မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းမျာစွာ – အပိုင်း (၃၈)

November 2, 2016

 

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းမျာစွာ – အပိုင်း (၃၈)
(မိုးမခ) နိုဝင်ဘာ ၂၊ ၂ဝ၁၆

● ချစ်ခင်၍ ပျော်ရွှင်သူများ
ထိုစဉ်က ဆေးတက္ကသိုလ် ၂ ရှိရာ မင်္ဂလာဒုံမှ မြို့ ထဲသို့သွားလိုလျှင် စီးစရာလိုင်းကားက အမှတ် ၉ ဟီးနိုးလိုင်းသာရှိသည်။ မိမိနှင့် စောသိန်းဝင်း (မြောင်းမြ) တို့နှစ်ယောက် မိန်းထဲဟု မိမိတို့ဆိုလေ့ရှိသော ပင်မတက္ကသိုလ်ထဲသို့ ဘာရယ်မဟုတ် လျှောက်လည်ရန် ထွက်လာသည်။ ထိုစဉ်ကမိမိနှင့်စောသိန်းဝင်း နှစ်ယောက်ပေါင်းမိလျှင် အရည်မရအဖတ်မရ တခုမ ဟုတ်တခုတော့ လုပ်တတ်ကြသည်။ ပြောရလျှင် ပျင်းလို့ထွက်လည်ရအောင်ဆိုသည့် အကြောင်းပြချက်နှင့်လည်း ထွက် လည်တတ်သည်။ တခါကလည်း မိမိနှင့် စောသိန်းဝင်းနှစ်ယောက်ကျောင်းရောက်ခါစ အပြင်ထွက်လာရင်း မိမိတို့အတန်းက နေ့ကျောင်းသူတဦး ကားဂိတ်တွင် တွေ့၍ “ဘယ်နားနေသလဲ မသိဘူးကွ လိုက်ကြည့်ရအောင်” ဆိုပြီး လိုက်ကြည့်ဘူးသည်။ ထိုကျောင်းသူက ၈ မိုင်မှတ်တိုင်မှတ်တိုင်မှာဆင်းတော့ မိမိတို့လိုက်ဆင်းသည်။ပြီးတော့ သူမအိမ်ဘယ်နားလဲလိုက်ကြည့်ကြ သည်။ တက္ကသိုလ်ရောက်စ အားအားယားယား လျောက်လုပ်ခြင်းလဲဖြစ်သည်။ နောက်ပိုင်း ဒီကိစ္စသိသွားသော အတန်းဖေါ် ကျောင်းသူများက မေးကြသည်။ “နင်တို့နှစ်ယောက် ဘယ်သူလိုက်နေတာလဲ သူ့ကို” ဟု အမေးခံရသည်။ အမှန်မှာတော့ ဘယ်သူမှမလိုက်ပါ မနေနိုင် မထိုင်နိုင် စပ်စုခြင်းသာဖြစ်သည်။

ထိုနေ့ကလည်း မိမိနှင့်စောသိန်းဝင်းနှစ်ယောက် မြို့ထဲထွက်ကြတော့ကားဂိတ်တွင် စီနီယာအတန်းမှ အမကြီးများနှင့် ဆုံ သည်။ အမကြီးတယောက်က ကျင်ခိုးမာန်မုန်းဟု ခေါ်သည်။ သူမဖခင်က စစ်တပ်မှ ဗိုလ်မှူးကြီး ခင်ဇာမုန်ဖြစ်သည်။ ချင်းလူ မျိုးများဖြစ်သည်။ နောက်အမကြီးတယောက်က မတင်တင်ညီဖြစ်သည်။ သူတို့က မိမိတို့ကျောင်းရောက်ခါစက တတိယနှစ် ဆေးလား နောက်ဆုံးနှစ်အပိုင်းကလား မသိ။ မိမိတို့ထက် များစွာစီနီယာကျသည်။ ထိုအမများက ခရစ်ယာန်ဘာသာဝင် များဖြစ်ကြသည်။ မိမိတို့အား “နင်တို့ ဘယ်သွားကြမလို့လဲ” ဟု မေးရာ “ဘယ်ရယ်မဟုတ်ဘူး လျှောက်လည်မလို့” ဆို လိုက်ရာ “လာ ငါတို့နဲ့လိုက်ခဲ့ကြ ဘိုးဘွားရိပ်သာ သွားလှူမလို့” ဆိုသဖြင့် မိမိတို့လည်း ပါသွားကြသည်။

သို့နှင့် ကန်တော်မင်ရှိ ခရစ်ယန်လူအိုရုံသို့ရောက်သွားသည်။ ခရစ်ယန်ရိုမန်ကက်သလစ်ဘာသာဝင် သီလရှင်များက ကြီးမှူးစောင့်ရှောက်ကြသည့် ဘိုးဘွားရိပ်သာဖြစ်သည်။ မိမိတို့ ဆေး ၂ က ခရစ်ယာန်ဘိုးဘွားများကိုအကျွေးအမွေးဖြင့် အလှူ လုပ်ကြပြီးတော့ ဂီတာတလုံးဖြင့် အဖိုးအဖွားတွေတယောက်ချင်းဆီ ဓမ္မတေးလိုက်ဆိုကြသည်။ အဖိုးအဖွားတို့လည်း အပြုံး ပန်းဝေ၍ လိုက်ဆိုကြသည်။ ငယ်ဘဝကို မိသားစုဘဝကိုလည်းကောင်း၊ ပြန်လည်တသရရှိကြပုံပေါ်သည်။ ဤသို့ဆေး ၂ က ခရစ်ယာန်မိသားစုဝင်များနှင့် ပျော်ရွှင်စိတ်ချမ်းမြေ့ရသောအချိန်များလည်း တသဘွယ်ဖြစ်သည်။

မိမိရန်ကုန်ပြန်ရောက်ပြီးနောက် တခုသောခရစ်မတ်တုန်းက ထိုကန်တော်မင် ခရစ်ယန်လူအိုရုံသို့သွား၍ အလှူဒါနပြု ခဲ့ သေးသည်။ တခါက ဆေး ၂ ခရစ်ယာန်မိသားစုများ အမှတ်တရအနေနှင့်ဖြစ်သည်။ မကျင်ခိုးမာန်မုန်ကတော့ ဘယ်ဆီရောက် နေသည် သတင်းမကြားရ။ မတင်တင်ညီကတော့ သူ၏အတန်းဖေါ် မိမိသူငယ်ချင်း၏အကို ဒေါက်တာလှချိုနှင့် အိမ်ထောင် ကျ ပြီး သားသမီးများဖြင့် ပျော်စရာကောင်းသည့် အသိုက်အမြုံ လေးတည်ဆောက်ခဲ့သေးသည်။ သို့သော် ခုတော့မရှိရှာတော့ ဦးဏှောက်ကင်ဆာနှင့် ကွယ်လွန်သွားရှာခဲ့ပေပြီ။ တချိန်တခါကတော့ ပျော်ရွှင်စိတ်ချမ်းမြေ့ဘွယ်အချိန်ကလေးများ ရှိခဲ့ပါ သည်။

● ကိုလေးနှင့် ငဆွေး
ထိုအချိန်ကာလက အမျိုးသားဆောင်တွင် လူသိများသူထဲတွင် ကိုလေးနှင့်ငဆွေးတို့လည်းပါသည်။ ဆွေးရိပ်သန်းနေသော သူအား ငဆွေးဟုဝိုင်းခေါ်ကြ၍ နာမည်ရင်းပင် ပျောက်နေသည်။ နာမည်ရင်းက ကိုကျော်ဇေယျဟုထင်သည်။ ဂီတာတီး ကောင်းသည့်အပြင် ကိုယ်တိုင်သီချင်းရေးကောင်းကြသူများ ဖြစ်သည်။ ကျောင်းကလုပ်သည့်ပွဲတိုင်းလိုလိုတွင် သူတို့ ၂ ယောက် ပါဝင်သီဆိုလေ့ရှိသည်။ ဒီအတိုင်းလည်း အဆောင်တွင် ဆိုလေ့တီးလေ့ ရှိကြသည်။ ကိုလေးရဲ့ “သီတာသူ” သီချင်း ကတော့ အားလုံးလိုလိုနားယဉ်သည့် အဆောင်ကကျောင်းသားများ သီတာဆောင်ရှေ့သွားအော်ဆိုလေ့ရှိသည့် သီချင်းတ ပုဒ်ဖြစ်သည်။

“သိပ်ချစ်ရတယ် သီတာရယ်ဖွင့်ပြောဖို့ အခွင့်အရေးမလွယ် ဝေးလွန်းလှပါတယ်” ဆိုသော ကိုလေးစပ်သည့်သီချင်းကို သံ သာသာနှင့် ဆိုသူလည်းရှိသည်။ သံပြဲနှင့် အော်သူလည်းရှိသည်။ သံကြောင်နှင့်ဟစ်သူလည်းရှိသည်။ ဤသို့ဆိုကြ ဟစ်ကြ ရင်း မိမိတို့ အမျိုးသားဆောင်မှ အမျိုးကောင်းသားများ သီတာသူများနှင့် ဖူးစာဆုံသွားကြသည်မှလည်း မနည်းလှပေ။

မူရင်းသီချင်းပိုင်ရှင်နှစ်ယောက်ကတော့ သီတာသူများနှင့် ဖူးစာဆုံပုံမရပေ။ ဂစ်တာကို စွဲမြဲစွာတီးခတ်ရင်း သီဆိုရင်း ရေးစပ် သီကုံးရင်း နှစ်ယောက်စလုံး ဆရာဝန်ဖြစ်သွားကြသည်။ အစိုးရဆေးရုံများတွင် ဝင်လုပ်ကြသည်ကြားရသည်။ ယခုတော့ ပင်စင်ယူလောက်ကြပေပြီ။ ဆိုကြ တီးကြ မှုတ်ကြနှင့် ပျော်ရွှင်စရာ အချိန်ကာလများဖြစ်ခဲ့သည်။ အမျိုးသားဆောင်ကြီး စည်ပင်ခဲ့သော အချိန်ကာလများဖြစ်သည်။

● ကျောင်းမဂ္ဂဇင်း
ဆေး ၂ က နှစ်လည်မဂ္ဂဇင်းပုံမှန်ထွက်သည်။ ကျောင်းမဂ္ဂဇင်းတွင်မျက်နှာဖုံးပန်းချီတွင် နာမည်ရသည့် ပရော်ဖက်ရှင်နယ်တ ယောက်လို ရေးဆွဲနိုင်သူများလည်း ရှိသည်။ တယောက်ကတော့ ကိုစန်းမြင့်ဖြစ်သည်။ မိမိတို့ထက် လေးငါးနှစ်ခန့်စောသည်။ ယခုတော့ အင်္ဂလန်တွင် နှလုံးအထူးကုဆရာဝန်ကြီးဖြစ်နေသည်။ နောက်တယောက်က သန်းဝင်းဖြစ်သည်။မြောင်းမြသား သန်းဝင်းလည်း ထားဝယ်သူနှင့်အိမ်ထောင်ကျ၍ ထားဝယ်သားဖြစ်နေသည်မှာ အနှစ် ၃ဝ ခန့်ရှိပြီထင်သည်။ သူ့ကို ပါလေး ဟုလည်း ခေါ်ကြသည်။ နေရာတကာ ပါလွန်း၍လားတော့မသိ။ စပ်စပ် စပ်စပ်နှင့်နေရာတကာ ပါတတ်သူဖြစ်သလို သူပါသ မျှ ကိစ္စတိုင်းကိုလည်း နှံ့စပ်သည်။ ပန်းချီကောင်းကောင်းဆွဲတတ်သလို တီးတတ်မှုတ်တတ်သူလည်းဖြစ်သည်။ သူရေးဆွဲ သည့် အဖုံးနှင့်ကျောင်းမဂ္ဂဇင်းလည်း ထွက်ဘူးသည်။ သို့သော် သူတို့သည် ပန်းချီဖြင့် အသက်မွေးဝမ်းကျောင်းခြင်းတော့ မပြုခဲ့ကြပေ။

စာကဗျာတွင် ဝါသနာထုံသူများကတော့ မိမိတို့ထက် ၂ တန်းခန့်ကြီးသည့် အတန်းမှဖြစ်သည်။ ဖိုးတေနှင့် ဖိုးဇော်တို့ ဖြစ်ကြသည်။ သူတို့ နှစ်ဦးအနက် တဦးရေးသားသည့် (မမှတ်မိ) “ကြက်ပက်လက် ဝက်နဲ့ ဟက်တက်ကွဲတာနာသကွာ” ဆို သည့်ကဗျာက အဆောင်နေကျောင်းသားများကြား ရေပန်းစားသည်။ ထိုစဉ်က လေးကောင်ဂျင်ဝိုင်းများတွင် ကစားဖူးကြ သော ကျောင်းသားများအား ထင်ဟပ်သည့်ကဗျာဖြစ်သည်။ အဆောင်နေကျောင်းသားဘဝတွင် ဖဲဝိုင်းတို့ ဂျင်ဝိုင်းတို့က တခါမဟုတ် ပတ်သက်ဖူးကြသည်။ အဆောင်နေကျောင်းသားဘဝကို ကိုယ်စားပြုသည်ဟု ဆိုရမည်။ ဖိုးတေ (တောသား) က ကလောင်အမည်ဖြစ်ပြီး နာမည်ရင်းက ကိုမြတ်ထွန်းဖြစ်သည်။ ဖိုးဇော်၏အမည်ရင်းက ကိုဇော်ဝင်းဖြစ်သည်။ နာမည်ရင်း ထက် သူတို့ကလောင်အမည်ကို လူသိများသည်။ သူတို့နှစ်ဦးစလုံး ဆရာဝန်မဖြစ်ခဲ့ကြ။ ကျောင်းတုန်းက စာကဗျာ အလွန်ဝါ သနာထုံခဲ့ကြသော်လည်း နောင်စာပေနယ်မှာ မတွေ့ရပေ။ မြန်မာပြည်တွင် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းဖို့ဆို သည်က မလွယ်လှပေ။

မည်သို့ဆိုစေ ဆေး ၂ နှစ်လည်မဂ္ဂဇင်းကတော့ စာသမား ကဗျားသမား ပန်းချီဆရာများဖြင့် သိုင်းသိုင်းဝိုင်းဝိုင်းရှိခဲ့ပေသည်။

● ၁၉၇၅ ဆေးတက္ကသိုလ် ၂
ဤသို့ လူငယ်ပီပီဘဝကို ပေါ့ပါးလွတ်လပ်စွာ ဖြတ်သန်းနေကြသော တဖက်ကကျောင်းစာ တဖက်ကဝါသနာပါရာ၌ မွေ့လျော်နေကြသောဆေး ၂ ကျောင်းတော်သူ ကျောင်းတော်သားများလည်း အများနည်းတူ သမိုင်းခေတ်များကိုဖြတ်သန်းရတော့သည်။ ၁၉၇၄ ဇွန်အလုပ်သမားအရေးတော်ပုံ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးတော်ပုံနေ့ရက်များကို ဖြတ်သန်း၍ ၁၉၇၅ ဇွန်၆ ၏ မိုးရေစက်များကို ထိတွေ့ရပေတော့သည်။

၁၉၇၅ ဇွန်လ၏ မိုးလေနှင့်အတူ မိုးရေစက်များက ဆေး ၂ ကျောင်းသားများအား ပက်ဖြန်းလိုက်သောအခါ ဆေး ၂ ကျောင်း သားတို့၏ သမိုင်းမှတ်တိုင်တခု ပေါ်ထွက်လာခဲ့သည်ဟုဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်