရွက်တွေကို လိုက်ကောက်ရင်း ၀င်းကြည်မ ရုတ်တရက် လှည့်ကြည့်လိုက်မိချိန်မှာတော့…. ….

အပြာရောင်အကျီအကွက် ဆင်တူနဲ့ မောင်နှမနှစ်ယောက်။
အမေပြန်လာတာကို မြင်ပြီး ကားလမ်းကူးလာတဲ့ မောင်နှမနှစ်ယောက်။
အမလေး………. ကိုယ်ကျိုးနည်းပါပြီ။
သမီးရေ…. ညိုမရေ…..
သား…သား…. လုပ်ကြပါဦး ကယ်ကြပါဦး …… …..


××××× ××××× ×××××

ရုပ်နာမ်ဓမ္မ သင်္ခါရတို့၊ ကိုယ်ကဤပုံ
ဖြစ်လိုတုံလည်း၊ တဖုံဆင်ကွဲ သူတနဲဖြင့်
ဖေါက်လွဲတက်စွာ ဓမ္မတာကို၊
ပညာစက္ခု၊ မြှော်ထောက်ရှု၍
ယခုပင်လျှင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက် ဤခါရောက်မှာ၊ ချုပ်ပျောက်ခန္ဓာ
သေလိမ့်ငါ-ဟု၊ သတ္တ၀ါခပင်း ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျှက်၊ ချိန်းအချက်လျှင်
တစက်ကမှ မရှိကြဘူး။


သံဝေဂ လင်္ကာကို သံပြိုင်ညီညီ ဆိုသွားကြတဲ့ သီလရှင်ဆရာလေးတွေနောက်မှ ဖြည်းဖြည်းခြင်း လှမ်းလျှောက်သွားသူကတော့ တွယ်တာစရာရယ်လို့ လောကမှာ မရှိတော့တဲ့ ၀င်းကြည်မ၊ လောကဓံရဲ့ ရိုက်ပုတ်နှိပ်စက်မှုကို အလူးအလိမ့်ခံခဲ့ရတဲ့ ၀င်းကြည်မ၊ ဘ၀ရဲ့အမောတွေကို စုံနေအောင်ခံစားခဲ့ရတဲ့ ၀င်းကြည်မ တဖြစ်လဲ ဆရာလေး ဒေါ်ဝဏ္ဏသိဂီရယ်ပါ။

တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာ ဆိုတဲ့ လောကသဘာဝတရားတွေကနေ ထာဝရငြိမ်းအေးရာ ခေမာသောင်ကမ်းကို အမြန်လှမ်းနိုင်ဖို့ ခြေလှမ်းမှန်မှန်နဲ့ လျှောက်သွားနေတဲ့ သူမရဲ့ခြေလှမ်းတွေက တည်ငြိမ်အေးချမ်းလို့ နေပါတော့တယ်။  ။

ခင်လေး
9-5-2016(2:45PM)

(ယခု ဝတ္ထု ကို မိုးမခ မဂ္ဂဇင်း အတွဲ (၃) ၊ အမှတ် (၈)၊ သြဂုတ်လ ထုတ်တွင် ပုံနှိပ်ခဲ့ပြီးပါသည်။)

သရုပ်ဖော် ဒီဇိုင်း ● Moe Z (Dzai)
မူရင်း ဓာတ်ပုံများ ● ခင်လေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်