ဝေမြင့်မောင် ● ဟားခါး၊ အခြားများ၊ အမှတ်ရချက်များ

October 30, 2016

● ဟားခါး၊ အခြားများ၊ အမှတ်ရချက်များ
(မိုးမခ) အောက်တိုဘာ ၃ဝ၊ ၂ဝ၁၆

အမေ့ရဲ့ဟင်းခွက်များ

အမေဟာ ဟင်းချက်
အမြဲနောက်ကျတတ်
ထမင်းစားပွဲပေါ်က
ရှိတာလေး စားသောက်ရင်း
အဖေနဲ့ ကျနော်တို့ညီအစ်ကိုမောင်နှမတွေ
ဗိုက်ဝလုဝခင်ဖြစ်ပြီဆို
အငွေ့တထောင်းထောင်း
အသားဟင်း တခွက်
အမေသယ်လာပြီး ရောက်လာမယ်။

ဟင်းခွက်က
စည်ပိုင်းကြီးလောက်ကြီး
အမေ့ခန္ဓာကိုယ်က
စပါးကျီလောက်ဝ
တလှမ်းချင်း အိပဲ့အိပဲ့
တရွေ့ရွေ့။


လွန်းဆက်နိုးမြတ် (ကို) လွန်းဆက်နိုးမြတ် ကဗျာဖတ်မိပြီး အတိတ်နေ့ရက်များဆီ ကျနော် ပြန်ရောက်ဖြစ်သွားသည်။ ကျနော်တို့ချင်းပြည်နယ်ဟားခါးမြို့တွင်နေထိုင်ခဲ့စဉ်ကဖြစ်သည်။ ကျနော်တို့မိသားစုသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ မှ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့သို့ ပြောင်းခဲ့ကြသည်။ ထိုအချိန်က အဖေရာထူးတိုးသဖြင့် ပြောင်းရခြင်းဖြစ်သည်ဟု အမေက ပြောပြပါသည်။ ဟားခါးမြို့ပြည်နယ်မြေစာရင်းရုံးတွင် အဖေသည် လက်ထောက်ဦးစီးမှူး ရာထူးငယ်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ မင်းတပ်မြို့တွင်ရှိသော အဘိုးအဘွားများ ဦးလေး ဒေါ်လေးများ၊ ဆွေမျိုးများ ငယ်သူငယ်ချင်းများ ကိုထားခဲ့ကာ ကျနော်တို့ပြောင်းခဲ့ကြသည်။ ကျနော် စတုတ္ထတန်း အတန်းတင်စာမေးပွဲကြီးဖြေဆိုပြီးအချိန်တွင် ပြောင်းရွေ့ ခဲ့ကြခြင်းဖြစ်သည်ဟု အမှတ်ရပါသည်။

ထိုစဉ်က မင်းတပ်မြို့နှင့်ခွဲရသဖြင့် ဝမ်းနည်းသလိုလို ရှိပါသည်။ အထူးသဖြင့် အဘိုးအဘွားများ ဆွေမျိုးသူငယ်ချင်းများကိုခွဲခွာရသောကြောင့် ဖြစ်မည်ထင်သည်။ ယခု မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်နေသော ညီမလေး လိုင်းမှာ ထိုအချိန်က ပထမတန်းကျောင်းသူလေးဖြစ်ပြီး အလတ်ကောင်မှာ ကျောင်းမတက်ရသေး။ အထွေးဆုံးညီမငယ် လေးမှာ နို့မပြတ်သေး။ အမေ့နို့စို့လျက်ပင် ဟားခါးမြို့သို့ သူမရောက်သွားပါသည်။ ကားစီးလိုက် ရထားစီးလိုက်ဖြင့် ဟားခါး သို့ ကျနော်တို့မိသားစု ရောက်ရှိကြပါသည်။

ဟားခါးမြို့မှာ ချင်းပြည်နယ်၏မြို့တော်ဖြစ်သည်။ ဆောင်းရာသီဆိုလျှင် ရေပင်ခဲတတ်သည်။ နှင်းများကျသဖြင့် အိမ်ခေါင်မိုး များ မီးတိုင်များ ရွှဲစိုနေတတ်ပါသည်။ မြူများဆိုင်းနေလျှင်မူ ဘာကိုမှသဲသဲကွဲကွဲ မမြင်ရတော့ပါ။ အလွန်အေးသဖြင့် အိမ် တိုင်းလိုလို မီးသွေးမီးဖိုများ ဆောင်ထားကြရသည်။ ဟားခါးမြို့ရှိ ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲတိုက်ပုနီလေးတလုံးတွင် ကျနော် တို့ မိသားစုနေခဲ့ကြသည်။ ထိုတိုက်ပုလေးရရှိရန်အတွက် ပြည်နယ်ထွေအုပ်မင်းကြီးထံသွားကာ လက်ဆောင်များ ပေးပြီး တောင်းပန်ရကြောင်း ထိုတိုက်ပုလေးရရှိရန် ကြိုးစားနေကြသော အခြားဘဝတူ ဝန်ထမ်းမိသားစုများ များစွာရှိနေ ကြောင်း ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းကြောင့်သာ တိုက်ခန်းရခြင်းဖြစ်ကြောင်း အမေပြောတတ်သည်။ ဟားခါး မြို့တွင် နေထိုင်နှင့်ပြီးဖြစ် သော ဦးနိန်ဟုန်းတို့မိသားစု၊ ဒေါ်မနားတီးတို့မိသားစုတို့မှ ကျနော်တို့မိသားစုကို အကူအညီများစွာ ပေးခဲ့ကြပါသည်။ (ထိုအကြောင်းကို သေချာရေးပါအုံးမည်)။
ကျနော်တို့ရသောတိုက်ပုလေးဘယ်ခြမ်းတွင် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတခန်း၊ မီးဖိုချောင်တခန်း၊ အိမ်သာရေချိုးခန်းတခန်း၊ အားလုံးပေါင်း ငါးခန်း ရှိသည်။ အိမ်နောက်တွင် မြေကွက်အနည်းငယ် ရှိပါသည်။ ထိုမြေကွက်တွင် ဂေါ်ရခါးပင်၊ မုန့်ညှင်း၊ ငရုတ်နှင့် အခြားဟင်းသီးဟင်းရွက်များကို ကျနော်တို့စိုက်ပါသည်။ အခန်းထောင့်တချို့တွင် ဘိလပ်မြေများကွာနေပြီး အခန်းမျက်နှာကျက်နံရံတို့တွင်လည်း မီးခိုးကြပ်ခိုးများစွဲကာ တခန်းလုံးမည်းနက်နေသည်။ အရင်နေခဲ့သော လင်မယား မိသားစုတို့ စည်းမရှိကမ်းမရှိ မီးဖိုမီးလှံလေ့ရှိကြသဖြင့် ထိုသို့ကြပ်ခိုးများစွဲနေရခြင်းဖြစ်သည်ဟု ဘေးညာ ဘက်ခြမ်းအခန်းမှ မီးမီးနူးက ကျနော်တို့အား ပြောပြပါသည်။

မီးမီးနူးတို့မိသားစုမှာ တိုက်ပုလေး၏ဘေးညာဘက်အခြမ်းတွင် နေထိုင်ကြပါသည်။ နှစ်ခန်းတွဲတိုက်ပုလေးတလုံးတွင် ကျ နော်တို့ အတူနေထိုင်ကြခြင်း ဖြစ်သည်။ ဘယ်အခြမ်းနှင့် ညာအခြမ်းကို သီးသန့်ခွဲထားပါသည်။ ဘယ်အခြမ်းတွင် အခန်းငါး ခန်းရှိသကဲ့သို့ ညာအခြမ်းတွင်လည်း အခန်းငါးခန်းရှိသည်။ မီးမီးနူး၏အမျိုးသားမှာ ခရိုင်အဆင့်အရာရှိကြီးတဦးဖြစ်ပြီး ခရိုင်မြို့ဖြစ်သော ဖလမ်းတွင်တာဝန်ကျကာ တပတ်တခါ အိမ်ပြန်လာတတ်ပါသည်။ မီးမီးနူးမှာ ဟားခါးမြို့ရှိ စာရင်းစစ်ရုံး တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ မီးမီးနူးတို့ မိသားစုအားလုံး ခြောက်ယောက်ရှိသည်။ မီးမီးနူးမှာ မီးမီး၏အမေဟု အဓိပ္ပာယ်ရသည်။ အငယ်ဆုံးကလေးမ မီးမီးကိုအစွဲပြုကာ မီးမီးနူး (မီးမီးအမေ) ဟုသာ ကျနော်တို့ ခေါ်ခဲ့ကြပါသည်။

မီးမီးနူးတွင် ဆန်ပီး၊ လျန်ပီး၊ မာန်ပီး၊ မီးမီး (အငယ်ဆုံးနာမည် သေချာမသိတော့) သားသမီး လေးယောက်ရှိပါသည်။ မာန် ပီးနှင့်ညီမလေးလိုင်းတို့မှာ သက်တူရွယ်တူများဖြစ်ကြသကဲ့သို့ မီးမီးနှင့် အငယ်ဆုံးညီမလေးစိမ်းတို့မှာလည်း သက်တူရွယ် တူများ ဖြစ်ကြသည်။ ကျောင်းပိတ်သည့်အချိန်များ အားလပ်ရက်များတွင် ကျနော်တို့အတူတကွ ကစားကြသည်။ ကိုဆန်ပီး မှာ ကျနော့်ထက် အသက်ကြီးပါသည်။ ယခု ဆရာဝန်တယောက်ဖြစ်နေသည်ဟုကြားရသည်။သူတို့မိသားစုနှင့် ကျနော်တို့ မိသားစုကြား အမှတ်တရများစွာ ရှိခဲ့ပါသည်။ (သေချာရေးပါအုံးမည်)။

“အမေ့ရဲ့ဟင်းခွက်များ’ ကဗျာထဲမှ ကဗျာဆရာ့အမေလိုတော့ ကျနော့်အမေ ဝမနေပါ။ ကျနော့်အမေမှာ အသားခပ်လတ် လတ်နှင့် ခပ်ပိန်ပိန်သာ ဖြစ်သည်။ သို့သော် ကဗျာထဲမှ ဟင်းချက် နောက်ကျသည့်ကဗျာဆရာ့အမေကို ကျနော်မြင်ယောင်ကာ ပြုံးနေမိပါသည်။ ဟုတ်သည်။ ကျနော့် အမေလည်း ဟင်းချက်နောက်ကျတတ်သည်သာ။ အမေသာမဟုတ် ကျနော်လည်း ဟင်းချက် နောက်ကျတတ်ပါသည်။ ဟားခါးတွင်နေထိုင်ခဲ့စဉ်က အိမ်မှုကိစ္စအားလုံး ကျနော်တို့မောင်နှမတတွေ လုပ်ကြရ သည်။ ရေခပ်ထင်းခွေကြမ်းတိုက် ထမင်းချက်၊ ပေါင်းရှင်း၊ တံမြက်စည်းလှဲ၊ ပန်းကန်ဆေး အိုးဆေး စသည်ဖြင့်။

ဟားခါး၏မနက်ခင်းမှာ အေးလှပါသည်။ အမေ့တွင် အကြောနာသော ရောဂါတမျိုး ရှိသည်။ အလွန်အေးသည့်အချိန်တွင် အိမ်မှုကိစ္စများလုပ်ပါက အကြောနာတတ်သဖြင့် မနက် ၇ နာရီခွဲ လောက်မှသာ အမေ ထလေ့ရှိသည်။ အဖေ သို့မဟုတ် ကျနော်တို့မောင်နှမများစောစောထကာ ထမင်းချက်ထားကြရပါသည်။ ဟင်းချိုလည်း ချက်ထားရပါသည်။ ထမင်းကျန် ဟင်းကျန်များနွှေး ရေနွေးအိုးတည်ကာ ကျောင်းသွားရန် ပြင်ဆင်ကြရသည်။ အမေအိပ်ရာမှထ၍ မျက်နှာသစ်ပြီးသည်နှင့် မီးဖိုချောင်ဝင်ကာ ဟင်းချက်ပေးသည်။ မီးဖိုချောင်မသပ်မရပ်ဖြစ်နေလျှင် အမေ မကျေမနပ်ဖြစ်ကာ ပွစိပွစိပြောနေ တတ်ပါသည်။ ကျနော်တို့မောင်နှမများကတော့ မကြားသလိုမသိသလိုသာ နေကြရသည်။ အမေမီးဖိုချာင်ထဲဝင်သည်နှင့် အမေ့အနားတွင် ကျနော်တို့သိပ်မကပ်ရဲကြပါ။

ဟားခါးမြို့ အထက ၁ တွင် အလယ်တန်း အထက်တန်းကျောင်းသားဘဝများကို ကျနော်ကျော် ဖြတ်ခဲ့ပါသည်။ ဆယ်တန်း စာမေးပွဲကိုလည်း အထက ၁ မှပင် ကျနော်အောင်မြင်ခဲ့သည်။ အိမ်နှင့် ကျနော်တက်သော အထက ၁ ကျောင်းမှာ အတော် ဝေးပါသည်။ ကျနော်နေသော ရပ်ကွက်မှာ ဈေးသစ် ရပ်ကွက်ဖြစ်ပြီး ကျနော်တို့အိမ်မှာ ဟားခါးမြို့ ပြည်နယ်မီးသတ်ရုံး မရောက်မီ (မီးသတ်လမ်း စသုံးလုံးလမ်း နောက်ဆုံးအိုးအိမ်) နှင့်စည်ပင် (ယခင် ဟားခါးပန်းခြံ) ရုံးအကျော်၊ ၎င်းတို့ကြားတွင် ရှိပါသည်။ ကျနော်တို့တွင် ဆိုင်ကယ်မရှိသဖြင့် ခြေကျင်ဖြင့်ပင် လျှောက်ကြရပါသည်။ ညီမလေးလိုင်းနှင့် ညီလေးရှိန်းတို့ တက်သော ချင်းဦးစီးကျောင်းမှာ အိမ်နှင့်အနည်းငယ်ဝေးသော် လည်း သိပ်အဝေးကြီးမဟုတ်ပါ။ ၉ နာရီအတန်း စသည် ဆိုပါက ၈ နာရီ ၂ဝ မိနစ်လောက်တွင် အိမ်မှ ထွက်နိုင်မှ ကျနော့်အတွက် ကွတ်တိဖြစ်ပါသည်။ အမေချက်ပေးသော ဟင်း ခွက်ကို ကျနော်မစောင့်ပါ။ ထမင်းခူး ဟင်းချိုခပ်ကာ နွှေးထားသောဟင်းကျန်များဖြင့် စားပါသည်။ အမေက ခဏစောင့်ရန် ပြောတတ်သည်။ ရံဖန်ရံခါ အမေ့ဟင်းခွက်ကို ကျနော်စားရပါသည်။ မီတတ်ပါသည်။ အများအားဖြင့် စားရင်းတန်းလန်း တဝက်တပျက်အချိန်တွင် အမေ့ဟင်းခွက် ရောက်လာတတ်သည်။ အမေ့ဟင်းခွက်မှ ပူပူနွေးနွေးဟင်းကိုခပ် ထမင်းနှင့်ရော ကာ စားရသည်မှာ အရသာရှိလှပါသည်။ ညီမငယ်နှင့်ညီလေးတို့ကမူ အမေချက်သောဟင်းကို စောင့်တတ်ကြသည်။ အမေ့ ဟင်းခွက်မှာ ကဗျာထဲကလို အသားတုံးဟင်းခွက်မဟုတ်သည်က များပါသည်။ သာမာန်ဟင်းသီးဟင်းရွက်ဟင်းသာ ဖြစ်နေ တတ်သည်။ သို့သော် စားကောင်းပါသည်။

ကဗျာထဲက အသားတုံးဟင်းခွက်မျိုးကိုလည်း ရံဖန်ရံခါ ကျနော်တို့ စားခဲ့ကြရသည်။ ထိုအချိန်မျိုးတွင် ထမင်းစား ပိုမြိန် ကြောင်းကိုလည်း ကျနော်မှတ်မိနေသည်။ ခင်ဗျားတို့အားလုံးတွင် ဆိုင်ရာဆိုင်ရာ အမေ့ဟင်းခွက်အဖြစ်အပျက်များရှိမည်ဟု ကျနော်ထင်ပါသည်။ ပြန်လည်သတိရခြင်းသည် ချစ်စရာကောင်းသော ပျော်စရာကောင်းသော အလေ့အကျင့်ဖြစ်သည်ဟု ကျနော်ယုံကြည်သည်။

“အမေ့ရဲ့ဟင်းခွက်များ” ကဗျာအတွက် ဆရာလွန်းဆက်နိုးမြတ်ကို ကျနော် ကျေးဇူးတင်ပါသည်။

 

ဝေမြင့်မောင်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်