အောင်သူငြိမ်း – ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အလွန်၊ မြန်မာ့နိုင်ငံရေး စီးပွားရေး ရိုက်ခတ်နိုင်မှု

October 26, 2016

 အောင်သူငြိမ်း – ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အလွန်၊ မြန်မာ့နိုင်ငံရေး စီးပွားရေး ရိုက်ခတ်နိုင်မှု
(The Voice Weekly ဂျာနယ်။ Vol. 12. No. 39. အောက်တိုဘာ ၂၄-၃၀၊ ၂၀၁၆) 

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၆
 
==================
ထိုင်းပြည်သူတွေအတွက်တော့ ရွှေတောင်ကြီးပြိုခဲ့ပြီဟု ဆိုရမည်။ သူတို့ချစ်သည့် ဘုရင်မင်းမြတ် ဖူမိဖွန် အဒူရဒက် အောက်တိုဘာ ၁၃ ရက်နေ့က တိမ်းပါးခဲ့ပြီ ဖြစ်သည်။ ရုပ်မြင်သံကြားတွင် လွန်လေသူ ဘုရင် မင်းမြတ်ကို ဂါရဝပြုရန် လာကြသူ လူစုလူဝေးကို မြင်ကြရသည်။ ငိုယိုနေကြသည့် သာမန်ပြည်သူအများ ကိုလည်း တွေ့ကြရသည်။ ပြည်သူ အများ၏ နှလုံးကို သိမ်းကြုံးယူငင်ထားသူ ဘုရင်ကို ရပ်ဝေးမှပင် လာ၍ နောက်ဆုံး ဂါရဝပြုနှုတ်ဆက်ကြသည်။ ပြည်သူ များက ချစ်ကြည်ညိုကြသကဲ့သို့ ကမ္ဘာပေါ်တွင် နန်းသက် အရှည်ဆုံးသော ဘုရင်တစ်ပါးလည်း ဖြစ်သည်။ နှစ်ပေါင်း ၇၀ နှင့် ၁၂၆ ရက် စိုးစံခဲ့ရသည်။ ဝန်ကြီးချုပ် ၃၀ ဦး သူ၏လက်ထက်တွင် ပြောင်းလဲခဲ့သည်။ သို့သော် ဘုရင်က သူတစ်ပါး တည်း။

သူဆုံးပါးပြီးနောက် အိမ်ရှေ့မင်းသား ဗာဂျီရာလောင်ကွန်ကို နန်းဆက်ခံမည့်သူအဖြစ် လျာထားကြောင်း ထုတ်ပြန်ကြေညာ ခဲ့သော်လည်း၊ ဘုရင်သစ်က နန်းတက်ပွဲကို အချိန်ယူဦးမည်ဟု ဆိုထားသည်။ နိုင်ငံတစ်ဝန်း ဝမ်းနည်းပူဆွေးမှုကာလ အဖြစ် တစ်နှစ်သတ်မှတ်ကြေညာ ထားပြီး၊ ယင်းကာလအတွင်း ပြည်သူများက ပြောင်လက်တောက်ပစွာ ဝတ်စားကြ မည်မဟုတ်။ အနက်ရောင် ဆင်ယင်ကြမည်။ အလားတူ ကုမ္ပဏီအများကလည်း သူတို့၏ ဝက်ဘ်ဆိုဒ်များကို အဖြူ-အမဲ အရောင်ပြောင်းကာ ဝမ်းနည်းကြောင်းပြ ကြသည်။ နောက်ဆုံး ကလေးများကြည့်သည့် ကာတွန်းချင်နယ်မျိုးပင် အဖြူ အမဲရောင် ပြောင်း၍ ပြသနေသည်ကို မြင်ကြရသည်။

သို့သော် နိုင်ငံတကာသတင်းစာများ၊ ထိုင်းသတင်းစာ အချို့က ဘုရင်မင်းမြတ်အလွန်ကာလအတွက် စောကြော ကြည့်လာကြသည်။ မေးခွန်းများ ထုတ်လာကြသည်။ အချို့ကလည်း ထိုင်းဘုရင်အလွန် ထိုင်းနိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး အတွက် စိုးရိမ်ကြောင်းလည်း ဖော်ပြပြောဆိုသည်များ ရှိလာခဲ့သည်။

ဖွံ့ဖြိုးရေးဘုရင်- ပြည်သူ့ဘုရင်
——————————
ထိုင်းဘုရင် ပုံရိပ်က ပြည်သူအများနှင့် နိုင်ငံတကာအကြားတွင် ဖွံ့ဖြိုးရေးအတွက် အလေးပေးသည့်ဘုရင်၊ ပြည်သူတို့ကို စောင်မကြည့်ရှုသည့်ဘုရင်ဟု မြင်ကြသည်။ သူ၏ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် သူ၏နန်းသက် ၆၀ ပြည့် ကာလတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်၏ ပထမဦးဆုံး လူသားဖွံ့ဖြိုးမှု ဘဝတစ်သက်တာ အောင်မြင်မှုဆု (Human development lifetime achievement award) ကို ၂၀၀၆ ခုနှစ်တွင် ပေးအပ်ခဲ့သည်။ ဤသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်စေရန်လည်း သူ၏ အစောပိုင်းဘဝများက ပြဌာန်း ပေးခဲ့သည်။ သူက ၁၉၄၆ ခုနှစ်တွင် ထီးနန်းတက် ဘုရင်ဖြစ်လာသော်လည်း၊ သူ၏ နန်းတော်ဘဝ အစောပိုင်းကာလများ တွင် မလှုပ်သာခဲ့ပေ။ ထိုင်းနိုင်ငံတွင် ၁၉၃၁ ခုနှစ်ကတည်းက အလုံးစုံဘုရင်စနစ်မှ စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲခဲ့ သည်။ ဘုရင် ဖူမိဖွန် နန်းတက်လာသည့်အချိန်က စစ်အာဏာရှင် ပလက် ဖိဘွန်ဆောင်ခရမ် (Plaek Phibunsongkhram) အာဏာထွားနေချိန် ဖြစ်သည်။ ဘုရင်အနေဖြင့် လုပ်ပိုင်ခွင့်များများ မရှိခဲ့။ နန်းတော်ပြင်ပ မိုင် ၅၀ ဝန်းကျင်သို့ပင် ထွက်ခွင့်မရခဲ့သည့် ချုပ်ချယ်ကန့်သတ်ထားမှုများ ရှိခဲ့သည်။ သူက ဤအခြေအနေကို ဖောက်ထွက်ယူ သည်။ နန်းတော်ထဲသို့ သူဌေးသူကြွယ်များ ဖိတ်ကြားသည်၊ အလှူခံသည်။ ရရှိသည့်ရန်ပုံငွေကို ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ပြန်သုံးသည်။ ဤသို့ဖြင့် သူ့အတွက် လမ်းကြောင်းမှန်ရသွားသည်။ ပြည်သူအများအတွက် ဖွံ့ဖြိုးရေးဆောင်ကျဉ်း ပေးနိုင်သကဲ့သို့၊ သူ၏သြဇာစက်ကိုလည်း ဖြန့်ကျက်နိုင်ခဲ့သည်။

နောက်ပိုင်းတွင် ဆရစ် ထာနာရတ်က ၁၉၅၇ ခုနှစ်တွင်၊ ဖီးမာရှယ် ဖိဘွန်း ဆောင်ခရမ်ထံမှ အာဏာသိမ်းလိုက်ပြီးသည့် နောက်မှ ဘုရင်၏သြဇာအာဏာ စတင်တည်ထောင်နိုင်ခဲ့သည်။ သူက ဤသို့အာဏာသိမ်းပိုက်ခဲ့သည့် စစ်ဗိုလ်ချုပ် ဆရစ် ထာနာရတ်ကိုလည်း “မြို့တော်၏ ကာကွယ်ပေးသူတပ်မှူး”အဖြစ် ချီးမြှောက်ခဲ့သည်။ ဤနောက်ပိုင်းတွင် သူကဖွံ့ဖြိုးရေး လုပ်ငန်းများကို တိုးလုပ်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံတကာ အကူအညီဖြင့် စိုက်ပျိုးရေးနည်းစနစ်များ၊ သိပ္ပံပညာ စမ်း သပ်မှုများကို ချဲ့ထွင်ခဲ့သည်။ နောက်ပိုင်းတွင် ဗီယက်နမ်စစ်ဖြစ်လာပြန်ရာ ထိုင်းနိုင်ငံက အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်အဖို့ အဓိက ကွန်မြူနစ်စနစ် ဆန့်ကျင်ရေးမဟာမိတ်နိုင်ငံ ဖြစ်လာခဲ့သည်။ ကွန်မြူနစ်စနစ် မပြန့်ပွားလာစေရေး အတွက် ကျေးလက်ဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျော့ချရေး အကူအညီများလည်း တိုး၍ ရရှိလာခဲ့သည်။ မိုးခေါင်ရေရှားဒေသများ တွင် ဘုရင်က မိုးအတုဖန်တီး၍ ရွာပေးသည်ကလည်း ကျေးလက်နေ လူထုများအဖို့ တန်ခိုးရှင်တစ်ပါးသဖွယ် ထင်မှတ်မှား စရာ ဖြစ်စေခဲ့သည်။ ဘိန်းစိုက်နေကြသည့် တောင်သူများအတွက် အစားထိုးသီးနှံများ ဖန်တီးပေးသည်။ ဆည်များတည် ဆောက်ပေးသည်။ အခြေခံအဆောက်အဦ လမ်းပန်းထူထောင်ပေးသည်။ ၁၉၈၈ ခုနှစ်များ နောက်ပိုင်းတွင်တော့ နန်းတော်က ဦးဆောင်သည့် ဖွံ့ဖြိုးရေးစီမံချက်များ၏ အထွဋ်အထိပ်ကာလ ဖြစ်လာခဲ့သည်။ ဘုရင်က ချိုင်းဖတ်ထနာ ဖောင်ဒေးရှင်းကို ထူထောင်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ အားသွန်ခဲ့သည်။ နောက်ပိုင်း ၂၀၀၀ ခုနှစ်များတွင်တော့ ဘုရင်က ချပြဆွေးနွေးသည့် မိမိဘာသာ ဖူလုံရေး စီးပွားရေးစနစ် (Self-sufficiency economy) သဘောတရားကိုပါ ပို၍ တိုးချဲ့ လာသည်။ သဘောတရား သင်ကြားပို့ချမှုများ၊ ဆွေးနွေးမှုများနှင့်အတူ လက်တွေ့စံပြလုပ်ကွင်းများပါ မြင်ခဲ့ကြရသည်။

ဘုရင်က စစ်အေးတိုက်ပွဲကို ကောင်းစွာအသုံးချခဲ့သည်။ ဒေသတွင်း စစ်ပွဲများမှ အကျိုးအမြတ် ထုတ်ယူခဲ့သည်။ ထိုင်း ပြည်သူများအတွက် လိုအပ်နေသည့် လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ ရရှိရေး၊ လူမှုဖူလုံရေး ကိစ္စအများအပြား ကို အောင်မြင်ပြီးမြောက်စေခဲ့ပါသည်။

ပြည်သူတို့ကို တခါတရံ လျစ်လျူရှုခဲ့သည့် ဘုရင်
————————————————–
ထိုင်းနိုင်ငံ သမိုင်းတလျောက် ဆူပုံအုံကြွမှုများ ဖြစ်ခဲ့သည်။ ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုများလည်း ရှိခဲ့ဖူးသည်။ ဤသို့သော လူထုတောင်းဆိုမှုများတွင် ဘုရင်က မည်ကဲ့သို့ ရပ်တည်ပေးခဲ့ပါသနည်း။ ထိုင်းဘုရင်၏ ရပ် တည်ချက်အပေါ် မကျေနပ်ကြသူလည်း အများအပြား ရှိသည်။ ထိုင်းဘုရင်ကို ကြားဝင်ဖြန်ဖြေပေးနိုင်သည့် သြဇာရှိသူ၊ ထိုင်းလူမှုအဖွဲ့အစည်းအတွင်း မတူကွဲပြားသည့် အင်အားစုများကို စုစည်းနိုင်သည့် သြဇာ (binding power) ရှိသူဟုလည်း မြင်ကြသည်။

အထူးသဖြင့် ဝေဖန်သူများက ပြောကြသည်မှာ ထိုင်းနိုင်ငံရှိ သမိုင်းတလျောက် စစ်အာဏာ သိမ်းမှုများစွာကို ဘုရင်က ထောက်ခံပေးခဲ့သည်။

ထိုမျှမက သွေးထွက်သံယိုဖြစ်ရပ်များစွာတွင် ဘုရင်က ပြည်သူပြည်သားတို့ဖက်က ရပ်တည် မပေးခဲ့ဟု ဆိုကြသူများ လည်း ရှိသည်။ အထူးသဖြင့် “စစ်ပ်စီတူလာ” ဟု ခေါ်သည့် အောက်တိုဘာ ၁၄၊ ၁၉၇၃ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ကျောင်းသားများစွာတို့ သွေးမြေခခဲ့ရသည်။ ထိုအချိန်က ဆာရစ်ကွယ်လွန် ပြီးနောက် စစ်အာဏာသိမ်းဗိုလ်ချုပ်ကြီး ထနွန် ကစ်တီကာချွန် လက်ထက်ဖြစ်သည်။ စစ်အာဏာသိမ်းအစိုးရကို သမ္မာ ဆတ် တက္ကသိုလ်ကျောင်းသားများက ဆန့်ကျင် စိန်ခေါ်ကြသည်။ ဘုရင်က ကျောင်းသားများကို လူစုခွဲခိုင်းသည်။ လူစု မခွဲသည့် ကျောင်းသားများကို စစ်အစိုးရက ရဟတ် ယာဉ်များ၊ တင့်ကားများ၊ ခြေလျင်တပ်များဖြင့် ချေမှုန်းရာ ကျောင်းသား ၇၇ ဦးသေ၊ ၈၅၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ဤနေ့ကို ထိုင်းနိုင်ငံတွင် “ဝမ်းနည်းကြေကွဲဖွယ်နေ့” ဟု သမိုင်းဝင် သတ်မှတ်ထားကြသည်။

၁၉၇၃ ခုနှစ်က ကျောင်းသားလှုပ်ရှားမှုအပေါ် ဘုရင်က ထောက်ခံသည်ဟု ဆိုသော်လည်း၊ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာ လ ၆ ရက် ကျောင်းသားလှုပ်ရှားမှုတွင်မူ မေးခွန်းထုတ်စရာ ဖြစ်စေခဲ့သည်။ ထိုအချိန်က ကျောင်းသားလှုပ်ရှားသူများက လည်း ကွန်မြူနစ်လိုလားသူများဟု စွပ်စွဲ၍ ရုပ်ဆိုးအကျည်းတန်သည့် ချေမှုန်းမှုများ ဖြစ်ခဲ့သည်။ ဘုရင်ထောက်ခံထား သည့် ကျေးရွာကင်းထောက်တပ်ဖွဲ့များ၊ ပြည်သူ့စစ် လက်နက်ကိုင်များက ကျောင်းသားများကို ရက်စက်စွာ သုတ်သင် ချေမှုန်းခဲ့ကြသည်။ အစိုးရသတင်းများအရ ကျောင်းသား ၄၆ ဦးသေ၊ ၁၆၇ ဒဏ်ရာရကာ ကျောင်းသား ၃၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ အချို့ရင်းမြစ်များက သေဆုံးသူ ရာကျော်မည်ဟု ဆိုကြသည်။ ဤအဖြစ်ကို “ထိုင်းလူထုများ၏ စုပေါင်း စိတ်အနာဒဏ်ရာ” အဖြစ် ဖော်ပြကြသည်။

သို့သော် ၁၉၉၂ ခုနှစ် စစ်ဗိုလ်ချုပ်ကြီး ဆူချင်ဒါ ကရာပရာယွန်းနှင့် လူထုလှုပ်ရှားမှုခေါင်းဆောင် ချမ်လောင်း ဆရီမောင် တို့၏ ပဋိပက္ခတွင်မူ ဘုရင်က ကြားဝင်၍ သူတန်-သူတန် ဆုံးမပေးနိုင်ခဲ့သည်။ ထိုင်းနိုင်ငံတွင် လူမှုပဋိပက္ခများ ဖြစ်လာ တိုင်း၊ ပြည်သူများက ဘုရင်ကို မျှော်ကြည့်ကြသည်။ ဘုရင်၏ ကြားဝင်ဖြန်ဖြေမှုကို လိုလားကြသည်။ သို့သော်လည်း အချို့ ဝေဖန်သူများကမူ နန်းတော်ကွန်ရက် (Network Monarchy) ဟူသည့် အင်အားစုက ဘုရင့်နန်းတော်နှင့် နီးစပ်သည့် ရှေးရိုးစွဲ အုပ်စုများဖြင့် ဖွဲ့စည်းထားပြီး၊ ၂၀၀၆ ခုနှစ် ဝန်ကြီးချုပ်သက်ဆင်ထံမှ အာဏာသိမ်းမှုနှင့် အခြားကိစ္စများကို ကြံစည် လုပ်ဆောင်ခဲ့ကြသည်ဟု စွပ်စွဲခဲ့ကြသည်။ ယင်းကွန်ရက်က တိုင်းပြည်၏ ဒီမိုကရေစီရေး အခြေခံ အင်စတိ ကျူးရှင်းများကို လှိုက်စားစေခဲ့သည်။ ချိနဲ့စေအောင် လုပ်ဆောင်ခဲ့ကြသည်ဟုလည်း ဝေဖန်မှုများ ရှိခဲ့ကြသည်။

ထိုင်းဘုရင်မင်းမြတ်အလွန် မေးခွန်းများ
——————————————
အခုကာလက ယခင်အခြေအနေမျိုး ပြန်၍ မရှိနိုင်တော့ဟု သုံးသပ်သူများက ဆိုကြသည်။ ထိုင်းနိုင်ငံ၏ ကြန်အင် လက္ခဏာဟု သတ်မှတ်ဖော်ပြကြသည့် “ဘုရင်-သာသနာ- နိုင်ငံတော်” အယူအဆမှ တစ်ပါးကွယ်ခဲ့ရပြီ ဖြစ်သည်။ ထိုမျှ မက ထိုင်းနိုင်ငံ၏ အာဏာအခင်းအကျင်းဖြစ်သော “ဘုရင်-တပ်မတော်- ဗျူရိုကရက်များ” ထိန်းညှိမှုတွင်လည်း တစ်ပါး ကွယ်ပျောက်ခဲ့ပြီ ဖြစ်သည်။ ဤအတွက်ကြောင့်လည်း ဘုရင်အလွန် အာဏာချိန်ခွင်လျှာ ပြန်ညှိမှု၊ သို့မဟုတ် အင်အားစု အသီးသီး၏ ထကြွလာမည့် အကျိုးစီးပွားများမှသည် ထိပ်တိုက်တွေ့မှု ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ ထိုမျှမက ဘုရင် အနေဖြင့် လူမှုအဖွဲ့အစည်းအတွင်း အစေးကပ်စေသည့် အင်အား (binding power) ပိုင်ဆိုင်ထားသူဖြစ်ရာ၊ ဘုရင်အလွန် ကာလ ညီညွတ်ရေးပြိုကွဲမည့် အရေးလည်း ပူပန်ကြသည်။

သေချာသည်ကတော့ အိမ်ရှေ့မင်းသားမှ ဘုရင်ဖြစ်လာမည့်သူအနေဖြင့် ဖခမည်းတော်ကဲ့သို့ လူထုချစ်ခင် ထောက်ခံမှု မရရှိနိုင်ခြင်းပင် ဖြစ်သည်။ ထိုင်းနိုင်ငံ၊ ချူလာလောင်ကောင် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ သစ်ထိနန် ပုန်ဆက် ဟီရတ် (Thitinan Pongsudhirak) ကတော့ “ဘုရင် ဖူမိဖွန် အဒူရာဒက် မရှိတော့သည့် ထိုင်းနိုင်ငံကို ပထမဦးဆုံး ကြုံ ကြရတော့မည်၊ ယခင်အမေရိကန်မှ ၁၉၆၃ ခုနှစ်၊ ဂျွန် အက်ဖ် ကနေဒီ ကွယ်လွန်ပြီးကာလ အခြေအနေမျိုး၊ ဆိုဗီယက် ယူနီ ခေါင်းဆောင်ကြီး ဗလာဒီမာ လီနင်၊ တရုတ်သမ္မတနိုင်ငံ ခေါင်းဆောင် မော်စီတုန်း၊ တောင်အာဖရိကနိုင်ငံမှ နယ်လ် ဆင်မင်ဒဲလားတို့ ကွယ်လွန်ပြီးနောက် အခြေအနေမျိုး” ဟု သူက တင်စားသည်။

အခြေအနေက ပိုရှုပ်ထွေးလာမည်။ ယခုကတည်းက ဓားထုတ်သူ ထုတ်ထားကြပြီဟု သူက တင်စားဖော်ပြသည်။ ယခင် ဘုရင်စနစ်ကို ဝေဖန်နေကြသူများ၊ ဆန့်ကျင်နေကြသူများ ပို၍ထကြွလာကြတော့မည်။ ယခင် ဘုရင်စနစ် ဗဟိုပြု လူမှု-နိုင်ငံရေး အခင်းအကျင်းတွင် နစ်နာခံစားခဲ့ကြရသူများကလည်း ပို၍ အသံထွက်လာကြတော့မည်။ နိုင်ငံတကာ သတင်း မီဒီယာကလည်း ယခင်ရေးခွင့်မသာသည့် အခြေအနေမှ ယခုတော့ အကွက်ကောင်း၊ သတင်းကောင်းကို ချောင်းနေပြီ ဟု ပါမောက္ခ သစ်ထိနန်က ဆိုသည်။ ဤသို့ ဝေဖန်ရေးသားချက်များကို တုံ့ပြန်နိုင်ရန် ထိုင်းတွင် အဆင်သင့်ပြင်ဆင်ထား သည့် ဗျူဟာမရှိဟုလည်း သူက ဆိုသေးသည်။

ထို့အပြင် ထိုင်းဘုရင်စနစ်ကြောင့် ဓနဥစ္စာခွဲဝေမှုတွင်လည်း အလွန်အကျူး မမျှတမှုများ ရှိစေခဲ့သည်။ ဘုရင်ကြီးကိုယ်၌ က ကမ္ဘာ့ပေါ်တွင် အကြွယ်ဝဆုံးဘုရင်တစ်ပါးဟု Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ဖူးသည်။ ဘုရင်နှင့် နန်းတော်ကပိုင်ဆိုင် သည့် Crown Properties Bureau ဆိုလျှင် ဒေါ်လာ ဘီလီယံ ၃၀ ခန့် ပိုင်ဆိုင်မှု ရှိနေသည်ဟု ဆိုကြသည်။ ဤသို့ ဆင်းရဲ ချမ်းသာ ကွာဟမှု၊ ဓနဥစ္စာ မညီမျှ ပိုင်ဆိုင်မှု၏ ဆိုးကျိုးကွင်းဆက်၊ မတည်ငြိမ်မှုအပေါ် စိုးရိမ်နေကြသူများလည်း ရှိနေကြ သည်။

အချို့က ထိုင်းဘုရင်စနစ်၏ အနာဂတ်ကိုပါ မေးခွန်းထုတ်လာနေကြသည်။ နန်းတော်၏ ပိုင်ဆိုင်မှု ဓနဥစ္စာအပေါ် ပို၍ ပွင့် လင်းမြင်သာမှု ရှိစေရန်၊ ဘုရင်နှင့် နန်းတွင်းသား နန်းတွင်းသူများအပေါ် အစိုးရက ထောက်ပံ့ပေးနေရမှုများအပေါ် ပို၍ ပွင့်လင်းမြင်သာစေရန်၊ ပို၍ စောင့်ကြည့်ကြီးကြပ်မှု ရနိုင်ခွင့် စသည်ဖြင့် မေးခွန်းထုတ်မှုများ ရှိလာနေသည်။ ထိုမျှမက နန်းတော်ကောင်စီ (Privy council) နှင့် နန်းတော်ကွန်ရက် (network monarchy) ၏ ဒီမိုကရေစီ ချိနဲ့စေရေး ခြေထိုး နေမှုများအပေါ် ပြောဆိုမှု ရှိလာနေသည်။ လက်ရှိဖြစ်လာမည့် ဘုရင်သစ်၏ အားသာချက်- အားနည်းချက်များက ဘုရင် စနစ် ရေရှည်တည်မြဲနိုင်မှုအပေါ် အဖြေဖြစ်လာစေမည်ဟု ဆိုကြသည်။

အိမ်ရှေ့မင်း ဗာဂျီရာလောင်ကွန်ကို ၁၉၈၂ ခုနှစ် ကတည်းက အိမ်ရှေ့မင်းသားခန့်အပ်ပြီး၊ ၁၉၈၀ ခုနှစ်များ နှောင်းပိုင်း ကတည်းက ထီးနန်းလွှဲအပ်ပေးရန် ကြံစည်ခဲ့ဖူးသည်။ မအောင်မြင်ခဲ့။ မင်းသား၏ ပုံရိပ်ကို တိုးတက်လာအောင် ကြံစည် မစွမ်းနိုင်ခဲ့ဘဲ ဖြစ်ရာ၊ ယခုကွယ်လွန်ချိန်တိုင် ဆက်ခံရေးပြဿနာကို မဖြေရှင်းနိုင်ဘဲ ရှိနေခဲ့သည်။ ဤသည်မှာလည်း ဘုရင်စနစ်၏ တရားဝင်မှု (legitimacy) အတွက် အားနည်းချက်တစ်ရပ် အနေဖြင့် ရှိနေခဲ့ရသည်။

မပြီးပြတ်သေးသည့် စစ်အာဏာသိမ်းကာလနှင့် ဒီမိုကရေစီ ရွေးကောက်ပွဲများ အလားအလာကလည်း နောက်ထပ် စိုးရိမ် ပူပန်စရာကိစ္စတစ်ခု ဖြစ်ပါသည်။ အချို့ကတော့ ယခု စစ်အာဏာသိမ်းအစိုးရက အချိန်တစ်ခုတိုင် ဆွဲထားခြင်းမှာ ဘုရင် ကြီး၏ ကျန်းမာရေးနှင့်လည်း သက်ဆိုင်သည်ဟု ဆိုကြပါသည်။ နန်းတော်တွင်လည်း အုပ်စုများ ရှိနေကြပြီး၊ တပ်မတော်၊ အစိုးရ၊ နိုင်ငံရေးအစုများအကြားတွင်လည်း သူတို့ဘာသာ အစုဖွဲ့မှုများ ယခင်ကတည်းက ရှိနေကြပြီး ဖြစ်သည်။ ဤအစု များ နေရာချရေးနှင့် ဘုရင်ကြီးအလွန် ဟန်ချက် ပြန်လည်ထိန်းညှိရေးသည်လည်း အထိန်းမတော်လျှင် ထိပ်တိုက်တွေ့မှု များ ဖြစ်လာနိုင်သော ပြဿနာတစ်ခု ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့ နိုင်ငံရေး-စီးပွားရေး ရိုက်ခတ်နိုင်မှု
———————————————-
အချို့က ထိုင်းဘုရင်ကြီး ကွယ်လွန်မှုက မြန်မာနိုင်ငံသို့ ရိုက်ခတ်လာလေမည်လောဟု ပူပန်စိုးရိမ်သူများလည်း ရှိပါသည်။  အထူးသဖြင့် အကယ်၍ ဘုရင်ကြီးအလွန် မတည်ငြိမ်မှုများ ဖြစ်ပါက ရိုက်ခတ်လာလေမည်လောဟု စိုးရိမ်ကြခြင်း ဖြစ်ပါ သည်။

မိမိကတော့ မဖြစ်နိုင်သေးဟု ယူဆနေသည်။ ထိုင်းနိုင်ငံ၏ ဘုရင်စနစ်က စည်းမျဉ်းခံဘုရင်စနစ်သာ ဖြစ်ရာ နိုင်ငံရေးရာ၊ စီးပွားရေးရာ ကိစ္စအများကို အစိုးရကသာ တာဝန်ယူ ဆောင်ရွက်ပါသည်။ ဤသို့ နေ့စဉ်လက်တွေ့ နိုင်ငံရေးမျိုးတွင် နန်းတော်က ပါဝင်ဆောင်ရွက်ခြင်း မရှိလှပါ။ ဘုရင်ကြီးအလွန်ကာလ မြန်မာ-ထိုင်းဆက်ဆံရေး (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍမျိုးစုံတွင်) ထူးထူးခြားခြား ပြောင်းလဲသွားရန် မမြင်မိပါချေ။ မြန်မာနိုင်ငံက ထိုင်းနိုင်ငံအဖို့ မဟာဗျူဟာ ကျသည့် ထားဝယ်ရေနက်ဆိပ်ကမ်း၊ ဒေသတွင်း စင်္ကြန်လမ်းမကြီးများ၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီး မြှုပ်နှံမှု အလားအလာကောင်းများ များစွာ ရှိနေရာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ရုပ်ချည်း ပြောင်းလဲရန်ဆိုသည်မှာ ဖြစ်နိုင် ခြေ မရှိလှပါ။ လက်တွေ့လည်း မကျပါ။

သို့သော် စိုးရိမ်ရန်ရှိသည်ကား ထိုင်းအတွင်းရေးမှသည် ဖြစ်ပေါ်လာမည့် မတည်ငြိမ်မှုများ ဖြစ်ပါသည်။ ဤသည်မှာလည်း ယခုကဲ့သို့ ပူဆွေးဝမ်းနည်းဆဲကာလတွင် ပဋိပက္ခများ ပြောင်ပြောင်တင်းတင်း ထွက်ပေါ်လာရန် မရှိဟု ယူဆနိုင်ပါသေး သည်။ ပဋိပက္ခများ၊ ထိပ်တိုက်တွေ့မှုများ ရှိမည်ဆိုလျှင်သော်မှ အချိန်တစ်ခု အားယူကြရရန် ရှိနိုင်ပါသေးသည်။ သို့တိုင် အောင် ထိုင်းနိုင်ငံက လူမှုပဋိပက္ခ၊ နိုင်ငံရေး မတည်ငြိမ်မှု အမျိုးမျိုးကို သမိုင်းတလျောက် ဖြတ်ခဲ့ရသည်။ သွေးထွက်သံယို မှုများလည်း ရှိခဲ့သည်။ သို့တိုင်အောင် ကာလတိုအတွင်း ပြန်လည်တည်ငြိမ်စေသည့် ခွန်အား၊ တစ်နည်း အနာ ပြန်ကျက် စေသည့် အင်အား (healing power) ကောင်းသည်ဟုတော့ ဆိုနိုင်ပါသည်။ ပြည်တွင်းပဋိပက္ခများအတွက် တစုံတရာ ရင့်ကျက်မှု ရှိနေခဲ့ပြီဟုလည်း သုံးသပ်နိုင်ပါသည်။ ဘုရင်အလွန်ကာလ တည်ငြိမ်စွာ လျှောက်လှမ်းဖြတ်သန်းနိုင်စေ ဖို့သာ မျှော်လင့်ရပါတော့သည်။

အကိုးအကား
၁။ Pongsudhirak. T (2016 October 17). “Thailand as we knew it is now at an end”. Bangkok Post.
၂။ Strekfuss. D. (March 2013). The Future of the Monarchy in Thailand. Kyoto Review of Southeast Asia. Issue 13.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်