စိုးခိုင်ညိန်း ● သံစဉ်မဲ့ ဂီတ

November 4, 2016

● သံစဉ်မဲ့ ဂီတ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၆

မင်း အပြုံးလက်လက်လေးဆီ ရောက်ရှိဖို့ ငါ့မာနတရားတွေ ခုတ်ရှင်းပြီး သိက္ခာတရားတွေ ချခင်းခဲ့ရတယ်။ ဝေဒနာတွေနဲ့လာဘ်ထိုးပြီး ငါ့ရင်ခုန်မှုသံစဉ်ကို မင်း အကြည့်တချက်လေးနဲ့ စည်းဝါးပျက်စေခဲ့လည်း ငါကတော့ ဆက်လက်တီး ခတ်နေမှာပါပဲ။ မင်းနှလုံးသားတဝိုက်မှာ ပရိယာယ် မာယာအထုတ်တွေနဲ့ ခြေရှုပ်နေကြတဲ့အချိန်မှာ မှန်လေးတချပ် ချပြမိတာကိုက ငါ့အမှားပါကွယ်။ မင်းမှာ အပြစ်မရှိပါဘူး။ မတန်မရာ တောင့်တမိတဲ့ ငမိုက်သားကို ခွင့်လွတ်တာပဲ ကျေးဇူးတင်လှပါပြီ။ ငါ့ရင်ဘတ်ပေါ်တဖျပ်ဖျပ်ခတ်ပြီး တက်နင်းသွားတဲ့ မင်းခြေထောက်က ဖိနပ်မှာ အချစ်တွေပေကျံ သွားတာကို ငါ့မျက်ရည်တွေနဲ့ ဆေးကြောချင်သပဆိုရင်လည်း ငါ မငြင်းပါဘူးလေ။ ဆုလာဘ်တခုအဖြစ် ချီးမြှောက်တယ်ပဲ သဘောထားပါတယ်။

အဲဒီလိုနဲ့ ငါဟာ စကားတွေ စွန့်အ လာတယ်။ ပြီး နားတွေပင်းပြီး မျက်စိတွေ ပြာဝေလာ တယ်။ ဆိုက်ကားစီးပြီးသွားနေရတဲ့ခရီးက ဘယ်တော့မှများ ဆုံးပါတော့မလဲ။ အရိပ်လိုလိုက်နေတဲ့ အတိတ်ရဲ့သားကောင်က ဥယျာဉ်ကြီးတခုလုံး ဖျက်ဆီးပစ်လိုက်လေ သလား။ ယတြာချေဖို့ ပန်းလေးတပွင့်ကိုလိုက်ရှာရတာ ဖတ်ဖတ်မောလှပါပြီ။ ငါ့ ချို့ယွင်းချက်လေးတခုက မြင်းခွာလေး တချက် သံမရိုက်ခဲ့မိတာလေးပါပဲ။

တရားဝင်လွမ်းဆွတ်ခွင့်မရှိတော့ပေမဲ့ ကန့်သတ်ထိန်းချုပ်မှုတွေနဲ့ တုတ်နှောင်လိုက်တဲ့ မင်းရဲ့လက်ထပ်ပွဲမှာ လက်ဆောင် အဖြစ် ငါ့ကို ယပ်တောင်မကမ်းပါနဲ့ကွယ်။ မင်းရဲ့ စေစားမှုတွေနဲ့ ထွန်းညှိခဲ့သမျှ တောက်လောင်ခဲ့ရတဲ့ ရင်ထဲက လောင်စာ တွေကို ငါယပ်မခတ်ရဲလို့ပါ။ ပြာအဖြစ်နဲ့ပဲ ငြိမ်းအေးပါရစေ။ သံယောဇဉ်လက်ကျန်လက်ကြွင်းတွေနဲ့ နှုတ်ဆက်သွား တဲ့ မင်းခြေရာထဲက ဆွေးမြေ့မှုနောင်တတရားတွေကို ကောက်သင်းကောက် နေခဲ့ပါ့မယ်။ နောက်ဆံမတင်းပါနဲ့ ကွယ် ငါလေ အချစ်တွေကို ရေလောင်း ပေါင်းမသင်တော့ပါဘူး။

မင်း ငါ့ကို တကယ်မုန်းကြောင်း သက်သေပြဖို့ အတွက် ထောက်ခံချက်အဖြစ် လမ်းခွဲဖို့ မင်းတောင်းဆိုတာမှန်ရင် ငါကလည်း မင်းကို ဘယ်လောက်ချစ်ခဲ့ကြောင်း အခိုင်အမာပြဖို့ အတိမ် အနက်ကို မျက်ရည်စက်တွေနဲ့ ချိန်စက်ပြီး အဆိုတင်သွင်းခဲ့ပါ့မယ်။ တခုတော့ တောင်းဆိုပါရစေ ငါ့ရဲ့အလွမ်းခရီး ဖြောင့်ဖြူးဖို့ အတွက် ခံစားမှု ဝေဒနာမှတ်တမ်းကဒ်မှာ မင်းရဲ့ ကရုဏာလက်မှတ် လေးတချက်လောက် ခပ်နှိပ်ပေးပါ။ မင်းခရီးအတွက်တော့ ငါ့ရဲ့ဥပေက္ခာ လက်မှတ်လေး နှလုံးသွေးနဲ့ရေးပေးလိုက်ပါ့မယ်။
စည်းမျဉ်းတွေနဲ့ အနားသပ်ထားတဲ့ ပုံစံခွက်ရက်စွဲတွေထဲ ငါ ပျော်ဝင်နေခဲ့မိတာ လောင်စာ အဖြစ် ပြက္ခဒိန်ပေါင်း ဘယ် လောက် မီးရှို့ပစ်ခဲ့မိမှန်း မသိတော့ပါဘူး။ မသိခြင်းတွေနဲ့အစပျိုးပြီး ခေါက်ရိုးကျိုးနေတဲ့ဘဝစာမျက်နှာတွေကို မဖြစ်စလောက် စုတ်ပြဲသွားမဲ ဒဏ်ရာဖြစ်မှာကို ကြောက် ပြီး ဆွဲမဖြန့်ခဲ့ရင်တော့ သံချေးတက်မှုတွေနဲ့ ဒီထက်ပိုခံစားသွားရ လိမ့်မယ်။ ရှေ့ကို ကြည့်လိုက် တော့ ရာသီတဇာတ်ပြောင်းဖို့ ပိတောက်တို့ယိမ်းတိုက်နေကြပြီ။

ငါလေ ငါ့ကိုငါ တကယ်ချစ်ခဲ့ရင် မင်းကိုလေ ဆွဲနှစ်ပစ်လိုက်တာ ကြာပေါ့။ စာနာမှုလေးတွေနဲ့လွှမ်းခြုံပြီး ကမ်းကုန်အောင် မင်းကိုချစ်ခဲ့မိလို့ ခိုလှုံခွင့်မပေးခဲ့တာပါကွယ်။ မလုံတဲ့လှေပေါက်နဲ့ မခေါ်ချင်လို့ ကမ်းပေါ်မှာထားခဲ့တာကို လှမ်းမျှော်ပြီး လွမ်းမနေပါနဲ့။ ဘယ်လက်နဲ့ မင်းလက်လေးကို ကိုင်မဆုတ်ခဲ့တာဟာ ညာလက်က ကိုင်ထားတာဟာ ဓာတ်ကြိုးဆိုတာ မင်းလေးသိခဲ့ရင် ငါ့ကို မင်းနားလည်းနိုင်မှာပါကွယ်။ ဝင်မလာပါနဲ့ကွယ် ကိုယ်က သစ်ခြောက်ပင်ပါ။ အရွက်မရှိဘူးလေ။

ပထမမှားယွင်းခဲ့တာကတော့ မင်းပါးပေါ်က မွှေးညှင်းနုနုလေးတွေထဲမှာ ငါ့အိပ်မက်တွေရှိ တယ်လို့ ထင်မှတ်ခဲ့မိတာက စတာပါပဲ။ တကယ်ဆို မချစ်မိခင်ကတည်းက မင်း အစိမ်းရောင် ကြိုက်တတ်မှန်းကို ပုဗ္ဗနိမိတ်အဖြစ် ကြိုဖတ်ခဲ့မိဖို့ကောင်းတယ်။ မစားခင်တုန်းက မသိချင်ယောင် ဆောင်ပြီးစားလိုက်ပြီးမှ အဆိပ်သီးလို့ ပြောလိုက်တာကတော့ မင်း ငါ့အားနည်းချက်ကို အသုံးချ လွန်းရာကျပါတယ်။ ချစ်ခဲ့မိတဲ့အဖြစ်ကို ဖြောင့်ချက်မတောင်းပါနဲ့ ဒိတ်လွန်သွားတဲ့ ပြက္ခဒိန်ဟာ မှားယွင်းခဲ့တဲ့ ရက်ဆွဲအတွက် ပြောင်းလဲခွင့်မရှိသလို ငါ့အဖြစ်က ဆေးမမီတော့လို့ပါ။ မျက်ရည်တွေကိုထိုးပေးပြီး မေးခဲ့ရတဲ့အဖြေရဲ့ရလာဒ်က မင်းထွက်ဆိုချက် ဟောစာတမ်းအရ ဆိုရင် ငါ့အတွက် ယတြာမရှိတော့ဘူးပေါ့နော်။

မျက်ရည်စက်လက်နဲ့ ဇွတ်မှိတ်ခုန်ချခဲ့တဲ့ ငါနစ်မြှုပ်ခဲ့တဲ့ သက္ကရာဇ် မြစ်ထဲကို မင်းကြည့် လိုက်ပါ။ ပထမ မင်းရှိုက်သံသဲ့သဲ့ ကြားရမယ်။ နောက်တော့ ရယ်သံခပ်ဖွဖွပေါ့။ ကောက်ကြောင်းမလုံမှုတွေနဲ့ အမှောင်ခြောက်ထဲက ထိုးခြေပစ်လိုက်တဲ့ အိပ်မက်တွေရဲ့ ကျိုးကျေ နေတဲ့အော်ဟစ်သံတွေ အခုနောက်ပိုင်း စာမျက်နှာတွေထဲမှာ ပြန့်ကျဲလို့နေလေပြီလား။ ကိုယ့်ကိုယ်ကိုချစ်လိုက်ကြပုံများ အဖြူထည်ဖြစ်ကြောင်းကို အထုပ်ဖြေပြလိုက်တော့ အမွေပြတ် တွေနဲ့ ပြတ်ဆဲခြင်းကြော်ငြာတွေ လူမြင်ကွင်းတွေမှာ ပေကျံနေပေါ့။

လက်ဖက်ရည်ဆိုင်ထိုင်ပြီး ငါးမျှားခဲ့ရတဲ့နှစ်တွေများများလာတယ်။ အခွံချည်းဖြစ်လျက် ခေါ်မတင်ချင်တဲ့ ဘတ်စ်ကားတွေ ဥဒဟို လမ်းမပေါ် ပြေးလွှားလို့။ လူရာဝင်ဖို့ အပြုံးတွေ မုန့်ဟင်းခါးထဲ တုံးတစ်ထည့်ပြီး လိုက်ပွဲမရှိ ရောင်းချကြ။ ရောင်ယမ်းပြီး ဝတ်ခဲ့မိတဲ့ မလုံတဲ့ကိုယ်ရုံကို လမ်းပေါ်ရောက်မှ ပြူးပြူးပြာပြာနဲ့ ဖာတဲ့သူကဖာပေါ့။ မေ့ပြီးညှပ်ပါလာတဲ့ ကိုယ်ရေးထောက်ခံချက်မှတ်တမ်းကိုလည်း ဖုံးဖုံးဖိဖိ စွန့်ပစ်လို စွန့်ပစ်ကြ။ သူ့ကျောရိုးတလျှောက် ပေကျံနေတဲ့ စာမပါတဲ့ စာရွက်လွတ်တွေ သုံးပြီးသားအိပ်ခွံတွေကို ကောက်သင်းကောက်ရှာစားတဲ့ ဆူးချွန်ရဲ့ဒဏ်ကို အောင့်အီးကြိတ်မှိတ်ခံပေါ့။

တချိန်လုံး ပွတ်တိုက်လျှောတိုက်ခဲ့တာကို အသွားတုံးရုံကလွဲလို့ အဲဒီလမ်းက အဖုအထစ် တွေ ပြေပျောက်မသွားဘူး။ သူက သုံးချိုးတချီုးလှီးချခံလိုက်ရတော့ ထွက်လာတဲ့သွေးတွေက လိမ်မော်ရောင်လိုလို၊ ပုစွန်ဆီရောင်လိုလိုနဲ့ ခါးတွေကိုင်းပြီး ဆံတွေဖြူ မျက်နှာပြင်တခုလုံး အခြစ်ရာတွေ ပေပွနေလို့ ပုံပြောင်းလာတဲ့ငါ့ကို အဲဒီကောင်က မှတ်မိပြီး ဖော်ရွေနေတုန်းပဲ။ အဲဒီ ညနေခင်းဟာ အဖီလေးထဲကထွက်လိုက်ရင်ပဲ ကျောက်တူးသမားသီချင်းကို ခပ်ငြီးငြီးဆိုပြီး သိုင်းကွက်စနင်းတော့တာပဲ။ ညနေခင်းဟာ သူမအတွက် အိပ်မက်တခါပြင်ကို အိပ်ထဲထည့်ပြီး သစ်တပင်ရဲ့လမ်းညွန်ကြားမှုကြောင့် အိမ်ကို မချောမမွေ့ရောက်လာခဲ့တယ်။ သူမက အိမ်ဦးခန်းမှာ ထိုင်ပြီး လ ကို လက်ညှိုးထိုးကာ ရွှေလမှာယုန်ဝပ်လို့သီချင်းကိုဆိုရင်း ကမ္ဘာဦးကပါတဲ့ လက်နဲ့ ချော့သိပ်လိုက်တော့ ညနေခင်းဟာ ရှူးရှူးရှားရှားနဲ့ အိပ်မောကျသွားတော့တယ်။ နောက်တော့ နာရီလက်တံတွေက သူ့ကိုကျောပိုးခေါ်ဆောင်သွားလေတော့တယ်။

ခြအုံတက်နေတဲ့ စိတ်က အညှာလွယ်တယ်။ မမှည့်ခင်အခူးခံလိုက်ရသလို မရင့်ခင်လည်း ကြွေကြွေကျရတယ်။ မနက်ဖြန်ဆိုတာ သံသယဖြစ်နေသမျှ လကွယ်ညချည်းပဲ ကြုံနေဦးမှာပဲ။ အကြိမ်ကြိမ်ကျရှုံးခဲ့တဲ့လွန်ဆွဲပွဲမှာ မကြေညက်တဲ့ ကျောင်းသင်ခန်းစာတွေကို ပြန်နွေးကြည့်တော့ ဘယ်ပန်းမှအပွင့်လိုက်ကြီး မြေကြီးထဲက ထွက်လာတာမဟုတ်ဘူးဆိုတာ သိရတယ်။ ကမ်းမရှိရင် မြစ်ဆိုတာမဖြစ်ဘူးတဲ့။ မျှော်လင့်ခြင်းအသိုးတွေလည်း စိတ်ကူးယဉ်လွင့်ပြင်ထဲ ပေါလောမျောလို့။ အရည်မရအဖတ်မရ အကူးအခတ်တွေနဲ့ အံသေနေတဲ့ အဲဒီစာမျက်နှာကြီးကို အသစ်မဟုတ်တဲ့ မိတ္တူချပ်တွေ ရိုက်နှိပ်ထုတ်ရင်း ဘဝက ခြေကျဉ်နေတာတောင် ရွှေ့ပြောင်းထိုင်ဖို့ အချိန်မရှိတော့ ဘူး။ မနေချင်တဲ့သူတွေကို ရင်အကွဲခံပြီး လမ်းနှစ်သွယ်ညွန်ပြလိုက်ပါတယ်။

ဖျတ်ဖျတ်ခါနေတဲ့ ကန်ထဲက လကို ဆယ်ကြည့်ရသလို ဒြပ်မဲ့အလွမ်းတွေနဲ့ ငိုက်နေတဲ့ ညဟာ မီးခိုးတွေကြားမှာ မွန်းကြပ်လို့ပေါ့။ နှင်းရည်တွေနဲ့ဝင်းအိနေတဲ့ သဇင်နံ့လား ဒါမှ မဟုတ် သူမကိုယ်နံ့လား။ တခုခုတော့ တခုခုပါပဲ။ ညွတ်ကျနေတဲ့ မွှေးညှင်းပင်လေးတွေကို ဆွဲမတ်သွား တယ်။ ရယ်သံတွေနဲ့ဝင်းမှည့်နေတဲ့အတိတ်က အမောဖောက်ပစ္စက္ခရဲ့ခရီးလွန်မှုမှာ အကျအန နေရာဝင်ယူတယ်။ မြိန်ရေယှက်ရေ ကပြမယ်လုပ်တုန်း နေခြည်တစရဲ့ ပေါ့လျော့မှုကြောင့် ပြုတ်ကျသွားတဲ့ ကန့်လန့်ကာရဲ့နောက်ကွယ်မှာ ညဟာ ရယ်စရာအငြိမ့်ခန်းကို အဆုံးမသပ် လိုက်ရဘူး။ အပြန်မှာ ကဲလားတံခါးကိုဖွင့်ကြည့်လိုက်တော့ နှင်းယောင်ဆောင်ထားတဲ့ တံလျပ်တွေဟာ အညွန့်တလူလူထွက်လို့။

စိုးခိုင်ညိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်