fbpx

ခင်ဇော်မိုး ● စိမ်းလာပါဦးမည်လား အကျွန့်မြေ

October 31, 2016

● စိမ်းလာပါဦးမည်လား အကျွန့်မြေ
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၆

အပျင်းကြီးတယ်လို့ ပြောလည်း ခံရမှာပါပဲ။ တောသူဖြစ်ပေမယ့်  တခါတလေ ယာတော၊ လယ်ခင်း သွားချင်စိတ်မရှိလှဘူး။ အဲသလို အပျင်းထူမိတဲ့အကြောင်းရင်းလည်းရှိတယ်လို့ပြောရမှာပဲ။ ရှင်းရှင်းပြောရရင်တော့ စိတ်ကုန် စိတ်ပျက်မိတာလို့ ဆိုရမှာပေါ့။ ဒီနှစ်ဆို ပိုပြီးစိတ်ကုန်စိတ်ညစ် ရတယ်။ လုပ်သမျှ သီးနှံကလည်း အဆင်မပြေလှပါဘူး။ ဘာ့ကြောင့်လဲဆိုရင်တော့ သီးနှံတွေ တွက် ရာသီမိုးမပို့လို့ပါဘဲ။ တောင်သူလယ်သမားတွေ သိပ်ကိုပင်ပန်းကြရတယ်။

အဲ့ဒီပင်ပန်းတာကိုပဲ နာမ်၊ နာမဝိသေန/ ကြိယာ၊ ကြိယာဝိသေသနကို စသဖြင့်ခွဲသလို ခွဲခြားပြရရင် ပင်ပန်းခြင်းနှစ်မျိုး ရှိတယ်။ ပထမ ကတော့ သိတဲ့အတိုင်း လူပင်ပန်းခြင်း ဖြစ်ပြီး၊ နောက်တခုကတော့ သီးနှံအဆင်မပြေခြင်းတွက် စိတ်ပင်ပန်းခြင်းပါပဲ။ ဒါနဲ့ပြောရဦးမယ်။ ကျမတို့ဘက်မှာ လယ်၊ ယာပိုင်ရုံဖြစ်ပြီး ငွေအရင်းအနှီးမရှိဘဲ လယ်ပိုင်ရှင်လုပ်မရဘူး။ လယ်ထဲထွန်ချ၊ နွားချ ၊ သီးနှံချရုံနဲ့ သီးနှံမရကြပါဘူး။ မိုးအဆင်ပြေလို့ အပင်ပေါက်လာရင်တောင် လက်တဆစ်ထက်ပိုမထွား ဘူး။ မြေမကောင်းလို့နေမှာပါလို့ ထင်မှတ်မိချင် ထင်မှတ်မိလိမ့်မယ်။ တကယ့်မြေ့သံမဏိစိုက်လည်း မြေဆီမြေသြဇာ မထည့်နိုင်ရင် သွားကြည့်စရာမလိုဘူး။ ဖြစ်ကိုမဖြစ်ထွန်းတာ။ အဲ့ဒီတော့ ကျမတို့ဒေသက တောင်သူ လယ်သမားတွေမှာ ထွန် ထယ် နွား သီးနှံချရုံမဟုတ်တော့ဘူး။ အခုခေတ်ပေါ် မြေဆီ အမျိုးအမည် သုံးကြရတယ်။ ပြီးတော့ ဆေးလည်းဖျန်းကြရ ပါတယ်။ ပြီးတော့ တပင်တပန်းစိုက်ပျိုးတဲ့ သီးနှံဈေးတွေထက် မြေသြဇာ ဆေးတွေက အဆမတန်ဈေးများလွန်းပါသေးတယ်။

တကယ့်ကို အချိန်ပြည့်အပင်ပန်းခံနိုင်မှ အရင်းအနှီးကြီးမှ သီးနှံရပါတယ်။

ကုန်ကျစရိတ်နဲ့ရတာတွက်ရင် သိပ်လည်း ကွာဟမနေဘူး။ ကိုယ့်လုပ်အားခ ဘေးမဲ့လွှတ်ထား။ အဲ့ဒီလိုအရင်းအနှီးစိုက် လုပ်အားစိုက်လို့ ရာသီမိုးပို့ပေးလို့ သီးနှံလေးတွေအဆင်ပြေပြေသိမ်းရရင် လယ်သမားတွေ အိတ်စိုက်လုပ်ရလည်း မမြင်မိ၊ မပြောကြပါဘူး။ အခုဟာက လုပ်အားစိုက်ကြရ၊ အရင်းအနှီးစိုက်ကြရ ရာသီမိုးကမပို့ဆိုတော့ မိအေးနှစ်ခါနာဖြစ်ရော။ သီးနှံအဆင်မပြေ ဖြစ်ကြတဲ့ အခါ ယာခင်းသွားရင် စိတ်ညစ်ရတာမို့ ကျမအစအခြားသူတွေအဆုံး အိမ်ပြန်လာရင် လင်းတကြီး လည်လိမ်ထားသလိုပါပဲ။  အဲ့ဒီတော့ ဆည်ရေမရသေးတဲ့ ကျမတို့ဒေသခံ လယ်သမားတွေမှာ တောယာခင်း တွေဆီ ပိုက်ရေတွင်းတွေတူးကြရပါတယ်။ ဒီမြေ၊ဒီယာ ဒီရွာမှာမွေးကြီးပြင်းလာတော့ ဒီအလုပ်ကိုပဲ   စွန့်ပစ်လိုက်ရမယ်ဆိုလည်း ဘယ်လိုမှ မလုပ်နိုင်ကြ ဘူးပေါ့။ ယာခင်းတွေတိုင်း ရေတွင်းတူးလို့မရပါဘူး။ စပါးစိုက်ရာ အင်းတွေမှာပဲ ရေတွင်းတူးလို့ ရတော့ ကုန်းလယ်တွေအတွက်သီးနှံကတော့ ရာသီမိုးပို့မှ သီးနှံရကြပါတယ်။

အရင်းအနှီးရှိတဲ့ လယ်ယာပိုင်ရှင်တွေကတော့ သီးနှံရအောင် ပိုလုပ်နိုင်ကြတာပေါ့။ လက်လုပ် လက်စားနဲ့ မြေလေးအနည်း အကျင်း ရှိသူတွေကတော့ လုပ်နိုင်သလောက်ပဲ စိုက်ထုတ်လုပ်ကြ ပါတယ်။ မိုးဦး မိုးလယ် မိုးနှောင်း တွေမှာ တခါတလေ မိုးနည်းလို့ များလို့ မိုးခေါင်လို့ ဆိုပြီး တမိုးလို တမိုးပိုနဲ့ သီးနှံအထွက်က မှန်းချက်နဲ့နှမ်းထွက် သက်သက်စင်အောင်လွဲတာတွေပဲ များကြရ ပါတယ်။ အဲသလိုဆိုရင် လူကြီးတွေလည်း တရားသဘောမမှတ်နိုင်ကြတော့ရှာ။ ချူသံပါအောင် ညည်းကြရှာပါ တယ်။ လယ်ပိုင်ယာရှင်တွေ သီးနှံရမှ အလုပ်သမားတွေလည်း အဆင်ပြေတာပေါ့။ ဒီလိုနဲ့ပဲ ငတ်တလှည့် ပြတ်တလှည့် ဆိုသလိုက များတာပါ။ ရတာလေးနဲ့စားလိုက် အရင်းနှီးထည့် လိုက်၊ ငုတ်သွားခံရလိုက်နဲ့ ဒုံရင်းဟာဒုံရင်းပါပဲလို့ ပြောချင် တယ်။ ဖွံ့ဖြိုးတိုးတက်မှု မရှိပါဘူး။ အဲ့ဒီလိုအဆင်မပြေတဲ့နှစ်တွေမှာ ရှိတဲ့သူက နှစ်လည်ခါကျူး ဆန် ဆီအပြည့်နဲ့ စားနိုင်ပေမယ့် မရှိတဲ့လက်လုပ်လက်စားအလုပ်သမားတွေမှာ ဝမ်းရေးတွက် ပူကြရပါတယ်။ စားချိန်ရောက်လို့ ထမင်းချက် စရာ ဆန်မရှိ ဆီမရှိတဲ့ဘဝတွေ ပတ်ဝန်းကျင်မှာ ကြားရတယ်။

“တအိမ်ထောင်မွဲတာ ဆယ်အိမ်ကူမရ “ဆိုသလို တခါတလေပေးကျွေးနိုင်ပေမယ့် အမြဲတစေ ဘယ်သူမှ အခြားအိမ်ထောင် တစုကို မပေးကမ်းနိုင်ကြ။ အဲဒီတော့ ရေကြည်ရာ မြက်နုရာ သွားကြရှာကြရတာပေါ့။ ဘယ်သူမဆို ကိုယ့်အိမ် ကိုယ့်ယာ ကိုယ်အသိုက်အမြုံ ကိုယ့်ဒေသကိုခွဲခွာပြီး အရပ်တပါးကို သွားလိုကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ လွမ်းရေးထက် ဝမ်းရေးခက်ကြ ရပြီမို့ ထွက်ခွာကြရတယ်။ တချို့ယောက်ျားသားတွေက ဇနီး သားမယားကိုပစ်ပြီး ကျောက်တွင်းတွေ သွားကြ။ တခြားကို ထွက်ကြနဲ့ သွားကြတယ်။
များသောအားဖြင့်တော့ သားပျိုသမီးပျိုတွေပါပဲ။ မိန်းကလေးတွေ တနယ်တကျေးကို အလုပ်လုပ် ထွက်ကြတော့တယ်။  နေပူပူမှာ ပင်ပင်ပန်းပန်းနဲ့ ကြောပူ၊ ခါးနာ၊ ချွေးပျံခံပြီး လုပ်နေကြတာ တောင် ဝမ်းရေးအဆင်မပြေမှတော့ ထွက်ခွာကြ တော့တယ်။ တချို့ ရန်ကုန်ကိုသွားကြတယ်။ အခုအများဆုံးကတော့ ထိုင်းကို ဆိုလားပဲ။ လူအယောက် (၃ဝ) လောက် သွားကြတယ်။ ပထမအရဲစွန့်သွားကြသူတွေက နှစ်လသုံးလနေ ငွေ ရှစ်သိန်း ကိုးသိန်းလွှဲကြတယ်ဆိုတော့ အားကျပါးကျ လိုက်ကြတော့တာပါပဲ။ ကုန်ကုန်ပြောရရင် ကိုယ်ပါသွားရမလိုလို အားကျမိသေး တယ်။ သူတို့ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုပင်ပန်းတာတော့ မသိပါဘူး။ ငွေပို့နိုင်တာပဲ မဆိုးဘူးပြောရမှာ။  ဒီနှစ်အလှူပြုမယ့် ရွာအလှူလေးတွေမှာ ရှင်လောင်းရှည့်စရာ ကွမ်းတောင် ပန်းတောင်ကိုင်တွေ အိုးစည်ဒိုးပတ်ဝိုင်းတွေ ဦးရွှေရိုးတို့ ဒေါ်မိုးတို့၊ ရွှဲတိုက်မယ့် ကာလသား တသိုက် …စသဖြင့် လူတွေအကုန်အစင်နီးပါးမရှိသလောက်ဖြစ်နေပါပြီ။ သူတို့တတွေက ရွာကို မလွမ်းအားခဲ့ ရင်တောင် ရွာလမ်းမှာလျှောက်နေကျ သူတို့တတွေကို ကျမတော့ လွမ်းနေမိတယ်။ ရွာကထွက်သွားတဲ့   မသိတဲ့သူမ သိတော့ပါဘူး။ တချို့ရွာကို ပြန်လာမှပဲ “အော် နင်ဘယ်သူဘယ်ဝါမို့လား “ဆိုပြီး လူကိုမြင်မှသိတော့တဲ့သူတွေလည်း ဒုနဲ့ဒေးဖြစ်နေပြီ။

လယ်သမားတွေ၊ လက်လုပ်လက်စားတွေ အားလုံးအလုပ်လုပ်ကြပါတယ်။ တောင်သူလယ်သမား၊ တောသူတောသားတွေ ဟာ သီးနှံအတွက် နေပူမိုးရွာ မရွေးကြရပါဘူး။ မိုးထဲစိုက်ရမယ့်သီးနှံအတွက် မိုးထဲရေထဲ စိုက်ကြရပါတယ်။ မိုးထဲရေထဲလည်း သိမ်းဆည်းကြရပါ တယ်။ ဒါပေမဲ့ ဆင်းရဲခံကြရတာနဲ့ ပြန်ရတာ အထွာမမျှ။ တောင်သူလယ်သမားတွေ တော်တော်ကို စိတ်ညစ်ကြရတော့တာပေါ့။ အခုဆိုရင် စပါးလယ်တွေအားလုံး ရေလိုနေကြပါတယ်။ မိုးမရွာဘူး။ ဆည်ရေမရဘူး။ အဲ့ဒီတော့ စပါးအင်းတွေတွက်တူးထားတဲ့ ရေတွင်းတွေကနေ ရေတင်ကြရ ပါတယ်။ နားချိန်မှာ မနားရတော့ဘူး။ စက်တွေတဒုံးဒုံးနဲ့ စပါးလယ်ခင်းတွေမှာ စည်ကားနေတာ ပွဲဈေးတန်းကျလို့ပါပဲ။ သူသူငါငါ  စက်လှည်းတောထွက်တာမြင်ရင် လှမ်းပြော ကြတယ်။ “ဟေ့ကောင်ကြီး ရေနံဆီမိုးရွာပြီလား” ဆိုပြီးပေါ့။ ဒီနှစ်ဆို ပိုပြီးဆိုးပါတယ်။ လယ်ရေတွေခဏခဏ ခမ်းသွားကြလို့ ခဏခဏရေတင်ကြရပါတယ်။ တချို့လူကြီးတွေကတော့ ဒီနှစ်ငလျင်ကြောင့် မြေတွေဟာပြီး ရေခမ်းတယ်လို့လည်း တယောက်တပေါက်ပြောကြတာ စုံလို့ပါပဲ။ လယ်သမားတွေအတွက် စီးပွားရေးဟာ စိုးရိမ်အမှတ်ဖြစ်နေပါပြီ။

ကျမတို့ဒေသလို အခက်အခဲဖြစ်နေတဲ့ ဒေသတွေလည်းရှိသလောက် ရှိကြမှာပါ။ အဓိကတော့ မိုးမပို့ရင်လည်း လယ်သမားတွေအဆင်ပြေဖို့ ဆည်မြောင်းတွေဖောက်၊ လယ်တွေ ဆည်ရေ သောက်နိုင်ဖို့တွက် တာဝန်ရှိသူတွေစီမံကြဖို့ လိုအပ်နေပါပြီ။ ပြီးတော့ စိုက်ပျိုးရေး လမ်းညွှန်မှု လည်း လိုအပ်ပါတယ်။ မြို့ပြတိုးတက်နေရုံနဲ့ ကြီးပွားတဲ့နိုင်ငံ မဟုတ်ပါဘူး။ ကျေးလက်အထိ ထိုးဖောက်ပြီး တသားတည်းကျမှာသာ ကြီးပွားတဲ့နိုင်ငံဖြစ်မှာပါ။ ကျေးလက်ဒေသဖွံ့ဖြိုးမှုဟာ အဓိကရင်းမြစ်ပါ။

ကျေးလက်ဒေသဖွံ့ဖြိုးမှုအတွက် အချက်(၅)ချက်ကိုတော့  သိကြပြီးဖြစ်မှာပါ။
(၁) လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး
(၂) သောက်သုံးရေ/ရေ ဖူလုံစွာရရှိရေး
(၃) ကျန်းမာရေး အဆင့်အတန်းမြင့်မားရေး
(၄)ပညာရေး အဆင့်အတန်း မြင့်မားရေး
(၅)စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး

အဲ့ဒီအချက်အလက်တွေ ပြည့်စုံမှသာ စစ်မှန်တဲ့ကျေးလက်ဒေသဖွံ့ဖြိုးမှုတွေရှိလာမှာပါ။ ကိုယ့်ပြည်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကို  မွန်းမံခြင်းသာလျှင် ကိုယ့်လူမျိုးကိုစောင့်ရှောက်ခြင်း မည်ပါလိမ့်မယ်။ အဲ့ဒီတော့ အဲ့ဒီအချက်အလက်တွေကို အာရုံစိုက်ဖို့လိုပါ တယ်။  ဒေသစီးပွားရေးကိုပဲ ဦးစားပေးရ ပါမယ်။ ဒါမှသာ အခြားအချက်အလက်တွေကို ပြုဆောင်လိုက်နာနိုင်ကြ မှာပါ။ ဒါကြောင့် စိုက်ပျိုး ရေးနဲ့ပတ်သက်တဲ့ စိုက်ပျိုးရေးဟောပြောပွဲတွေ ပြုကြရပါမယ်။ နည်းပေးလမ်းညွှန်ပြုကြရပါမယ်။ အခုချိန်မှာ စာပေဟောပြောပွဲထက် စိုက်ပျိုးရေးဟောပြောပွဲကပဲ လိုအပ်ပါတယ်။ ကျမ ရွာမှာပဲ ကြီးပြင်းခဲ့ရသူဖြစ်သလို လယ်သမားသမီးဖြစ်တဲ့အတွက် ဒေသခံတွေရဲ့ အကြပ်အတည်းကို ပိုနားလည်သလို အားလုံးရဲ့ခံစားမှုဟာ ကျမခံစားမှုလို့ပဲ ပြောပါရစေ။ စီးပွားရေးအဆင်ပြေလို့ သီးနှံမဖြစ်ထွန်းကြလို့ ခေါင်းမီးတောက်နေတဲ့ လယ်သမားတွေဟာ စာပေဟောပြောပွဲ မတက်နိုင် ကြရှာပါဘူး။ (ကျမ စာပေကိုစော်ကားခြင်းမဟုတ်ပါ ကျေးလက်နေလယ်သမားတွေ အကြပ် အတည်းကို ညွှန်ပြခြင်းပါ)

ကျမ စိတ်မကောင်းဖြစ်ရပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ထွက်ခွာလိုခြင်းမဟုတ်ပဲ စွန့်ခွာနေကြလို့ပါပဲ။ ကျမတို့မြေ၊ ကျမတို့ဒေသဟာ ကျမတို့လူမျိုးတွေကို ရှင်သန်နိုင်စွမ်းမရှိစေနိုင်ရော့သလား အတွေးက လူကိုချောက်ချားစေပါတယ်။

ဒါကြောင့် အဝေးမှာ ဖြစ်သလိုစား ဖြစ်သလိုနေထိုင်ပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းနေကြရ သော ခရီးဝေးပျံကြရတဲ့ငှက်ကလေးတွေနဲ့တူတဲ့ ကျမတို့ဒေသခံပြည်သူတွေလည်း အတောင်ပံ တွေညောင်းနေရှာမယ် ထင်ပါတယ်။ (အနာတရတွေ လည်း ရှိပါလိမ့်မယ်) သူတို့နေကြရတဲ့အသိုက်တွေဟာ လုံခြုံမှုရှိပါတယ်လို့ ဘယ်သူများပြောရဲပါသလဲ။ ဥကိုစားချင်တဲ့ ကျီးမည်းတွေကတော့ အသိုက်ကို ရှာနေကြမှာပဲ။ သူတို့အသိုက်တွေလုံခြုံပါစေလို့ပဲ ကျမ ဆုတောင်းပေးနိုင်ပါတယ်။ ကျမ ဟာ ပြည်သူတယောက်ဖြစ်လို့ ဆုကိုသာပန်ခွင့်ရှိသူပေါ့။

ဒါကြောင့် ဒေသခံကျေးလက်နေ လယ်သမားတို့ရဲ့ဖြတ်သန်းနေထိုင်မှု ဘဝကိုလည်း ပြည်သူတွေအားလုံး စာနာ နားလည်လိမ့်မယ်လို့ ကျမယုံကြည်မိပါတယ်။

ခင်ဇော်မိုး
၂၅ အောက်တိုဘာ၊ ၂၀၁၆ (၁၀း၂၆ နာရီ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)